Author: Admin-501

  • မံစီမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် ပစ်ခတ်သတ်ဖြတ်

    မံစီမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် ပစ်ခတ်သတ်ဖြတ်

    မံစီမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် ပစ်ခတ်သတ်ဖြတ်ထား၍ အလောင်း ၁၀၀ နီးပါး တွေ့ရ

    ကချင်လွတ်လပ်ရေးတပ်တော် (KIA) သိမ်းပိုက်လိုက်သည့် မံစီမြို့မှ ထွက်ပြေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ထားခဲ့ရာ အလောင်း ၁၀၀ နီးပါး တွေ့ရှိခဲ့ရကြောင်း သိရသည်။

    KIA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ရက်က မံစီမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့တွင်းနှင့် တပ်ရင်း သုံးခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ကြပြီး KIA က လိုက်လံတိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်းများကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

    “၉ ရက်နေ့ကနေ ၁၄ ရက် နေ့အထိ အနောက်က လိုက်တိုက်တာမှာ သူတို့အချင်းချင်း ပစ်သတ် ထားခဲ့ကြတဲ့ အလောင်းတွေတွေ့ရတယ်။ စစ်တပ်မိသားစုဝင်တွေလည်းပါတယ်တွေ့တဲ့ အလောင်း တွေထဲမှာ” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

    ထွက်ပြေးသည့် လမ်းပိုင်းအတွင်း နေရာအနှံ့တွင် အလောင်းများ စုပြုံ‌သေဆုံးနေသည်ကို တွေ့ရပြီး အမျိုးသမီးနှင့် ကလေးအလောင်းများပါ ပါဝင်ကြောင်း သိရသည်။

    “ထွက်ပြေးတဲ့အင်အားက ၂၀၀နီးပါးရှိတယ်။ သူတို့အချင်းချင်း လက်နက်ချချင်တဲ့သူတွေကို ပစ်သတ် ထားခဲ့တာလို့ ပြန်သိထားရပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဆိုသည်။

    မံစီမှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဗန်းမော်ရှိ ခလရ ၄၇နှင့် အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်းသို့ သွားရောက်ပူးပေါင်းရန် ထွက်ပြေးသွားကြခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် ၇၀ ခန့်သာ စစ်ကောင်စီတပ်ရင်းများထံ သွားရောက်ပူးပေါင်းနိုင်ကြောင်း သိရသည်။

    ကျန်သည့်တပ်ဖွဲ့ဝင် ရာချီမှာ KIA၏လိုက်လံတိုက်ခိုက်မှုနှင့် ၎င်းတို့အချင်းချင်း ပစ်ခတ်သတ်ဖြတ် ထားခဲ့မှုကြောင့် သေဆုံးကုန်ကြောင်း သိရသည်။

    မံစီရှိ စစ်ကောင်စီ၏ ခမရ ၆၀၁၊ ခမရ ၃၁၉နှင့် အမြောက်တပ် အမတ ၃၅၂ တို့ကို KIAက သိမ်းပိုက် ထားပြီး အဆိုပါ တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် စစ်တပ်မိသားစုများ မြို့နှင့် တပ်ရင်းများကို စွန့်ခွာ၍ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ရင်းများရှိရာသို့ ထွက်ပြေးရာမှ ယခုကဲ့သို့ သေဆုံးကုန် ကြခြင်းဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီသည် ဗန်းမော်ရှိ အရေးကြီးနေရာအချို့ကိုလည်း လက်လွှတ်ထားရပြီး စကခ ၂၁အတွင်း စစ်ကောင်စီတပ်ဖွဲ့များ ပူးပေါင်းခံစစ်ဆင်နေရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

    ပုံစာ- မံစီမြို့သိမ်းတိုက်ပွဲတွင်တွေ့ရသော ABSDFတပ်ဖွဲ့ဝင်များ

  • ကျုံပျော်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

    ကျုံပျော်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

    ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ် ၊ ​ညောင်ပင်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ ၁၅ ရက်နေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

    ညောင်ပင်ဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥဦးမြင့်သောင်းသည် ကျေးရွာအတွင်းသွားလာနေစဥ် ပစ်ခတ်ခံရပြီး ဆေးရုံသို့အရောက်တွင် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

    “သူက ခုစစ်မှုထမ်းတွေခေါ်တဲ့ အချိန်မှာ ငွေတောင်းအကြမ်းဆုံးပဲ။ ခုတော့ ဘယ်အဖွဲ့ကပစ်သွားမှန်းမသိဘူး ၊ သူမှာလဲ စစ်တပ်ကပေးထားတဲ့ သေနတ်ကိုင်တာတွေ့တယ်။ အပစ်ခံရတော့ပါလာလား ပစ်တဲ့သူတွေပဲယူသွားလားမသိဘူး “ဟု ဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါပစ်ခတ်မှုနှင့်ပတ်သတ်ပြီးကျုံပျော်မြို့နယ်အတွင်း လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

    အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရသည့်နေရာသို့ မြို့နယ်စစ်ကောင်စီမှ လာရောက်စစ်ဆေးခဲ့ပြီးစစ်တပ်နှင့် ရဲများက လမ်းများပိတ်ဆို့စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် မှားယွင်းစွပ်စွဲဖမ်းဆီး ခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလအတွင်းကလည်း ကျုံပျော်မြို့နယ်၊မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်းကို မဲဂရက် – ရှားခဲ လမ်းမပေါ်တွင် ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဟင်္သာတမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီးပစ်ခတ်ရှင်းလင်းသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

  • ပေါက်မြို့နယ်ရှိ ကပစ-၂၄နှင့် ပျူစောထီးကျေးရွာများအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

    ပေါက်မြို့နယ်ရှိ ကပစ-၂၄နှင့် ပျူစောထီးကျေးရွာများအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄)အပါအဝင် ပျူစောထီးများအထိုင်ချထားသည့် ကျေးရွာ ၅ ရွာအား တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့်အတူ ဒရုန်းများဖြင့် ဗုံးသီးအလုံးရေ ၁၅၀ ကျော်အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့တာဝန်ခံက ပြောသည်။

    တိုက်ခိုက်မှုများကို ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ ၅ ရက်ဆက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ပျူစောထီး နှစ်ဦးသေဆုံးပြီး ၂၀ခန့် ထိခိုက်ဒဏ်ရာရကြောင်း ပေါက် ပကဖ ဒရုန်းတပ်ဖွဲ့မှ ယနေ့(ဇန်နဝါရီ ၁၅)အသိပေး ထုတ်ပြန်သည်။

    စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာများမှာ ကပစ-၂၄ နှင့် ပျူစောထီးအားကောင်းသော ကျေးရွာများဖြစ်သော သစ်ချိုကုန်း၊ ဝန်းခြုံ၊ တပ်ကုန်း၊ ပင်တောင်နှင့် ဇီးပြားရွာတို့ဖြစ်ပြီး တိုက်ခိုက်မှုများအတွင် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ဒရုန်း ၄စင်းပျက်စီးခဲ့ကြောင်း အသိပေးသည်။

    “(ဒရုန်း) သုံးစီးကတော့ စကစ Jammer ကြောင့်ပါ။ ကျနော်တို့က ကပစ-၂၄ တပ်ဝင်းထဲအထိ ဝင်ရောက်တာဆိုတော့ သူတို့အထိုင်ဖြစ်တော့ Jammer အရမ်းကောင်းလို့ ပျက်စီး ဆုံးရှုံးခဲ့တာ။ တစ်စီးကတော့ ချို့ယွင်းတာကြောင့်ပါ”ဟု ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံက ပြောသည်။

    စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုများတွင် ကပစ – ၂၄ မှ ဗိုလ်တစ်ဦးအပါအဝင် ၆ ဦး၊ ဝန်ခြုံးပျူစောထီးရွာမှ ဘန်ကာတစ်ခု မီးလောင် ပျက်စီးကြောင်း၊ ပင်တောင်ရွာမှ စစ်ကောင်စီတပ်သား ၃ဦးနှင့် ပျူစောထီး ၄ ဦး ဒဏ်ရာရပြီး၊ တပ်ကုန်းရွာမှ ပျူ ၂ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရသွားကြောင်း ပေါက် (ပကဖ)ဒရုန်းတပ်ဖွဲ့က အသိပေးသည်။

    “ပေါက်နယ်က ပျူရွာအားလုံးကို ကပစ ကနေပဲ အင်အားပို့ပြီး ပျူတွေနဲ့ပူးပေါင်း အထိုင်ချနေတာဗျ။ ပျူရွာတိုင်းပဲ”ဟု ပေါက်မြို့နယ်တွင်း စစ်ကောင်စီလှုပ်ရှားမှုကို ဒရုန်းတပ်ဖွဲ့တာဝန်ခံက ရှင်းပြသည်။

