Author: Baby Yit Lone

  • လေတပ်ဗိုလ်မှူးဟောင်း ညီညီ ကို အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် စစ်တပ်က ဖမ်းဆီး

    လေတပ်ဗိုလ်မှူးဟောင်း ညီညီ ကို အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် စစ်တပ်က ဖမ်းဆီး

    တောင်ကြီး ကြက်ခြေနီ ဥက္ကဋ္ဌ လေတပ်ဗိုလ်မှူးဟောင်း ညီညီ ကို အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ် ညီညီကို စစ်တပ်က WFP မှ ပေးအပ်သည့် အကူအညီများ အလွဲသုံးစားမှု၊ အာဏာအလွဲသုံးစားမှုများဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦး က ပြောကြားသည်။

    ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက်၊ ရှမ်း/တောင် ကြက် ခြေနီ အသင်း ဥက္ကဌ အဖြစ် ရောက်ရှိတာသော လေတပ် ဗိုလ်မှူးပြုတ် ညီညီ သည် နိုင်ငံတကာက ပေးအပ်ထားသည့် အကူအညီများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် – WFP မှ ပေးအပ်ထားသည့် အကူ အညီများ၊ ပြည်တွင်းပြည်ပ အလှူရှင်များက လှူဒါန်းထား သည့် ငွေကြေး၊ ပစ္စည်းများနှင့် ကြက်ခြေ နီ အသင်းပိုင်ပစ္စည်းများကို အလွဲသုံးစားမှုများဖြင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

    “ကြက်ခြေနီ ဥက္ကဌ ညီညီကို စရဖကခေါ်စစ်တော့ စစ်တပ်က လှူဒါန်းထားတဲ့ ဆန်တွေပါ အလွဲသုံး စားလုပ်ထားတာပေါ်တယ်၊ ကျနော်တို့ သိထားတာက WFP နဲ့ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေ လှူဒါန်းထားတာကိုပဲ သိထားတာ၊ ခေါ်စစ်တာက သတင်းတက်ပြီးတော့ ခေါ်စစ်ခံရတာ၊ အခုက တော့ ဥက္ကဌအဖြစ်ကနေပါ ဖြုတ်လိုက်ပြီ။” ဟု TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦး က ပြောကြားသည်။

    ထိုသို့ အလွဲသုံးစားမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးချုပ်၊ စရဖ၊ စအဖ၊ စစစ ၊ ကြက်ခြေနီဌာနချုပ် စသည့် ဌာနပေါင်းစုံက ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး လေတပ်ပြုတ် ညီညီက လက်သီးဖြင့် ထိုးကြိတ်ခံရသူ လားရှိုးမြို့အခြေစိုက် ရှမ်း/မြောက်ကြက်ခြေနီ အသင်းမှ ကြက်ခြေနီတပ်သားကလည်း ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။

    “သူ့ကို အဆင့်ဆင့်ခေါ်စစ်နေကြတာ၊ ဝန်ကြီးချုပ်ရုံး၊ စအဖ၊ စစစ ၊ ကြက်ခြေနီဌာနချုပ် ကုန်စစ် နေတာ၊ ပြီးမှ အရေးယူမှာ။ အခုကတော့ အလုပ်ကနေဖြုတ်လိုက်ပြီ၊ ဖြုတ်စာကို မနေ့က လက်မှတ် ထိုးလိုက်ပြီ၊ နောက်ပြီးတော့ သူထိုးလိုက်တဲ့ကောင်လေးကလည်း တောင်ကြီးတ ရားရုံးမှာ တရားစွဲ ထားတာ ဒီနေ့ စစ်ဆေးနေပြီ။” ဟု TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦးက ရှင်းပြသည်။

    ဖမ်းဆီးစစ်ဆေးခံနေရသော ညီညီသည် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌအဖြစ် ရောက်ရှိလာ ပြီးနောက် အလွဲသုံးစားငွေများဖြင့် စတိုးဆိုင်များ ဖွင့်လှစ်ခြင်း၊ မြေကွက်များဝယ်ယူခြင်း၊ ကြက်ခြေ နီအသင်းပိုင်ကား၊ ပစ္စည်းများကို ကိုယ်ပိုင်ပြုလုပ်ကာ သုံးစွဲခြင်းတို့ ရှိကြောင်း၊ ၎င်းတာဝန်ယူသည့် အချိန်မှစ၍ တခြားတိုင်းနှင့် ပြည်နယ်များမှ ကြက်ခြေနီအသင်းများ၊ လူမှုကူညီရေးအသင်းများ၊ NGO အဖွဲ့အစည်းများကို ရှမ်း ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များအတွင်း ဝင်ရောက်ခွင့်မပြုပဲ ပိတ်ပင်တားဆီးခဲ့ကြောင်း သိရသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ဖယ်ခုံမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ ဆီဆိုင်မြို့နယ်နှင့် ညောင် ရွှေမြို့နယ်အတွင်းမှ ထွက်ပြေးလာပြီး တောင်ကြီးမြို့၌ စစ်ဘေးရှောင်နေသော ပြည်သူများအတွက် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် – WFP မှ ပေးအပ်ထားသည့် ဆန်အိတ်များကိုလည်း ပြန်လည်ရောင်းချကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း သိရသည်။

  • နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်

    နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်

    နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်မှု ၆ ဦးသေဆုံး

    မကွေးတိုင်း၊ နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို စစ်မှုထမ်းစေခိုင်းရန် ကား ၂ စီးဖြင့် လှည့်ပတ်ပေါ်တာဆွဲနေသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် အသုံးပြုသည့် ကား ၂ စီးလည်း ပျက်စီးသွားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “ကားတွေရပ်ပြီး ပေါ်တာဆွဲနေတုန်း လက်ပစ်ဗုံးနဲ့ စတိုက်တာ၊ ပြီးမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ ပါ၊ ၁၅ မိနစ်လောက်ကြာတယ်၊ မြို့နဲ့ အရမ်းနီးတော့ စစ်ကူတွေကြောင့် လက်နက်က မရခဲ့တာ၊ ပျူ တွေ၊ စခ၊ ရခတွေရော အင်အားကများတယ်၊ ကား ၂ စီးနဲ့၊ ကား ၂ စီးလုံးပျက်စီးတယ်၊ သေတာက ၆ ယောက်၊ ဒဏ်ရာအပြင်းအထန်ရတာက ၂ ယောက်၊ ကျန်ဒဏ်ရာရတာတွေလည်းများတယ်၊ စစ်ကူ လာမှ စိုးလို့ ကျနော်တို့ ရဲဘော်တွေ မထိခိုက်စေရေး ဦးစားပေးပြီး ဆုတ်ခွာခဲ့ရတာ။ ပေါ်တာဆွဲတဲ့ အထဲမှာ နတ်မောက်ပျူခေါင်းဆောင် ခင်မောင်ဌေးကတော့ မပါဘူး။ သူ့သားပါလာတယ်၊ အခုတော့ အဲဒီပျူခေါင်းဆောင် ခင်မောင်ဌေးသားလည်း ငရဲရောက်သွားပြီ” ဟု သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ တပ်ရင်း -ငါးပြေမပြောက်ကျားတပ်ဖွဲ့၏ မြေပြန့်ကျား တပ်ခွဲ ၊ ရေနံချောင်း ပကဖ၊ နတ်မောက် ပကဖ၊ မင်းဘူးခရိုင် ပကဖ၊ Chauk Revolution Army – CRA နှင့် ဒေါဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံး

    ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံး

    ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ကပစ ၂၂ ကို လာသည့် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ဩဂုတ်လ ၂၉ ရက်နေ့က စတင်ပြီး ပေါက်မြို့နယ် ကပစ ၂၄ မှ ထွက်လာသော ကားအစီးရေ ၁၀၀ ကျော်ပါဝင်သော စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပေါက်-ဆိပ်ဖြူ လမ်းပိုင်းတွင် နေ့စဉ် နင်းမိုင်းများ၊ တိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ထက်မနည်းရှိကြောင်း၊ ထိုမိုင်းခွဲ တိုက်ခိုက်မှုများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများ၏ ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေး ရိက္ခာပို့ စစ်ကြောင်းက ပေါက်မြို့နယ် ကပစ ၂၄ ကနေ ထွက်လာတာပါ။ ပေါက်-ဆိပ်ဖြူ လမ်းပိုင်းကနေ ဆိပ်ဖြူ ကပစ ၂၂ ကို လာတာ အဲလိုလာတာကို လမ်းတလျောက်မှာ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းတွေ၊ နင်းမိုင်းတွေ လမ်းတလျောက်မှာ ထောင်ထားတာ အဲခွေးတွေက နင်းမိုင်းတွေ မိပြီး ဆက်တိုက်ကို ထိနာခဲ့တာ ကျနော်တို့ သတင်းရတာတော့ စစ်ခွေး ၁၅ ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရတာ ၂၀ ကျော်တယ်။ စစ်ခွေးတွေက မိုင်းဆက်တိုက်ထိတော့ လမ်းဘေးကိုတောင် မဆင်းရဲတော့ဘူး။ အလေး အပေါ့ သွားတာတောင် ကတ္တရာ လမ်းပေါ်မှာပဲ သွားရတဲ့ အခြေအနေထိကို ဖြစ်သွားတာ” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကပစ ၂၂ ကို ရောက်ရှိသွားပြီး ပခုက္ကူဘက်သို့ ဆက်လက် ထွက်ခွာနိုင်ကြောင်း သိရသည်။

  • ဟုမ္မလင်းမြို့နယ်ရှိ NUG အချုပ်ခန်းမှ သုံ့ပန်း ၁၁ဦး ထွက်ပြေး၊ ၅ ဦးပြန်ဖမ်းမိ

    ဟုမ္မလင်းမြို့နယ်ရှိ NUG အချုပ်ခန်းမှ သုံ့ပန်း ၁၁ဦး ထွက်ပြေး၊ ၅ ဦးပြန်ဖမ်းမိ

    စခန်းအချုပ်ခန်းအတွင်း ချုပ်နှောင်ထားသော သုံ့ပန်း ၁၁ ဦးသည် ထွက်ပြေးလွတ်မြောက်သွားရာ သုံးရက် အကြာတွင် ငါးဦး ပြန်ဖမ်းမိခဲ့သည်။

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အချုပ်ခန်းမှ သုံ့ပန်း ၁၁ ဦး ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ငါးဦးကို ပြန်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

    သုံ့ပန်း ၁၁ ဦး ထွက်ပြေးလွတ်မြောက်သွားချိန်တွင် အချုပ်ခန်းလုံခြုံရေးကင်းစောင့်နေသော ကိုမိုးသီး ဆိုသူ ပြည်သူ့လုံခြုံရေး(ပလဖ)တပ်ဖွဲ့ဝင်တစ်ဦးလည်း ပျောက်ဆုံးသွားသည်ဟု ထိုဖြစ်စဉ်ကို သိရှိသည့် တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

    ထွက်ပြေးလွတ်မြောက်သွားသူများမှာ ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းရွာတိုက်ပွဲနှင့် ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း ဖမ်းမိထားသော ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

    အသက် ၂၅ မှ ၅၈ နှစ်အတွင်း အမျိုးသားများဖြစ်ပြီး ၎င်းတို့မှာ သိန်းလွင်၊ ဋ္ဌေးလှိုင်ညွန့်၊ စောအောင်ဌေး၊ အောင်ပြန့်၊ ကျော်စိုး၊ ရဲဇော်၊ အောင်ကျော်သူ၊ ဇော်လွင်ဦး၊ နိုင်ရွှေဦး၊ စိုင်းဝင်းမြင့်နှင့် ကျော်ဝင်းထက်တို့ ဖြစ်သည်။ အသက် ၅၅ နှစ်အရွယ် ဦးဋ္ဌေးလှိုင်ညွန့်မှာ ကျွန်းကုန်းရွာ ပျူစောထီးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

    ပလဖတပ်ဖွဲ့ဝင် ကိုမိုးသီး ကိုင်ဆောင်သော သေနတ်နှင့်စကားပြောစက်အား စခန်းတောင်ဘက် တောထဲ၌ ပြန်တွေ့သည်ဟု ထိုအခြေအနေကို သိရှိသည့် အထက်ပါနီးစပ်သူက ပြောသည်။

    ကိုမိုးသီး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် အချုပ်ခန်းဖွင့်ပေးလိုက်ခြင်း (သို့မဟုတ်) သုံ့ပန်း များ၏လှည့်ဖျားမှုကို ခံရခြင်း ဟုတ်မဟုတ် သဲသဲကွဲကွဲ မသိရသေးပေ။

    ၎င်းသည် ကျွန်းကုန်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းမိခဲ့သော အစိုးရဝန်ထမ်း ဖြစ်ပြီး ပလဖအဖွဲ့ဝင်အဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

    သုံ့ပန်းများ ထွက်မပြေးခင် နာရီပိုင်းအလို ဩဂုတ်လ ၂၇ ရက်၊ နံနက် ၄ နာရီခွဲခန့်က အချုပ်ခန်းအနီးရှိ ဟုမ္မလင်းမြို့နယ်၊ ပလဖတပ်ဖွဲ့၏ နယ်မြေစခန်း(၃)နယ်မြေ နတ်နန်းရွာ ဈေးတန်းတွင် NUG ကွပ်ကဲမှု အောက်ရှိ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့သေးသည်။

    ဟုမ္မလင်းမြို့နယ်အဆင့် အချုပ်ခန်းကို နတ်နန်းကျေးရွာရှိ ပလဖစခန်းအတွင်း ဆောက်ထားခြင်း ဖြစ်သည်။

    ထို့နောက် တစ်နာရီခန့်အကြာ နံနက် ၅ နာရီခွဲခန့်တွင် ပစ်ခတ်မှုများ ငြိမ်သွားပြီးနောက် စခန်းတာဝန်ခံ နှင့်အတူ ပလဖတပ်ဖွဲ့ဝင် ၁၀ဦးသည် စခန်းတောင်ခြေနှင့် ပစ်ခတ်မှုဖြစ်ခဲ့သည့် ဈေးတန်းဘက်သို့ လုံခြုံရေးစစ်ဆေးရန် ထွက်ခွာသွားခဲ့သည်။

    ပလဖတပ်ဖွဲ့ဝင် ကိုမိုးသီးအား သေနတ်တစ်လက်နှင့် စကားပြောစက်တစ်လုံးပေးကာ စခန်းရှိ အချုပ်ခန်း အတွင်းမှ သုံ့ပန်းများကို စောင့်ကြည့်ရန် ချန်ထားခဲ့သည်။

