Author: Baby Yit Lone

  • ၂၀ (ခ) နှင့် ၂၀ (ဂ) ကို သုံးမည် ဆိုပါလား

    ၂၀ (ခ) နှင့် ၂၀ (ဂ) ကို သုံးမည် ဆိုပါလား

    ကြာသပတေး နေ့ တွင် နိုင်ငံကို အုပ်ချုပ်နေသော အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ ဒီဇင်ဘာ ၂၈ တွင် ပြုလုပ်ပေးမည့် ရွေးကောက်ပွဲအား မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် ၁၀၂ မြို့တွင် ပထမ အဆင့် အဖြစ် စတင် ပြုလုပ်သွားမည်ဟု ဆိုသည်။

    ဤသည်က ဦးနု၏ ဖဆပလ အစိုးရ မှ လွတ်လပ်ရေးရပြီး ကာစ တိုင်းပြည် မတည်မငြိမ် ဖြစ်နေချိန်တွင် အဆင့်လိုက်ခွဲ ၍ ၁၉၅၁ ဇွန်လမှ ၁၉၅၂ ဧပြီ လ အထိ ကျင်းပခဲ့ရဖူးသည်။

    ယခု မင်းအောင်လှိုင်သည်လည်း ထိုပုံစံကို အတုယူခဲ့ပုံရသည်၊ သို့သော် တဖက်တွင် ကြည့်မည် ဆိုလျင် ၎င်း၏ အာဏာသိမ်း လုပ်ရပ်ကြောင့် တိုင်းပြည်သည် လွတ်လပ်ရေး ရလာခဲ့သည်မှာ ၇၇ နှစ်ပင် ရှိလာသော်လည်း သုံးနှစ်သားခန့် ဘဝ သို့ ပြန်ရောက်အောင် ဆွဲခေါ်သွားခဲ့သည် ဆိုသည်က ထပ်မံ သိသာလာအောင် ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။

    အာဆီယံ၏ ဖိအားပေးမှု များကလည်း မြင့်တက်လာနေသည်၊ ၎င်းတို့အားလုံးက အကြမ်းဖက်မှုများ ရပ်တန့်ပြီး နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပြီး မှသာ အများ ယုံကြည်နိုင်လောက်သော ‌ရွေးကောက်ပွဲ မျိုး ပြုလုပ်ရန် လိုလားနေကြသည်။

    အာဆီယံသည်လည်း ၎င်းတို့၏ အချက် ငါးချက် ကို တခုမျှ လိုက်လျောခြင်း မရှိပါဘဲလျက် လုပ်လာမည့် ရွေးကောက်ပွဲ ကို မည်သို့ တုန့်ပြန်လာကြမည် ဆိုသည်က စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။

    ၎င်းတို့ ၏ ရွေးကောက်ပွဲသည် လူထု၏ ဆန္ဒသဘောထားကို တိုင်းတာရန် ရည်ရွယ်ခြင်း မဟုတ်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အကြီးတန်း အကြံပေး ရစ်ချတ် ဟော့စ်ဆီ က မှတ်ချက်ချခဲ့သည်ဟု ဟောင်ကောင်ထုတ် South China Morning Post သတင်းစာတွင် ဖေါ်ပြထားသည်။

    ထွက်ပေါ်လာမယ့် အစိုးရသည်လည်း စစ်အုပ်ချုပ်ရေး ကို ပါးပါးလေး ဖုံးအုပ်ပေးမည့် ရုပ်ပြ အစိုးရ သာ ဖြစ်လာဖို့ ရှိပြီး၊ ယင်းကို ဗန်းပြကာ ဒေသတွင်း နှင့် အခြားနိုင်ငံ အချို့မှ သံတမန်ရေး အရ အသိအမှတ် ပြုလာကြလိမ့်မည်ဟု စစ်ဗိုလ်ချုပ်များက ယုံကြည်နေကြသည်မှာ သံသယ ဖြစ်ဖွယ် မရှိဟုလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

    လောလောဆယ် စစ်တပ် ရင်ဆိုင်နေရသော စိန်ခေါ်မှု က ရွေးကောက်ပွဲကို မည်သည့် ပုံစံ မျိုး နှင့် လုပ်ပြရမည်နည်း ဆိုသည်ပင် ဖြစ်သည်။

    အလုပ်နိုင်ဆုံးက စစ်စခန်းများ အခိုင်အမာ ထိန်းချုပ်ထားနိုင်သည့် ဒေသများ တွင် ဖွင့်လှစ်သွားဖို့ ရှိနေသည်။ သို့သော် မြို့ကြီးများတွင်ပင် တွန်းလှန် ဆန့်ကျင်မှုများ ရှိလာမည်သာ ဖြစ်သည်ဟု ဆိုသည်။

