Author: Admin-501

  • ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်း

    ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်း

    ငွေဆောင် ကမ်းခြေတွင် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်ခံနေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်း

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင် ကမ်းခြေတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်နေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်းနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၃ ရက်နေ့မှ စ၍ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သော်လည်း ကမ်းခြေကို ခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးကာ ကမ်းစပ် ဈေးဆိုင်များပါ ဖွင့်လှစ်ခြင်းမရှိသောကြောင့် အကြမ်းဖက် စစ်တပ်က ဟိုတယ်၊ တည်းခိုခန်းနှင့် ဈေးဆိုင်များကို ဖိအားပေးဖွင့်လှစ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

    ငွေဆောင်မြို့မှ ပြည်သူတစ်ချို့လည်း ရွေ့ပြောင်းမှု ရှိနေပြီး အကြမ်းဖက် စစ်တပ်က ကမ်းခြေ စည်းကမ်း ထိန်းသိမ်းရေးရန်ပုံငွေဟု ခေါင်းစဉ်တပ်၍ ဟိုတည်နှင့် တည်းခိုရိပ်သာများထံမှ တစ်လ ၂ သိန်း ကျပ် လစဉ် ကောက်ခံနေပြီး ပြည်သူ့စစ် ထောက်ပံ့ငွေအဖြစ် သုံးစွဲနေကြောင်း သိရှိရသည်။

    ထို့ပြင် ငွေဆောင်ကမ်းခြေကို နှစ်သစ်ကူးနေ့က လာရောက် လည်ပတ်သည့် ခရီးသွား လူငယ်အချို့လည်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ယနေ့အချိန်အထိ အဆက်အသွယ်ပြတ်‌တောက်နေကြောင်း သိရသည်။

    လက်ရှိချိန်တွင် ရွှေသောင်ယံမြို့ အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပုသိမ်မြို့နယ် အတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြင်းကို ဇန်နဝါရီလ ပိုင်းမှစ၍ ခရီးသွားများ လာရောက်ခြင်း မရှိတော့ဘဲ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်မှု ပိုများလာကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများလည်း ပိတ်သိမ်းမှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်က ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်လာကာ အုပ်ချုပ်ရေးမှူးများကလည်း စစ်တပ်နှင့် ပူးပေါင်း၍ ပေါ်တာဆွဲပေးမှုများ ပိုမိုများပြားလာကြောင်း၊ ထို့ပြင် ပြည်သူ့လုံခြုံရေး အဖွဲ့များလည်း ဖွဲ့စည်းများ ပိုမို လုပ်ဆောင်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    photo credit – သတင်းအထူးတပ်ဖွဲ့ – ပုသိမ်

  • KIA ထိန်းချုပ်နယ်မြေအတွင်း TNLA တပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ

    KIA ထိန်းချုပ်နယ်မြေအတွင်း TNLA တပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ

    KIA ထိန်းချုပ်နယ်မြေအတွင်း TNLA တပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် နှစ်ဖက် အချင်းများ

    KIAတပ်ဖွဲ့တစ်ဦးကို TNLA တပ်ဖွဲ့ဝင်များမှ သေနတ်ဒင်းဖြင့်ထုလိုက်သောကြောင့် ဒဏ်ရာရ

    KIO အစိုးရ ထိန်းချုပ်ထားပြီး မြို့ပြ စီမံရေးဖော်ဆောင်နေလျက်ရှိသော နမ့်ဖက်ကာသို့ TNLA တပ်များ အင်အား အလုံးအရင်းဖြင့် တိုးဝင်လာသောကြောင့် KIA နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ တားဆီးထားကာ နှစ်ဖက် အချင်းများနေလျက်ရှိကြောင်းနှင့် KIA တပ်ဖွဲ့တစ်ဦးက TNLA တပ်များမှ သေနတ်ဒင်းဖြင့် ထုလိုက်သောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ယနေ့ ဇန်နဝါရီလ (၂၆)ရက်နေ့ မွန်းလွဲ (၁)နာရီခွဲခန့်မှစ၍ နမ့်ဖက်ကာသို့ TNLA တပ်များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသော အခြေအနေဖြစ်ပြီး KIA နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ တားဆီးထားရသည့်အပြင် TNLA တပ်များ အတင်းအဓမ္မ ဝင်ရောက်လာရန် ကြိုးစားသောကြောင့် နှစ်ဖက် အခြေအနေ တင်းမာမှုများရှိနေကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ဒီမနက်ပိုင်းကနေပြီးတော့ ကွတ်ခိုင်ကနေ သူတို့ အင်အား ၁၀၀ကျော်လောက် တက်လာခဲ့တယ်၊ ခုနက နမ့်ဖက်ကာအဝင်မှာ ကျွန်တော်တို့ဘက်က စကားအကောင်းပြောနေတဲ့ကြားကနေ အင်အားသုံးပြီး အတင်းတိုးဝင်လာတဲ့အတွက်ကြောင့် စကားများလာရတဲ့အခြေအနေဖြစ်ခဲ့တယ်၊ အခုတော့ ကျွန်တော်တို့ဘက်ကနေပြီးတော့ သူတို့ကို ဆုတ်ထားခိုင်းနေပါတယ်၊ ကျွန်တော်တို့ တစ်ဖက်မှာ စစ်မျက်နှာဖွင့်နေရတဲ့အချိန်မှာ အခုလို ခြေကန့်လန့်လိုက်ထိုးနေတာကတော့ ဖြစ်လဲမဖြစ်သင့်ဘူး။”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