    ထို့နောက် နံနက် ၁၀ နာရီခန့်တွင် စခန်းတာဝန်ခံနှင့်ပလဖအဖွဲ့ဝင်များ စခန်းသို့ ပြန်ရောက်လာချိန် ကိုမိုးသီး အပါအဝင် အချုပ်ခန်းအတွင်းမှ သုံ့ပန်း ၁၁ ဦးမှာ မရှိတော့ကြောင်း သိရှိရခြင်းဖြစ်သည်။

    “အဓိကတော့ ပစ်ခတ်မှုဖြစ်တော့ စစ်တပ်က စစ်ကြောင်းထိုးတယ်ထင်ပြီးတော့ ဒီကောင်( သုံ့ပန်း) တွေက သူတို့ အသာဆိုပြီးတော့ အခွင့်ကောင်းယူပြီး ပြေးသွားကြတာ” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

    ထွက်ပြေးသွားသူ သုံ့ပန်း ၁၁ ဦးအနက် ငါးဦးကို ဟုမ္မလင်းမြို့နယ်နှင့် ထိစပ်နေသည့် ဖောင်းပြင်မြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က ၎င်းတို့နယ်မြေအတွင်း ဩဂုတ်လ ၃၀ ရက်တွင် ပြန်လည်ဖမ်းမိခဲ့သည် ဟုလည်း အထက်ပါ သတင်းရင်းမြစ်ထံက သိရသည်။

    ပြန်လည်ဖမ်းမိသူများမှာ ဋ္ဌေးလှိုင်ညွန့်၊ ဇော်လွင်ဦး၊ ကျော်ဝင်းထက်၊ စောအောင်ဌေးနှင့် ကျော်ဝင်းမြင့်တို့ ဖြစ်ပြီး ၎င်းတို့ကို ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့လုံခြုံရေး(ပလဖ)တပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပြီးဖြစ်သည် ဟု သိရသည်။

    HPDF 124 မှ တပ်ဖွဲ့ဝင်များ။

    အချုပ်ဖောက်မှုမတိုင်မီ ပစ်ခတ်မှု

    အချုပ်ခန်းတွင်းမှ သုံ့ပန်းများ ထွက်မပြေးခင် နာရီပိုင်းအလိုတွင် ဟုမ္မလင်းမြို့နယ်တွင် အခြေစိုက်သော HPDF 124 တပ်ဖွဲ့၏ ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်အချို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသမှ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။

    ထိုဖြစ်စဉ်တွင် HPDF 124 တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ အသက် ၃၀ခန့်အရွယ် ကိုစိုင်းအောင် အပါအဝင် အဖွဲ့ဝင် ၂၀ ဦးခန့် ဖမ်းဆီးခံထားရသည်ဟု သိရသည်။

    ရှမ်းနီလူငယ်များ စုစည်းကာ PDF တပ်ဖွဲ့အသစ် တည်ထောင်မည်ဟု သတင်းရသဖြင့် အမှတ်(၁) စစ်ဒေသ က HPDF 124 တပ်ဖွဲ့ဝင်များကို လာရောက်ဖမ်းဆီးခြင်း ဖြစ်သည် ဟု ထိုအခြေအနေကို သိရှိသူ ဟုမ္မလင်းဒေသခံ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “HPDF 124 စဖွဲ့ကတည်းကပါတာ တပ်ရင်းတွေနဲ့ အဆင်မပြေဘူးထင်တယ်။ ရှမ်းနီကလေးတချို့နဲ့ ခွဲထွက်ဖို့လုပ်တဲ့အချိန်မှာခရိုင်တပ်ရင်းတွေက ပြန်ဝိုင်းတဲ့သဘောပေါ့။ ၂၀ လောက် ဖမ်းထားတယ် ပြောတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဟုမ္မလင်းဒေသခံက ဆိုသည်။

    “လူအင်အား ၂၀၀ လောက်နဲ့ဝိုင်းတော့ ပစ်ကြခတ်ကြတယ်ထင်တယ်။ SNA (ရှမ်းနီတပ်မတော်) နဲ့ ပေါင်းဖို့တော့ မဟုတ်လောက်ဘူး။ သူတို့ကနဂိုတည်းက SNA နဲ့မတည့်ဘူးရယ်။ နာဂ PDF ရှိတယ်။ ချင်းတွေမှာလည်း CDF တွေရှိတယ်။ ရှမ်းနီကို သူတို့က လူမျိုးစုပုံစံနဲ့ဖွဲ့ချင်တာ။ အဲ့ဒါကိုမကြိုက်ကြတာ” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

    PDF တပ်ဖွဲ့ဝင်အချင်းချင်းဖြစ်ပွားသည့် အထက်ပါပဋိပက္ခနှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံး‌ ပြောခွင့်ရ ဦးနေဘုန်းလတ်ထံ ဆက်သွယ်မေးမြန်းရာ “ကျွန်တော့ဆီ သတင်းမဝင်သေးပါဘူးဗျ၊ မေးထားတုန်းပါ” ဟု ပြန်လည်ဖြေကြားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေပြည်အေး၊ ခမ်းပတ်၊ မြို့သစ်၊ မော်လူး၊ ပင်လည်ဘူး၊ အင်းတော်မြို့ ၆မြို့နှင့် မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးနှင့် တကောင်းမြို့တို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားသည်။

    စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများအပြားတွင်လည်း မြို့ပေါ်မှလွဲ၍ ကျေးလက်ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးယန္တယား ထူထောင်လည်ပတ်နေသည်။

  • ဆရာဝန်အတုတွေနဲ့ ဖွင့်တဲ့ အလှအပရေးရာဆေးခန်းတွေရဲ့ အန္တရာယ်

    ဆရာဝန်အတုတွေနဲ့ ဖွင့်တဲ့ အလှအပရေးရာဆေးခန်းတွေရဲ့ အန္တရာယ်

    ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ မျက်နှာနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတချို့ ခွဲစိတ်ပြုပြင်တာအထိ ကုသပေးနေတဲ့ အလှအပရေးရာ (Aesthetic) ဆေးခန်းတွေထဲမှာ အမည်ခံဆရာဝန်သုံးပြီး ဆေးပညာ တတ်ကျွမ်းနားလည်သူက ကုသတာ မဟုတ်တဲ့ ဆေးခန်းအတုတွေ ရှိလာပါတယ်။

    အဲဒီဆေးခန်းတုတွေက မျက်နှာကိုဆေးထိုးပြုပြင်တဲ့ ဖေလ်လာ (Filler) ကုထုံးအပါအဝင် ခန္ဓာကိုယ်ကောက်ကြောင်းလှစေတဲ့ အဆီစုပ်ထုတ်ကုသမှုကစလို့ အမျိုးမျိုးသော အလှအပရေးရာ ကုသမှုတွေကို လုပ်ပေးပါတယ်။

    ဆေးခန်းအတုတွေမှာ ဆရာဝန်အယောင်ဆောင်ထားတဲ့သူတွေက မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ကုသနေတာကြောင့် မျက်နှာပျက်စီးသွားရတဲ့ ပြဿနာတွေအပြင် အသက်ဆုံးရှုံးတဲ့အထိဖြစ်တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

    ရန်ကုန်နဲ့ မန္တလေးမြို့မှာ အယောင်ဆောင်ဆရာဝန်တွေ အလုပ်လုပ်နေတဲ့ အလှအပဆေးခန်းတွေ ဘယ်လိုလည်ပတ်နေလဲ။ အယောင်ဆောင်အလှအပရေးရာ ဆေးခန်းတွေရဲ့ ကုသမှုတွေနောက်မှာ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ အခြားနစ်နာမှုတွေကို ဘီဘီစီက စုစည်းခဲ့ပါတယ်။

