Author: Admin-501

  • လျှပ်စစ် ကြင်စိုး

    လျှပ်စစ် ကြင်စိုး

    (က)

    စိမ်းသရဖူစိမ်း‌ တောင်ကျောင်းဆရာတော်နှင့် စိမ်းသရဖူစိမ်း ဒါယကာကျော်တို့ တိုးတိုး တိုးတိုး သဖန်းပိုး လုပ်နေသည်ကို အရွှင်အဘတွေက ကျွန်ုပ်အား မေးဆတ်ပြပါ၏။

    “လူတွေကလည်း ခက်တယ် စိမ်းမောင်ရ”

    “တင်ပါ့ ဘုရာ့”

    “အခုလို မီးတွေပျက်‌တော့လည်း အော်လိုက် ညည်းလိုက်ကြတာများ ဆူလို့”

    “တင်ပါ့ဘုရာ့၊ အဲ့ဒါလည်း ကိုယ့်အပြစ်နဲ့ကိုယ်ပဲပေါ့”

    “အေးကွ . . . တပ်ချုပ်ကြီးထောက်ပြတာလည်း အဲဒါတွေကိုပဲလေကွာ”

    “မှန်ပါ့၊ လျှပ်စစ်လိုအပ်ချက်အတွက် ရေကာတာတွေ ဆောက်ဖို့ဟာကို သူတို့တွေပဲ ကန့်ကွက်ခဲ့ကြတာမဟုတ်လား ဘုရား”

    “အေးလကွာ . . . ဒါ‌ကြောင့် တပ်ချုပ်ကြီးက ‘၂၀၀၅ ခုနှစ်ကစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်‌ရေး စီမံကိန်းတွေ အောင်မြင်ခဲ့မယ်ဆိုရင် အခုအချိန်ဆို တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားတွေ အလုံအ‌လောက် ရရှိနေမှာ ဖြစ်တယ်’ လို့ ‌ပြောတာပေါ့”

    “တင်ပါ့ဘုရာ့၊ ‘ဒါပေမယ်လို့ လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံများ တည်ဆောက်ခြင်း စီမံကိန်းများကို နည်းလမ်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပေးခဲ့မှုများ‌ကြောင့် စီမံကိန်းများ ရပ်တန့်ခဲ့ရခြင်းဖြစ်ကာ အခုလို မီးတွေပျက်နေရတာ’ ပါတဲ့ ဘုရား”

    “ဝါး . . . ဟားဟား ဟားဟား ဟားဟား”

    ရုတ်တရက် ထရယ်လိုက်သော အသံကြီးကြောင့် အစွန်းရောက် အစိမ်းပုတ် ဆရာ ဒကာတို့မှာ လှမ်းကြည့်ကြပြီး “ဘာရယ်တာလဲကွ” ဟု မေးတော်မူပါလေ၏။‌

    “သ‌ဘောကျလို့ ရယ်မိကြတာပါဘုရာ့”

    “ဘာကို သဘောကျတာလဲဟ”

    “အရှင်ဘုရားတို့ရဲ့ တပ်ပြုတ်ကြီးကို သဘောကျလို့ပါ”

    “ဟေ . . .”

    “သူ့လက်ထက်မှာ သူ မီးကို နပ်မှန်အောင်မပေးနိုင်တဲ့ဟာကိုများ သူများ‌တွေကို အပြစ်တင် လွှဲချနေတာကို သဘောကျလို့ပါ ဘုရာ့”

    “အဲဒါ အမှန်ပဲလေကွာ၊ လျှပ်စစ်ဓာတ်အားစီမံကိန်းတွေကို နင်တို့ပဲ ကန့်ကွက်ခဲ့ကြတာ”

    “ဟားဟား ဟားဟား ဟားဟား”

    “ဘာ ထရယ်ကြပြန်တာလဲဟ”

    “ဒီလိုပါ ဘုရား၊ အတင်းအဓမ္မ ပလ္လင်ပေါ် ခွေးတိုးပေါက်ကတက်လာတဲ့ သူ့လက်ထက်ကျမှ လူထုရဲ့ အ‌ခြေခံလိုအပ်ချက် လျှပ်စစ်မီးဟာမျိုး တုံးသွားတာပါ ဘုရာ့”

    “အမ် . . .”

    “မကြာလှ‌သေးတဲ့ ၂၀၁၅ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ကာလလေးကို ကိုယ်တော် ပြန်စဉ်းစားကြည့်လိုက်စမ်းပါ။ တနိုင်ငံလုံး ထိန်ထိန်လင်းလို့၊ ကိုယ်တော့်ကျောင်းတောင် ဘယ်နှစ်ညများ မှောင်ဖူးခဲ့လို့လဲ”

    “အဲ . . . ဟို . . . ဒီ . . .”

    “အဲဒါပဲ ဘုရာ့၊ ‘ပညာရှင်’ အုပ်ချုပ်တဲ့ကာလနဲ့ ‘အရူး’ အုပ်စိုးတဲ့ကာလဆိုတာ ကွာချင်တိုင်း ကွာတာပါတဲ့ ဘုရား”

    “ဝါး . . . ဟားဟား ဟားဟား ဟားဟား”

    (ခ)

    သို့ဖြင့် အနှီ ‘လျှပ်စစ်’ အကြောင်းကို ဆက်ကြလေရာ ကျွန်ုပ်ဘက်ကို လှည့်လာပါလေ၏ ခင်ဗျာ။

    “ဖေကြီးတို့ မြို့ကြီးပြကြီးတွေမှာကော အရင်ခေတ်က မီးပျက်ခဲ့ဖူးလား” ဟု အဘစောမူးသာက ပြုံးစိပြုံးစိနှင့် မေးလာပါလေ၏။

