ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် အပါအဝင် အချက် ၁၃ ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၈ ရက်)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဒုတိယဗဟိုကော်မတီသည် ကြားကာလ သတ္တမအကြိမ်မြောက် အစည်းအဝေးကို Zoom Online Platform မှတဆင့် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်သည့်အတွက် မတရားဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို စီမံချက်ဖြင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး စီမံချက်များဆိုသည်မှာ နိုင်ငံရေးနည်းနှင့် ကြိုးပမ်းမှုကိုဆိုလိုခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ဆိုသည်။

၎င်းက “နိုင်ငံရေးနည်းနဲ့ကြိုးပမ်းမှုကို ဆိုလိုတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်စိတ် ကျွန်တော့မှာရှိပါတယ်”ဟု ယနေ့(မတ်လ ၁ ရက်)တွင် မဇ္ဈိမကို ပြောသည်။

အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၏ တရားဝင်တည်ရှိမှုအပေါ် အခြေခံ၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များကို ခေါ်ယူကျင်းပရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဆိုသည်။ ထို့အပြင် ပါတီအင်အား ကျစ်လစ်ခိုင်မာစေရန် အဆင့်ဆင့်သော ပါတီအမှုဆောင်များ၏ ထိရောက်သော ဦးဆောင်မှုဖြင့် စီမံချက်များ ရေးဆွဲသွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ထိုအစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ အပါအဝင် ဗဟိုအလုပ်ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းအစည်းအဝေးအား သဘာပတိအဖွဲ့ဝင် တဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ ၊ အရံဗဟိုကော်မတီဝင်များ စုစုပေါင်း ၅၁ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၀ ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၈ ဦး အထူးဧည့်သည်တော် ကိုးဦး အပါအဝင် စုစုပေါင်း ၉၉ ဦး တက်ရောက်ခဲ့ ကြသည်။

ထို့အပြင် ဗဟိုအလုပ်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို အတည်ပြုကာ ကျန်တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *