Author: Baby Yit Lone

  • စစ်အုပ်စု သက်ဆိုးရှည်ဖို့ ပြည်သူ့စစ်မှုထမ်းတွေ အသက်ကို စတေးနေ

    စစ်အုပ်စု သက်ဆိုးရှည်ဖို့ ပြည်သူ့စစ်မှုထမ်းတွေ အသက်ကို စတေးနေ

    အာရက္ခတပ်တော် (AA) က သူတို့ထံ အလင်းဝင်ရောက်လာသည့် စစ်သားများနှင့် အင်တာဗျူး ပြုလုပ်ထားသည့် ရုပ်သံများကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းကစပြီး AA Info Desk Facebook စာမျက်နှာမှတဆင့် ထုတ်ပြန်လာခဲ့သည်။

    ထိုသို့ထုတ်ပြန်လာသည့် ရုပ်သံများအနက် နောက်ဆုံး ရုပ်သံနှစ်ခုကို နားထောင်ပြီးသည့်နောက် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မလူသစ်စုဆောင်းခံခဲ့ရသူများအကြောင်းကို ပို၍စိတ်ဝင်စားခဲ့ရပါသည်။

    အထက်ဖော်ပြပါ ရုပ်သံ နှစ်ခုတွင်ပါသည့် စစ်သည် နှစ်ဦးအနက် ပထမတဦးမှာ မကွေးတိုင်းအတွင်းရှိ ပဒါန်းနယ်၊ နတ်ရေကန်စခန်းဘက်တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကျန်တဦးမှာ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူဘက်တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

    နတ်ရေကန်ဘက်က အလင်းဝင်လာခဲ့သည့် စစ်သည်မှာ တပ်မ (၉၉) လက်အောက်ခံ ခမရ (၁၅) က ကိုယ်ပိုင်အမှတ် ပစ/၁၄၇၅၅၁ တပ်သား နေသူရမျိုးဖြစ်ပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဇာတိ ဗမာလူမျိုးဖြစ်သည်။

    ကျောက်ဖြူဘက်က အလင်းဝင်လာခဲ့သည့် စစ်သည်မှာ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆) တပ်ရင်းက ကိုယ်ပိုင်အမှတ် ပစ/၁၅၂၀၅၅ တပ်သား မောင်မောင်ဝင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ဇာတိ ရခိုင်လူမျိုးဖြစ်သည်။ တပ်သား နေသူရမျိုးနှင့် တပ်သား မောင်မောင်ဝင်းတို့ နှစ်ဦးလုံးမှာ ဇာတိနယ်များမှ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။

    တူညီနေသည့်အချက်မှာ စစ်သည်နှစ်ဦးစလုံးသည် စစ်တပ်က အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ကြရသူများ ဖြစ်နေခြင်းပင် ဖြစ်သည်။

    ထို့အတူ အခြား တူညီနေသည့်အချက်မှာ စစ်သည်နှစ်ဦးစလုံးသည် စစ်တပ်က အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ကြရသူများ ဖြစ်နေခြင်းပင် ဖြစ်သည်။ တပ်သား နေသူရမျိုးမှာ ဇာတိမှ ရန်ကုန်သို့ ရွှေ့ပြောင်း၍ စက်ရုံအလုပ်ကို အလုပ်လုပ်ကိုင်နေစဉ် သူငယ်ချင်းဖြစ်သူက ဘီယာသောက်မည်ဟု လိမ်ညာ၍ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် ကားပေါ်တွင် အသင့်ပါလာသည့် စစ်သားအချို့က သေနတ်နှင့်ထောက်ကာ စစ်တပ်ထဲကိုဝင်ရန် အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရသည်။

    အလားတူ တပ်သား မောင်မောင်ဝင်းသည်လည်း စက်မှုဇုန်တွင် အလုပ်လုပ်ရာမှအပြန် သူငယ်ချင်းအိမ် ဝင်လည်သဖြင့် အိမ်အပြန် နောက်ကျချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်သူခိုးဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။

    ထောင်ကျခံမလား၊ စစ်တပ်ထဲဝင်မလား မေးမြန်းခဲ့ပြီး စစ်တပ်ထဲဝင်မည့် အဖြေမရမချင်း ထုရိုက်ခဲ့ ကြောင်းသိရသည်။ နှိပ်စက်မှုကို မခံနိုင်တော့သဖြင့် ဝင်ရောက်ပါမည်ဟု အဖြေပေးခဲ့ရပြီး အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရသည်။ ထို့ကြောင့် AA ထံ အလင်းဝင်ခဲ့သည့် စစ်သည် နှစ်ဦစလုံး အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခြင်းခံခဲ့ရကြောင်း ဆိုလိုခြင်းဖြစ်သည်။