    “အရမ်းကြောက်တယ်၊ ကြောက်စိတ်ပျောက်‌အောင် ဟာသလေးပြောပေးပါလား”

    မေ့ဆေးလွန်ပြီး သေဆုံးခဲ့တဲ့ မနေခြည်ရဲ့ ဈာပနမြင်ကွင်း

    ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲက အလှအပဆေးခန်းတစ်ခုမှာ အဆီစုပ်ထုတ် ကုသမှုခံယူဖို့ သွားခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် မနေခြည်ဟာ ဘယ်တော့မှ အိမ်ပြန်မလာနိုင်တော့ပါဘူး။

    မနေခြည်ဟာ တရားမဝင်အလှအပဆေးခန်းမှာ အဆီစုပ်ထုတ်ကုသမှုခံယူချိန်မှာပဲ သေဆုံးခဲ့ရပါတယ်။

    အလောင်းကိုစစ်ဆေးခဲ့တဲ့ ဆရာဝန်ရဲ့ ဆေးစစ်ချက်အရ မေ့ဆေးလွန်ပြီး အသက်ဆုံးခဲ့တယ်လို့ သိရကြောင်း မနေခြည်ရဲ့ မိခင်က ပြောပါတယ်။ မနေခြည်ရဲ့ အဖြစ်အပျက်က ၂၀၂၄ ဒီဇင်ဘာလမှာ ဖြစ်ခဲ့တာပါ။

    ခွဲစိတ်မှုပြုလုပ်ရာမှာ သုံးတဲ့မေ့ဆေးက အမျိုးအစား အမျိုးမျိုးရှိပြီး ဆေးရုံမဟုတ်တဲ့ ဒီလိုအလှအပဆေးခန်းတွေမှာ တကယ့်ဆရာဝန်အစစ်တွေတောင် မေ့ဆေးကို အသုံးပြုခွင့်မရှိဘူးလို့ ရန်ကုန်မြို့က ဝါရင့်မေ့ဆေးဆရာဝန်ကြီးတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

    မနေခြည် သေဆုံးပြီးနောက် ဆေးခန်းတာဝန်ရှိသူတွေက သူ့ အလောင်းကို သင်္ဃန်းကျွန်းမြို့နယ်ထဲက ကားလမ်းဘေးတစ်နေရာမှာ စွန့်ပစ်ခဲ့ကြတာကို ရဲမှတ်တမ်းတွေအရ သိရပါတယ်။

    “အလောင်းကို တစ်ပတ်အကြာ(ဇန်နဝါရီ ၂ ရက်) မှ ပြန်တွေ့တာ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

    သူ ပျောက်နေတာကို ရဲစခန်းကို အကြောင်းကြားထားတာကြောင့် သင်္ဃန်းကျွန်း ရဲစခန်းကနေ အမည် မပေါ်တဲ့ အမျိုးသမီးအလောင်း တစ်လောင်း တွေ့တဲ့အကြောင်း မိခင်ဖြစ်သူကို ဆက်သွယ်အကြောင်း ခဲ့တာကနေ မနေခြည် အလောင်းကို ပြန်ရခဲ့တာလို့ ဆိုပါတယ်။

    မနေခြည်ဟာ ကုသမှုခံယူတဲ့အချိန် ဆရာဝန်အတုတွေက သူ့ကို ကုသနေတာကို သိခဲ့ပုံမရဘူးလို့ မိခင်ဖြစ်သူက ကောက်ချက်ချပြီးပြောပါတယ်။

    မနေခြည်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ခန္ဓာကိုယ်အဆီထုတ်ကုသမှုလုပ်ဖို့ ရုံးကနေ အလုပ်စောဆင်းသွားတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေဆီက သိရပါတယ်။

    အဲဒီနေ့ ညနေပိုင်း မနေခြည် ဆေးခန်းထဲမှာရှိနေပြီး အဆီထုတ်ကုသမှုခံယူနေချိန်မှာပဲ နှစ်ကာလရှည်ကြာရင်းနှီးခဲ့တဲ့ သူငယ်ချင်းဖြစ်သူ မပိတောက်ကို ဖေ့စ်ဘုတ်မက်ဆင်ဂျာကနေ သူကြောက်တဲ့အကြောင်း စာပို့ခဲ့တယ်လို့ မပိတောက်က ပြန်ပြောပြပါတယ်။

    “အရမ်းကြောက်တယ်၊ ကြောက်စိတ်ပျောက်‌အောင် ဟာသလေးပြောပေးပါလား ” လို့ မနေခြည်က မပိတောက် ကို စာလှမ်းပို့ခဲ့ပြီး သူ‌ရောက်နေတဲ့ ဆေးခန်းလိပ်စာကိုလည်း ပို့ပေးခဲ့ပါတယ်။

    “ပိတောက်လည်း နေခြည်စာပို့တဲ့ နေ့တုန်းက အလုပ်ကနေ ပင်ပန်းလာလို့ ခဏအိပ်ပျော်သွားတယ်” လို့ ဆိုပြီး ပြန်နိုးလာတဲ့အချိန် နေခြည်ရဲ့ ဖုန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။

    ညနေ ၆ နာရီလောက်မှာ မနေခြည်ရဲ့ ဖုန်းစက်ပိတ်သွားပြီး သူစာပို့ခဲ့တဲ့အချိန်က သူနဲ့ နောက်ဆုံးပြောခဲ့ရတာပဲ လို့ မပိတောက်က ဝမ်းနည်းသံနဲ့ ပြောပါတယ်။

    နေခြည်ရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးခဲ့ပြီးနောက် “လည်ဂုတ်၊ ဗိုက်နဲ့ ပေါင်မှာ ညိုမည်းနေတဲ့ အပ်ပေါက်ရာ ၃ နေရာတွေ့ရတယ်၊ အဆီတွေ ထုတ်ခဲ့တာ” လို့ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်ရလဒ်အရသိရကြောင်း မိခင်ဖြစ်သူက ပြောပြပါတယ်။

    မေ့ဆေးလွန်ပြီး သေဆုံးခဲ့တဲ့ နေခြည်ရဲ့ ဈာပနမြင်ကွင်း

    အလောင်းပြန်ရှာတွေ့ချိန် မနေခြည်ရဲ့ ကိုယ်မှာ ဝတ်ဆင်ထားတဲ့ လက်ဝတ်လက်စားတချို့ အရာမယွင်း ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ လက်ကိုင်ဖုန်းကိုတော့ ပြန်မတွေ့တော့ပါဘူး။ သူ့အလောင်းကို လာစွန့်တဲ့အချိန်ကတည်းက ပါမလာတော့တာဖြစ်လို့ ဖျောက်ဖျက်ပစ်လိုက်ကြတာ ဖြစ်လိမ့်မယ်လို့ မိခင်ဖြစ်သူက ယူဆပါတယ်။

    မနေခြည် ဆေးခန်းသွားတဲ့နေ့မှာပဲ အိမ်ပြန်ရောက်မလာတာကြောင့် နောက်တစ်နေ့ (ဒီဇင်ဘာ ၂၈ ရက်) မှာ မိခင်ဖြစ်သူက ဆေးခန်းလိပ်စာရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ရဲစခန်းမှာ လူပျောက်တိုင်ကြား အမှုဖွင့်ခဲ့ပါတယ်။