    “ပျက်လည်း မိနစ်ပိုင်းလောက်ပဲပေါ့ အဘရာ”

    “အခုကော မြို့ပေါ်ကဘော်ဒါတွေက ဘာ‌ပြောကြလဲဟ”

    “လာချင်ရင် ခဏကလေး လာတယ်တဲ့၊ ပျက်ပြီဆို ညလုံးပေါက်၊ နေ့လုံးပေါက်ပဲတဲ့ အဘ”

    “ငါတို့ရွာကလူ‌တွေရဲ့ဒုက္ခနဲ့ အတူတူ‌ပေါ့ဟ”

    “အဲ . . . ရွာကလူ‌တွေနဲ့ မတူတဲ့ ဒုက္ခတွေတော့ အပိုဆုရကြတယ် အဘ”

    “ဟေ . . . ဘယ်လိုဒုက္ခတွေလဲ ဖေကြီးရ”

    ထိုအခါ ရှင်းပြရပါ၏။ ရွာတွေမှာ မီးတွေပျက်သည့်အခါ ‘ရေမော်တာ’ တင်၍မရလျှင်လည်း ရေတွင်းရေကန်များမှ ရေကို အသုံးပြု၍ရပေမဲ့ မြို့တွေပေါ်က ကန်ထရိုက်တိုက်တွေမှာကား ဒုက္ခအကြီးအကျယ် ရောက်နေကြကြောင်း၊ ရေမရသဖြင့် ချက်ပြုတ်ကြော်လှော်ဖို့သာမက ချိုးဖို့အလယ်၊ အိမ်သာသုံးဖို့ပင် ရေမရှိသဖြင့် ‘မြို့ဒုက္ခ’ သီချင်းပင် ထွက်ပေါ်လာနိုင်ကြောင်း ‌ပြောပြဖြစ်ပါ၏။

    “ဝင်းဦးအဖေ ‘ချစ်ဒုက္ခ ဦးဘညွန့်’ ကိုတုပြီး ‘ငညစ်ဒုက္ခ ဦးဘတွန့်’ ဆိုပြီး သီချင်းဆိုကွာ၊ ငါ ရေးပေးမယ်”

    “အဘရေးပေးရင် ဆိုရမှာပေါ့ ခင်‌ဗျာ”

    အဘလုံးတုံးမှာ ပြုံးဖြဲဖြဲနှင့် နှုတ်ခမ်းတလှုပ်လှုပ်ဖြစ်ကာ ခဏအကြာမှာ ‘ချစ်ဒုက္ခ’ အလိုက်ထဲမှာ ‘စာ‌‌မြှောင်’ ကပ်ပါလေ၏ ခင်ဗျာ။

    “ထာဝစဉ် ‌မည်းမှောင်အတိကွယ်

    မီးမရသူ မျှော်ကာလွမ်းပါပေါ့

    နွမ်းခွေလို့ကွယ်

    တမ်းတမိတယ်

    ‌ဖြေမဆည်နိုင်ဖွယ်

    ကြင်ကြင်ရယ် နေနိုင်ရက်တယ်

    မီးဒုက္ခဖြင့် ဖိစီးပြီကွယ်”

    “ဟားဟား ဟားဟား ဟားဟား”

    အဘစောမူးသာက “မီးမရတော့ ရေမရတဲ့ဒုက္ခကို ကာတွန်းဆရာကြီး ဦးဘဂျမ်းရေးထားခဲ့တဲ့ ကာတွန်းတွေကိုတောင်မှ သွားသတိရမိသဟ” ဟု ဆိုလေရာ၊ “ပြောပြပါအုံး” ဟု‌ တောင်းဆိုလေသော် ‌ပြောပြပါလေ၏။

    “ဆီးချုပ်‌နေတဲ့လူနာကို ဆရာဝန်က မေးတယ်၊ ‘ဘယ်လောက်သွားလဲ’ တဲ့၊ လူနာက အံကြိတ်ပြီး ပြန်ဖြေတယ်၊ ‘စည်ပင်သာယာဘုံဘိုင်က ပေးတဲ့ ရေလောက်ပါ ခင်‌ဗျ’ ဆိုတော့ ဆရာဝန်က ‘တစက်တစက်ပဲပေါ့’ ဆိုပြီး စုတ်တသတ်သတ် လုပ်ပါသဗျား”

    “ဟားဟား ဟားဟား ဟားဟား”

    တောင်ကျောင်းကိုယ်တော်ပါ ပြုံးတော်မူပါ၏။

    “နောက်တပုဒ်ကတော့ သားအမိနှစ်ယောက်ကွ”

    “ဆက်ပါအုံး အဘ”

    “‘မီးမလာတော့ ရေမလာ၊ မျက်နှာသစ်ဖို့ သုံးစရာ‌တောင် ‌ရေမရှိလို့ သားအမိတွေ တယောက်မျက်နှာတယောက် တံတွေးနဲ့ထွေးပြီး ကြံဖန် သစ်နေရတယ်’ တဲ့ဗျား”

    “ဟားဟား ဟားဟား ဟားဟား”

    “အခုလည်း ကြင်စိုး သာ၀ မအလကြီး မျက်နှာသစ်ဖို့ ရေမရှိဘူးလို့ ကြားတယ်ဟ၊ ငါတို့တနိုင်ငံလုံး သူ့မျက်ခွက်ကို တံတွေးနဲ့ဝိုင်းထွေး ကူညီပေးကြရအောင်လား”

    “ဝါး . . . ဟားဟား ဟားဟား ဟားဟား”

    (ဂ)

    တဟားဟားရယ်နေကြသည်ကို အစိမ်းဆရာဒကာက ခပ်တင်းတင်းကြည့်နေကြလေရာ အရွှင်အဘတွေက ကျွန်ုပ်အား မျက်စိမှိတ်ပြပါ၏။