    ထိုသို့ အတင်းအဓမ္မ လူသစ်စုဆောင်းခံရပြီးနောက် တပ်သား နေသူရမျိုးသည် အုတ်တွင်းရှိ အမှတ် (၅) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက ၅) တွင်လည်းကောင်း၊ တပ်သား မောင်မောင်ဝင်းသည် ဂျိုးဖြူရှိ တတက ၁ တွင်လည်းကောင်း နှစ်လခွဲခန့် စစ်သင်တန်း တက်ရောက်ခဲ့ကြရသည်ကို တွေ့ရသည်။

    ထို့ကြောင့် တပ်သားသစ်များအတွက် စစ်အခြေခံသင်တန်းများကို သက်ဆိုင်ရာ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများတွင် သင်တန်းမဖွင့်ဘဲ တန်းမြင့်ကျောင်းများတွင် ကာလတို လက်ပူတိုက် ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရသည်။ (တပ်သားသစ်သင်တန်း ဆင်းပြီးကြချိန်တွင် ရက်တိုသာ တက်ရောက်ခဲ့ကြသဖြင့် ရက်သတ္တပတ် တပတ်၊ နှစ်ပတ်ခန့် မွမ်းမံသင်တန်းများ ထပ်မံ တက်ရောက်စေခဲ့ကြောင်း တွေ့ရသည်။)

    ထိုစစ်သည်နှစ်ဦး၏ ရုပ်သံအရ စစ်အခြေခံသင်တန်း တက်ရောက်ရသည့်အခါတွင်လည်း သူတို့ကဲ့သို့ပင် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ၊ တပ်သားသစ်အဖြစ် ရောင်းစားခံရသူ အများအပြားကို တွေ့ခဲ့ရကြောင်း သိရသည်။

    ထို့သို့ အတင်းအဓမ္မ လူသစ်စုဆောင်းခံထားရသည့် သင်တန်းသားများသည် သင်တန်းကျောင်းမှ ထွက်ပြေးရန် ကြိုးစားမှုများရှိခဲ့ပြီး တပ်သား နေသူရမျိုးပင် အုပ်စုဖွဲ့၍ ထွက်ပြေးခဲ့ကြောင်း တွေ့ရသည်။ ထွက်ပြေးသူအများစုမှာ စစ်တပ်၏ ပြန်လည် ဖမ်းဆီးမှုကိုခံခဲ့ရသည်ကို ကြောက်ပြီး နောက်တကြိမ် ထွက်မပြေးနိုင်အောင် တာဝန်ရှိသူ အဆင့်ဆင့်၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ကြရကြောင်းလည်း တွေ့ရသည်။

    စစ်သင်တန်း ပြီးဆုံးသွားပြီး နောက်ပိုင်းတွင်လည်း ထွက်မပြေးစေရန်အတွက် မည့်သည့်နေရာ သွားရမည်ကို ကြိုတင် အသိမပေးခဲ့ကြောင်း တွေ့ရသည်။ တပ်သား မောင်မောင်ဝင်း၏ အပြောအရလည်း ပြည်သူ့စစ် (ပစ) များ ထွက်ပြေးမည်ကို စိုးရိမ်၍ ရန်ကုန်သင်္ဘောဆိပ် ရောက်သည်အထိ ဘယ်သွားရမည်မသိဘဲ သင်္ဘောပေါ်ရောက်မှ ကျောက်ဖြူကို သွားရမည်ဟုပြောကြောင်း သိရပါသည်။

    ထိုသို့ဖြင့် ရှေ့တန်းစစ်ဆင်ရေးနေရာများသို့ ရောက်ရှိသွားကြသည့်အခါတွင်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စုဆောင်းခံရသည့် တပ်သားသစ်သင်တန်းဆင်း ကိုယ်ပိုင်အမှတ် ‘ပစ’ နှင့် စသည့် စစ်သည်များကို ရှေ့မှထားပြီး စစ်တိုက်ခိုင်းခြင်းခံရကြောင်း သိရသည်။