    ထို့အပြင် နမ့်အွမ်ကျေးရွာတွင်လည်း TNLA တပ်များ ဝင်ရောက်လာခဲ့သောကြောင့် တားဆီးရာတွင် TNLA တပ်များမှ သေနတ်ဒင်းဖြင့်ထုလိုက်တော့သောကြောင့် KIAတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့်ရက်မှစ၍ KIA တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မဟာ (၆) အနီးရှိ ရွှေပြည်သစ်(Ja Mungdan)နေရာတွင် TNLA တပ်များ အတင်းဝင်ရောက်လာစဉ် KIA နှင့် ဒေသကာကွယ်ရေးတပ် GMH တို့မှ တားဆီးရာမှစ၍ နှစ်ဖက် အချင်းများမှုများ ဖြစ်ပွားခဲ့ပြီး ယခုအခါတွင် TNLA တပ်များမှ အင်အားအလုံးအရင်းစုကာ KIA ထိန်းချုပ်နယ်မြေအတွင်းသို့ ကြိုးစားလာခဲ့ခြင်းဖြစ်သည်။

    ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ယခုအချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲကြီးကို ဖော်ဆောင်နေကြရချိန်ဖြစ်ပြီး ထိုအချိန်နှင့် ကိုက်ညီစွာ TNLA တပ်များမှ KIA ထိန်းချုပ်နယ်မြေအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးစားလာကြခြင်းခြစ်သည်။

  • အောင်ပြည့်စုံပိုင်ဆိုင်သည့် အဇူရာဟိုတယ်မှ  ပစ္စည်းများပြောင်းရွှေ့

    အောင်ပြည့်စုံပိုင်ဆိုင်သည့် အဇူရာဟိုတယ်မှ ပစ္စည်းများပြောင်းရွှေ့

    ချောင်းသာတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် အဇူရာဟိုတယ်မှ ပစ္စည်းများပြောင်းရွှေ့

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် ဟိုတယ်ရှိ ဟိုတယ်အသုံးအဆောင်ပစ္စည်းများကို စတင် ပြောင်းရွှေ့ နေကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦးထံက သိရသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်သော ချောင်းသာ ကမ်းခြေရှိ အကြီးမားဆုံးဟိုတယ် အဇူရာ ( Azura beach Resort) အပါအဝင် အခြားဟိုတယ်အချို့မှ ဟိုတယ်အသုံးအဆောင်ပစ္စည်းများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်၍ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ချောင်းသာကမ်းခြေရှိ ဟိုတယ်များနှင့်နီးစပ်သူထံက သိရသည်။

    “မင်းအောင်လှိုင်ရဲ့သားပိုင်တဲ့ဟိုတယ်ပါ။ လက်ရှိတော့မပိတ်သေးဘူး။ ဒါပေမယ့် လူရှင်းတယ်။ ကားသုံးလေးစီးလောက်တော့တွေ့တယ်။ ချောင်းသာမှာဆို သူက အဓိကဟိုတယ်တစ်ခုပဲ။ ရှေ့မှာဆိုဆိုင်းဘုတ်ရှိတယ်။ ဘာသာရေးကိုင်းရှိုင်း သလိုလိုဘာလိုလို လူမြင်ကောင်းအောင်လုပ် ထားသေးတယ်။ နောက်ထပ်ကတော့အခြားဟိုတယ်တွေလည်း ပစ္စည်းတွေရွှေ့ကုန်ကြပြီ”ဟု အဇူရာ(AZURA)ဟိုတယ်နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

