Author: Baby Yit Lone

  • ကျားဖြန့်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

    ကျားဖြန့်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

    အောက်ပါရေးသားချက်များကို ဝတ္တုဟုမှတ်ယူလိုက မှတ်ယူနိုင်ပြီး၊ သတင်းဆောင်းပါးဟုမှတ်ယူလိုကမှတ်ယူနိုင်ပါသည်။ သတင်းရင်းမြစ်ကိုငဲ့ညှာရသဖြင့် နာမည်နှင့်တည်နေရာကို အတိအကျမဖော်ပြနိုင်ခြင်းကိုသည်းခံပေးပါရန်။

    ဆရာရေ နေကောင်းရဲ့လား၊ ကျွန်တော်သတိတရစာရေးလိုက်ပါတယ်။ စာရိုက်ရတာလည်းမလွယ်ဘူးဆရာရဲ့ ၊ အုပ်စုခေါင်းဆောင်တွေလစ်တုန်း ရေးရတာ၊သူတို့အနားရောက်လာရင် ဆရာ့ကို ကျွန်တော် အစ်ကိုလို့ခေါ်မယ်နော်၊ အစ်ကိုက ဘာအလုပ်လုပ်တာလဲ ဆူရှီးလား၊ Uber taxi မောင်းတာလား၊ US ရောက်တာဘယ်လောက်ကြာပြီလဲ ဘာညာပေါ့၊ ညီမ အစ်ကို့ကိုအရမ်းခင်ပါတယ်ဘာညာပေါ့ဆရာရယ်။ကျွန်တော်တို့ဘဝကလည်း ယောက်ျားကမိန်းမယောင်ဆောင်နေရတာဆရာရယ်၊ဒါကိုဆရာလည်းသိပါတယ်၊သိလို့မှ ဟိုတစ်ခါ မြတ်နိုး ဆိုပြီးအယောင်ဆောင်ထားတဲ့ကောင်ကိုဆရာက ယောက်ျားလေးမှန်းသိနေတာပေါ့။အဲ့ဒိအဖွဲ့နဲ့ကျွန်တော်တို့ကမတူပါဘူး၊သပ်သပ်စီပါ။ ကျွန်တော်တို့က လူတစ်ယောက်ကို အနည်းဆုံး ဖေ့စ်ဘွတ် ၊အကောင့် ဆယ်ခုလောက်စီရှိတယ်ဆရာရဲ့၊ အင်းလေ အားလုံးမိန်းမနာမည်တွေနဲ့ချည်းပေါ့ ၊ တွေးမိတွေးရာနာမည်တွေလျှောက်မှည့်ရတာပဲဆရာရေ။တင်ထားတဲ့မိန်းကလေးဓာတ်ပုံတွေလား၊ US မှာရောက်နေတဲ့ Instagram ကမြန်မာမတွေဓာတ်ပုံကိုဒေါင်းလုပ်ဆွဲ ပြီးယူထားတာပဲဆရာရေ၊ အထူးသဖြင့် နိုင်ငံခြားမှာ နေတဲ့သူတွေရဲ့ပုံပေါ့ ၊ လှရမယ် ချောရမယ်၊ချမ်းသာ နေတဲ့ပုံပေါက်ရမယ်၊အဲ့လိုကောင်မလေးတွေပုံကို ယူသုံးတာပေါ့။

    ဘယ်လိုလိမ်တာလဲ ဟုတ်လား၊ ပြောမှာပေါ့ဆရာရယ် မလောပါနဲ့။ ကျွန်တော်တို့ကအသင်းလေးတွေ နဲ့ဆရာရဲ့၊တစ်သင်းမှာလူဆယ်ယောက် ရှိတယ်။ လူ ၁၀၀ဆို ၁၀သင်းပေါ့။ အသင်းခေါင်းဆောင် အုပ်စု ခေါင်းဆောင် ကမြန်မာပါ၊ ကျန်တဲ့ ကိုးယောက်ကလည်း မြန်မာပါပဲ။ မြန်မာကိုလိမ်မှာ ဆိုတော့ မြန်မာအသင်းပေါ့ဆရာရယ်၊ ထိုင်းကိုလိမ်ဖို့ကျတော့ထိုင်းအသင်းသပ်သပ်ရှိတယ်၊ ကမ္ဘောဒီးယားကိုလိမ်ဖို့က ကမ္ဘောဒီးယားအသင်း၊ တရုတ်အတွက်တရုတ်အသင်း ဒီလို လိမ်ဆင်အသင်းလေးတွေအုပ်စုခွဲပေးထားတယ်ဆရာရဲ့။ လုပ်ငန်းအားလုံးရဲ့အခေါင်အချုပ်ကတော့ ထုံးစံအတိုင်းတရုတ်ပေါ့။

    အရင်ကတော့ ဘယ်လိုလုပ်ကြသလဲမသိဘူး၊အခုတော့ ကျွန်တော်တို့ပစ်မှတ်ထားရတာကတော့ အမေရိက မှာရောက်နေတဲ့ မြန်မာပြည်ဖွားတွေကိုပါ။ ဖေ့စ်ဘွတ်တို့ တယ်လီဂရမ်တို့မှာလျှောက်ရှာရတာပေါ့ ၊ကျွန်တော်တို့အလုပ်ချိန်က အမေရိကန်စံတော်ချိန်နဲ့ အလုပ်လုပ်တာ၊ အခု CA မှာဘယ်ချိန်၊ NY မှာဘယ်အချိန်ကျွန်တော်တို့အကုန်သိတယ်။

    US မှာနေတဲ့မြန်မာဆိုရင်ကျွန်တော်တို့ကစကားတောက်ကြည့်တယ်၊ ရောက်တာဘယ်လောက်ကြာပြီလဲ၊ ဘာလုပ်ငန်းလုပ်လဲပေါ့။ဥပမာရောက်တာ ၁၀နှစ်လောက်ကြာပြီဆိုရင် နိုင်ငံသားဖြစ်လောက်ပြီ၊အိုးပိုင်အိမ်ပိုင်ရှိပြီ၊ ပင်စင်စုဆောင်းငွေ 401K ရှိနေပြီ၊ အဲ့ဒိလို ကျွန်တော်တို့ကတွက်လို့ရပြီ။အဲ့လိုလူတွေကို friend request ပို့တယ်၊ မက်ဆင်ဂျာကစကားသွားပြောတယ်၊

    မက်ဆင်ဂျာမှာ မိန်းကလေး ပရိုဖိုင်းနဲ့ မိန်းကလေးဟန်ဆောင်ပြီးစကားသွားပြောရတာပေါ့။ခင်လာပြီဆိုရင် Whats App မှာစကားပြောမယ်ဆိုပြီးခေါ်ရတာပေါ့။ Whats App ရောက်ရင် ဆရာရုန်းလို့မရတော့ဘူး။

    ဘယ်နေရာကနေ လိမ်နေတာလဲ ဟုတ်လား၊မူဆယ်၊ကြယ်ခေါင်၊ မြဝတီ၊တာချီလိတ်၊ မြန်မာနိုင်ငံရဲ့နယ်စပ်မြို့တွေ မှန်သမျှ ကျားဖြန့်ရှိတယ်။အများသိတာက ရွှေကုက္ကိုယ်က စောချစ်သူပဲသိကြတာ၊ တကယ်က စောချစ်သူတင်မကဘူး၊ ကျားဖြန့်ဂိုဏ်းတွေကအများကြီးပဲ။