    ထို့ကြောင့်လည်း တိုက်ပွဲပြင်းထန်သည့် နတ်ရေကန်ဘက်ကို စစ်တပ်ဘက်က အင်အားရာချီပြီး အကြိမ်ကြိမ် အင်အားဖြည့်တင်းရာတွင် ပြည်သူ့စစ်မှုထမ်း (ပစ) များ အများစု ပါဝင်နေခြင်းဖြစ်သည်။

    ထိုသို့ ရှေ့က အသေခံတိုက်ပေးနေရသော်လည်း ပစ စစ်သားများသည် ထမင်းအပျော့များ၊ ဟင်းအသိုးများကိုသာ စားနေရကြောင်း ရုပ်သံအင်တာဗျူးတွင် တွေ့ရသည်။ ထိုဒဏ်များကို မခံနိုင်၍ ထွက်ပြေးသည့် ပစ စစ်သည်များကို ဖမ်းဆီး ကြိုးတုပ် ရိုက်နှက်ကာ AA ဘက်က လက်နက်ကြီးပစ်သည့်အခါ ကျရောက်ပေါက်ကွဲတတ်သည့် နေရာများတွင် ပစ်ထားကြောင်း၊ အရာရှိများက ညဘက် အရက်သောက်ပြီး မူးလာသည့်အခါ ထိုးကြိတ်ရိုက်နှက်ကြောင်း သိရသည်။

    တရက်၊ နှစ်ရက်ခန့်ထားပြီးချိန်တွင်ပြန်ပြီး စစ်တိုက်ခိုင်းကြောင်း သိရသည်။ ထို့ကြောင့် မိမိကိုယ်ကိုမိမိ လုပ်ကြံပြီး ဒဏ်ရာရအောင် လုပ်ဆောင်ကြသည့် ဖြစ်စဉ်များပင်ရှိကြောင်း သိရပြန်သည်။ ထိုသို့ လုပ်ကြံ၍ ဒဏ်ရာရကြသူများကိုလည်း ခြောက်ပေါက် ခြေချုပ် (ထိပ်တုံး) အတွင်းထည့်၍ ဆေးကုမပေးဘဲထားကြောင်း သိရသည်။

    ထိုအချက်များက စစ်တပ်သည် ခံယူချက်ဖြင့်စစ်တိုက်နေခြင်း မဟုတ်ဘဲ အာဏာရှင်အတွက် အဆင့်ဆင်သော ကွပ်ကဲရသူများက လက်အောက်ကို အကြောက်တရားသွင်း၍ စစ်တိုက်ခိုင်းနေကြောင်း သက်သေပြလျက်ရှိသည်။

    ထို့သို့ အကြောက်တရားသွင်း တိုက်ခိုက်ခိုင်းရာတွင် စံနမူနာပြအနေဖြင့် အချင်းချင်း ပစ်ခတ် သတ်ဖြတ်ပြသည့် အထိပင် လုပ်ဆောင်နေကြောင်း တွေ့ရပြန်သည်။

    နတ်ရေကန် စစ်မျက်နှာကို ကွပ်ကဲရသည့် တပ်မ (၉၉) တပ်မမှူးသည် သူ အခြေပြုသည့်စခန်း နေရာမှ လက်အောက်ခံ စစ်ကြောင်းများကို ရှေ့သို့ ဆက်တိုးခိုင်းသည်။ ထိုစစ်ကြောင်းများသည် AA နှင့် ထိတွေ့ တိုက်ခိုက်မှုဖြစ်ပွားပြီး မနိုင်၍ ပြန်ဆုတ်ခွာလာကြသည့်အခါ နောက်ပြန်ဆုတ်လာသည့် စစ်သားများကို တပ်မမှူးဦးစီးအဖွဲ့က စောင့်ကြို၍ သေနတ်ဖြင့် ပစ်ခတ်ကြောင်း သိရသည်။

    “နောက်ဆုတ်ရဲရင် ဆုတ်ကြည့် သေသွားမယ်” ဆိုသည့် ဖိအားကို တပ်မမှူး ကိုယ်တိုင်ကပင် လက်အောက်သို့ အနီးကပ် ပေးနေခြင်းဖြစ်သည်။ “သေမယ့်အတူတူ မထူးပါဘူး” ဆိုသည့်စိတ်ဖြင့် ရှေ့ကို အတင်းတက်အောင် လုပ်နေခြင်းဟုလည်း ဆိုနိုင်သည်။