    ချောင်းသာရှိ ဟိုတယ်အများစုကို စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကြောင့် အဖွင့်ပြထားရသော်လည်း လာရောက်တည်းခိုသူမရှိ မရှိသည့်အပြင် ဟိုတယ်ဝန်ထမ်းအချို့မှာ အလုပ်ထွက်ပြီး ၎င်းတို့၏နေရပ်ကို ပြန်သွားကြောင်း ဒေသခံများထံက သိရသည်။

    “ကျွန်တော်တို့တွေကတော့ သဘော့ကန်တို့ ရွှေသောင်ယံတို့လောက်အထိ တိုက်ပွဲရောက်လာရင်တော့ ပိတ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဟိုတယ်မှာလဲ အကြီးအကဲတွေမရှိတော့ဘူး။ တည်းခိုသူ ဧည့်သည်တွေလဲ မလာကြတော့ဘူး”ဟု ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောသည်။

    လက်ရှိ ဟိုတယ်အများစုတွင် တည်းခိုသူ ဧည့်သည်များလာရောက်မှုမရှိတော့ဘဲ မန်နေဂျာနှင့် အစောင့်များသာကျန်ရှိနေပြီး HR နှင့် CEO များအပါအဝင် လုပ်ငန်းအစုရှယ်ယာဝင် မန်ဘာများမှာ ယခု ဇန်နဝါရီလအတွင်းတွင် ဟိုတယ်မှ တိမ်း ရှောင်သွားကြကြောင်း ချောင်းသာကမ်းခြေရှိ ဟိုတယ် လုပ်ငန်းလုပ်ကိုင်သူများနှင့်နီးစပ်သူများထံက သိရသည်။

    ထို့ပြင် အခြားဟိုတယ်များမှာလည်း ပစ္စည်းများစတင်ရွှေ့ပြောင်းနေကြသလို ပိတ်သိမ်းရန် စီစဥ်နေကြပြီး စားသောက်ဆိုင်၊ စတိုးဆိုင်၊ အထည်ဆိုင်အများလည်း ပိတ်သိမ်းနေကြောင်း ဟိုတယ်နှင့်နီးစပ်သူကပြောသည်။

    စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက ရွှေသောင်ယံမြို့နယ်၊ တပင်မော်၊ တပင်မော်အမြောက်တပ်စခန်းမှနေ၍ ဘောမိ၊ ဂျိတ်လပ်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေပြီး ပစ်ခတ်သံများမှာ ချောင်းသာမြို့နှင့် ကျောက်မောင်နှမတို့မှ ကြားနေရသဖြင့် ကျန်ရှိနေသည့် ဒေသခံများလည်း စစ်ရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားအောင်ပြည့်စုံသည် ချောင်းသာကမ်းခြေတွင် အကြီးမားဆုံး ဖြစ်သည် Azura beach Resort သာမက ဆေးရုံများ၊ ဆောက်လုပ်ရေးကုမ္ပဏီ၊ ဆေးပစ္စည်းကုမ္ပဏီ နှင့် အာမခံလုပ်ငန်များကိုပါ ပိုင်ဆိုင်ထားသူဖြစ်သည်။