    ခုနစကားကို ဆက်ရရင် အဲ့ဒိလို မက်ဆင်ဂျာတို့ Whats Appတို့မှာစကားပြောရင်း တယောက်အကြောင်းတယောက်အတော်သိလာကြရောဆိုပါတော့၊ခင်မင်ရင်းနှီးလာကြပြီ ဆိုပါစို့၊ အဲ့ဒိမှာကျွန်တော်တို့ကပြောမယ်၊ ညီမကအလုပ်များတယ်မအားဘူး ဘာညာပေါ့၊ နောက်တစ်ဆင့်ကျ ညီမက အပိုဝင်ငွေ Extra Income ရအောင်Crypto မှာ trading လုပ်နေကြောင်း ဆရာ့ကိုအရိပ်အမွတ်ပြောမယ်၊ အမြတ်ကိုလည်းဆရာ့ကိုပြမယ်၊ အဲ့ဒိမှာဆရာက စိတ်ဝင်စားလာပြီ။ ညီမလေး အစ်ကို့ကိုသင်ပေးပါပေါ့၊ အဲ့ဒိမှာ App store ကနေ ဒေါင်းလုတ်ဆွဲခိုင်းမယ်၊အဲ့ဒီအထိကအမှန်အကန်ပဲ၊ Robinhood ဆွဲမလား၊ တခြားနာမည်ကြီး Appတွေ ဆွဲမလား၊ ကြိုက်ရာဒေါင်း အဲ့ဒိအထိကအစစ်ပဲ။ အဆုံးမတော့ ဆရာ့အနေနဲ့ ကျွန်တော့်ဘက်က link ချပေးမှာ အဲ့ဒိ link ကိုဆရာကဝင်ရမှာ။ဥပမာ Robinhood ဆိုရင်အစစ်က website ရဲ့နောက်မှာ Robinhood.com ပေါ့၊ အတုကအဲ့ဒိလိုမဟုတ်ဘူး၊ Robinhood နောက်မှာကြားကဟာထည့်ထားတာ၊ အဲ့ဒိမှာကွာရော ၊အဲ့ဒိ link ထဲကိုဝင်လိုက်ပြီး သူက website အစစ်မှတ်လို့ ပိုက်ဆံတွေ ဝယ်ရောင်းလုပ်သမျှ ငွေတွေက ဟိုကိုရောက်မသွားပဲ ဝက်ဆိုဒ်အတုထဲရောက်ပြီး ကျွန်တော်တို့ဆီရောက်နေတာ။ မသိရင် Crypto ငွေကြေးတွေကိုရင်း နှီးမြှုပ်နှံစုဆောင်းနေပါတယ်ပေါ့။

    ကျွန်တော်တို့လိမ်နည်းကငွေထည့်သူရဲ့လောဘကိုဆွပေးတာ။ဥပမာဆရာက $၁၀၀၀၀ ထည့်တယ်၊ဆရာ့ကိုအတုနဲ့ ကျွန်တော်က trade ပေးတယ်။ ဆရာ့ရဲ့အမြတ်က $၁၀၀၀၀ ကနေ $၁၅၀၀၀ ဖြစ်လာမယ်၊ ဆရာစဥ်းစားကြည့် ဘာဆက်လုပ်မလဲ။ များများထည့်ရင် ငွေများများရမယ်ပဲ တွေးမှာမလား၊အဲ့ဒိတော့လောဘတက်လာမယ် ၊Retire ယူရင်သုံးဖို့စုထားတဲ့ပင်စင်စုဆောင်းငွေ 401K ထဲကပိုက်ဆံတွေ အကုန်ထုတ်သုံးမယ်။သူ့ပိုက်ဆံတွေ ဝက်ဆိုက်အတုထဲကိုထပ်ထည့်မယ်။ အကုန်ကျွန်တော်တို့ရလိုက်ပြီ၊ သူဘာမှလုပ်လို့မရတော့ဘူး၊ ဘယ်သူမှပြန်လိုက်တောင်းလို့မရဘူး၊ FBI ကိုတိုင်မလား၊ CIA ကိုတိုင်မလား၊ တတ်နိုင်လို့ ဒေါ်နယ်ထရန့်ကိုတိုင်မလား သူတို့ဘာမှလုပ်မရတော့ဘူး။

    US မှာ မြန်မာထဲကငွေ Amount အများဆုံးအလိမ်ခံရတာ ဘယ်သူတွေလို့ထင်လဲ။အံ့သြသွားမယ်ဆရာ အများဆုံး အလိမ်ခံရတာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
    တွေပါ။ဒုတိယ အများဆုံး အလိမ်ခံရတာက ချင်း တိုင်းရင်းသားတွေ၊ ပြီးရင်ဗမာလူမျိုး။