    အလားတူ ကျောက်ဖြူ စစ်မျက်နှာတွင်လည်း ထိတွေ့တိုက်ပွဲဖြစ်သည့်နေရာများတွင် ပစများကို ရှေ့ကနေ တက်ခိုင်းကြောင်း၊ မတက်လျှင် နောက်ကနေ ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး စစ်တိုက်ခိုင်းကြောင်း သိရသည်။

    ခိုင်းသည့်အတိုင်း ရှေ့ကိုတက်၍ သေဆုံးသွားကြသည့်အခါတွင်လည်း တတောင်ခန့်ရှိသည့် ကျင်းတူး၍ ဖြစ်သလို မြေမြှုပ်ပြီးထားခဲ့ကြောင်း သိရပြန်သေးသည်။ နဂိုရှိရင်းစွဲ အခြားအဆင့် စစ်သည်များအပေါ် တန်ဖိုးမထားသည့် စစ်တပ်သည် ပစများ အပေါ် ပို၍ ပစ္စလက်ခတ် ဆက်ဆံနေသည်ကို တွေ့ရသည်။

    ထိုဖိအားနှင့်အတူ ပစများသည် ဘာပဲဖြစ်ဖြစ် သူတို့ကြောင့်ဆိုသည့် စွပ်စွဲပြစ်တင်မှုကိုပါ ခါးစည်း၍ ခံနေရသေးသည်။ ပစ မဟုတ်သည့် စီနီယာစစ်သားများ ထိခိုက်သေဆုံး၊ ဒဏ်ရာရသည့်အခါတွင် ပစများကြောင့် ဖြစ်ရသည်ဟုဆိုကာ အထက်အရာရှိများက ဆဲဆိုရိုက်နှက်သည်ဟု သိရသေးသည်။

    ထိုမျှမက ရုပ်သံကို ကြည့်ရှုနားထောင်ရင်း ပစများ စစ်တပ်အတွင်း ဝင်ရောက်လာကြသည့် ယခုကာလတွင် မူးယစ်ဆေးဝါးကို တရားဝင်ခွင့်ပြုထားသလားဟု စဉ်းစားစရာဖြစ်ရသည်။ ယခင်က တပ်တွင်း၌ မူးယစ်ဆေးဝါးသုံးစွဲမှုကို အကြီးအကျယ် တားမြစ်ကန့်သတ်ထားပြီး ပတ်သက်လျှင်လည်း ကြီးလေးသည့် ပြစ်ဒဏ်ပေးခဲ့ကြ သည်။

    ယခုမူ စစ်တပ်သည် မူးယစ်ဆေးဝါးကို မသိမသာ ခွင့်ပြုပေးနေသလား ထင်ရ၏။ အကြောင်းမှာ ရှေ့တန်း စစ်ဆင်ရေးနေရာတွင် စိတ်ကြွဆေးပြား တလုံးလျှင် ၅,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူရနေ၍ဖြစ်သည်။ ထို့ပြင် အရက်မျိုးစုံကိုပါ မှောင်ခိုဈေးဖွင့်ပြီး ဝယ်ယူ ရောင်းချခွင့် ပေးထားသည်ကိုလည်း ရုပ်သံတွင် ကြားသိရသည်။

    ထိုရုပ်သံများတွင် ထုံးစံအတိုင်း တွေ့ရသည်မှာ ဗေဒင် ယတြာကို ယုံကြည်ကြသည့် စစ်ဗိုလ်ချုပ်ကြီးများ၏ အစီအရင်များဖြစ်သည်။ စစ်တပ်က အသုံးပြု တိုက်ခိုက်မည့် လက်ပစ်ဗုံးများ၊ လက်နက်ကြီး ဗုံးသီးများတွင် ဘုရားစာများ ကပ်ခိုင်းလေ့ရှိကြောင်း ကြားသိရသည်။

    သို့သော် သေဆုံးစစ်သားများကို AA က အောက်လမ်းနည်းဖြင့် အသားစိမ်း၊ ငါးစိမ်းကျွေးကာ စစ်ပြန်တိုက်ခိုင်းကြောင်း လက်အောက်ကို ဆန့်ကျင်ဘက် ဝါဒဖြန့်ထားသည်။