    မကြာခင် ရယ်ရွှင်ဖွယ်ရာများ ကြားရအုံးမည်ဟု တွေးမိပါလေ၏ ခင်ဗျာ။

    “ကိုယ်တော်တို့ ဘုရားဒကာ တပ်ပြုတ်ကြီးက နိုင်ငံတော်မီးလင်းဖို့အတွက် သူကြိုးစားနေတယ်လို့လည်း ‌ပြောပါတယ် ဘုရာ့”

    “အေးကွ မူးသာရ၊ ‘လျှပ်စစ်နဲ့ပတ်သက်ပြီး အခက်အခဲ‌တွေရှိ‌နေလို့ အချိန်တိုအတွင်း လျှပ်စစ်မီးရနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်‌ရေး စီမံကိန်း‌တွေကို အားပေးဆောင်ရွက်‌နေပါ‌ကြောင်း၊ ဒီစီမံကိန်း‌တွေ ‌အောင်မြင်ပြီးစီးပါက လျှပ်စစ်မီး လုံလောက်စွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း’ တပ်ချုပ်ကြီးက ‌‌ပြောထားတယ်ဟ”

    “အားရစရာပါပဲ ဘုရာ့”

    “ဒါပေါ့ကွ လုံးတုံးရ၊ သူလုပ်ပေးပါလိမ့်မယ်”

    “တင်ပါ့ ဘုရာ့”

    အရွှင်အဘတွေက မျက်နှာပိုးသတ်ကာ ခပ်တည်တည်နှင့် ဖော်လိုလိုက်နေပါလေ၏။ ပြီးတော့ “မြစ်တွေမှာ ရေကာတာတွေဆောက်ပြီး လျှပ်စစ်ထုတ်ရင် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး လူတွေကို ထိခိုက်တယ် ဘုရာ့” ဟု စကားခေါ်လေရာ ဆရာတော်က “ဒါ‌ကြောင့် အခုလို ‘နေရောင်ခြည်’ စွမ်းအင်ကနေ လျှပ်စစ်ထုတ်ဖို့ သူ ကြိုးစားနေတာပေါ့ဟ” ဟု ပြုံးကာ မိန့်တော်မူပါ၏။

    “တပည့်တော်အနေနဲ့‌ ပြောရရင် ‘နေရောင်ခြည်စွမ်းအားလျှပ်စစ်’ ထုတ်မယ့်အစား ဖောဖောသီသီ ရနိုင်တဲ့ ‘လေအားလျှပ်စစ်’ ကို ထုတ်လုပ်ရင် ပိုပြီးများ အဆင်‌ပြေမလားလို့”

    “အိမ်း . . . ရုပ်သံတွေထဲမှာ ငါ မြင်ဖူးတယ်ကွ၊ ‌လေရဟတ်အကြီးကြီး‌တွေစိုက်ပြီး အောက်ခြေမှာ လျှပ်စစ်ဓာတ်အား‌တွေ စုတာမျိုးမဟုတ်လား”

    “ဟုတ်ပါတယ် ဘုရား၊ အဲသည်ကဓာတ်အားတွေကို ပင်မတနေရာကိုပို့ပြီး နိုင်ငံအနှံ့ ပြန်ဖြန့်တာပါ ဘုရာ့”

    “အေးကွ၊ အဲဒါကို‌ခေါ်တာ ဘယ်လို . . .”

    “‘ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်’ ပါ ဘုရာ့”

    “အေးဟ၊ သူက ကုန်သွားတာမျိုးမဟုတ်ဘဲ အမြဲတမ်း ပြန်ပြန်ပြည့်နေတာမျိုးကိုး”

    “မှန်လှပါ့ ဘုရာ့”

    “အဲသည် လေရဟတ်ကြီးတွေကို ဘယ်လိုနေရာတွေမှာစိုက်ပြီး စုဆောင်းကြသလဲဟ”

    “လေတိုက်အားကောင်းတဲ့ ကွင်းပြင်တွေ၊ ပင်လယ်ကမ်း‌ခြေတွေမှာ စိုက်ကြပါတယ် ဘုရာ့”

    “အဓိကကတော့ ‘လေအား’ ကောင်းတဲ့ နေရာတွေကို ရွေးကြတာမျိုးပေါ့”

    “တင်ပါ့ ဘုရာ့”

    “အကယ်၍ကွာ၊ ငါတို့နိုင်ငံမှာဆို ဘယ်လိုနေရာမျိုးတွေမှာ စိုက်သင့်သလဲ”

    “အဲ . . . ‘နေပြည်တော်’ မှာ စိုက်ထူပြီး လေအားလျှပ်စစ် ထုတ်ယူရင် အဆင်ပြေမယ် ထင်ပါတယ် ဘုရား”

    “‘နေပြည်တော်’ ရဲ့ ဘယ်လိုနေရာမျိုးမှာလဲ”

    “အဲ . . အရှင်ဘုရားတို့တပ်ပြုတ်ကြီး ကြင်စိုး သာ၀ မအလရဲ့ အစည်းအ‌ဝေးခန်း‌မ‌ရှေ့မှာ စိုက်ထူသင့်ပါတယ် ဘုရာ့”

    “ဟေ . . . ဘာဖြစ်လို့”

    “သူ့လောက် ‘လေအား’ ကောင်းတာ ဘယ်သူရှိမလဲ ဘုရာ့၊ သူ့လေအားနဲ့ဆို တနိုင်ငံလုံးအတွက် ‘လေအားလျှပ်စစ်’ လုံလောက်ရုံတင်မကဘဲ ပိုတောင် ပိုလျှံပါလိမ့်အုံးမယ် ဘုရား”