  • မင်းတုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး

    မင်းတုန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံး

    မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၅ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ပြီး မင်းတုန်းမြို့နယ် ၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဝင်ရောက် တပ်စွဲထားသော အင်အား ၅၆ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပြန်လည် ထွက်ခွာလာပြီး တဇိုတုံကျေးရွာ်နှင့် ဒေါင်းတိုက်ကျေးရွာ အကြား အရောက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ၊ သရက်ခရိုင် အမှတ်-၄ တပ်ရင်း တပ်ခွဲ ၂ မှ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ အပြင်းအထန်ခုခံပြီး ဆုတ်ခွာသွားပြီး ငခူအိုးကျေးရွာနှင့် ရွာပုလဲကျေးရွာ အကြား အရောက် နံနက် ၁၀ နာရီခန့်တွင် အသင့်စောင့်ကြိုနေရာယူထားသော သရက်ခရိုင် အမှတ်-၄ တပ်ရင်း တပ်ခွဲ ၁ မှ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    ယင်းထိတွေ့ တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲချိန်အတွင်း ရန်သူစစ်ကောင်စီ စစ်ကြောင်းမှ အထိနာကာ ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ စစ်ကြောင်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်နိုင်ရန် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်နေချိန် အင်အား ၈၀ ခန့်ဖြင့် အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ထိုတိုက်ပွဲတွင် တော်လှန်ရေး ရဲဘော် ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “သူတို့ ဝင်လာတည်းက ကျနော်တို့ ဖြတ်တောက် ကြိုးစားတာက အဆင်မပြေလိုက်ဘူး။ အဲတာကြောင့် သူတို့ တပ်စွဲပြီးပြန် အထွက်မှာ ကျနော်တို့ ဖြတ်တောက်နိုင်ခဲ့တယ်။ အဲမှာ ၂ ကြိမ် ဖြတ်တောက်ခဲ့တယ်ပေါ့။ ၂ ကြိမ်မှာဆိုရင် ကျနော်တို့ လက်နက်ခဲယမ်းတွေ ရရှိနိုင်အောင်အထိ ဝင်လုံးဖို့ ကြိုးစားတဲ့ အခါမှာ မင်းတုန်း ၅ မိုင်ဂိတ်နဲ့ကော နောက်ပြီး ပုသိမ်-မုံရွာ လမ်းပိုင်းနဲ့ကော နီးတာနဲ့ သူတို့ စစ်ကူတွေက အမြန်ဆုံး ရောက်လာတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ဆုတ်ခွာခဲ့ရတယ်ပေါ့။ ကျနော်တို့ အနေနဲ့ တဖြေးဖြးနဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းထိ တိုးကပ်ပြီးတော့ တိုက်ပွဲကို ဖော်ဆောင်လာနိုင်တယ်။ ကျနော်တို့ ဒီစစ်ကြောင်းကို အမြစ်ပြတ် မချေမှုန်း လိုက်နိုင်ပေမယ့် စစ်ကြောင်းတစ်ခုလုံးလန်သွားအောင် လုပ်နိုင်ခဲ့ပါတယ်” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

  • မြင်းခြံ ဗုံးကြဲ သတ်ဖြတ်ခံရမှု သေဆုံးသူ ဒါဇင်ချီပြီး အရေအတွက် စာရင်းမကောက်နိုင်သေး

    မြင်းခြံ ဗုံးကြဲ သတ်ဖြတ်ခံရမှု သေဆုံးသူ ဒါဇင်ချီပြီး အရေအတွက် စာရင်းမကောက်နိုင်သေး

    ဖုန်း၊ အင်တာနက် သုံးတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်ကြာ ပစ်သတ်ဟုဆို

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – ဆီးမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ကျေးရွာကို ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်နီးပါးကြာ ပစ်ခတ် သတ်ဖြတ်ခဲ့ရာ လူ ဒါဇင်နဲ့ချီ သေဆုံးပြီး သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေတွေ စာရင်းမကောက်နိုင်သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဇန်နဝါရီလ ၂၆ရက် ဒီကနေ့ မနက် ၈နာရီကျော်အချိန် မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ၊ အနောက်ပိုင်းက စာသင်ကျောင်း၊ နေအိမ်တွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်အုပ်စုက တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးလာကြဲ ပြီးနောက် ရဟတ်ယာဉ် တစ်စီးနဲ့ နာရီဝက်ခန့်ကြာ ပစ်ခတ် သတ်ဖြတ်တာလို့ ဆိုပါတယ်။

    ထပ်မံ ရရှိတဲ့ သတင်းအရ လမ်းသွားလမ်းလာ ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ ရွာခံတွေ အပါအဝင် သေဆုံးသူ ၄၀ ဝန်းကျင် ရှိပြီး ဒဏ်ရာရသူ များတယ်လို့ ဆိုပါတယ်။

    “ဆင်းဂွတ်ရွာ၊ ရွာအနောက်ခြမ်းက စာသင်ကျောင်းနဲ့ အနီးတဝိုက်ကို စိတ်ကြိုက်ပစ်သွားတာ။ ဂျက်ဖိုက်တာ (တိုက်လေယာဉ်) တစ်စီး၊ ရဟတ်ယဉ်က တစ်စီး။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး ရဟတ်ယဉ်နဲ့ စိတ်ကြိုက် ပတ်ပစ်တာ။ မနက်၈နာရီလောက်မှာ ဂျက်ဖိုက်တာက တစ်ခေါက်ပဲ၊ ရဟတ်ယဉ်က မိနစ်၂၀လောက် ပတ်ပစ်တာ။ ကလေးတွေရော၊ လယ်ခင်းသွားတဲ့ လှည်းတွေနွားတွေ၊ လူတွေရော သေတယ်။ ရဟတ်ယဉ်နဲ့ပစ်တာက ပိုသေကုန်တာ။ လောလောဆယ် လမ်းပေါ်တင် တောသွားတောလာ ၁၄ ယောက် သေတယ်။ ကျောင်းထဲနေတဲ့ ဆရာမတစ်ဦးလည်း သေတယ်။ စာသင်ကျောင်းထဲက အလောင်းက မီးလောင်ပျက်စီး၊ အရေအတွက် အတိအကျ မသိရ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