    “ဒီကောင်တွေက လူမဟုတ်ဘူး၊ ရက်ရက်စက်စက်လုပ်” ဆိုသည့် အသိဝင်သွားစေရန် ပြောဆိုခြင်း ဖြစ်နိုင်သည်။ ထို့အပြင် သေနတ်ပြောင်းများ၊ လက်နက်ကြီးပြောင်းများတွင် ထဘီစများချည်၍ ပစ်ခတ်ခိုင်းကြောင်းလည်း သိရပြန်တော့ အတော်အံ့ဩမိပါသည်။

    ခေတ်မီစစ်လက်နက်နည်းပညာနှင့် စစ်နည်းဗျုဟာများကို မလိုက်စားဘဲ ခေတ်နောက်ပြန်ဆွဲ အစီအရင်များ လုပ်နေသဖြင့် အံ့ဩရခြင်းဖြစ်သည်။

    အထက်ပါ ရုပ်သံဖိုင်များကို လေ့လာပြီးနောက် စစ်သားဟောင်းတယောက်အနေဖြင့် စစ်မှုထမ်း ဝင်ရောက်မှုနှင့် ပတ်သက်၍ တွေးမိသည်။

    ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဝင်ရောက်သည့် ပစများ၏ရှေ့တွင် ငါးနှစ်စာချုပ်ဖြင့် ဝင်ရောက်လာခဲ့ကြသည့် ကိုယ်ပိုင်အမှတ် (တတ) ဖြင့်စသည့် စစ်သည်များရှိသည်။ သူ့တို့ရှေ့တွင် ကိုယ်ပိုင်အမှတ် (တ) ဖြင့် စသည့် စစ်သည်များ ရှိပြန်သည်။ ထို့ထက် စောသည်မှာ ကပများ ဖြစ်ကြသည်။

    ယခု တကကနှင့်အထက် ရာထူးအများဆုံး ရနေကြသူများ ဖြစ်ကြ၏။ နုတ်ထွက်ခွင့် ကန့်သတ်ချက်ကြောင့် အခြားအဆင့်များသည် သာမန် နုတ်ထွက်ခွင့်ရရန် မလွယ်ကူပေ။ ငါးနှစ်စာချုပ်ဖြင့် ဝင်လာပါသည်ဆိုသည့် ကိုယ်ပိုင်အမှတ် (တတ) ဖြင့်စသည့် စစ်သည်များပင် သတ်မှတ်ကာလပြည့်ပါက ထွက်ရန် မလွယ်သေးပေ။

    ထိုအခြေအနေတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ နှစ်နှစ် အလှည့်ကျ ဝင်ရောက်ကြသည့် ပစများ တပ်အသီးသီးသို့ ရောက်လာသည့်အခါ ထွက်ခွင့်ရဖို့ မလွယ်သည့် ရှေ့က စီနီယာ စစ်သည်များအတွက် မနာလိုစရာလို ဖြစ်လာစေခဲ့သည်။

    ထို့ကြောင့် ပစများကို နှစ်နှစ်ပြည့်လျှင် ထွက်ခွင့်ရမည့်သူများဟု သတ်မှတ်ပြီး စတေးခံခိုင်းနေသည့် သဘောဟု ယခုရုပ်သံများကို ကြည့်ရှုပြီးနောက် ခံစားမိပါသည်။

    အချုပ်ဆိုရသော် အလှည့်ကျစစ်မှုထမ်းရသည့် ပစများ လက်ထက်တွင် စစ်တိုက်ရင်း ပြန်လှည့်လာသူများကို အချင်းချင်း ပြန်လည် ပစ်ခတ်သတ်ဖြတ်မှုများ၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားမှုကို ရှေ့တန်းစစ်ဆင်ရေးတွင် ခွင့်ပြုပေးထားမှုများ၊ တရားသောစစ်ဟု ကြွေးကြော်ထားသော်လည်း ခေတ်နောက်ပြန်ဆွဲပြီး ယတြာနှင့် အောက်လမ်းနည်းများ မတရားသုံးကာ စစ်တိုက်နေသည့် စစ်တပ်အကြောင်းများကို ကြားသိခဲ့ရသည်။

    ပို၍စိတ် မကောင်းဖြစ်မိသည်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ပစအများစုမှာ အတင်းအဓမ္မ လူသစ်စုဆောင်းခံထားကြရသည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား ရန်ကုန်အထိုင်တပ်တွင်သာ နေရပြီး ရှေ့တန်းမသွားရသည့် တပ်သား ထက်ရဲနောင်မှအပ ပြည်သူ့စစ်မှုထမ်းဆင်း ပစများမှာ တပ်တွင်း၌ အနှိမ်ခံအဖြစ် နေထိုင်နေကြရသည်။