    မင်းအောင်လှိုင်က လူထု လိုလားတောင့်တသော ဒီမိုကရေစီ ဖေါ်ဆောင်ပေးမည်၊ လူထုအကျိုးကို အမှန်တကယ် ထမ်းရွက်နိုင်မည့် ကိုယ်စားလှယ် လောင်းများသာ မြင်ချင်သည် အစရှိသဖြင့် ဒီမိုကရေစီ ဂုရုကြီး အသွင် ဖမ်းကာ အာပဒေါင်း ပွအောင် ပြောဆိုနေချိန်တွင် တဖက်ကလည်း ဆန္ဒပြမှု များနှင့် အတိုက်အခံများကို တားမြစ်ဖို့အတွက် ဖိနှိပ်ချုပ်ခြယ်သည့် ဥပဒေအသစ်များအား ဒလကြမ်း ပြဌာန်းနေသလို၊ လူငယ်များကိုလည်း စစ်မှုမထမ်းမနေရ ဥပဒေ မှ တဆင့် ခြိမ်းခြောက်နေသည်။

    ထိုကဲ့သို့သော လုပ်ရပ်များသည် ၎င်းတို့ ပြောနေသည့် “ဒီမိုကရေစီ ကို ကာကွယ် စောင့်ရှောက်နေပါသည်” ဆိုသော စကား နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြခဲ့ကြသည်။

    နေပြည်တော် မှ လာသော သတင်းများအရ ယခု ဖွဲ့စည်းလိုက်သော နိုင်ငံတော် လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင်သည် ရွေးကောက်ပွဲ မတိုင်မီ ကြားကာလ အုပ်ချုပ်ရေး အဖွဲ့ ဖြစ်သည်ဟု ဆိုသော်လည်း ရွေးကောက်ပွဲ ပြီးသည့် နောက်တွင် ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၂၀ (ခ) နှင့် ၂၀ (ဂ) အရ အမြဲတမ်း အဖွဲ့အစည်း အဖြစ် သတ်မှတ် ကြေညာ သွားမည်ဟု သိရကြောင်း ဝါရှင်တန် အခြေစိုက် Stimson Center က ဆိုသည်။ ထိုကော်မရှင်သည် လွှတ်တော် နှင့် အစိုးရ ထိန်းချုပ်မှု အောက်တွင် ရှိမည် မဟုတ်ဘဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိလာမည် ဟု သိရသည်။ ထိုနည်းဖြင့် မင်းအောင်လှိုင်သည် သမ္မတ ရာထူး ယူခဲ့လျင် စစ်တပ် အပေါ် ယခင် အတိုင်း ဩဇာ သက်ရောက်မှု ရှိစေရန် စီမံထားခြင်း ဖြစ်သည်။

    ၂၀ (ခ) တွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင် ထမ်းဆောင်သည်။

    (ဂ) တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက်သာမက ပြည်သူ့အကျိုးကိုပါ ထမ်းဆောင်သည် ဟု ပါရှိသည်။

    မင်းအောင်လှိုင်သည် သမ္မတ ဖြစ်ရေးကိုယ်သာ ယတြာချေ ဆု‌ တောင်း ခဲ့သော်လည်း သမ္မတ တယောက်တွင် ရှိသင့်ရှိထိုက်သည့် အသိလိမ္မာ၊ ပညာဉာဏ် အစရှိသည့် ခေါင်းဆောင်မှု အရည်အသွေးများ ရရှိလာရန်ကိုမူ ဆုတောင်းရန် မေ့ လျော့နေခဲ့ပုံရသည်။

    မြန်မာပြည်သူများသည် ၎င်း အပေါ် ရွံရှာ မုန်းတီးနေမှုများက ယခုမှ ပင် မဟုတ် ကာလကြာမြင့်စွာကပင် ရှိနေပြီး ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြရုံမက တိုင်းပြည်စီးပွားရေးကို ဂုတ်မှနေ ခွစီးထားခဲ့သဖြင့် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်နေမှု အပါအဝင် အကြောင်းပေါင်းစုံ ပါဝင်နေခဲ့သည်။

    သို့သော် ဒေါ်‌အောင်ဆန်းစုကြည်၏ ရင်ကြားစေ့ရေး အောင်မြင်လို အောင်မြင်ငြား ဆိုက ပြည်ထောင်စု မိခင်ကြီး၏ မျက်နှာကို ထောက်ထား၍ ငြိမ်ခံနေခဲ့ကြခြင်းမျိုးသာ ရှိသည်။

    ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုအနေအထားကြားမှပင် သူမ၏ မူဝါဒကို ပြည်သူများ၏ ထောက်ခံမှု နှင့် အတူ မှန်ကန် ဖြောင့်မတ်စွာ စွဲကိုင် လျှောက်လှမ်းနိုင်ခဲ့၍ မင်းအောင်လှိုင် အဖို့ မည်သို့သော အကြောင်းပြချက် မျိုးကိုမှ ရှာမတွေ့ တော့ဘဲ နောက်ဆုံး တွင် တုတ်စွဲ ဓါးစွဲ ကာ လူမိုက်ဆန်ဆန် အာဏာသိမ်း ယူလိုက်ရသည့် လူသတ်ကောင် ဘဝ ကျရောက်သွားခဲ့ရပေသည်။