    ဘုန်းကြီးတွေ၊လူတွေကို ကောင်မလေးဟန်ဆောင်လိမ်တော့ ဘုန်းကြီးက V call ခေါ်ရင် ဘယ်လိုလုပ်မလဲ ဟုတ်လား၊ အဲ့ဒါ Main ပဲ၊ AI ခေ​တ်ကြီးလေ၊ တရုတ်က နည်းပညာမြင့်နေပြီ ဓာတ်ပုံထဲကမိန်းကလေး မျက်နှာနဲ့စကားတွေပြန်ပြော နေနိုင်ပြီ၊ မိန်းကလေး မျက်နှာတင်မဟုတ်ဘူး ကမ္ဘာကျော်ဆယ်လီ တွေနဲ့စကားပြောချင်လား လီယိုနာဒိုဟန်ဆောင်လို့လည်းရတယ်၊ဘရက်ပစ်အတုလုပ်လို့လည်းရတယ်။ဆရာကတဖက်က မိန်းကလေး ကိုလူချင်းမြင်ဖူးတာမဟုတ်ဘူးလေ၊ သူ့မျက်နှာမြင်၊သူကစကားပြောတယ်ဆို မိန်းကလေးလို့ပဲယုံမှာပေါ့ ၊ သူ့အသံမှကိုယ်ကအရင်ကမကြားဖူးတာ သူ့အသံအစစ်ဟုတ်မဟုတ်ဘယ်လိုခွဲမလဲ၊ ခနပဲပြောပြီး အလုပ်မအားလို့ပါ ဘာညာဆိုပြီး V call ကိုပိတ်ပစ်လိုက်မှာပေါ့ ၊ မိန်းကလေးအစစ်အသံနဲ့ဆက်ပြောဖို့လိုလာရင်လည်း ကျွန်တော်တို့အဖွဲ့မှာ မြန်မာမိန်းကလေးတွေလည်းရှိတယ်လေ။ စနစ်တကျပြင်ဆင်ပြီးမှလိမ်တာမို့ တော်ရုံတန်ရုံလူကမရိပ်မိတာများပါတယ်။များသောအားဖြင့် စာနဲ့ပဲ Whatsc App ကနေဆက်သွယ်တာများတယ်။

    ကျွန်တော်တို့က လခသဘောလည်းရတယ်၊ ရတဲ့လခကတယောက်နဲ့တစ်ယောက်တော့မတူပါဘူး၊ မှန်မှန်ရသလားဆိုတော့ သူဌေး ထွက်မပြေးရင်ရတယ်၊သူဌေးထွက်ပြေးသွားတဲ့ကျားဖြန့် တွေလည်းရှိတယ် အဲ့ဒါမျိုးကျ ဘာလခမှမရ တော့ဘူး။ အဓိက ကတော့ လိမ်လို့ ရလိုက်ပြီဆို ရလာတဲ့ငွေရဲ့ ၅ ရာခိုင်နှုန်းကို ကျွန်တော်တို့ကဆုကြေးသဘောမျိုးရတယ်၊ ဒေါ်လာ တစ်သိန်းလိမ်နိုင်ရင် ငါးထောင် ဝေပုံကျရမယ်ပေါ့၊ တစ်ယောက်ကို ၅ရာခိုင်နှုန်းပါ၊ တဖွဲ့လုံးကို ပေးတာမဟုတ်ဘူး၊ကိုယ်လိမ် ကိုယ်ယူ စနစ်ပေါ့။

    အချို့လူ တွေက Cripto Currency တွေဘာတွေနားမလည်ဘူး၊မလုပ်ချင်ဘူး ဆိုရင် ဆရာ့ဆီကို Myat Noe လာလိမ်သလိုမျိုး Walmart မှာ အရောင်း စာရင်းတင်ပေးပါလား တို့၊ Online shop တို့၊ Tiktop တို့ ကျောက်စိမ်း ရှယ်ယာ တို့နဲ့လိမ်မှာ၊ အမေရိကန်ရောက်မြန်မာတွေတင်မဟုတ်ဘူး၊ မြန်မာပြည်တွင်းကလူတွေကိုလည်းအလစ်မပေးဘူးဆရာ၊ ဒုက္ခပေါင်းစုံခံစားနေရတဲ့မြန်မာပြည်သူတွေကိုလည်းကျားဖြန့်က ပစ်ထားမယ်မထင်နဲ့ ၊ဆော်မှာပဲ။