    အထက်ပါ စစ်ရေးတိုက်ခိုက်မှုများကို ပေါက် (ပကဖ)၊ မြိုင်(ပကဖ)တို့၏ ကူညီမှူဖြင့် မိမိတို့ Drone Team သည် မဟာမိတ်များဖြစ်သော ပုံတောင် Tiger Drone တပ်ဖွဲ့(ပုလဲ)၊ Eagle Wings Drone တပ်ဖွဲ့(ပုလဲ)၊ BLY Drone တပ်ဖွဲ့ ၊ ဇုံ (၁၊၂)ပကဖတို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    (တော်လှန်ရေးတပ်ဖွဲ့များက ပေါက်မြို့နယ် ပျူစောထီး ကျေးရွာများအား တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – File)

  • စစ်ကောင်စီ တပ်သား ၁ ဦးက PDF တပ်ဖွဲ့များကို လမ်းသွားမေးစဉ် ဖမ်းဆီးခံရ

    စစ်ကောင်စီ တပ်သား ၁ ဦးက PDF တပ်ဖွဲ့များကို လမ်းသွားမေးစဉ် ဖမ်းဆီးခံရ

    တောင်သာမြို့နယ်၊ ခြုံကြီးရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ အိမ်သာတက်ရင်း ကျန်ခဲ့သည့် စစ်ကောင်စီ တပ်သား ၁ ဦးက PDF တပ်ဖွဲ့များကို လမ်းသွားမေးစဉ် ဖမ်းဆီးခံရ

    မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်မှ အိမ်သာတက်ရင်း ကျန်ခဲ့သည့် စစ်ကောင်စီ တပ်သား ၁ ဦးက PDF တပ်ဖွဲ့များကို လမ်းသွားမေးစဉ် ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်ကြောင်း Myingyan District Army-3_MDA-3_Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် သံမဏိစက်ရုံမှ အင်အား ၅၀ ကျော်ဖြင့် ခြုံကြီးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က နေမကောင်း၍ အနားယူနေသည့် တပ်ရင်း ၃ လက်အောက်ခံ တော်လှန်ရေး ရဲဘော်တစ်ဦး ၁ ကို ဖမ်းဆီးသွားသည်ဆိုသော သတင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များ လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ လိုက်လံ တိုက်ခိုက်စဉ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်ကောင်စီ တပ်သား ၁ ဦးသည် အိမ်သာတက်နေသောကြောင့် စစ်ကြောင်းနှင့် လူစုကွဲပြီး ကျန်ခဲ့ကာ ၎င်းကိုင်ဆောင်သော သေနတ်နှင့် စစ်ဝတ်စုံများချွတ်၍ အရပ်သား ဟန်ဆောင်ကာ PDF တပ်ဖွဲ့ဝင်များကို လမ်းသွားမေးစဉ် အရှင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ ဖမ်းဆီးရမိသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ဥက္ကာဖြိုး ထံမှ G3 သေနတ် ၁ လက်၊ ကျည် ၂၅၀ တောင့် ၊ ကျည်ဘောက် ၄ ခု ၊ ၆၀ မမ ဗုံးသီး ၁ လုံး နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “ကျနော်တို့ တော်လှန်ရေး ရဲဘော် ၁ ဦးကို စစ်ခွေးတွေက ဖမ်းသွားတယ်ဆိုတဲ့ သတင်းကြောင့် နောက်ကနေ လိုက်တိုက်တာပေါ့။ ကျန်တော်တို့ ရောက်သွားတော့ စစ်ခွေးတွေက ရွာကနေပြန်ဆုတ်သွားပြီး ခွေးစစ်ကြောင်းကနေပြီး အိမ်သားတက်ရင် ကျန်ခဲ့တဲ့ စစ်ခွေး ၁ ကောင်ကိုတော့ အရှင်ဖမ်းဆီးနိုင်းခဲ့တယ်။ သူက လက်နက်တွေ စစ်ဝတ်စုံတွေကို ဝှက်ထားခဲ့ပြီး အရပ်သား ဝတ်စုံနဲ့ လမ်းလိုက်မေးနေတုန်း ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့တာ ဖမ်းမိပြီးတော့ သူဝှက်ထားတဲ့ဟာတွေကို လိုက်ပြခိုင်းပြီး သိမ်းဆည်းနိုင်ခဲ့တာ တိုက်ပွဲတော့ ဖြစ်ပွားတာမရှိပါဘူး။ အိမ်သာတက်တော့ နောက်ကျပြီး မမီတာ ရှေ့ကို ဖုန်းဆက်တော့လည်း မကိုင်ကျဘူးပြောတယ်” ဟု Myingyan District Army-3_MDA-3_Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

  • မုံရွာ နမခအား ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ဦး သေဆုံးဟု BWMပြော

    မုံရွာ နမခအား ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ဦး သေဆုံးဟု BWMပြော