    “ဝါး . . . ဟားဟား ဟားဟား ဟားဟား”

    ဖေကြီး(လေရှီး)

  • စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေ ဖိအားပေးခြိမ်းခြောက်ခံနေကြရ

    စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေ ဖိအားပေးခြိမ်းခြောက်ခံနေကြရ

    စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အထက်အရာရှိကြီးတွေက ဖိအားပေးခြိမ်းခြောက်တာတွေခံနေကြရတယ်လို့ ဝန်ထမ်းတွေက အတည်ပြုပြောပါတယ်။

    အဲဒီဝန်ထမ်းတွေဟာ ရုံးတက်နေ့တိုင်းဖုန်းအပါအဝင် လူမှုကွန်ရက်အားလုံးကိုလည်းစစ်ဆေးနေသလိုသတင်းသမားတွေ၊သတင်းဌာနတွေ၊အာရက္ခတပ်တော်ကို ဆက်သွယ်ထားတာတွေ၊သတင်းပို့နေတာတွေ ရှိ၊မရှိကိုလည်း စစ်ဆေးတယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

    အဲဒီအပြင် နေ့တိုင်းရုံးပုံမှန်တက်ကြဖို့၊အလုပ်ခွင့်မယူကြဖို့၊စစ်ဘေးရှောင်ထွက်မပြေးကြဖို့၊ အလုပ်မထွက်ကြဖို့လည်း ဖိအားပေးခြိမ်းခြောက်ခံနေကြရတယ် ဝန်ထမ်းတွေက ဆိုကြပါတယ်။

    “သတင်းတွေတက်လာရင် ဘယ်သူပြောလိုက်တာလဲဆိုပြီး ဖုန်းတွေကိုစစ်ပါတယ်။Facebook ရော့၊Messagerက အစစစ်ပါတယ်။သတင်းသမားတွေနဲ့ Friend ဖြစ်နေရင်တောင်သတင်းပေးတယ်လို့စွပ်စွဲခံရပါတယ်။ဝန်ထမ်း တွေကအမျိုးမျိုးဖိအားပေးခံနေကြရပါတ ယ်။စစ်တွေမှာအရပ်သားတွေမရှိဘဲစစ် သားသက်သက်ကျန်ခဲ့မှာကို ကြောက်နေကြတာပါ။”လို့ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးမှဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    အဲဒီစစ်တွေမြို့မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်တာတွေနေ့စဥ်ရ က်ဆက်ပြုလုပ်နေသလို အရပ်သားပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးတာတွေလည်း စစ်ကောင်စီတပ်က နေ့စဥ်ပြုလုပ်နေကြတာမို့ အရပ်သားပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဆိုကြပါတယ်။

    အဲဒီစစ်ကောင်စီဝန်ထမ်းတွေဟာ ဌာနဆိုင်ရာလူကြီးတွေရဲ့သဘောတူလက်မှ တ်ပါရင်တောင် ခရီးသွားလာခွင့်မရ ကြတော့တာမို့ စစ်တွေမြို့မှတခြားဒေသသို့ စစ်ဘေးရှောင်ထွက်ပြေးလို့မရကြတော့ဘူးလို့လည်း ဆိုကြပါတယ် ။

    အဲဒီလိုအတင်းအဓမ္မရုံးတက်ခိုင်းပြီး စစ်တွေမြို့မှသာလူသားဒိုင်းကာအဖြစ်အတင်းအဓမ္မနေထိုင်ခိုင်းနေတာဟာ အာရက္ခတပ်တော်ကထိုးစစ်ဆင်တိုက် ခိုက်လာရင် အရပ်သားပြည်သူတွေကို အကာအကွယ်ယူလို့ရအောင်မကောင်းတဲ့အကြံနဲ့ကြိုတင်စီစဥ်ထားကြတာလို့ စစ်ကောင်စီဝန်ထမ်းတွေကို ဝေဖန် ပြောဆိုကြပါတယ်။

    “စစ်တွေကဝန်ထမ်းတွေကို ဘယ်သူ့ကိုမှခရီးသွားခွင့်မပေးတော့ပါဘူး။အရာရှိမိသားစုတွေ၊သားသမီးတွေကတော့ ရန်ကုန်ပြောင်းသွားကြပါပြီ။ပိုက်ဆံပေးနိုင်သူတွေလည်း ဘေးလွတ်ရာသို့ပြောင်းသွားကြပါပြီ။စစ်တပ်ကနိုင်တဲ့ဝန်ထ မ်းတွေပဲအသေခံဖို့ကျန်နေတာပါ။တပ်တော်လာတိုက်ရင်ပြည်သူကိုအကာအ ကွယ်ယူဖို့စစ်ဓာတ်ကအကြံဆိုးနဲ့ဝန်ထမ်းတွေကို အတင်းရုံးတက်ခိုင်းနေတာပါ။”လို့ စစ်တွေမြို့မှပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်းလင်းနဲ့အဖွဲ့ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းတွေ၊ပြ ည်နယ်သာသနာရေးဦးစီးဌာနဝန်ထမ်းတွေကိုလာရောက်တွေ့ဆုံခဲ့တယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

    အဲဒီလိုတွေ့ဆုံတာမှာနေ့တိုင်းရုံးပုံမှန်တက်ကြဖို့၊စစ်ဘေးရှောင်ထွက်မပြေးကြဖို့၊နိုင်ငံတော်အပေါ်သစ္စာရှိကြဖို့၊အာရက္ခတပ်တော်ကို ဆက်သွယ်သတင်းမပို့ကြဖို့ ဖိအားပေးခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