    လက်ရှိ အဖြစ်သနစ်အား လူကောင်း သူကောင်းများ နှင့် မကောင်းဆိုးဝါး အဖြစ် အသွင်ပြောင်းလာသူတို့အကြား ပဋိပက္ခကြီးသာ ဖြစ်ပေသည်။

    လူအများ၏ ရွံရှာ မုန်းတီးခြင်းကို ခံလာရပြီး နောက် ပြန်၍ ခေါင်းထောင်နိုင်မည်လားဟု ကြံရွယ်လာခြင်း ဖြစ်သည်။

    ၎င်းအား သမ္မတ အဖြစ် တင်‌ မြှောက် ပေးနိုင်ရေး အတွက် မြန်မာ ပြည်သူတို့၏ သားသမီး၊ လင်ယောကျ်ားများ၏ အသက်နှင့် ရင်း၍ အနစ်နာခံကြရဖို့ ဖြစ်လာနေသည်။

    ၎င်း၏ အယူအဆများ၊ အပြောအဆိုများကို မည်သူ တဦးတယောက် ကမျှ တစုံတရာ ကန့်ကွက် ပြောဆိုရဲခြင်း၊ တည့်မတ်ပေးခြင်းမျိုး မရှိခဲ့ပေ။ ထို့အတွက် နောက်ပိုင်းတွင် လူထု သည် ၎င်း ပါးစပ်ဟ လိုက်တိုင်း ဒေါသအမျက်ချောင်းချောင်း ထွက်လာခဲ့မှု များ ၊ လှောင်‌ ပြောင်မှု များ နှင့် ကြုံလာရသည့် အခါတွင်တော့ အံ့အားတသင့်ကြီး ဖြစ်သွားခဲ့ရသည်ဟု သိရသည်။

    ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

    ✍ Hla Soe Wai

  • တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ

    တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ

    တယ်လီနော မက်တာဒေတာကြောင့် ကိုဂျင်မီ ဖမ်းဆီးခံရကြောင်း နော်ဝေ- မြန်မာကော်မတီ အကြီးအကဲဟောင်း စွပ်စွဲ

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီအဖမ်းခံရမှုနှင့် တယ်လီနော-မြန်မာက တယ်လီဖုန်းသုံးစွဲမှုဆိုင်ရာအချက်အလက်များ၊ ဖုန်းဟန်းဆက်တည်နေရာတို့ပါသောအချက်အလက်များကို စစ်အုပ်စုထံလွှဲပြောင်းပေးခဲ့မှုနှင့် ဆက်စပ်နေကြောင်း နော်ဝေ-မြန်မာ ကော်မတီ ဒါရိုက်တာဟောင်း အော်ဒွန်း အာဂါ (Audun Aagre) က စွပ်စွဲလိုက်သည်။

    အာဏာသိမ်းပြီးနောက် ကိုဂျင်မီ ပုန်းအောင်းနေခဲ့သဖြင့် စစ်တပ်က ရှာမတွေ့ ခဲ့သော်လည်း တယ်လီနောက ကိုဂျင်မီနှင့်ပတ်သက်သည့် မက်တာဒေတာကို ထုတ်ပြန်ပြီးနောက် မကြာမီတွင် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

    “တယ်လီနောက ကိုဂျင်မီနဲ့ပတ်သက်တဲ့ Metadata (မက်တာဒေတာ) လွှဲပြောင်းပေးလိုက်ပြီးတဲ့နောက်သိပ်မကြာခင်မှာပဲ သူအဖမ်းခံခဲ့ရတယ်။ ဇူလိုင် ၂၃ ရက်၊ ၂၀၂၂ ခုနှစ်မှာ သူကြိုးပေးကွပ်မျက်ခံခဲ့ရတယ်” ဟု အော်ဒွန်း အာဂါက နော်ဝေအခြေစိုက် Panorama News တွင် မှတ်တမ်းဆောင်းပါးထဲတွင် ရေးထားသည်။

    မက်တာဒေတာဆိုသည်မှာ မိုဘိုင်းသုံးစွဲသူ၏ ဖုန်းခေါ်ဆိုမှုကြာချိန်၊ နှစ်ဖက်ဖုန်းဟန်းဆက်များ တည်နေရာ၊ ဟန်းဆက်အမျိုးအစား၊ အင်တာနက်အသုံးပြုမူတို့ကိုပြသသောအချက်အလက်များကိုဆိုလိုသည်။

    တယ်လီနော-မြန်မာက မည်သည့်နေ့ရက်တွင် မက်တာဒေတာလွှဲပြောင်းပေးခဲ့သည်ကိုမူ ဖော်ပြထားခြင်းမရှိပါ။

    အော်ဒွန်းအာဂါသည် နော်ဝေ-မြန်မာ ကော်မတီ (The Norwegian Burma Committee) တွင် ဒါရိုက်တာဟောင်းဖြစ်ပြီး နော်ဝေ Myanmar Support Group ကို ဆက်လက်အကြံပေးနေသူဖြစ်သည်။