    ကနဦး ရရှိထားတဲ့ အချက်အလက်တွေအရ ဆင်းဂွတ်ရွာကနေ ယာတောကို လှည်းနဲ့သွားတဲ့ မိသားစု သုံးယောက် ကို ရဟတ်ယာဉ်နဲ့ ပစ်သတ်လို့ နွားတွေရော၊ မိသားစု သုံးယောက်လုံး သေဆုံးသလို ကလေးသူငယ်တွေ ဖြစ်တဲ့ မောင်တိုးတိုး ၁၁ နှစ်၊ မောင်ကျော်ဆောင်၊ မောင်ညိုသန်းနဲ့ မောင်ညိုသန်းရဲ့ ညီ ကိုးနှစ်အရွယ် ကလေးတစ်ဦး တို့လည်း သေဆုံးတယ်လို့ ဆိုပါတယ်။

    “ကျောင်းဘေးက အိမ်တွေက တချို့ ဆေးရုံ အရေးပေါ်ဖြစ်နေတယ်။ အတိအကျက အဆက်အသွယ် ပြတ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ကနဦး သတင်းအရ စာသင်ကျောင်းနဲ့ စာသင်ကျောင်းဘေးက နေအိမ်နှစ်လုံး ပျက်စီးတယ်လို့ ဆိုပါတယ်။

    ဆင်းရွတ်ကျေးရွာဟာ မြင်းခြံမြို့ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာ၊ မြင်းခြံနဲ့ ဆီမီးခုံ ကားလမ်းပေါ်မှာ တည်ရှိပြီး သိမ်ရွာ၊ ကျားတိုင်း၊ ဆင်းဂွတ်ဆိုတဲ့ သုံးရွာအပူးလိုက် ကျေးရွာအုပ်စုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

    အဲ့ဒီနေရာဟာ ဖုန်းနဲ့ အင်တာနက် ဝန်ဆောင်မှု ပေးတာထက်၊ စစ်အုပ်စုက ဖုန်းလိုင်းတွေ ဖြတ်တောက်ထားချိန် ဖုန်းလိုင်း အနည်းငယ် မိတဲ့အတွက် လာရောက် စုဝေး အသုံးပြုကြတာလို့လည်း ဒေသခံတချို့က ဆိုပါတယ်။

    စစ်အုပ်စုရဲ့ ဗုံးကြဲ၊ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်အုပ်စု လက်သပ်မွေးထားတဲ့ မြင်းခြံနယ်က ပျူစောထီးတချို့ကို တော်လှန်ရေး တပ်တွေက သုတ်သင်ရှင်းလင်းခဲ့ပြီးနောက် စစ်အုပ်စုက အငြိုးထားကာ မြင်းခြံနယ်ထဲ လေကြောင်း ဗုံးကြဲ သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

    ပြုစုထားတဲ့ စာရင်းအရ ၂၀၂၄ ဩဂုတ်လ ၁၀ရက်ကနေ အခု ၂၀၂၅ ဇန်နဝါရီလ ၁၁ ရက်အထိ ငါးလ အတွင်း မြင်းခြံခရိုင် လေးမြို့နယ်ဖြစ်တဲ့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်နယ်ထဲ စစ်အုပ်စုက လေယာဉ်၊ ရဟတ်ယာဉ်နဲ့ စက်တပ်လေထီးတွေ အသုံးပြုကာ ဗုံးကြဲသတ်ဖြတ်မှု အကြိမ် ၁၁၀ ကျော် ကျူးလွန်ခဲ့ပြီး ကလေးသူငယ် နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၅၇ ဦး သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

    မြင်းခြံနယ် ဆင်းဂွတ်ရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ ပစ်ခတ် သတ်ဖြတ်လို့ သေဆုံးသူတွေနဲ့ ဗုံးကြဲခံရတဲ့ စာသင်ကျောင်း/Photo – Google၊ ပေးပို့