    အဲဒီအပြင် စစ်တွေမြို့ရှိတခြားဌာနဆို င်ရာဝန်ထမ်းတွေ၊ကျန်းမာရေး၊ပညာ ရေးဝန်ထမ်းအားလုံးကိုလည်း ဖိအားပေးခြိမ်းခြောက်အတင်းရုံးတက်ခိုင်းနေတာဖြစ်သလို ဌာနဆိုင်ရာဝန်ထမ်းအလုပ်ထွက်စာတင်တာတွေ ကိုလည်းလက်မခံဘူးလို့လည်း ဝန်ထမ်းတွေက ဆိုကြပါတယ်။

    “စစ်တွေမှာစစ်ဖြစ်လာရင် သေမှာကြော က်ကြပါတယ်။ဒါကြောင့်စစ်ဘေးရှော င်ဖို့ထွက်စာတင်ပေမယ့်လက်မခံပါဘူး။စစ်တွေက ဝန်ထမ်းစာရင်းအားကိုလေ ဆိပ်မှာပေးထားပါတယ်။အဲဒီစာရင်းထဲမှာပါရင်ဘယ်သူမှလေယာဥ်စီးလို့ မရပါဘူး။လေဆိပ်ကထွက်ခွင့်မပေးပါဘူး။လူသားဒိုင်းကာအဖြစ်အတင်းအဓမ္မအ သေခံခိုင်းနေတာပါ။” လို့ စစ်တွေမြို့ရှိပြည်နယ်သာသနာရေးဦးစီးဌာနမှဝန်ထမ်းတဦးက Border News Agencyသို့ ပြောပါတယ်။

    အဲဒီစစ်တွေမြို့ရှိ စစ်ကောင်စီဝန်ထမ်းတွေကို ရုံးပိတ်ရက်တွေမှာလည်း အ ကြောင်းအမျိုးမျိုးပြခေါ်ယူနေကြသလို ကုန်စျေးနှုန်းကြီးမြင့်နေတာမို့ ရတဲ့လစာငွေနဲ့ရုံးတက်၊ရုံးဆင်းခရီးစာရိတ်၊စားသောက်နေထိုင်စာရိတ်တွေ မဖုံလုံကြဘူးလို့လည်း စစ်ကောင်စီဝန်ထမ်းတွေ ဆိုကြပါတယ်။

    အဲဒီစစ်တွေမြို့ကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်လာမှာကိုစိုးရိမ်တာမို့ စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    စစ်တွေမြို့နယ်အနီးရှိ ရသေ့တောင်မြို့ နယ်၊မိုးစဲကျွန်း၊ကုလားတန်မြစ်ကမ်းအ ရှေ့ဘက်ကမ်းရှိ ပေါက်တောမြို့နယ်၊ပုဏ္ဏားကျွန်းမြို့နယ်တောင်ဘက်ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးတွေ ပစ်ခတ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င် မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြော က်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

    အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို့ နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြ စ်နေတာမို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

    (ဓာတ်ပုံ-စစ်တွေမြို့ရှိဝန်ထမ်းတွေကိုဖိ အားပေးခြိမ်းခြောက်နေတဲ့ပြည်နယ်စစ်ကောင်စီလူကြီးတွေ /စစ်ကောင်စီ)

  • မူးယစ်ဆေးသုံးပြီး ရွာသားတွေကို လူသားဒိုင်းပြုလုပ်လာတဲ့ စစ်ကောင်စီ

    မူးယစ်ဆေးသုံးပြီး ရွာသားတွေကို လူသားဒိုင်းပြုလုပ်လာတဲ့ စစ်ကောင်စီ

    PNO က ပင်ငို ၊ နောင်ကျော၊ဖြီကျွတ် တိုက်ပွဲမှာ ၁၃၀ ကျော် သေဆုံး

    ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ နဲ့ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အင်အား ၁၃၀ ကျော်သေဆုံးကြောင်း PNLA က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီက အင်အား ၅၀၀ ခန့်ကို စစ်ကြောင်း လေးကြောင်းခွဲကာ ထိုးစစ်ဆင်လာတာလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

    စစ်ကောင်စီဟာ လေယာဉ်နဲ့ ပစ်ကူပေးပြီး မြေပြင်မှာ ပအို့ဝ်ရွာသားတွေကို လူသားဒိုင်းပြုလုပ်ကာ မနေ့က (ဇန်နဝါရီလ ၁၇) ဆီဆိုင်မြို့နယ်၊ ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ၊ ဖြီကျွတ်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပင်ငိုကျေးရွာနဲ့ နောင်ကျောကျေးရွာ အနီးမှာ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

    အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNO ဘက်က အင်အား ၃၀ ကျော် သေဆုံးကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဖြီကျွတ်ကျေးရွာအနီးက တောင်နှစ်လုံးကြားမှာ PNLA တပ်ဖွဲ့နဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီနဲ့ PNO ဘက်က ၁၀၀ ကျော် ဖြီကျွတ်ရွာတောင်ယာတဲမှာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

    PNLA ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက “စစ်ကောင်စီနဲ့ PNO က ဆီဆိုင်မြို့နယ် ပြန်လည်စိုးမိုးရေးအတွက် ထိုးစစ်ဆင်နေတဲ့အနေအထား ဖြစ်ပါတယ်” လို့ မဲခေါင်ကိုပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၈၀ ရာခိုင်နှုန်းခန့်ဟာ PNO ပအို့ဝ်ပြည်သူ့စစ်တွေဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ PNLA က နောက်ဆက်တွဲ ဖော်ပြထားပါတယ်။

    တိုက်ပွဲတွေတွင်းမှာ စစ်ကောင်စီနဲ့ PNO ဘက်က စိတ်ကြွဆေးအသုံးပြုကာ တိုက်ခိုက်ကြတယ်လို့ PNLA က ယူဆပါတယ်။

