Author: Admin-501

  • AA ထိုးစစ် ကာကွယ်ရန် ပြည်နယ်မြို့တော်တွင် အင်အားအလုံးအရင်း ဖြည့်တင်းနေ

    AA ထိုးစစ် ကာကွယ်ရန် ပြည်နယ်မြို့တော်တွင် အင်အားအလုံးအရင်း ဖြည့်တင်းနေ

    ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိနေပြီး စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံ က သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့ကလည်း စစ်တွေမြို့အနီး အောင်မြေကုန်းရွာနှင့် ရဲရုပြင်ရွာတို့တွင် ထိတွေ့ တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း AA နှင့်နီးစပ်သူနှစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီသည် စစ်တွေမြို့တွင် လေကြောင်း၊ ရေကြောင်းဖြင့် စစ်အင်အားဖြည့်တင်း နေကြောင်း AA နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    “အခုတလော စစ်ကောင်စီဘက်က မြို့တွင်းကို အင်အားတော် တော်ဖြည့်နေတယ်လို့ သိရတယ်။ မြေပြင်ကိုဆိုရင် မြို့ထဲဘက်က ဖြည့်နေတာရှိတယ်။ XX (စစ်ကောင်စီတပ်သား)က မြို့ပြင် ရွာတိုင်းမှာ ရှိတယ် “ဟု ၎င်းက ပြောသည်။

    စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်သည် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်ဘက်သို့ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်မှုများရှိနေရာ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိနေ သည်။

    စစ်တွေမြို့မှာ AA က ဝိုင်းရံပိတ်ဆို့ထားသည့်အခြေအနေဖြစ်သောကြောင့် အချိန်မရွေး မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်သည်ဟု AA နှင့်နီးစပ်သည့် နောက်တစ်ဦးက ပြောသည်။

    စစ်ကောင်စီသည် AA က ထိုးစစ်ဆင်လာမည်ကို ကြောက်လန့်၍ စစ်တွေမြို့အနီးမှ ပါဒလိတ်၊ အမြင့် ကျွန်း၊ ဗျိုင်းဖြူရွာစသည့်ကျေးရွာများမှ ဒေသခံများကို မောင်းထုတ်၍ ထိုရွာများတွင် အထိုင်စခန်း များချကာ ခံစစ်ပြင်ထားသည်ဟု သိရသည်။

    စစ်ကောင်စီသည် စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်းရှိ အမြင့်ကျွန်းတံတားကိုလည်း AA က ထိုတံတားများ ကို အသုံးမပြုနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က လေကြောင်းဖြင့် ဗုံးကြဲပြီး ဖျက်ဆီးထားသည်။

    အလားတူ စစ်တွေကမ်းနားလမ်းတစ်လျှောက် ခြံစည်းရိုးများခတ်ကာ စစ်ရေးကြိုတင်ပြင်ဆင်မှုများ လည်း လုပ်ထားသည်။

    လက်ရှိတွင် စစ်ကောင်စီတပ်သည် စစ်တွေမြို့ရှိ နေအိမ်များကို အချိန်မရွေးဝင်ရောက်ကာ ဧည့်စာရင်း စစ်ဆေးလေ့ရှိပြီး မသင်္ကာလျှင် ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “လုံခြုံရေးအခြေနေအရ သွားရလာရတာမလွယ်ဘူး။ သန်းခေါင်စာရင်းစစ်တာ အရင်က ညပဲလာ တယ်။ အခုက မနက်ရော၊ ညရော သူတို့ လာချင်တဲ့အချိန်လာလို့ လုံခြုံမှုမရှိသလို ခံစားရတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။

    စစ်ကောင်စီသည် ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ ၁၃ ရက်ကပင် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များကို ကုန်းလမ်း၊ ရေလမ်းမှ ခရီးသွားလာခွင့် ပိတ်ပင်ထားသည်။

    ထို့ကြောင့် စစ်တွေဒေသခံအများစုသည် ဘေးလွတ်ရာသို့ မထွက်ပြေးနိုင်ဘဲ မြို့တွင် ပိတ်မိလျက် ရှိသည်။ ငွေကြေးတတ်နိုင်သူအချို့သာ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် စစ်ရှောင်နိုင်ကြသည်ဟု ဒေသခံများက ဆိုသည်။

    မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခင်းအကျင်းကို၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိသည်ဟု AA က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    သို့သော်လည်း စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ရမ်းဗြဲ၊ ကျောက်တော်၊ ပေါက်တောမြို့နယ် တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရသွားသည်။

    AA က “နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိသည်”ဟု ထုတ်ပြန်ထားသော် လည်း စစ်ကောင်စီက လူနေမြို့ရွာများကိုဗုံးကြဲတိုက်ခိုက်ခြင်းမှာ ငြိမ်းချမ်းရေးကို လိုလားမှုမရှိသည် ကို ပြသခြင်းဟု ရခိုင်စစ်ရေးအခြေအနေစောင့်ကြည့်သူတစ်ဦးက ပြောသည်။

    “စစ်ကောင်စီက ခုလို ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေတော့ AA ကလည်း စစ်တွေ အပါအဝင် လက်ကျန်မြို့တွေကို ဆက်တိုက်မဲ့သဘောရှိတယ် “ဟု ၎င်းက ဆိုသည်။

    လက်ရှိတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲငြိမ်သက်နေသော်လည်း AA သည် ဧရာဝတီ၊ မကွေးတိုင်းရှိ စစ်စခန်းများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ တိုက်ခိုက်နေသည်။

    AA သည် သံတွဲ၊ ရမ်းဗြဲ ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မင်းပြား၊ မြောက် ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွ မြို့များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ ကို သိမ်းပိုက်ထားသည်။

    ပြည်နယ်တွင်းရှိ AA တိုက်ခိုက်ရန်ကျန်ရှိသည့်မြို့များမှာ အိန္ဒိယရင်းနှီးမြုပ်နှံမှုများရှိသည့် ပြည်နယ် မြို့တော် စစ်တွေ၊ တရုတ်ရင်းနှီးမြုပ်နှံမှုများရှိသည့် ကျောက်ဖြူနှင့်မာန်အောင်မြို့တို့သာ ကျန်ရှိတော့ သည်။

    AA တပ်ဖွဲ့ဝင်များဝိုင်းထားပြီး စစ်ရေးတင်းမာနေသည့်အခြေအနေတွင် စစ်ကောင်စီခန့် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပြည်နယ်လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ဝန်ထမ်းများ၊ ပြည်နယ်သာသနာ​ရေးဦးစီးဌာနဝန်ထမ်းများကို သွားရောက်တွေ့ဆုံခဲ့သည်။

    နိုင်ငံ့ဝန်ထမ်းသည် နိုင်ငံတော်အပေါ် သစ္စာရှိနေရန်လိုအပ်သည်ဟု ဗိုလ်မှူးကြီးအငြိမ်းစားလည်းဖြစ်သူ ဦးထိန်လင်းက ပြောကြားခဲ့သည်ဟု ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးထားသည်။

  • တံတားဦးနှင့် ကျုံပျော်တို့တွင် စစ်မှုထမ်း တပ်သားစုဆောင်းနေသည့် ပျူစောထီးခေါင်းဆောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

    တံတားဦးနှင့် ကျုံပျော်တို့တွင် စစ်မှုထမ်း တပ်သားစုဆောင်းနေသည့် ပျူစောထီးခေါင်းဆောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

    မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေကာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေသော တောင်တစ်လုံးရွာ ပျူစောထီး ခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တောင်တလုံးကျေးရွာအနီး၌ ယာခင်းမှ အပြန်လာသည့် ပျူစောထီး ခေါင်းဆောင် ချစ်ဝင်းကို နဂါးနီ‌ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တော်လှန်ရေး ရဲဘော်များက သွားရောက် ဖမ်းဆီးစဉ် ပစ္စတိုသေနတ်ဖြင့် ပြန်လည် ခုခံရန် ပြင်ဆင်သောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော တောင်တစ်လုံးကျေးရွာ ပျူစောထီးခေါင်းဆောင် ချစ်၀င်း သည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နေထိုင်သည့် စခန်းများကို စစ်တပ်ထံ သတင်းပေးပို့ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူလူထုအပေါ် အတင်းအဓမ္မ ညှင်းပမ်း နှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ချစ်ဝင်း ထံမှ ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည် ၁၆ တောင့်၊ ဖုန်း ၃ လုံး၊ ဓားတို/ရှည် ၂ ချောင်း၊ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ညနေ ၅ နာရီခန့်တွင် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။