    အဲဒီနောက်မှာ မိသားစုဝင်တွေက ဆေးခန်းလိပ်စာအတိုင်း လိုက်သွားခဲ့ကြပါတယ်။

    ဆေးခန်းလိပ်စာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကလည်း အဲဒီဆေးခန်းဖွင့်ပြီး လည်ပတ်နေတာကို မသိထားကြတဲ့အခြေအနေဖြစ်ပါတယ်။

    ဘီဘီစီက စုံစမ်းကြည့်ခဲ့တဲ့ အချက်အလက်တွေအရ မနေခြည်သွားခဲ့တဲ့ အဲဒီဆေးခန်းဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆေးခန်းပေါင်း ၄ ခုထက်မနည်း ဖွင့်ထားတယ်လို့ သိရှိရပါတယ်။

    ဒါ့အပြင် ဆေးခန်းကိုကြော်ငြာတဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက် အကောင့်ကနေလည်း ဆေးခန်းလိပ်စာတွေ ဖော်ပြထားတာကို တွေ့ရပါတယ်။

    မနေခြည်သေဆုံးမှုဖြစ်ခဲ့တဲ့ ဆေးခန်းနာမည်နဲ့ ဖွင့်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ မျက်နှာနဲ့ ကိုယ်ခန္ဓာပိုင်းကို စျေးနည်းနည်းနဲ့ ပြုပြင်လိုတဲ့ အမျိုးသမီးငယ်တွေကို ပစ်မှတ်ထားဆွဲဆောင်ခဲ့တာ တွေ့ရပါတယ်။

    ပုံမှန် တရားဝင်ဖွင့်ထားတဲ့ အလှအပဆေးခန်းတွေမှာ ဈေးနှုန်းအသင့်အတင့်ကနေ ကျပ်သိန်းဆယ်နဲ့ချီအထိ ကုန်ကျမယ့် အလှအပရေးရာကုသမှုအမျိုးအစား အများစုကို အဲဒီဆေးခန်းမှာတော့ ၁၀ သိန်းအောက်ဝန်းကျင်နဲ့သာ ကုသပေးမယ်ဆိုပြီး လူမှုကွန်ရက်ကနေ လျှော့ဈေးမက်လုံးပေးကြော်ငြာခဲ့တာပါ။

    မနေခြည်သေဆုံးပြီးနောက် မိခင်ဖြစ်သူက ဆေးခန်းပိုင်ရှင်ဆီ ဖုန်းခေါ်ဆိုဆက်သွယ်ခဲ့‌ပေမယ့် ဆေးခန်းပိုင်ရှင်အမျိုးသမီးက “ဒီလိုမေ့ဆေးပေးကုသရတဲ့ ကုသမှုတွေမလုပ်ဘူး”လို့ ငြင်းဆိုခဲ့တဲ့အကြောင်း မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

    ၂၀၂၅ စက်တင်ဘာပထမပတ်အထိသိရတဲ့အချက်အလက်တွေအရ မနေခြည်သေဆုံးခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး ဆေးခန်းကို တာဝန်ယူထားတဲ့ အမျိုးသမီးကို ဖမ်းဆီးမိထားပြီး တရားစွဲတင်စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အမှုဖြစ်စဥ် နောက်ဆက်တွဲကို တိတိကျကျ သိရတာမရှိသေးပါဘူး။

    ဆရာဝန်အတုတွေနဲ့ ဘယ်လိုလည်ပတ်လဲ

    အဆီစုပ်ထုတ်ကုသမှုလုပ်နေတဲ့မြင်ကွင်းတစ်ခု (ပုံဟောင်း)

    ဆေးကုသခွင့်လက်မှတ်(ဆမ လိုင်စင်) ရထားတဲ့ဆရာဝန်ဖြစ်ပေမဲ့ အလှအပရေးရာကျွမ်းကျင်မှု လက်မှတ် မရထားတဲ့ ဆရာဝန်တချို့ကို အလှအပဆေးခန်းတွေမှာ ဆေးခန်းပိုင်ရှင်အဖြစ် အမည်ခံပေးဖို့ ငွေကြေးနဲ့ ကမ်းလှမ်းတာတွေရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

    အလှအပဆေးခန်းတချို့မှာ ဆေးခန်းပိုင်ရှင်အဖြစ်နာမည်ခံပေးဖို့ လုပ်ငန်းရှင်တချို့က အခကြေးငွေပေးပြီး ကမ်းလှမ်းခံခဲ့ရတဲ့ ဆရာဝန် ၂ ဦးနဲ့ ဘီဘီစီက မေးမြန်းခွင့်ရခဲ့ပါတယ်။ သူတို့က အမည်ရင်းတွေ အသုံးမပြုဖို့ မေတ္တာရပ်ခံပါတယ်။

    တရားမဝင် ဆေးခန်း ၂ ခုမှာ နာမည်ခံပေးဖို့ ရင်းနှီးတဲ့လုပ်ငန်းရှင်တစ်ဦးက အခကြေးငွေပေးပြီး ကမ်းလှမ်းခံခဲ့ရတဲ့အကြောင်း အထွေထွေ‌ရောဂါကုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်က ပြန်ပြောပြပါတယ်။

    ဒေါက်တာအောင့် ကို ကမ်းလှမ်းခဲ့တဲ့သူဟာ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ အဲဒီလူဟာ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်နိုင်ငံသားဆရာဝန်တချို့နဲ့ အကျိုးတူပူးပေါင်းပြီး တရားမဝင်ဖွင့်ထားတဲ့ အလှအပဆေးခန်းတွေရှိတဲ့အကြောင်း သူက ၂၀၂၅ နှစ်စပိုင်းက ပြောပြပါတယ်။

    “မျက်နှာခွဲစိတ်ပြုပြင်တာတွေက ဆရာဝန်ဖြစ်တိုင်း ကုလို့ရတာမျိုးမဟုတ်ပါဘူး။ ဆရာဝန်တစ်ယောက်ကို အမည်ခံခိုင်းပြီး တကယ့်အလှအပကျွမ်းကျင်ဆရာဝန်တစ်ယောက်က ကုသပေးနေသလို ဟန်လုပ်လိမ်လည်ပြီး ဆေးခန်းဖွင့်ထားကြတာ”လို့ ဒေါက်တာအောင် က ပြောပါတယ်။

    ဒါ့အပြင် အဲဒီဆေးခန်းတွေမှာ အမည်ခံထားတဲ့ ဆရာဝန်ကို ကုသခိုင်းတာလည်းရှိသလို ဆရာဝန်အယောင်ဆောင်ထားတဲ့ သူတချို့ကိုလည်း လုပ်ငန်းရှင်ဘက်က ရက်တိုအလှအပရေးရာသင်တန်းတွေပေးပြီး ကုခိုင်းတာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

    “အစပိုင်းတော့ ဒီလိုပဲ။ နောက်တော့ လက်ရဲသွားမှာပေါ့၊ ကြောက်စရာမလိုဘူး” ဆိုပြီး နှစ်နဲ့ချီ ဆရာဝန်အယောင်ဆောင်ထားတဲ့သူတွေက ဆေးခန်းအကူတွေကို သင်တန်းတဆင့်ထပ်ပေးနေတာလို့ ဒေါက်တာအောင် ကပြောပါတယ်။

    ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ ဒီလိုဆေးခန်းတွေလည်ပတ်နေတာ နှစ်နဲ့ချီနေပြီဖြစ်သလို ငွေကြေးလိုအပ်ချက်ရှိနေတဲ့ဆရာဝန်တွေကို ပစ်မှတ်ထားပြီး ကမ်းလှမ်းကြတယ်လို့ ဒေါက်တာအောင် က ဆိုပါတယ်။

    ဒီလိုဆေးခန်းအတုတွေမှာ ကုသတဲ့ ဆရာဝန်အဖြစ်နာမည်ခံဖို့အတွက် ငွေကြေးလိုအပ်ချက်ရှိတဲ့ ဆရာဝန်အစစ်တချို့ကို ကမ်းလှမ်းတဲ့ငွေကြေးက ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းကြားပေါက်ဈေးရှိတဲ့အကြောင်း ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက စက်တင်ဘာအစပိုင်းမှာ ထုတ်ပြောပါတယ်။

    ဆေးခန်း ၂ ခုအတွက် ဒေါက်တာအောင် ရမယ့် အခကြေးငွေဟာ တစ်လကို ကျပ်သိန်း ၃၀ ကျော်ဖြစ်ပါတယ်။

    ဆေးခန်းတစ်ခုကတော့ မိန်းကလေးအရွယ်စုံကို ပစ်မှတ်ထားတဲ့ မျက်နှာ၊ ခန္ဓာကိုယ်ပြုပြင်တဲ့ အလှအပဆေးခန်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ်ဆေးခန်းတစ်ခုကတော့ အိမ်ထောင်ရှင်တွေကို ပစ်မှတ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး လိင်အင်္ဂါပိုင်းဆိုင်ရာ ခွဲစိတ်ကုသတဲ့ ဆေးခန်းဖြစ်တယ်လို့ ဒေါက်တာအောင်က ရှင်းပြပါတယ်။

    ဒေါက်တာအောင်ကတော့ အလှအပဆေးခန်းက တရားဝင်ကုသခွင့်လိုင်စင်လည်းမရှိသလို သူ့ကို ကမ်းလှမ်းတဲ့ဆေးခန်းတွေမှာ သူနဲ့အတူ ကုသမယ့်သူတွေကလည်း ဆရာဝန်အစစ်တွေမဟုတ်ဘူးလို့ သိရတာကြောင့် လုပ်ငန်းရှင်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ ပြောပါတယ်။

    ဆရာဝန်အယောင်ဆောင်ထားတဲ့သူတချို့က မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့က တရားမဝင်အပ်ပုန်းဆေးခန်းတွေမှာ ရက်ပြတ်၊ လပြတ် သင်တန်းတွေပဲ တက်ထားခဲ့တဲ့သူတွေလို့ ဒေါက်တာအောင်က အတည်ပြုပြောပါတယ်။

    ” တရားမဝင် အလှအပဆေးခန်းတချို့မှာ ကုသနေတဲ့ ဆရာဝန်အတုတွေထဲမှာ ဆေးပညာနဲ့ မအပ်စပ်တဲ့ သာမန်လူတွေလည်းပါတယ်။ ပြင်ပသူနာပြုအကူသင်တန်းတက်ထားတဲ့ သူနာပြုအကူတချို့လည်းပါတယ်” လို့ ဆေးခန်းမှာ နာမည်ခံပေးဖို့ ကမ်းလှမ်းချိန် လုပ်ငန်းရှင်ဘက်က ထုတ်ပြောလို့ ကြားခဲ့ရတဲ့အကြောင်း ဒေါက်တာအောင်က ပြန်ပြောပြပါတယ်။

    သင်တန်းပေးတဲ့ သူတွေထဲမှာတော့ တရုတ်နိုင်ငံသားဆရာဝန်အစစ်တချို့ ပါဝင်နေသလို ဆရာဝန်အတုတွေလည်း ပါပြီး ရောပြွမ်းနေတယ်လို့ သူက ရှင်းပြပါတယ်။

    ဆေးခန်းပိုင်ရှင်အဖြစ် နာမည်ခံလိုက်ပြီးရင် “ဖြစ်လာတဲ့ကုသရေးပြဿနာတွေအားလုံး အကုန်တာဝန်ယူရမှာ ကျွန်တော်ပဲ။ အရေးယူခံရရင် ထောင်ကျမယ့်အပြင် ဆရာဝန်လိုင်စင်လည်း သိမ်းခံရမှာကြောင့် ငြင်းလိုက်တာ” လို့ ဒေါက်တာအောင်က ပြောပါတယ်။

    “ကျွန်တော့် လုပ်ရပ်အတွက် အမြဲတမ်းနောင်တရနေတယ်”

    နောက်ထပ်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာလင်းထက်ကတော့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က အလှအပဆေးခန်းတစ်ခုအတွက် လနဲ့ချီ ကြာ ဆေးခန်းပိုင်ရှင်အဖြစ် အမည်ခံပေးခဲ့သူဖြစ်ပါတယ်။

    သူကတော့ ငွေကြေးလိုအပ်ချက်ကြောင့် တစ်လကို ငွေကျပ် ၇ သိန်းနဲ့ ဆေးခန်းပိုင်ရှင်အဖြစ် ၂၀၂၃ နှစ်စပိုင်းကနေ နှစ်ကုန်ပိုင်းအထိ လုပ်ငန်းရှင်တစ်ဦးနဲ့ သဘောတူညီပြီး နာမည်ခံပြီး လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီဆေးခန်းမှာ တကယ့်အလှအပကျွမ်းကျင်ဆရာဝန်မဟုတ်ဘဲ ဆရာဝန်အယောင်ဆောင်တွေ ကုသနေတဲ့အခြေအနေကို အလုအလုပ် လက်ခံချိန်မှာ မသိခဲ့ရကြောင်း သူက ထုတ်ပြောပါတယ်။

    “လာကုတဲ့သူတွေက မျက်နှာနဲ့ နှာခေါင်းတွေပျက်စီး၊ ပိုးတွေဝင်ပြီး ဆေးခန်းကို ပြဿနာလာရှာသလို ဆေးခန်းပိုင်ရှင်ဖြစ်တဲ့ ကျွန်တော့်ဆီ တိုက်ရိုက်ဖုန်းနဲ့ ဆက်သွယ်ပြီး လူနာတွေက ပြောပြတော့မှ ကျွန်တော်က သေချာသိခဲ့ရတာ” လို့ သူက ရှင်းပြပါတယ်။

    ဒီလို ပြဿနာတွေ ခပ်စိပ်စိပ်ဖြစ်လာတဲ့နောက် ဆေးခန်းအမည်ခံဖို့ သဘောတူညီချက်ကို ပယ်ဖျက်ခဲ့ပြီး ဒေါက်တာလင်းထက်က သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ “ကျွန်တော့် လုပ်ရပ်အတွက် အမြဲတမ်းနောင်တရနေတယ်”လို့ ရင်ဖွင့်ပါတယ်။

    ဆရာဝန်အမည်ခံပြီး တရားဝင်ဖွင့်ထားတဲ့ အလှအပဆေးခန်းတွေမှာလည်း Aesthetic (အလှအပရေးရာ) ကုသမှုအတွက် သီးခြားလက်မှတ် မရထားတဲ့ ဆရာဝန်တွေက တရားမဝင် ကုသနေတာတွေရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဆေးခန်းကလည်းတရားမဝင်တဲ့အပြင် ဆရာဝန်အတုတွေနဲ့ ကုသနေတဲ့ တရားမဝင်ဆေးခန်းတွေလည်း ရှိနေတယ်လို့ အလှအပရေးရာ ဆေးခန်းအသိုင်းအဝိုင်းက သိရပါတယ်။