    “မြေပြင်ထိုးစစ်မှာ ပအို့ဝ်လူထုကို အလှည့်ကျနဲ့စေခိုင်းတဲ့အတွက် အကျအဆုံးများနေတာလည်း တွေ့နေရပါတယ်၊ အတင်းအကြပ်ခိုင်းစေခံရတဲ့ ပအို့ဝ်ရွာသားတွေကို စိတ်ကြွဆေးကျွေးပြီး တက်ခိုင်းတဲ့ပုံစံ တွေ့နေရတယ်၊ သူတို့ခိုင်းတဲ့အတိုင်း မလုပ်ရင် ပစ်သတ်တာလည်း ကြားနေရပါတယ်” လို့ ဗိုလ်မှူးကြီးခွန်အောင်မန်းက မဲခေါင်ကိုပြောပါတယ်။

    ဒီနေ့(ဇန်နဝါရီ ၁၈) မနက်ပိုင်းမှာလည်း စစ်ကောင်စီက ဆီဆိုင်မြို့နယ်၊ လွယ်ချယ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ကာ ဗုံးသီး လေးလုံး ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    စစ်ကောင်စီဟာ ဆီဆိုင်မြို့အရှေ့ခြမ်းက ပအို့ဝ်ကျေးရွာတွေကို ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေကြရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ဆီဆိုင်မြို့ ရွှေတဂူကျေးရွာအနီးက စစ်ကောင်စီတပ်နဲ့ PNO တပ်စွဲထားရာ အခြေစိုက်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်တွေကို ဆက်တိုက်ပြုလုပ်လာတာပါ။

    ဇန်နဝါရီလ ၁၃ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ PNLA တပ်တွေ ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLA တပ်ဖွဲ့ဝင် ငါးဦးကို PNO က သတ်ပစ်ခဲ့တာနဲ့ ဇန်နဝါရီလ ၁၄ ရက်မှာ ဆီဆိုင်မြို့နယ် နောင်ထောဝ်ရွာဓမ္မာရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

    ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလထဲမှာ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ မြေပြင်နဲ့လေကြောင်း ပူးပေါင်းထိုးစစ်ကြောင့် တော်လှန်ရေးဘက်က ပြန်လည်လက်လွှတ်ပေးခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်ကမ်းနေရာတွေမှာ PNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာ သတင်းတစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

  • စစ်ဘေးကြောက်၍ ငွေဆောင်ခရီးစဥ် လက်မှတ်ဝယ်ထားသူများ လျော့စျေးဖြင့် ပြန်ရောင်း၊  ဝယ်မည့်သူမရှိ

    စစ်ဘေးကြောက်၍ ငွေဆောင်ခရီးစဥ် လက်မှတ်ဝယ်ထားသူများ လျော့စျေးဖြင့် ပြန်ရောင်း၊ ဝယ်မည့်သူမရှိ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငွေဆောင်ကမ်းခြေသို့ ခရီးအလည်အပတ်သွားရောက်ရန်စီစဥ်ထားသူများသည် ၎င်းတို့ ဝယ်ယူထားသည့် ကားလက်မှတ်များနှင့် အခန်းကြိုတင်ဌားရမ်းခငွေပေးချေမှု(ဟိုတယ်ဘိုကင်ကြေး)များကို လျော့စျေးဖြင့် ပြန်လည်ရောင်းချနေကြကြောင်း ရောင်းချနေသူများထံက သိရသည်။

    ငွေဆောင်ကမ်းခြေနှင့် ၉၂ မိုင်ခန့် ( ကားဖြင့်သွားလျှင် လေးနာရီခွဲဝန်းကျင်အကွာအဝေး) အကွာရှိ ရွှေသောင်ယံမြို့၊ မကျီးဇင် ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ ထို့ကြောင့် လုံခြုံရေးစိတ်မချရ၍ ပြန်လည်ရောင်းချနေရခြင်းဖြစ်ကြောင်း ရောင်းချနေသူများကဆိုသည်။

    “တိုက်ပွဲကြောင့် အလုပ်ခရီးက ရက်ရွေ့လိုက်ရတာပေါ့။ မိသားစုကလည်း စိတ်ပူနေတာကြောင့်ပါတယ်။ နေ့တိုင်း သတင်းတွေ နားထောင်ပြီး မသွားဖို့ဘဲ ပြောနေတာ နေ့တိုင်းပဲ”ဟု လက်မှတ်ပြန်လည်ရောင်းချနေသူတစ်ဦးက ပြောသည်။

    ရောင်းချရာတွင် ကျပ်သောင်းကဏန်းဝန်းကျင်မှ ကျပ် ၂၀၀,၀၀၀ ဝန်းကျင်အထိ လျော့ချရောင်းနေသည်ကို မြင်ရပြီး ဝယ်ယူလိုသူများအနေဖြင့် စျေးနှုန်းထပ်မံညှိုနှိုင်းနိုင်ကြောင်း ကမ်းလှမ်းထားကြသည်။ ဟိုတယ်ဘိုကင်တဆင့်ပြန်လည်ဝယ်သူများ အဆင်ပြေစေရန်လည်း ဟိုတယ်များဘက်က အဆင်ပြေသည့်ရက်ကို ရွေးချယ်တည်းခိုနိုင်ရန်စီစဥ်ထားကြောင်း ရောင်းချသူများက ကြော်ငြာနေကြသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ငွေဆောင် ကမ်းခြေတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေခဲ့သော်လည်း တိုက်ပွဲသတင်းများကြောင့် ခရီးသွားလာသူများ သိသိသာသလျော့နည်းသွားသည်ဟုလည်း ငွေဆောင်ဒေသခံက ဆိုသည်။