    အခုအခါမှာ ကျားဖြန့်ဂိုဏ်းကမလုပ်ရဲတာ တစ်ခုပဲရှိတယ်။ ကျားဖြန့်လောကမှာ ဆိုရိုးတစ်ခုရှိတယ်။

    ” Nevermind! Don’t lie China Citizens ” တဲ့။ သဘောကတော့ တရုတ်နိုင်ငံသား ဆို မလိမ်နဲ့ ဆိုတဲ့သဘောပဲ။ ဘာ့ကြောင့်လည်းဆို အမေရိကန်ကိုလိမ်တယ်၊မြန်မာကိုလိမ်တယ်ပြသနာမရှိဘူး၊သူတို့လေပဲတတ်နိုင်တာ၊ တရုတ်နိုင်ငံသားကိုကျွန်တော်တို့ကဒီနေ့လိမ်လိုက်တယ် ၊ မနက်ဖြန်ဆိုတရုတ်ရဲက ဆရာလိမ်တဲ့နေရာကိုအတိအကျရောက်လာတာ ၊ သူတို့ကအတိအကျသိတယ်၊ဘယ်လိုသိလဲ တော့ ကျွန်တော်တို့လည်းမသိဘူး၊

    ပြီးတော့နယ်စပ်မှာ သူတို့သြဇာ ကြီးတယ်၊ ထိုင်း၊မြန်မာ ၊လာအို၊ကမ္ဘောဒီးယား ဘယ်နိုင်ငံရဲမှဘောင်မဝင်တော့ဘူး၊အဖမ်းခံရရင်သေဒဏ်နဲ့တသက်တကျွန်းပဲ။ ပယ်ဆောက်ချိန်တို့ဘာညာလည်းသေဒဏ်တွေကျဘာညာဆိုတော့ အခုနောက်ပိုင်း လိမ်မယ်ဆိုတရုတ် နိုင်ငံသားကို ရှောင်ရတယ်၊ အမေရိကန်နိုင်ငံသား တရုတ်လူမျိုးဘာညာကတော့ ရတယ် ၊ ဆော်တာပဲ။

    ကျွန်တော်ဒီလောကထဲဘယ်လိုရောက်လာလဲဆိုရင် မူလရည်ရွယ်ချက်က မြန်မာပြည်ကနေ အခြေအနေတစ်ခုအရ ထိုင်းဘက်ကိုကူးတာ ၊အဲ့ဒိမှာ ထိုင်း ရဲကဖမ်းတာခံရပါလေရော ၊ရှိတာလေးတွေပါသမျှလာဘ်ထိုးတောင်းပန်ပြီး လွတ်လာတော့ နယ်စပ်မြို့မှာ ယောင်လည်လည်ဖြစ်ပြီးထမင်းငတ်နေတုန်း အလုပ်ပွဲစား တစ်ယောက်နဲ့တွေ့တယ်။သူကမင်းကွန်ပျူတာ နှိပ်တတ်လားတဲ့၊ ကိုယ်ကလည်း နှိပ်တတ်တယ်ပေါ့၊ ကျွန်တော်က စာရင်းကိုင်လုပ်ရမှာလား လို့မေးတော့ မဟုတ်ဘူးတဲ့ ဂိမ်းခုံလုပ်ရမှာတဲ့ ။ ဂိမ်းခုံဆိုတာကျွန်တော်လည်း ဘာမှန်းမသိဘူး ၊ထင်တာက ဂိမ်းခုံဆိုတာ ငယ်ငယ်ကဆော့ခဲ့တဲ့ ရေနံတို့ PS1 ဂိမ်းတို့ပဲထင်ခဲ့တာပါ၊ အလုပ်မရှိ ဒုက္ခရောက်နေတဲ့အချိန်ဆိုတော့ လုပ်မယ်လို့ ပြောလိုက်တယ်၊ အဲ့ဒိလိုနဲ့ကျားဖြန့်ဂိုဏ်းထဲ ဘုမသိဘမသိရောက်လာတာပဲ။ ဒီရောက်တော့တန်းမခိုင်းသေးဘူး ၊လိမ်တတ်အောင် တစ်ပတ်လောက် သင်တန်းပေးသေးတာ။