    ထို့ပြင် ရှေ့တန်းစစ်မျက်နှာများတွင်လည်း စတေးခံများအဖြစ် ထိုးကျွေးခံရန်အတွက် ရှေ့ကနေ စစ်တိုက်နေရသည်ကို စိတ်မကောင်းဖွယ် ကြားသိခဲ့ရပါတော့သည်။

    ✍စွယ်တော်

  • မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါ်နှင့်အနီးဝန်းကျင်သို့  ဗုံးကြဲချ

    မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါ်နှင့်အနီးဝန်းကျင်သို့ ဗုံးကြဲချ

    စစ်ကော်မရှင်က မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းပေါ်နှင့်အနီးဝန်းကျင်သို့ ဗုံးကြဲချ၍ ကိုယ်ဝန်သည်နှင့် ကလေးငယ်များ အပါအဝင် ၂၁ ဦးသေဆုံး

    မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲချမှုကြောင့် ကိုယ်ဝန်သည်နှင့် ကလေးငယ်အပါအဝင် ပြည်သူ ၂၁ ဦးထိသေဆုံးခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က မိုးကုတ်အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင် ခြည်ဘုန်းကြီးကျောင်းဝန်းကျင်ကို ပေါင် ၂၅၀ ဗုံးများဖြင့် ဗုံးကြဲချခဲ့ရာ အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပါ ထိခိုက်ခဲ့ကြောင်း သိရသည်။

    “မနေ့ည ၈ နာရီခွဲလောက်မှာ စစ်တပ်က မိုးကုတ်မြို့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းမှာတစ်လုံး အဲဒီအနီးက နေအိမ် သုံးအိမ်အလယ်တည့်တည့်ကိုတစ်လုံး ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့လာကြဲတယ်။ နေအိမ် သုံး အိမ် မွစာကြဲသွားတယ်။ သုံးအိမ်ကလုံးက မိသားစုတွေအကုန်သေကြတယ်။ လေးယောက်က အသားတစ်စစီဖြစ်သွားလို့ ကျားလား မ,လားဆိုတာတောင်ခွဲမရဘူး။ ကိုရင်လေးတွေလည်း ပါတယ်”ဟု မိုးကုတ်ဒေသခံက ပြောသည်။

    စစ်ကော်မရှင်၏ ဗုံးကြဲချမှုကြောင့် ရွှေကူရပ်ကွက်ရှိ ပြည်သူ ရှစ် ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ခုနစ် ဦးရှိကြောင်းနှင့် နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

    “ညအချိန်ထိ အလောင်း ၉ လောင်းဖော်ထုတ်နိုင်ခဲ့ပြီး နေအိမ်ပြိုကျပိနေတဲ့အတွက် အလောင်းတွေ ဆက်ထုတ်ဖို့ခက်လို့ ဒီမနက်သွားဖော်ထုတ်ကြတဲ့အချိန် နောက်ထပ် ပေါက်ပြဲကြေမွနေတဲ့အလောင်း ၇ လောင်းထပ်တွေ့ရတယ်။ မနက် ၁၁ ခွဲအထိ ဒေသခံလူသေအလောင်း ၂၁ လောင်းရှိပါတယ်”ဟု မြေပြင်ရှိ သတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်သည် ဩဂုတ် ၁၄ ရက်နေ့ ညပိုင်းအချိန်တွင်ပင် နမ့်ခမ်းမြို့နယ်အနီးရှိ မန့်ဝိန်းကြီး၊ ကောင်းခန်နှင့် ဟိုတုံရွာတို့ကိုလည်း လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဩဂုတ် ၉ ရက်နေ့ကလည်း မိုးကုတ်အရှေ့ပိုင်းကို စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့သည်။

    ဓာတ်ပုံ-ပေးပို့

  • မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ

    မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ

    ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုပြီးနောက် မန္တလေးမှာ VPN ရှာ ငွေညှစ်မှု တကျော့ပြန် လုပ်လာ

    (more…)

  • စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို

    စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို

    လှိုင်သာယာ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စစ်တပ်၏ ရွေးကောက်ပွဲ ဆောင်ရွက်ပေးနေသူများကို ချေမှုန်းသုတ်သင်မည်ဟုဆို

    ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်ကွန်ရက်မှ တော်လှန်ရေးရဲဘော် ၁ ဦးက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအတွက် အစည်း အဝေး ပြုလုပ်နေကြသော အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကို လုံခြုံရေးယူထားသည့် စစ်တပ်နှင့်ရဲများကို ပြင်းအားမြှင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ” စခ ၁ ကောင်နဲ့ ပျူ ၂ ကောင်တော့ ဒဏ်ရာရတယ်လို့ သိရတယ်။ ဆေးရုံကားနဲ့ လာခေါ်သွားတယ်” ဟု ရန်ကုန်မြို့ပြ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

    မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးအတွက် ပြည်သူကို ဖိနှိပ်ညှဉ်းဆဲပြီး အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်နေသူတိုင်းသည် မြို့ပြ UG များ၏ ရန်သူများဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်၏ ရွေးကောက်ပွဲ အောင်မြင်ရေး ဆောင်ရွက်ပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များကို အမြန်ဆုံးရပ်တန့်ကြရန်၊ ထိုသို့မဟုတ်ပါက ချေမှုန်းသုတ်သင်ခံရမည်ဖြစ်ကြောင်း မြို့ပြကြွက်ကွန်ရက်က သတိပေးထားသည်။

  • မြောက်ဒဂုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ဆိုင်လုံခြုံရေးဝန်ထမ်းက ပြန်ခုခံပြီး ဓားပြ ၁ ဦးဖမ်းမိ

    မြောက်ဒဂုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ဆိုင်လုံခြုံရေးဝန်ထမ်းက ပြန်ခုခံပြီး ဓားပြ ၁ ဦးဖမ်းမိ

    ရန်ကုန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေစင်ရတနာရွှေဆိုင် ဩဂုတ် ၁၄ ရက် နေ့လယ် ၁ နာရီကျော်က ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်းတယောက်က ပြန်လည်ခုခံတာကြောင့် ဓားပြတယောက်ကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

    မနေ့ နေ့လယ်က ရွှေစင်ရတနာရွှေဆိုင်ကို ဆိုင်ကယ်တစီးနဲ့ အမျိုးသား ၂ ယောက် ရောက်လာပြီး ဆိုင်အတွင်းဝင်ကာ ဝန်ထမ်းတွေကို ဓား၊ သေနတ်တွေနဲ့ ခြိမ်းခြောက် ဓားပြတိုက်ခဲ့တာမှာ လုံခြုံရေးဝန်ထမ်းက ပြန်လည်ခုခံခဲ့တာပါ။

    ဒေသခံတယောက်က “ဓားပြလာတိုက်တဲ့ ၂ ယောက်ကို လုံခြုံရေးဝန်ထမ်း ကောင်လေးက ထီးနဲ့ ဝင်ရိုက်ပြီး လုံးထွေးသတ်ပုတ်နေတဲ့အချိန် သေနတ်ပါတဲ့ကောင်က ထွက်ပြေးသွားတာ။ ဆိုင်ကရွှေတွေတော့ ပါမသွားဘူး။ လုံခြုံရေးဝန်ထမ်းကောင်လေးတော့ ဓားထိသွားတယ်။ အရမ်းတော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

    လတ်တလောမှာ ဖမ်းဆီးရမိတဲ့ အမျိုးသားကို မြောက်ဒဂုံမြို့မရဲစခန်းက စစ်ဆေးနေပါတယ်။

    မတ် ၂၄ ရက် မနက်ကလည်း ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်ကို ဓားပြတိုက်ခဲ့ပြီး ဓားပြ ၄ ယောက်ကိုတော့ အခုအချိန်အထိ ဖမ်းမမိသေးပါဘူး။

    ဇန်နဝါရီ ၈ ရက်ကလည်း ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ လမ်း ၃၀ အလယ်ဘလောက် ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေချစ်သူ ရွှေဆိုင်ကို အမျိုးသား ၃ ယောက်က ဓားပြတိုက်ခဲ့ပြီး ရွှေထည်ပစ္စည်း သိန်း ၁၀,၀၀၀ ကျော်ဖိုး ပါသွားခဲ့ပါတယ်။

    စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့က ရွှေဆိုင်တွေ ဓားပြတိုက်ခံရတာ အခုချိန်ထိ ၁၇ ဆိုင် ရှိလာပြီ ဖြစ်ပါတယ်။