    “ အရင်ကဆိုရင် ခရီးသွားဧည့်သည်ကားတွေ အများကြီးပဲလာတာ လမ်းတွေပိတ်လုမတက်ဘဲ။ အခုကျ အိမ်စီးကားတွေနည်းသွားတယ်။ ခရီးသွားကားကြီးတွေလောက်ပဲ လာတော့တယ်။ အရင်က ၁၀ စီးလာရင် အခု တစီးလောက်ပဲ လာတော့တာပေါ့။ ခရီးသွားတွေ နည်းကုန်တာက တိုက်ပွဲသတင်းတွေစကြားကတည်းကနေ အခုထိပဲ”ဟု ၎င်းဒေသခံက ပြောသည်။

    ငွေဆောင် ချောင်းသာ လူမှုကွန်ရက်ဂရုများတွင် အွန်လိုင်းပေါ်က သတင်းများကို မယုံရန်နှင့် လက်ရှိတွင်လည်း ကမ်းခြေများမှာ ခရီးသွားများဖြင့် ပုံမှန်စည်ကားနေကြောင်း လှုံဆောင်နေကြသည်ကိုလည်း တွေ့ရသည်။

    “အွန်လိုင်းပေါ်က ဂရုတွေမှာ လိုက်မေးကြည့်တော့လည်း ဒေသခံတွေက အေးဆေးပဲလို့ ပြောတယ်ခင်ဗျ။ လူတွေလည်း လာကြတယ်ပြောတယ်။ ပြီးတော့ တနိုင်ငံလုံးလည်း ဖြစ်နေတာဆိုတော့ မထူးတော့ဘူးလို့ပဲတွေးပြီး သွားလိုက်တော့မယ်။ ပိုက်ဆံလည်း နှမျောတယ်လေ”ဟု ခရီးစဥ် ကားလက်မှတ်နှင့် ဟိုတယ်ဘိုကင် ပြန်လည်ရောင်းချနေသူတဦးက ပြောသည်။

    ထိုသို့ပြန်လည်ရောင်းချနေသူများကို လိုက်လံမေးမြန်းရာ ဝယ်ယူသူမရှိကြောင်း ပြန်လည်ဖြေဆိုကြသည်။

    ငွေဆောင်ဒေသခံများမှာ မကျီးဇင်တိုက်ပွဲစဖြစ်သည့်အချိန်ကစ၍ စစ်ရှောင်ရန် အထုပ်အပိုးများ အဆင်သင့်ပြင်ထားသည့် အနေအထားမျိုးဖြင့် နေထိုင်နေကြသည်ဟုလည်း သိရသည်။

    “မကျီးဇင်ဘက်စဖြစ်တော့ အထုပ်တွေသိမ်းပြီး ပုသိမ်ဘက်ဖြစ်ဖြစ် ရွာတွေဘက်ဖြစ်ဖြစ် စစ်ရှောင်ကြမလို့ပါပဲ။ အခုကတော့ နည်းနည်းအေးဆေးဖြစ်သွားတော့ စစ်ရှောင်တာတော့ မလုပ်သေးဘူး။ အထုပ်တွေကတော့ အဆင်သင့်ပြင်ထားပါတယ်။ စစ်ရှောင်တာ မလုပ်သေးတာက ဒီမှာ တော်တော်များများက ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး နေကြတာလည်း ပါသလို တချို့ကျတော့လည်း ဒီအိမ်ကိုစွန့်ပြီး စစ်ရှောင်တာမျိုး မလုပ်ချင်တာလည်း ပါပါတယ်”ဟု ငွေဆောင်ဒေသခံက ပြောသည်။

    ဇန်နဝါရီလ ၉ ရက်က မကျီးဇင်ကျေးရွာရဲစခန်းကို AA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မကျီးဇင်ကျေးရွာမှ ဘောမိကျေးရွာသို့ စွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းအဖွဲ့တို့ ယမန်နေ့(ဇန်နဝါရီလ ၁၇ ရက်)တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်ရှိ ရွှေသောင်ယံမြို့နယ်အတွင်းက တိုက်ပွဲများသည် ဇန်နဝါရီလ ဒုတိယပတ်အတွင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

  • မန္တလေးမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေးလို့ ခေါ်တဲ့ အပြာယူနီဖောင်းဝတ် အဖွဲ့တွေ ဖွဲ့စည်း

    မန္တလေးမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေးလို့ ခေါ်တဲ့ အပြာယူနီဖောင်းဝတ် အဖွဲ့တွေ ဖွဲ့စည်း

    စစ်မှုထမ်းဟောင်းတွေကို ပြန်ခန့်ပြီး လက်နက်မပေးဘဲ ပြည်သူကို ဖမ်းဆီးစစ်ဆေး ငွေညှစ်ရာမှာ အသုံးချ

    မန္တလေးမြိုပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေး – ရလဖ ခေါ် အပြာရောင် ယူနီဖောင်းဝတ် အဖွဲ့တွေ ဖွဲ့စည်းနေပြီး မြို့ပေါ် ရပ်ကွက်အများစုမှာ အဲ့ဒီအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အဲ့ဒီ ရပ်ရွာလုံခြုံရေး – ရလဖ ခေါ် အပြာရောင် ယူနီဖောင်းဝတ် အဖွဲ့တွေမှာ စစ်မှုထမ်းဟောင်းတွေကို ပြန်လည် ခန့်ထား အသုံးပြုတာ တွေ့ရသလို မီးသတ်ဟောင်း၊ စည်ပင်ဝန်ထမ်းဟာင်းတွေလည်း ပါဝင်ပြီး လက်ရှိမှာတော့ လက်နက်ထုတ်မပေးသေးဘဲ စစ်အုပ်စု လက်အောက်ခံ ရဲ၊ ပျူစောထီးတွေနဲ့အတူ လမ်းမပေါ် ပြည်သူကို ဖမ်းဆီး စစ်ဆေး ငွေညှစ်ရာ၊ ဧည့်စာရင်း စစ်တဲ့နေရာတွေမှာ အသုံးချနေတယ်လို့ ဆိုပါတယ်။