    ကိုဂျင်မီ (ခ) ကိုကျော်မင်းယုသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့တွင် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်အတွင်းရှိ ပင်လုံအိမ်ရာ၌ အဖမ်းခံခဲ့ရသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကိုဂျင်မီကို ပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့ဖြင့်သေဒဏ်ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၃ နာရီတွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ခဲ့သည်။

    သူနှင့်အတူ ကိုဖြိုးဇေယျာသော်ကို ကြိုးပေးကွပ်မျက်ခဲ့ပြီး နောက်တရက်တွင် ကိုလှမျိုးနှင့် ကိုအောင်သူရဇော်တို့ကိုပါကွပ်မျက်ခဲ့သည်ဟု ဆိုသည်။

    “တယ်လီနောသည် ဒီမိုကရေစီ တောင်းဆိုသည့် ကိုဂျင်မီကဲ့သို့ နိုင်ငံရေးသမားများအတွက် အိပ်မက်ဆိုးဖြစ်စေခဲ့သည်” ဟူသည့်ခေါင်းစဉ်ဖြင့် ပေါ့ကပ်စ်ပရိုဂရမ်တခုကိုလည်း နော်ဝေရေဒီယိုသတင်းဌာနဖြစ်သည့် NRK က ထုတ်လွှင့်နေကြောင်းလည်း မစ္စတာ အော်ဒွန်းအာဂါက ရေးသားထားသည်။

    အဆိုပါပေါ့ကပ်စ်တွင် ကိုဂျင်မီအပါအဝင် အဖမ်းခံရသူ၊ အသတ်ခံရသူများ၏ဒေတာများလွှဲပြောင်းမှုရှိခဲ့သည့်သက်သေများကို ရှင်းပြမည်ဟုဆိုသည်။

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ သတင်းအချက်အလက်နှင့် တောင်းဆိုမှုများကို တယ်လီနောက တုံ့ပြန်မှု အကြိမ်ပေါင်း ၁,၃၀၀ လုပ်ခဲ့သည်ဟုလည်း ပါရှိသည်။

    ထိုအချက်အလက်များထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အချက်အလက်များလည်းပါသည်ဟု ဆိုသည်။

    တယ်လီနောအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ယခုအဖြစ်အပျက်ကို မကျူးလွန်ဘဲနေမည်ဆိုလျှင် အခွင့်အရေးရှိခဲ့ပါသော်လည်း ချိုးဖောက်ခဲ့သည်သာဖြစ်ကြောင်းနှင့် ယခုလုပ်ရပ်အတွက် တာဝန်ခံသင့်ကြောင့်လည်း မစ္စတာ အော်ဒွန်းက ရေးသားထားသည်။

    တယ်လီနောကတော့ ၎င်းတို့ဒေတာလွှဲပြောင်းခဲ့ခြင်းအပေါ် နောင်တမရဟုဆိုကာ သူတို့အနေဖြင့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအရ လိုက်နာခဲ့သည်သာဖြစ်ကြောင်းလည်း တယ်လီနောက NRK ကိုပြောသည်ဟု ပါရှိသည်။

    တယ်လီနော၏ “အကြီးမားဆုံးမှားယွင်းမှု” သည် နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့လျှင် သုံးစွဲသူများ၏လုံခြုံရေးအတွက် မည်ကဲ့သို့စီမံဆောင်ရွက်မည်ကို ကြိုတင်စီစဉ်ထားခြင်းမရှိခြင်းဖြစ်သည်ဟု မစ္စတာအော်ဒွန်းက ပြောသည်။

    တယ်လီနော၏အစုရှယ်ယာအများစုကို နော်ဝေအစိုးရက ပိုင်ဆိုင်သည်။

    တယ်လီနော-မြန်မာကို လက်ဘနွန်အခြေစိုက် M1 Group နှင့် စစ်အုပ်စုနှင့်နီးစပ်သည့် ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူတို့ကို လွှဲပြောင်းရောင်းချမှု ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့ပြီး ထိုနှစ် ဇွန်လ ၈ ရက်နေ့တွင် အက်တမ် (Advancing Telecommunications of Myanmar) ဟု အမည်ပြောင်းလဲခဲ့သည်။

    အက်တမ်သို့ပြောင်းလဲပြီးနောက်ပိုင်း ဖုန်းသုံးသူများ၏မက်တာ​ဒေတာများကို စစ်အုပ်စုက ဆက်လက်ရရှိနေခဲ့သည်ဟု ဝန်ထမ်းဟောင်းတဦးကပြောသည်။