    ထွက်ပြေးလို့ ရလားဆိုရင် ရတယ်ဆရာ၊မှတ်ပုံတင်ရှိရင်ပြေးလို့ရတယ် ၊ဒါပေမယ့် မှတ်ပုံတင်ကသူတို့သိမ်းထားတာ။ ထင်သလောက် ပြေးလို့မလွယ်ဘူး၊ အခွင့်အရေးရတာနဲ့ပြေးရမှာပဲ။ ဒါပေမယ့်ကျားဖြန့်ဂိုဏ်းမှာအလုပ်လုပ်နေတဲ့မြန်မာလူငယ်တွေက မတရားအဖမ်းခံထားရသူတွေချည်းမဟုတ်ဘူး၊သူတို့ဘာသာလာအလုပ်လျှောက်ပြီး ပျော်နေတဲ့သူတွေလည်းရှိတယ်။တချို့က လုပ်ချင်လို့ကိုလုပ်နေကြတာ၊ ငွေရလို့လုပ်ကြတာပေါ့။ ဒီမှာက ဝိချမလား၊ရာမ ချမလား ၊နံပတ် 4 ချမလားလိုချင်တာအကုန်ရတော့လူငယ်တွေအကုန်ပျော်ပဲ ဆရာ။

    ကမ္ဘောဒီးယားမှာ ဟိုတနေ့က ကျားဖြန့်ကိုဖမ်းတယ်ဆိုတာ ကျားဖြန့်ဂိုဏ်းတွေကရယ်တာပေါ့ဆရာ၊အဲ့ဒိငွေက အစွန်းထွက်ပဲ ရှိတာ၊ ကျွန်တော်သိလာရတာက စောချစ်သူအပါအဝင် မြန်မာနယ်စပ်မြို့က ကျားဖြန့်မှန်သမျှမြန်မာစစ်ခေါင်းဆောင်တွေကို ဆက်ကြေးပေးရတာပဲ။မအလကို ဆက်ကြေးမပေးပဲ ဖွင့်မရဘူး။ အားလုံး စကစ ကိုလိုင်းကြေးပေးကြရတယ်။

    အင်တာနက်က ကျ စောချစ်သူတို့လို နာမည်ကြီးနေတဲ့သူတွေလောက်ပဲ စတားလင့် သုံးကြတာ၊ ကျန်တဲ့သူတွေက နီးစပ်ရာနိုင်ငံရဲ့အင်တာနက် ရှိတယ်။ထိုင်းအင်တာနက်သုံးမလား၊ လာအိုသုံးမလား၊မြန်မာသုံးမလား။ စတားလင့် ပိတ်လည်း တော်လှန်ရေးအဖွဲ့တွေကိုပဲထိမှာ ကျားဖြန့်အများစု ကိုထိမှာမဟုတ်ဘူး။

    လိမ်မှရမဲ့ ရာခိုင်နှုန်း ပိုက်ဆံကိုကျွန်တော်မလုပ်ရက်ဘူးဗျာ။ဘုမသိဘမသိနဲ့ခံရတာ ကျွန်တော်တို့အညာသားတွေပါ။ ကျွန်တော့်စိတ်နဲ့မဖြစ်ဘူး၊ဆရာ့ကိုတစ်ခုပဲတောင်းဆိုချင်တယ်၊ US ရောက်မြန်မာနိုင်ငံသားတွေ သိအောင်ရေးပေးပါ။ အယုံမလွယ်ကြဖို့၊ဖြတ်လမ်းက ငွေရမယ် ဆိုတိုင်းလက်မခံကြဖို့ပါပဲ။