    “ပ.လ.ဖ (ပြည်သူ့လုံခြုံရေး) ဆိုလား ဘာလားတော့ မသိဘူး ဖွဲ့ထားတယ်။ အပြာယူနီဖောင်း အဝတ်နဲ့၊ ဒီရက်ပိုင်း အစစ်အဆေးတွေမှာ သုံးလာတယ်။ ဖုန်းတွေပါ စစ်တယ်” လို မြိုခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    ယခု ဇန်နဝါရီလ ဒုတိယပတ်ကစလို့ မန္တလေးမြို့ပေါ် နေရာအနှံ့ လမ်းသွားလမ်းလာ ပြည်သူကို တားဆီး စစ်ဆေး မိုက်ကြေးခွဲရာ၊ ဧည့်စာရင်းစစ် ငွေညှစ်ရာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းရာ နေရာတွေမှာ စစ်အုပ်စု၊ ပျူ၊ မီးသတ်တွေနဲ့အတူ အဲ့ဒီ ရလဖ ခေါ် အပြာယူနီဖောင်းဝတ်တွေ ပါဝင်လာတယ်လို့ ဆိုပါတယ်။

    “စမထ(စစ်မှုထမ်း) အငြိမ်းစားတွေနဲ့ ဖွဲထားတာပါ။ ပြည်သူ့ လခရ (ပြည်သူ့လုံခြုံရေး) အမည်တပ်ထားပါတယ်။ လန (လက်နက်) တပ်ဆင်ပေးတာတော့ မမြင်ဘူး” လို မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ တစ်ခုဖြစ်တဲ့ MDY Revolution က ပြောပါတယ်။
    အဲ့ဒီ အပြာယူနီဖောင်းဝတ် အဖွဲ့ထဲမှာ စစ်မှုထမ်းဟောင်းတွေ သာမက မီးသတ်၊ စည်ပင် စတဲ့ အဖွဲ့ပေါင်းစုံက လူဟောင်းတွေ ပြန်လည် ပါဝင်တယ်လို မန္တလေး မြေပြင်ကင်းထောက်အဖွဲ့တစ်ခုဖြစ်တဲ့ Voice of Mandalay – Vomdy ကလည်း ပြောပါတယ်။

    အဲ့ဒီ အပြာယူနီဖောင်းဝတ် ရပ်ရွာလုံခြုံရေးအဖွဲ့ကို ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့အဖြစ် စစ်အုပ်စုက ခေါ်ဝေါ်သုံးစွဲပြီး ပျူစောထီးလိုမျိုး အဖွဲ့ဖြစ်တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

    မန္တလေးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်မှာ အဲ့ဒီ ရပ်ရွာလုံခြုံရေးအဖွဲ့ အမည်ခံ အရံ စစ်သား စုဆာင်းတဲ့ အဖွဲ့တွေ ဖွဲ့စည်းမှာ ဖြစ်ကြောင်း စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလ ကတည်းက ရပ်ကွက်နဲ့ကျေးရွာတွေမှာ အစည်းအဝေးခေါ်ပြီး အသိပေး ပြောဆိုတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    အဲ့ဒီ အဖွဲ့ထဲ ဝင်ရောက်သူတွေဟာ ပေါ်တာဆွဲခံရတာ၊ ဖမ်းဆီးငွေညှစ် ခံရတာတွေက ကင်းလွတ်ခွင့်ရမှာ ဖြစ်သလို လစဉ်ထောက်ပံ့ကြေးငွေ ရရှိမှာ ဖြစ်ပြီး အဖွဲ့ထဲ မဝင်သူတွေကတော့ လစဉ်ခွဲတမ်းကျ ငွေကြေး ပေးဆောင်ရမှာ ဖြစ်တယ်လို့ စစ်အုပ်စုက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လိုက်လံ စည်းရုံးတာ၊ နာမည်စာရင်း ကောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

    “တစ်ရပ်ကွက်ကို အမျိုးသား ရှစ်ယောက် ပါရမယ်။ ထောက်ပံ့ကြေး ပေးမယ်။ လက်နက် တပ်ဆင်ပေးမယ်။ ဘာမှ မလုပ်ရဘူး။ ကိုယ့်ရပ်ကွက်ကိုပဲ ကင်းစောင့်ရမှာလို့ ပြောတယ်” လို့ ပြီးခဲ့တဲ့ စက်တင်ဘာလက မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက် ကျေးရွာအုပ်စုမှာ ရပ်ရွာ လုံခြုံရေးအဖွဲ့ ဖွဲ့ဖို့ စစ်အုပ်စုနဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးက စည်းရုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက အသက် ၃၅ နှစ်အောက် လူငယ်လူရွယ်တွေကို တစ်မြို့နယ်ကို လူ ၁၅၀ ကနေ ၂၀၀ နှုန်း ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေသလို နောက်ထပ် ပျူစောထီးအဖွဲ့နဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ဖွဲ့ကာ လူစုနေတာ ဖြစ်ပါတယ်။

    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အသစ်ဖွဲ့လိုက်တဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ အမည်ခံ အပြာရောင် ယူနီဖောင်းဝတ်အဖွဲ့နဲ့ လမ်းသွားလမ်းလာတွေကို မိုက်ကြေးခွဲနေတဲ့ ရလဖ တွေ/Photo – CJ