  • သတင်းတချို့တလေကြောင့် စိတ်ဓာတ်ကျနေရင် အသိပေးစရာရှိတာ ပေးပါမယ်

    သတင်းတချို့တလေကြောင့် စိတ်ဓာတ်ကျနေရင် အသိပေးစရာရှိတာ ပေးပါမယ်

    သတင်းတချို့တလေကြောင့် စိတ်ဓာတ်ကျနေရင် အသိပေးစရာရှိတာ ပေးပါမယ်

    ကျွန်တော်တို့မှာ မဟာဗျူဟာမြောက် အင်အားနဲ့ ထိုးစစ် လုပ်ဆောင်နိုင်စွမ်း ပျက်ယွင်းမသွားပါ

    ဒါဟာ ကျွန်တော့် ထင်ရာမြင်ရာ အာဘော်မဟုတ်ဘဲ သတင်းအချက်အလက်အပေါ် အခြေခံပြီးမှ စနစ်တကျ ရှု့မြင်တဲ့ ယူဆချက် ဖြစ်ပါတယ်

    ဗန်းမော်မှာလည်း တဂျိမ်းဂျိမ်းချနေတာ ပွဲက မရပ်သေးပါဘူး

    ကျွန်တော်တို့တပ်ရင်း အပါအဝင် အညာက တက်သွားတဲ့ တပ်တွေလည်း ဗန်းမော်မှာ ဝင်ချနေကြတုန်းပါ မြို့ထဲကနေ စစ်တပ်က ပြန်ထွက်သွားပါတယ်

    လက်လွှတ်လိုက်ရတဲ့ အမြောက်တပ်ကို KIA PDF တွေ ပြန်သိမ်းတဲ့သတင်း တွေ့မှာပေါ့နော့

    ထိုင်း မြန်မာနယ်စပ်ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်း ကီလိုမီတာ ရှစ်ရာကျော် သိမ်းယူထားနိုင်တဲ့ KNLA ကလည်း ဝေါလေဗျူဟာကို ထိုးနေပါတယ်

    KNDF KA KNPP တွေကလည်း တပ်ပေါင်းစု စုဖွဲ့ဖို့ မဖြစ်မနေ ပြင်ဆင်ကြိုးစားနေကြပါတယ်

    AA က ကျောက်ဖြူ ကို မရသေးပေမယ့် စစ်တပ်ရဲ့ တုံ့ပြန်ထိုးစစ်ကို ဦးချိုးထားနိုင်တုန်းပါ ဒါ့အပြင် ဥသျှစ်ပင် ရေကြည် သာပေါင်း လေးမျက်နှာ စသဖြင့် စစ်ပွဲတွေ ကျယ်ပြန့်လာနေပါတယ်

    UWSA ကတော့ SSPP/SSA, MNDAA, TNLA သုံးဖွဲ့ကို ခေါ်ပြီး မည်သည့်အကြောင်းကြောင့်မှ အကူအညီမပေးတော့ဘူးဆိုတာ ပြောလေရဲ့

    ခေါ်ပြောခံရတဲ့ သုံးဖွဲ့ကလည်း စောဒကတက်စရာ ဘာရှိလို့လဲ

    နားလည်ပါတယ်နဲ့ ပြန်လာရတယ်

    မှီခိုသူ့ဒုက္ခ ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ရတာပဲ

    အမှီခိုခံ UWSA ကအစ ခဲမဖြူတွေ တရုတ်ပို့ မှီခိုနေရတာ

    တရုတ်မှ မဝယ်ရင် ဘာစီးပွားရေးမှ မရှိပါဘူး

    လက်တွေ့နိုင်ငံရေးက အဲ့လိုသွားတယ်

    သံလွင်အနောက်ခြမ်းကို ခြေချလာတာ တန့်ယန်းကို ဝင်လာတာ လားရှိုးမှာ ဝင်ထိုင်တာတွေက UWSA အတွက် စစ်မတိုက်ရဘဲ အမြတ်ထွက်တယ်လို့ ယူဆခဲ့ကြတာ

    တကယ်ကတော့ မြို့တွေ ပါသထက်ပါ အဖြစ်မျိုးမရောက်အောင် UWSA ဟာ စစ်ကောင်စီရဲ့ BGF သဘောမျိုး ဆောင်ရွက်လိုက်ရတဲ့သဘောပဲလို့ ရှု့မြင်ရပါတယ်

    ဒါကို တရုတ်ဖိအားလို့ပဲ ဆက်လက်ရှု့မြင်နေဦးပါမယ်

    အဲ့ဒီ UWSA သတင်းကိုဘဲ ကျနော့်အမြင် ဖြည့်စွက်ဆွေးနွေးပါမယ်

    ခေါ်ပြောခံရတဲ့ အဖွဲ့က သုံးဖွဲ့ ဖြစ်ပါတယ်

    SSPP TNLA MNDAA ပါ

    SSPP က အစကတည်းက မပါခဲ့တာမို့ ဘာမှပြောစရာမရှိပါ

    MNDAA က ယခင်ကတည်းက နယ်ကျဥ်းပါတယ်။ လှုပ်နိုင်စွမ်းအကန့်အသတ်ပါ

    လက်ရှိအနေအထားကနေ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှာ နေရာယူခွင့်အတွက် နိုင်ငံရေးအရ အလျှော့ပေးရဖို့ရှိနေပါတယ်