    လိမ်တဲ့ အကောင့်ကို ဘယ်လိုသိနိုင်မလဲဆိုရင် မက်ဆင်ဂျာကစကားလာပြောရင် စာရဲ့အောက်ဘက် မှာ အခုနောက်ပိုင်း Scam likey ဆိုပြီး ငွေတောင်းရင်မသိပဲမပေးဖို့ အချို့ မက်ဆိပ်တွေအောက်မှာစာ ပေါ်တယ်၊ အချို့ကလည်းသတိမထားမိကြဘူး၊ အဓိကကတော့ ကိုယ်နဲ့အပြင်မှာမသိသူက ငွေရေးကြေးရေးကိစ္စတွေ လုပ်ငန်းလုပ်ဖို့ဆွယ်ပြီဆို ပါမသွားပဲအဆက်ဖြတ်လိုက်ဖို့ပါပဲ။ လိုင်းပေါ်က မိန်းကလေး လှလှလေး တွေ နိုင်ငံခြားမှာ ပျော်ပါးသုံးဖြုန်းနေတဲ့ပုံတွေနဲ့လာ Add ရင် သတိသာထားပေတော့ဆရာ၊ ၉၀ % ကအလိမ်အညာတွေပဲ။

    ပြီးပါပြီ

    ✍သရဝဏ်(ပြည်)

  • Burner

    Burner

    Burner (2025)

    ဒီတစ်ခေါက်မှာတော့ အက်ရှင်ကားကောင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေကို နှစ်သက်သူတွေအတွက် Hollywood ရဲ့ ဇာတ်ရှိန်အမြင့်ဆုံး Action Thriller ဇာတ်ကားကြီးဖြစ်တဲ့ “Burner” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    ဒီဇာတ်ကားဟာ ပထမဆုံး စက္ကန့်ကတည်းက စပြီး ပရိသတ်ကို ဆွဲဆောင်ထားနိုင်ပြီး နောက်ဆုံး မိနစ်အထိ ထိုင်ရာမထကြည့်ချင်အောင် ဆွဲဆောင်နိုင်မှာပါ။

    ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ Kiki ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးနောက် ဆယ်ကျော်သက် သမီးလေး နဲ့ ပြန်လည်ပေါင်းစည်းနေထိုင်ခဲ့ပါတယ်။

    သူမဘဝသစ်ကို စတင်ဖို့ ကြိုးစားနေချိန်မှာပဲ အကြမ်းဖက်တဲ့၊ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ သူမရဲ့ ခင်ပွန်းဟောင်း ပြန်ပေါ်လာခဲ့ပါတယ်။

    ခင်ပွန်းဟောင်းရဲ့ ပြဿနာပေးမှုတွေဟာ Kiki ကို အကျဉ်းထောင်ဆီ ပြန်ပို့နိုင်တဲ့ အန္တရာယ်ကြီးတဲ့ အခြေအနေတွေကို ဖန်တီးလာပါတယ်။

    ဒါကြောင့် Kiki ဟာ သူ့ရဲ့ဘဝနဲ့ သမီးရဲ့ အနာဂတ်ကို ကာကွယ်ဖို့အတွက် ကြံမိကြံရာလျှောက်လုပ်ပါတော့တယ်။

    Kiki ရဲ့ ကြိုးစားရုန်းကန်မှုတွေ သူမရဲ့ ဇွဲနဲ့ သမီးအပေါ်ထားတဲ့ မိခင်မေတ္တာကို မြင်တွေ့ရမှာ ဖြစ်သလို သူမရဲ့ လျှို့ဝှက်အစီအစဉ်ကရော အောင်မြင်ပါ့မလား၊ သူမရဲ့ လွတ်မြောက်မှုအတွက် ဘယ်လို စွန့်စားရမလဲဆိုတာကို ဒီ စိတ်လှုပ်ရှားဖွယ် Crime Thriller ဇာတ်ကားထဲမှာ ကြည့်ရှုခံစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။

  • Muthal Pakkam

    Muthal Pakkam

    Mudhal Pakkam (2025)

    “မျက်နှာဖုံး”

    ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော်မှုခင်း၀တ္တုဆရာ အဖေဖြစ်သူရဲ့ အတ္ထုပ္ပတ္တိကို ဂျာနယ်တိုက်တစ်ခုက အပတ်စဉ်ဆောင်းပါးအဖြစ် ထုတ်ဝေချင်တာကြောင့် အဖေဖြစ်သူရဲ့အကြောင်း ဂဃဏနသိရဖိုအရေး သားဖြစ်သူ ပရာဘာကို ဂျာနယ်တိုက်ရှိရာ ချန်နိုင်းမြိုဆီ ဖိတ်ကြားခဲ့ပါတယ်။