    တရားမဝင်အလှအပဆေးခန်းမှာ ကုသမှုခံယူရင်း သေဆုံးခဲ့တဲ့ မနေခြည်အတွက် မိခင်ဖြစ်သူက ဆုံးရှုံးမှုတွေကို ဖြေမဆည်နိုင်တဲ့အကြောင်း ဘီဘီစီကို ရင်ဖွင့်ပါတယ်။

    အသက် ၂၇ နှစ်အရွယ် မနေခြည်ဟာ ရန်ကုန်မြို့လယ်က နာမည်ကြီးတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ စာရင်းကိုင်ရာထူးအမြင့်ဆုံးနဲ့ အလုပ်လုပ်ခဲ့သူဖြစ်ပြီး ဝင်ငွေလည်းကောင်းတာကြောင့် မိသားစုအပေါ် ထောက်ပံ့ခဲ့တဲ့သူလို့ မိခင်ဖြစ်သူက ပြောပြပါတယ်။

    MBBS ဘွဲ့နဲ့ အလှအပပိုင်း ကုသခွင့်မရှိ

    မျက်နှာကို ဆေးထိုးကုသနေတဲ့ မြင်ကွင်း

    အလှအပဆေးခန်းတွေမှာ အလှအပရေးရာကျွမ်းကျင်သူ (Aesthetic Specialist) ဘွဲ့မရထားတဲ့သူတွေက တရားမဝင်ကုသနေတာကြောင့် ထိခိုက်နစ်နာတဲ့သူတွေ ပိုများလာတယ်လို့ Aesthetic ဆရာဝန်တစ်ဦးက မှတ်ချက်ပေးပါတယ်။

    မျက်ရစ်ဖော်တဲ့ ခွဲစိတ်မှု၊ မျက်နှာက အရေးအကြောင်းတွေပျောက်အောင် အရေပြားတွေကို ဆွဲပြီးချုပ်တဲ့ ကုသမှု၊ နှာခေါင်းနဲ့ ရင်သားမှာ ဆီလီကွန်ထည့်ကြတဲ့သူတွေနဲ့ ကိုယ်ခန္ဓာအတွင်းက အဆီစုပ်ထုတ်တာ စတဲ့အပိုင်းတွေမှာ ကုသမှုအမှားအယွင်းဖြစ်တာများတယ်လို့ အလှအပရေးရာဆေးခန်းဖွင့်ထားတဲ့ အဲဒီဆရာဝန်က ပြောပါတယ်။

    “မျက်နှာတွေရောင်ကိုင်း၊ ပိုးတွေဝင် ပြည်တည်တော့မှ ရောက်လာကြတာ၊ တချို့ဆို နဂိုမူရင်းမျက်နှာပြန်မရတော့တဲ့အထိ ပျက်စီးသွားတဲ့သူတွေရှိတယ်” လို့ သူက ပြောပါတယ်။

    အလှအပရေးရာကျွမ်းကျင်သူ (Aesthetic Specialist) လုပ်မယ်ဆိုရင် ဆရာဝန်ဘွဲ့ MBBS ရပြီးမှ Aesthetic ဘွဲ့ရအောင် နောက်ထပ်နှစ်နဲ့ချီ ထပ်လေ့လာရသလို နိုင်ငံရပ်ခြားမှာ စာမေးပွဲတွေပြန်ဖြေပြီးမှ ကုသလို့ရတယ်လို့ ဘီဘီစီနဲ့ စကားပြောခွင့်ရတဲ့ အဲဒီ အလှအပရေးရာကျွမ်းကျင်ဆရာဝန်က ရှင်းပြပါတယ်။

    “MBBS ဘွဲ့ပဲရတာဆိုရင် အလှအပရေးရာအပိုင်းအတွက် ကုသခွင့်မရှိဘူး”လို့ သူက ဆက်ပြောပါတယ်။

    အလှအပဆေးခန်းအများစုဟာ လူမှုကွန်ရက်ဖေ့စ်ဘုတ်နဲ့ တစ်တော့ခ် (TikTok) တို့မှာ လျှော့ဈေးမက်လုံးတွေပေးပြီး အမျိုးသမီးတွေကို ပစ်မှတ်ထားဆွဲဆောင်လေ့ရှိတယ်လို့ Aesthetic ဆရာဝန်အသိုင်းအဝိုင်းက ထောက်ပြသလို လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း တွေ့နေရပါတယ်။

    ဒါ့အပြင် လူသိများတဲ့ ဆယ်လီတချို့ကလည်း ဆေးခန်းပိုင်ရှင်တွေဆီကနေ အခကြေးငွေယူပြီး ဆေးခန်းကို လူများလာအောင် ကိုယ်တိုင်ကုသမှုခံယူသလို ဗန်းပြကြော်ငြာပေးနေကြတယ်လို့ ဆိုပါတယ်။

    တရားဝင်လိုင်စင်နဲ့ မှတ်ပုံတင်ပြီး အလှအပရေးရာကုသရေးဘွဲ့ရ ဆရာဝန်အစစ်တွေနဲ့ ဖွင့်လှစ်တဲ့ ဆေးခန်းတွေလည်း အများအပြားရှိပါတယ်။ ဒါကြောင့် ကုသမှုခံယူလိုသူတွေအနေနဲ့ ကိုယ်ကုသမယ့် ဆေးခန်းကို စနစ်တကျ စိစစ်သင့်သလို ဆရာဝန်အစစ်အမှန် ဟုတ် မဟုတ် ကို သေချာမေးမြန်းပြီးမှ ကုသမှုခံယူကြဖို့ အလှအပရေးရာ ဆေးခန်းဖွင့်လှစ်ထားတဲ့ အလှအပရေးရာ ဆရာဝန်တချို့က အကြံပြုပါတယ်။

    “တကယ်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသရင်ဘာမှမဖြစ်ပေမယ့် Aesthetic ဘွဲ့မရတဲ့ဆရာဝန်တွေ၊ ဆရာဝန်ဘွဲ့တောင် မရှိတဲ့ ဆရာဝန်အတုတွေနဲ့ ကုသမိရင် အသက်အန္တရာယ်ရှိတယ်” လို့ ရန်ကုန်မြို့က Aesthetic ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

    တရားမဝင်အလှအပဆေးခန်းကနေ မှားယွင်းကုသလိုက်တဲ့ လူနာတချို့ကို ပုံမှန်ပြန်ဖြစ်အောင် ကုသပေးခဲ့ရတဲ့ အတွေ့အကြုံရှိတဲ့ အလှအပရေးရာကျွမ်းကျင်သူ (Aesthetic Specialist) အဖြစ် ဆယ်စုနှစ် တခုနီးနီးလုပ်ကိုင်နေတဲ့ ဒေါက်တာ ထက်ထက်သောင်း ကို သူ့အတွေ့အကြုံကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ဒေါက်တာထက်ထက်သောင်း ကုသပေးခဲ့ရတဲ့လူနာဟာ ဆေးခန်းအတုကို သွားရောက်မိခဲ့ပြီး နှုတ်ခမ်း Filler (ဖေလာလ်) ထိုးတဲ့ကုသမှုမှာ Filler ဆေးရည်ဂျယ်လ်အတုသုံးပြီး ကုသပေးလိုက်တာကြောင့် နှုတ်ခမ်းမှာ ပိုးဝင်ကိုက်ခဲမှုဖြစ်ခဲ့တာပါ။