    ထိုသုံးဖွဲ့အနက် တိုက်အား ဆွဲထုတ်နိုင်သေးတာ TNLA ဖြစ်ပါတယ်။ ဒါကို မျှော်လင့်နိုင်ပါတယ်

    နောက်တချက်က စာထုတ်ပြန်မှုအရေးအသားပါ

    အလွန်ဆိုးရွားသောအခြေအနေလို့ သုံးနှုန်းထားပါတယ်

    အဲ့ဒါဟာ လူထုကိုသတင်းစကားပါးမှုအရ စစ်ကောင်စီဘက်ကို အပြည့်အဝ ရပ်တယ်လို့ မဆိုလိုပါ

    UWSA ဟာ ကျနော်တို့ရဲ့ ရန်သူ ဖြစ်မနေသေးပါဘူး

    နောက်ပြီး လေးနှစ်ကျော်မှာ တော်လှန်ရေးကို ကူနေပါတယ်လို့ လူသိရှင်ကြားမပြောပေမယ့် ကူနေခဲ့တာပါ

    ခုမှသာ အားမတန်လို့ ထုတ်ပြောရတဲ့အခြေအနေလို့ ရှု့မြင်ပါတယ်

    ရခိုင်အနေနဲ့ ရိုးမ ကို ချုပ်ကိုင်ပြီး ဧရာဝတီ မကွေးတကြော စစ်ရေးလက်တံဖြန့်နေတာ အောင်မြင်တယ်လို့ ယူဆပါတယ်

    အခြေအနေက အကျဘက် မရောက်သေးပါဘူး

    သိန္ဒီကို စစ်ကောင်စီတပ်က လဝကနဲ့ စသုံးလုံးတွေ ပြန်လည်ဝင်ရောက်နေရာယူပါတယ်

    ရှမ်းမြောက်ကနေ တိုက်အား ဆွဲထုတ်နိုင်သေးတာက TNLA ဖြစ်ပါတယ်

    TNLA ဟာ NUG နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ အတိအလင်း ထုတ်ပြန်ထားသလို KIA နဲ့လည်း ပြေလည်မှုရရေး ဆောင်ရွက်နေမယ်လို့ သုံးသပ်ရပါတယ်

    လက်နက်စက်ရုံ ကျည်စက်ရုံရှိတာက KIA ဖြစ်ပါတယ် KIA ဟာ UWSA မပါဝင်တော့တဲ့ လက်နက်ခဲယမ်းထောက်ပံ့မှုကိစ္စရပ်ကြီးကို အပြည့်အဝ ဝင်ရောက်ပခုံးထမ်းရတော့မှာဖြစ်ပါတယ်

    KNLA နဲ့ ကရင်နီ ဘက်ကတဆင့် လက်နက်ခဲယမ်းလမ်းကြောင်းသစ် မြေပြန့်ဘက် အဆီးအတားနည်းစွာ ပွင့်အောင် ဖွင့်ဖို့လိုပါတယ်

    ခြုံပြောရရင် ကျွန်တော်တို့မှာ စစ်အင်အားအရ တိုက်အားအရ 1027 လို ထိုးစစ်လုပ်နိုင်စွမ်း ရှိနေပါတယ်

    အဲ့အတွက်လည်း လူထုရဲ့တွန်းအားနဲ့ စစ်ကောင်စီရဲ့ဖိအားက တော်လှန်ရေးတပ်တွေ ကျစ်လျစ်စွာစုဖွဲ့အောင် မဟာမိတ်ခိုင်မာအောင် အကြောင်းဖန်နေတာပါ

    တနေ့ကဘဲ ဧရာဝတီရဲ့ အမှတ်၂၉ ဗျူဟာကြီးဟာ သင်တန်းအမှတ်စဥ် ၆ ဆင်းခဲ့ လက်နက်တပ်ဆင်လိုက်ပါတယ်

    တနိုင်ငံလုံးမှာ စစ်ကောင်စီရဲ့ ဖြန့်ကြက်ထိုးစစ်တွေ မြင့်တက်လာတယ်ဆိုသော်ငြား လက်ရှိအချိန်ထိ ဖြေရှင်းနေနိုင်ဆဲ ဖြစ်ပါတယ်

    ဒါ သူတို့ရဲ့ အားကုန်ထိုးစစ်ပါ

    သည်လိုထိုးနိုင်ဖို့ သူတို့တနှစ်လောက် ပြင်ဆင်ခဲ့ရပါတယ်

    အဲ့ဒါကို လပိုင်းအတွင်း ချေဖျက်ဖို့ ကြိုးစားရပါတယ်

    အတူတူ ချေဖျက်ကြရအောင်ပါ

    ပြည်သူတွေကလည်း ကျွန်တော်တို့ကို ထောက်ခံအားပေးပါ နိုင်ရာကူပါ

    ခုချိန်ထိ ကျွန်တော် ကတိပေး အတိအကျ ပြောနိုင်တာက ကျွန်တော်တို့ လုံးဝ ရှုံးမနေသေးပါဘူး

    မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့် Credit

  • ခြံအမှတ်(၅၄)ကိစ္စ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံရပြီး​နောက် ဦး​အောင်ဆန်းဦးဘက်က ထပ်မံတင်ပြနိုင်မှု မရှိ​

    ခြံအမှတ်(၅၄)ကိစ္စ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံရပြီး​နောက် ဦး​အောင်ဆန်းဦးဘက်က ထပ်မံတင်ပြနိုင်မှု မရှိ​

    ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)ကို လေးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော် လည်း ဝယ်ယူသူမရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံထားရပြီး​နောက် လက်ရှိတွင် ထပ်မံတင်ပြလာခြင်း မရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်ထဲတွင် ခြံအမှတ် (၅၄)၏ မြေတဝက်ကို ယူလိုကြောင်း ဦးအောင်ဆန်းဦး၏ သုံးကြိမ်မြောက် လျှောက်ထားချက်ကိုလည်း ရန်ကုန်တိုင်း၊ ကမာရွတ်ခရိုင်တရားရုံးက ဩဂုတ်လ ၇ ရက်နေ့က ပယ်ချခဲ့ကြောင်း သိရသည်။

    ထို့ကြောင့် အဆိုပါ ခြံနှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦးဘက်က ထပ်မံတင်ပြလျှောက်ထားရန် ဩဂုတ်လ ၁၃ ရက်နေ့နှင့် ယနေ့ (ဩဂုတ် ၂၁)တို့တွင် ရုံးချိန်းခေါ်ယူခဲ့သော်လည်း တင်ပြခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

    ယနေ့ရုံးချိန်းတွင်မူ ဦးအောင်ဆန်းဦး၏ ရှေ့နေဘက်က အမှုသည်နှင့် မတွေ့ရသေးဟုသာ တင်ပြခဲ့ကြောင်း ဆို သည်။

    ဦးအောင်ဆန်းဦးအနေဖြင့် အဆိုပါခြံအား လေလံတင်ရောင်းချ၍ မရသည့်နောက် ဖမ်းဆီးခံထားရသည့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က လေလံဈေးနှုန်းသတ်မှတ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မပါဝင်သည့် မြေတဝက်ကို အရင်ခွဲရောင်းရန် လျှောက်ထားချက်များမှာလည်း ပယ်ချခံထားရခြင်းဖြစ်သည်။

    စစ်​ကော်မရှင်ထိန်းချုပ် တရားရုံးဘက်ကမူ ခြံအမှတ် (၅၄) အား လေလံတင်ရောင်းချခြင်းမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချမှတ်ထားသည့်ကိစ္စကို အကောင်အထည်ဖော်ခြင်းဖြစ်သည့်အတွက် တဝက်ခွဲဆောင်ရွက်ပေး၍ မရဟု ဇွန်လထဲတွင် ပြောဆိုထားဖူးသည်။

    ခြံအမှတ် (၅၄) အ​မွေဆိုင်အမှုနှင့်ပတ်သက်ပြီး အဆိုပါခြံရှိ နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်တွင် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။

    သို့​သော် ဦးအောင်ဆန်းဦးက ခြံဝန်းတခုလုံးအား လေလံပစ်ပြီးရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် အယူခံအဆင့်ဆင့်တက်ခဲ့ရာ ပယ်ချခံခဲ့ရပြီး​နောက် အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ်ထဲတွင် ပြည်​ထောင်စုတရားလွှတ်​တော်ချုပ်က ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

    ထို့​နောက် အဆိုပါခြံကို ပထမအကြိမ် ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ် ကျပ် ၃၀၀ ဘီလီယံ၊ တတိယအကြိမ် ကျပ် ၂၉၇ ဘီလီယံနှင့် စတုတ္ထအကြိမ် ကျပ် ၂၇၀ ဘီလီယံတို့ဖြင့် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့​ပေ။

    ဓါတ်ပုံ – ခြံအမှတ် (၅၄) နှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်များ ဆက်တိုက်ပယ်ချခံထားရပြီး​နောက် လက်ရှိတွင် ထပ်မံတင်ပြလာခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

  • ကျောက်ဖြူတိုက်ပွဲ AA စစ်ရှိန်ပြန်မြှင့် စစ်တပ်အထိနာ

    အာရက္ခတပ်တော်(AA)ကAAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ် စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။

    ဇွန်လမတိုင်မီက တိုက်ပွဲများတွင် AA သိမ်းယူခဲ့သည့် လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ သပြုတောင်၊ ပြင်ရှည်ရွာနှင့် စည်မော်ရွာဘက်၌ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများ၌ စစ်တပ်အထိနာပြီ ဖရိုဖရဲဖြစ်ကာတပ်ပျက်နေကြောင်း AA နှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