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောသည်။

    ဇန်နဝါရီ ၁၄ ရက် ည ၉နာရီ ၄၅ မိနစ်တွင် နမခအား ရှော့တိုက်ဒုံး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမခ-ဒုတိုင်းမှူး အဆောင် ရှော့တိုက်ဒုံးထိမှန်၍ပြိုကျပျက်စီးခဲ့ကြောင်း ၎င်းက ဆိုသည်။

    ” ဗိုလ်ကြီးကောင်းထက်ဇော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးပွဲချင်းပြီးသေဆုံးတပ်ကြပ်ကြီး တစ်ဦးအပါအဝင် ၃ ဦးမှာ ထိခိုက်ဒဏ်ရာရ၍ အရေးပေါ်ကြပ်မတ်ဆောင်တင်ထားရကြောင်း ကနဦးစုံစမ်း နမခ သိရှိရသည်”ဟု BWM ကသတင်းထုတ်ပြန်ထားသည်။

    အဆိုပါစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Shadow (မုံရွာ)၊ Anonymous Heroes၊ Chindwin Fighters၊ ဒေါင်းမျိုးဆက် ဗိုလ်မုတ်ဆိတ်၊ Democratic Rangers အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    “မုံရွာမြို့ အကြမ်းဖက် စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်အတွင်းမှ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများ ကြားရပြီး နမခအတွင်း မှ သေနတ်ပစ်သံများ အတွဲလိုက်ပစ်သံများ ၊ ရှက်ပြေးတောင်ပေါ် ၊ ရေအိုးစင်ဂိတ်တွေကပါသေနတ်များ ရမ်းပစ်ခတ်နေကြပြီး နမခမှ လက်နက်ကြီးဖြင့် အနောက်မြောက်အရပ်ကို ရမ်းသန်းပစ်ခက်လျှက် ရှိနေပါတယ် ခင်ဗျာ”ဟု ဒေသသတင်းရင်းမြစ် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

    “ပစ်ခတ်တိုက်ခတ်မှု လုပ်ခဲ့တယ်လို့တော့ သိရတယ်ဗျ။ ပါဝင်တဲ့အဖွဲ့အစည်းတွေတော့ မသိရသေးဘူးဗျ။ နမခထဲမှာ ထိခိုက်မှုရှိတယ်လို့တော့ ကြားတယ်ခင်မျ”ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်က မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်း၌ တပ်လှုပ်ရှားမှုများရှိနေပြီး မုံရွာခရိုင်အတွင်းရှိ ဘုတလင်နှင့် အရာတော်မြို့များ၌ အင်အားတိုးချဲ့ကာ ခံစစ်ပြင်နေသည်ဟု ယူဆရကြောင်း မုံရွာ ပကဖက အသိပေးသည်။

    “စကစ က စစ်ရေးတိုးချဲ့တယ်ဆိုတာထက် ရိက္ခာ၊ လူအချိန်းအပြောင်းတွေအတွက် (မုံရွာ-ကျောက္ကာ-အရာတော်)လမ်းပိုင်းမှာ အင်အား ယာယီချထားတယ်လို့ မြင်မိတယ်ဗျ”ဟု ပကဖ တာဝန်ရှိသူတစ်ဦးက ထင်မြင်ချက်ပေးသည်။

    ဇန်နဝါရီလ ၉ ရက်နေ့နံနက်ပိုင်းကလည်း မုံရွာမြို့ နမခ ဌာနချုပ်မှ ထွက်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မုံရွာ-အရာတော်လမ်းပိုင်း၌ တော်လှန်ရေးပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံး၍ ၇ ဦးအရှင်ဖမ်းမိကာ သေ နတ် ၄လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

    “အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့များကို အဓိကအမိန့်ပေးကွပ်ကဲနေသော စစ်ဌာနချုပ်ဖြစ်ပြီး ယင်း ဒေသများကို တော်လှန်ရေးအရှိန်အဟုန်ယုတ်လျော့စေရန်နှင့် ပြည်သူများကို အဓိက ညှင်းပန်းနှိပ်စက်ရန် အဓိက ကြိုးကိုင်ခြယ်လှယ်နေသော စစ်ဌာနချုပ်ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BWMက သတင်းထုတ်ပြန်ထားသည်။

    အဆိုပါစစ်ဆင်ရေးကို BWM၏ အကြိမ် (၃၀)မြောက်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး BWM သည် ယမန်နေ့ညကလည်း အခြားမဟာမိတ်အဖွဲ့များနှင့်အတူ လွိုင်ကော်မြို့၌ စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်း တတ်ရောက်ခဲ့သည့် ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ လွိုင်ကော်)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။