    အလားတူ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မြင့်သောင်း ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျုံပျော်မြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအုပ်စု အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မြင့်သောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဖိုထောင်ကျောင်းရှေ့တွင် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော အုပ်ချုပ်ရေးမှူး မြင့်သောင်းသည် သေနတ် ကိုင်ဆောင်ပြီး ညဘက်တွင် ခလရ ၃၆ တပ်ရင်း နှင့် ကျုံပျော်တပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်း၍ ပြည်သူပိုင် နေအိမ်များ အတွင်း နိုင်ငံရေး အကြောင်းပြကာ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကြေး သိန်းရာချီ တောင်းခံကာ ရွေးထုတ်ခိုင်းပြီး တောင်းခံသည့် ငွေကြေးမရပါက စစ်တပ်ထဲ ထည့်၍ ကျေးရွာနေပြည်သူများကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း သိရှိရသည်။

    အုပ်ချုပ်ရေးမှူး မြင့်သောင်း တိုက်ခိုက်ခံရ၍ သေဆုံးပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သောင်ရွာ မှန်ကုန်းအထိ ပိတ်ဆို့၍ စစ်ဆေး ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်လို့ ချင်းလက်နက်ကိုင် အင်အားစုနှစ်ခု ကြေညာ

    တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်လို့ ချင်းလက်နက်ကိုင် အင်အားစုနှစ်ခု ကြေညာ

    ချင်းပြည်နယ် တီးတိန်မြို့ကို တိုက်ခိုက်သိမ်းယူဖို့ ချင်းလက်နက်ကိုင် အင်အားစု နှစ်ခု ကြိုးစားနေပြီး မြို့သိမ်းတိုက်ပွဲမှာ ဝင်မစွက်ဖက်ကြဖို့လည်း အပြန်အလှန်ကြေညာလိုက်ပါတယ်။

    ချင်းပြည်ကြားကာလအတိုင်ပင်ခံကောင်စီ(ICNCC) ရဲ့ ကာကွယ်ရေးတပ်ဖြစ်တဲ့ ချင်းညီနောင် (CB) က တီးတိန်မြို့ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ဖို့ အစီအစဉ်ချပြီးဖြစ်တာကြောင့် ချင်းအမျိုးသား တပ်ဦး (CNF/CNA) နဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDA) တို့ ဝင်မနှောင့်ယှက်ဖို့ PDF/Zoland က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။

    ချင်းညီနောင် (CB) အဖွဲ့ဝင် PDF-Zoland ရဲ့ စစ်ဦးစီးချုပ် ဂီးဒွန်က တီးတိန်မြို့ကို ချင်းညီနောင်က သိမ်းမှာဖြစ်တာကြောင့် တခြားအဖွဲ့တွေ စစ်ရေးဖော်မှာကို မလိုလားဘူးလို့ ပြောပါတယ်။

    “မြို့ပတ်လည်မှာ ချင်းညီနောင် (CB) ရဲဘော်တွေ နေရာချထားတယ် တီးတိန်မြို့ကို ချင်းညီနောင် (CB) က သိမ်းဖို့ စစ်ရေးစီမံချက်ဆွဲထားပြီးသား ဖြစ်တယ်၊ ဒါ ကျွန်တော်တို့ CB ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဖြစ်ဖြစ် ချင်းပြည်ကောင်စီ (CC) ဖြစ်ဖြစ် စစ်ရေးဖော်ဆောင်တာကို မလိုလားတာဖြစ်တယ် အဲဒါကြောင့် ဒီကြေညာချက်ထုတ်တာဖြစ်တယ်”

    CNF/CNA နဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDA) တို့ တီးတိန်မြို့ကို သိမ်းဖို့ကြိုးစားနေတာဟာ ပြည်သူလူထုအကျိုးကို ရှေးရှုတာမရှိဘဲ နိုင်ငံရေးလက်ဦးမှု ရယူလိုတာကြောင့်သာ ဖြစ်တယ်လို့ PDF-Zoland ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တီးတိန်မြေပေါ်ကို ကျူးကျော်ဝင်ရောက်လာရင် ပြတ်ပြတ်သားသားတိုက်ထုတ်သွားမယ်လို့လည်း သတိပေးထားပါတယ်။

    ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDA) ကလည်း မဟာမိတ်တွေနဲ့အတူ တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှာဖြစ်တာကြောင့် ဘယ်အဖွဲ့အစည်းကမှ ကန့်ကွက်ခွင့်မရှိကြောင်းနဲ့ ပါဝင်တိုက်ခိုက်လိုတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့မှာပဲ ကြေညာချက်ထုတ်ပြန်ထားတာပါ။

    တီးတိန်မြို့ခံတွေကတော့ တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ အိန္ဒိယ-မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်ဘက်ကို ဒီတစ်ပတ်အတွင်း ရွှေ့ပြောင်းနေကြပါတယ်။

    ချင်းပြည်နယ် တီးတိန် မြို့မရပ်ကွက်အား စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo : Citizen Photo)

  • ပြည်သူတွေကို ငွေတောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း PGF ထုတ်ပြန်

    ပြည်သူတွေကို ငွေတောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း PGF ထုတ်ပြန်

    မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူတွေထံကနေ ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Popa Guerilla Force (PGF) က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေတာကြောင့် ပြည်သူတွေ အကြောက်တရားနဲ့ သွားလာနေရတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ Popa Guerilla Force (PGF) တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။

    “စစ်ကောင်စီတပ်က ပုပွါး-ဝဲလောင် လမ်းပိုင်းမှာ ကင်းပုန်းဝပ်ပြီး ကားတွေ၊ ဆိုင်ကယ်တွေကိုတားဆီး စစ်ဆေးတာ ငွေကြေးတောင်းခံတာတွေလုပ်နေလို့ ပြည်သူတွေက အကြောက်တရားနဲ့ သွားလာနေရတယ်၊ ဒါကြောင့် သူတို့လည်း အမြဲအကြောက်တရားနဲ့နေရအောင် တိုက်ခိုက်ခဲ့တာပါ”

    ပုပ္ပါး-ဝဲလောင် လမ်းပိုင်းမှာ ငွေကြေးတောင်းခံပြီးပြန်လှည့်လာတဲ့ စစ်ကောင်စီတပ် ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကြောင်းနဲ့ အတိအကျကိုတော့ မသိရသေးကြောင်း PGF အဖွဲ့က ပြောပါတယ်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သားတွေနဲ့ ဝေးတဲ့နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ ထိခိုက်တာ မရှိခဲ့ဘူးလို့လည်း PGF အဖွဲ့က ပြောပါတယ်။

    ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ပုပ္ပါးတောင်မကြီး ပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို PGF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    စစ်ရေးအရှိန်မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့လည်း Popa Guerilla Force အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

    Popa Guerilla Force (PGF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo : Popa Production & Guerilla Force – PPGF)

  • “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စုပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်

    “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စုပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်

    မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေ

    KIA ၊ MNDAA ၊ AA ၊ TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များမှာ ပြည်ပကြိုးကိုင်ထားသော ရုပ်သေးရုပ် အဖွဲ့များဟု ဝါဒမှိုင်းသွင်း

    မြန်မာနိုင်ငံတွင် “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စု ပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်နေပြီး မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေကြောင်း စစ်မှုထမ်းတပ်သားတချို့က ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက လစဉ်ဖွင့်လှစ် ပို့ချလျက်ရှိသော စစ်မှုထမ်းသင်တန်းများတွင် စစ်ရေးနှင့်ပစ်ခတ်မှု သင်ကြားခြင်းအပြင် စာတွေ့ သင်ခန်းစာအဖြစ် “နိုင်ငံတော်အကြီးအကဲ၏ အမြင်သဘောထားနှင့် နိုင်ငံတော်၏ အနာဂတ်” ဆိုသော သင်ခန်းစာများ လာရောက်ပို့ ချကြောင်း၊ ထိုသို့ ပို့ချရာတွင် တပ်မတော်ပြိုကွဲလျှင် နိုင်ငံတော်ပြိုကွဲပြီး ပြည်ထောင်စုကြီးပြိုကွဲတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ စစ်တပ်က နိုင်ငံတော်ကြီး ဆက်လက် တည်မြဲရေးအတွက် ဆက်လက်တည်ရှိသွားရမည်ဖြစ်ပြီး စစ်မှုထမ်း သင်တန်း သားများမှာ နိုင်ငံတော်အတွက် မရှိမဖြစ် အရေးပါသော သူများဖြစ် သည်ဆိုသော ဝါဒဖြန့် သင်ခန်းစာများကို သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။