    “တိုက်ပွဲတွေက သြဂုတ်လဆန်းမှာ ပိုပြီးပြင်းထန်လာတာပါ။AAရှိတဲ့နေရာတွေကို စစ်တပ်က ထိုးစစ်လုပ်လာတာ။ သူတို့တပ်လန်ကျနေတယ်။ သေဆုံးတာတွေ များတယ်။ သြဂုတ်လ ၁၀ ရက်နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာ ၁၀၀ ကျော်ပြီလို့ သတင်းရတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

    AAသည် ရခိုင်ပြည်နယ်မှမြို့နယ်အများအပြားကိုသိမ်းယူပြီးနောက် ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။

    ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။

    ထိုးစစ်အရှိန်လျော့ထားစဉ်ကာလ၌စစ်တပ်က လေကြောင်းမှ အင်အားဖြည့်ခဲ့သည်။ ထို့အပြင် AAရှိသည့်နေရာများကို လေကြောင်းနှင့် လက်နက်ကြီးသုံး ၊ဒရုန်းများသုံး၍ တိုက်ခိုက်ခဲ့ပြီးမြေပြင်မှလည်း စစ်ကြောင်းထိုးခဲ့သည်။

    ထို့အပြင် စစ်တပ်ကစာသင်ကျောင်းများနှင့်ဘာသာရေးအဆောက်အအုံများကိုပစ်မှတ်ထား၍ဗုံးကြဲခဲ့သည်။

    ဇူလိုင်လ ၂၃ ရက်၊ ဇူလိုင်လ ၃၀ရက်နှင့်ဩဂုတ်လ ၈ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီး ကျောင်းနှင့် မင်းရပ်တိုက်နယ်၊သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်း၊မင်းပြင်ရွာမှ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းများဗုံးကြဲခံရပြီးအရပ်သားထိခိုက်မှုများရှိခဲ့သည်။

    “စစ်တပ်က ဒရုန်းရယ်၊လေကြောင်းရယ်၊ နေဗီ(ရေတပ်)ကနေရယ် ပစ်ကူပေးပြီး မြေပြင်ထိုးစစ်အရှိန်မြင့်လာတာမှာ AAက စစ်ရှိန်ပြန်မြှင့်တာ။ စစ်ရေအခြေအနေ ပြောဖို့စောပေမယ့် ရှေ့ကာလမှာတိုက်ပွဲပိုပြင်းထန်လာဖို့ရှိတယ်”ဟု AAနှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

    ပြီးခဲ့သည့်မေလနှင့် ဇွန်လကတိုက်ပွဲများတွင်လည်း စစ်ကောင်စီဘက်တွင်ထိခိုက်သေဆုံးမှုများခဲ့ပြီးတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် ခြေမြန်တပ်ရင်း ခမရ(၂၁၁) ဒုတပ်ရင်းမှူးဗိုလ်မှူးဝင်းသန့်တို့ AA၏ စနိုက်ဘာထိမှန် သေဆုံးခဲ့သည်။

    ကျောက်ဖြူမြို့တွင်လည်း အခြားဒေသများနည်းတူ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်မြေပြင်တွင် AA ထံ အလင်းဝင်လာသူများ ရှိနေသည်။

    ဇူလိုင် ၃၁ ရက်တွင် AAထံ အလင်းဝင်လာခဲ့သည့် စစ်သားသစ်တပ်သား မောင်မောင်ဝင်းက စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းဆင်းများအား တိုက်ပွဲအတွင်းရှေ့တန်းမှတက်ခိုင်းသလို သေဆုံးသည့်စစ်မှုထမ်းတပ်သားသစ်များကိုလည်းပြီးစလွယ်မြေမြှုပ်ခဲ့သည်ဟုပြောထားသည်။

    AAသည် ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားသည်။

    စစ်​ကောင်စီက ​ရွေး​ကောက်ပွဲအပိုင်း (၁)ကို လတ်တ​လော သိမ်းပိုက်မခံရ​သေးသည့်​ကျောက်ဖြူ ၊ စစ်​တွေ ၊ မာန်​အောင် မြို့နယ်တို့တွင်ကျင်းပမည်ဟုဆိုသည်။

    ကျောက်ဖြူတိုက်ပွဲနှင့်ပတ်သက်၍ AAက သီးခြားသီတင်းထုတ်ပြန်ခြင်းမရှိသော်လည်းမျှော်မှန်းထားသောစစ်ရေးရည်မှန်းချက်များအလုံးစုံအောင်
    မြင်စေရန်အတွက် စစ်ကောင်စီနှင့် ရင်ဆိုင်ထားသောနေရာများ၌ တိုက်ပွဲများဆက်ဖြစ်နေသလိုအပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေကြောင်း ဩဂုတ်လ ၁၆ရက်၌ ထုတ်ပြန်ထားသည်။

    Photo: အာရက္ခတပ်​တော်(AA)တပ်ဖွဲဲ့ဝင်များ