    တရားမဝင် အလှအပဆေးခန်းတွေ ဖြစ်တာ‌ကြောင့် “Filler ထိုးတဲ့‌ဆေးရည်အပါအဝင် ကုသရေးမှာ သုံးတဲ့ဆေးရည်တွေ၊ ပစ္စည်းတွေက တရားမဝင်ဆေးရည်တွေ ပစ္စည်းတွေပဲ သုံးတာများတယ်” လို့ ဒေါက်တာ ထက်ထက်သောင်းက ရှင်းပြပါတယ်။

    မျက်နှာအစိတ်အပိုင်းတွေမှာ Filler ထိုးတဲ့အခါ တရားမဝင် Filler ဆေးရည်(ဂျယ်လ်)တွေကို သုံးမိတာအပြင် ဆရာဝန်မဟုတ်တဲ့သူတွေရဲ့ သွေးကြောထဲအထိ ဆေးရည်ဝင်အောင်ထိုးမိတဲ့ မှားယွင်းကုသမှုတွေကြောင့် ပိုးဝင်ရောင်ကိုင်းတဲ့အဆင့်ကနေ နှာခေါင်း ဒါမှမဟုတ် နှုတ်ခမ်းပုတ်တာအထိ ဖြစ်နိုင်တယ်လို့ ဒေါက်တာ ထက်ထက်သောင်းက သတိပေးပါတယ်။

    ဒါ့အပြင် အာရုံကြောတွေအများဆုံးရှိတဲ့ မျက်နှာဖြစ်လို့ အမြင်အာရုံအထိပါ ပျက်စီးသွားနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ မရှိတဲ့ အလှအပ (Aesthetic) ဆေးပညာ

    မျက်နှာပြုပြင်တဲ့ ဖေလ်လာထိုးနေတဲ့မြင်ကွင်း (ပုံဟောင်း)

    မြန်မာမှာ အလှအပ‌‌ရေးရာ (Aesthetic)အပိုင်းကို ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးကောင်စီအဖွဲ့ကနေ ဆေးပညာတစ်ရပ်အဖြစ် လက်ခံသတ်မှတ်ထားတာမျိုး မရှိဘူးလို့ အမည်မသုံးလိုတဲ့ ဆေးကောင်စီက အရာထမ်း ဆရာဝန်တစ်ဦးက ပြောပါတယ်။

    မြန်မာက ဆေးတက္ကသိုလ်တွေမှာလည်း “အလှအပ (Aesthetic) နဲ့ပတ်သက်လို့ ဆေးပညာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားတာမရှိသေးဘူး”လို့ သူကဆက်ပြောပါတယ်။

    ၂၀၁၅ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ပုဂ္ဂလိကျန်းမာရေးဆိုင်ရာ နည်းဥပဒေထဲမှာလည်း အလှအပ (Aesthetic) ဆေးခန်းတွေအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ ကျန်းမာရေးလုပ်ငန်းလိုင်စင်မရှိတာကို တွေ့ရပါတယ်။

    အထွေထွေ‌ရောဂါကု(ဆေးရုံ/ဆေးခန်း)၊ အထူးကု(ဆေးရုံ/ဆေးခန်း) အပြင် သားဖွားခန်း၊ ဓာတ်ခွဲခန်းစတဲ့ ပုဂ္ဂလိကဆိုင်ရာ ကျန်းမာရေးလုပ်ငန်းတွေဖွင့်မယ်ဆိုရင်တော့ သက်ဆိုင်ရာလုပ်ငန်းအလိုက် လိုင်စင်ကို လုပ်ငန်းပိုင်ရှင်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှာ လျှောက်ထားရပါတယ်။

    အထူးကုဆေးခန်းလုပ်ငန်းလိုင်စင်လျှောက်ပြီး ဆေးခန်းဖွင့်ထားတဲ့ အထူးကုဆရာဝန်တစ်ဦးဟာ အလှအပပိုင်း Aesthetic အတွက်ပါ အသိအမှတ်ပြုလက်မှတ်ရထားတယ်ဆိုရင်တော့ အထူးကုနဲ့ အလှအပ ၂ မျိုးစလုံးကို ကုသလို့ ရနိုင်ပါတယ်။

    ဒါပေမဲ့ ဆေးရုံမဟုတ်တဲ့ ဆေးခန်းတိုင်းမှာ မေ့ဆေးသုံးတာအပြင် ခွဲစိတ်ခန်းသုံးကိရိယာသုံးပြီး ခန္ဓာကိုယ်တွင်း ခွဲစိတ်ကုသတာတွေကိုတော့ လုံးဝလုပ်ခွင့်မရှိဘူးလို့ ဆေးကောင်စီက အရာထမ်း ဆရာဝန်က ရှင်းပြထားပါတယ်။

    တစ်ဖက်မှာလည်း အလှအပဆေးခန်းတွေကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရပ်တန့်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးပညာဆိုင်ရာနည်းဥပဒေတွေကို ပြန်ပြင်ဆင်ဖို့လိုတယ်လို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ က ဆရာဝန်တစ်ဦးက မှတ်ချက်ပြုပါတယ်။

    ” အခုက Aesthetic ဆေးခန်းတွေအတွက် လုပ်ငန်းလိုင်စင်တွေကို စည်ပင်ကနေ ချပေးနေတာ” လို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ က ဆရာဝန် က ပြောပါတယ်။

    လက်ရှိမှာ ကျန်းမာရေးဝန်ကြီးဌာနတွင်းမှာ Aesthetic နဲ့ပတ်သက်လို့ စနစ်တကျလုပ်ဆောင်ဖို့ နဲ့ လိုင်စင်ထုတ်ပေးနိုင်ရေး အမျိုးသားအဆင့် မူဝါဒ ရေးဆွဲနေဆဲလို့ ကျန်းမာရေးဝန်ကြီးဌာန ဘက်က သိရပါတယ်။

    အလှအပဆေးခန်းတွေနဲ့ ပတ်သက်လို့ စည်ပင်သာယာက တာဝန်ရှိသူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုတွေခံယူဖို့လိုအပ်ပြီး လိုင်စင်ချပေးတဲ့လုပ်ငန်းစဉ်တွေကို ဒီထက်ပိုပြီး တင်းကျပ်သင့်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

    “ဒီဆရာဝန်အတုတွေနဲ့ ကုသနေတဲ့ ဆေးခန်းတွေကို ပပျောက်စေချင်ပြီ။ မတရားသဖြင့် သေဆုံးရတာ ကျွန်မသမီးက နောက်ဆုံးဖြစ်ပါစေ”လို့ မနေခြည် ရဲ့ မိခင်ဖြစ်သူက ငိုလျှက် ပြောပါတယ်။

    အသိပေးချက် – ဒီဆောင်းပါးထဲမှာ သေဆုံးခဲ့တဲ့ မနေခြည်ရဲ့ သူငယ်ချင်းဖြစ်သူ မပိတောက်၊ ဆရာဝန် ၂ ဦးဖြစ်သူ ဒေါက်တာအောင်နဲ့ ဒေါက်တာလင်းထက်တို့ အမည်တွေကို သူတို့ရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာအရ အမည်ပြောင်းလဲပေးဖို့ တောင်းဆိုတာကြောင့် အမည်ပြောင်းလဲဖော်ပြထားပါတယ်။