    ” တပ်မတော် မရှိရင် နိုင်ငံတော်ကြီး ပြိုကွဲတော့မယ်။ ပြည်ပ ဩဇာခံ ဖြစ်ပြီး ကိုလိုနီဘ၀ ပြန်ရောက်တော့မယ်။ အဲဒါကြောင့် တပ်မတော်က နိုင်ငံတော်ကို ကယ်တင်နေတာ။ တပ်မတော်က မကယ်တင်ရင် နိုင်ငံတော်ကြီး ပျက်သုန်းတော့မယ် အဲဒါကိုတော့ သင်တန်းကျောင်းမှာ လာရောက် သင်ကြားပို့ချပါတယ်” ဟု လက်ရှိ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ တက်ရောက်နေသော တပ်သားသစ် သင်တန်းသားတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် စစ်မှုထမ်းသင်တန်းများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုသော စကားများကိုလည်း သင်ကြားရပြီး ယင်းသင်ကြားပို့ချမှုအတွင်း KIA ၊ MNDAA ၊ AA၊ TNLA အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှာ ပြည်ပ ဩဇာခံ အဖွဲ့များဖြစ်ကြောင်း၊ ယင်းအဖွဲ့များကြောင့် မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံအဖြစ်သို့ ကျရောက် မည်ဖြစ်ကြောင်း ၊ တိုင်းတစ်ပါး ကျွန်မဖြစ်ရေးအတွက် ယင်းသို့သော ပြည်ပဩဇာခံ အဖွဲ့များကို တိုက်ထုတ်ရမည်ဟု ဝါဒဖြန့် သင်ကြားပို့ချနေကြောင်း သိရှိရသည်။

    အလားတူ ယနေ့ နိုင်ငံတော်ကို စစ်တပ်က အာဏာထိန်းထားခြင်းဖြစ်ပြီး မဲမသမာမှုဖြင့် အာဏာရယူရန် ကြိုးစားခြင်းကြောင့် အာဏာရယူထားခြင်းဖြစ်ကြောင်း၊ NLD ပါတီက NUG ၊ NUCC နှင့် CRPH ၊ PDF များအဖြစ် လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်ထောင်စုကို ဖြိုခွဲနေသူများဖြစ်ကြောင်း၊ စစ်မှုထမ်း သင် တန်း သား များအနေဖြင့် နိုင်ငံတော်ကို ကာကွယ်ရန် အသက်စွန့်၍ ကြိုးပမ်းရမည်ဟု သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။

    “သူတို့ ပြောနေတာတွေက မဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အဲဒါကို နေ့တိုင်း၊ အပတ်စဉ်တိုင်း ပို့ချတယ်။ သင်တန်းကာလအတွင်းမှာ အဲဒါတွေကိုပဲ ထပ်ခါ ထပ်ခါ ပို့ချတယ်။ အမြဲတမ်း နားထောင်နေရတာပါ” ဟု စစ်မှုထမ်း သင်တန်းအပတ်စဉ် ၅ ဆင်း တပ်သားတစ်ဦးက ရှင်းပြသည်။

    စစ်ကောင်စီက စစ်မှုထမ်းသင်တန်းများတွင် စစ်ရေး၊ စာတွေ့နှင့် ပစ်ခတ်မှု သင်တန်းများ ပို့ချသည့်အပြင် အပတ်စဉ် ပျော်ပွဲ ရွှင်ပွဲများ၊ အားကစားပွဲများ၊ ကာရာအိုကေများကိုလည်း ပြုလုပ်ကြောင်း၊ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်ခြင်းနှင့်အတူ အပျော်များကိုပါ လုပ်ဆောင်ပေးခြင်းဖြင့် စစ်မှုထမ်း သင်တန်းသားများကို ၎င်းတို့ဘက်သို့ ပါလာစေရန် နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင်နေကြောင်း၊ စစ်မှုထမ်း သင်တန်းများတွင် လက်ရှိ စစ်တပ်က မြန်မာနိုင်ငံအတွက် မရှိမဖြစ် ရှိရမည်ဆိုသော အယူအဆ သဘော ထားများကို အဓိက ဦးတည် ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။