    ချန်နိုင်းမြိုကြီးကို ရောက်ရှိချိန်မှာတော့ နာမည်ကျော်ဆောင်းပါးရှင် ဆွာသီနဲ့တွေ့ပြီး ချန်နိုင်းမှာ တည်းခိုရင်း အဖေဖြစ်သူအကြောင်းကို သေချာပြောပြနေခဲ့တာပေါ့။

    တစ်ရက် တည်းနေတဲ့အခန်းဆီအပြန် ခါးပိုက်နှိုက်တစ်ယောက် အမွှေကောင်းမှုကြောင့် ပရာဘာ ရဲဖမ်းတာခံလိုက်ရပါတယ်။

    ရဲကားပေါ်မှာရှိနေတုန်း လမ်းဘေးမှာ ဆိုင်ကယ်လဲနေတဲ့လူတစ်ယောက်တွေ့လို့ စခန်းမှူးဆင်းကြည့်ချိန်မှာပဲ ဆိုင်ကယ်လဲနေတဲ့သူက သေဆုံးနေခဲ့ပါတယ်။

    အဖေဖြစ်သူခြေရာနင်းတဲ့သူမို ဆိုင်ကယ်လဲပြီး သေဆုံးနေတဲ့လူက မတော်တဆမှုကြောင့်ဟုတ်ဘဲ လူသတ်မှုဆိုတာကို ပရာဘာ ရှင်းပြလိုက်မိရာက ရှင်းမလိုနဲ့ ရှုပ်လာတဲ့ ဒီအမှုအခင်းမှာ ပရာဘာတစ်ယောက် ရေဆုံးမြေဆုံးလိုက်ပါဖြေရှင်းရပါတော့တယ်။

  • Kishkindhapuri

    Kishkindhapuri (2025)

    (သရဲခြောက်တဲ့စံအိမ်ကြီး)

    အသည်းစွဲ မင်းသားချောလေး Bellamkonda Sai Sreenivas ပါဝင်ထားတဲ့ ရုံကားလေးတစ်ကား တင်ဆက်ပေးထားပါတယ်

    Box office အနေနဲ့ ၂၂ ကုဋေ ပြန်လည်ရရှိထားပြီး ပုံမှန်ကားတွေနဲ့မတူဘဲ တစ်မျိုးကြည့်ကောင်းနေတာကြောင့် လူပြောများနေတဲ့ကားကောင်းလေးလို့လည်း ညွှန်းလို့ရပါသေးတယ်

    စစချင်းမှာကတော့ အဖွဲ့တစ်ဖွဲ့က စူဗာနာမာယာဆိုတဲ့ စံအိမ်အိုကြီးထဲမှာ ဒုစရိုက်မှု လုပ်နေကြပါတယ်
    အစမှာကို သရဲမရဲ့ လက်စွမ်းကြောင့် သွေးသံရဲရဲနဲ့ အသက်ရှင်ကျန်သူမရှိ ဇာတ်သိမ်းသွားခဲ့ရှာတယ်

    ဒီအိမ်ကြီးကို စူးစမ်းလေ့လာတဲ့အနေနဲ့ရောက်လာမဲ့အဖွဲ့ကတော့ ရာဂေ့ဗ်တို့ စုံတွဲပေါ့ သူတို့ရဲ့စီးပွားရေးကိုတော့ Ghost Walking Tour လို့အမည်ပေးထားပြီး သရဲခြောက်တယ်ဆိုတဲ့အိမ်တွေဆီ ခရီးသားတွေစုပြီး လိုက်ပြတာမျိုးပါ

    သရဲကတော့ သူ့လူ ကိုယ့်ဘက်သား အကြံအဖန်တွေပေါ့ ဒါပေမဲ့ ဒီစံအိမ်ကိုမှ ခရီးသွားတွေကို လိုက်ပြရမဲ့အကြောင်းဖန်လာခဲ့ရာမှာတော့ သရဲအတုနဲ့ အစစ်တွေကြား ဘယ်လိုတွေ နှစ်ပါးသွားမယ်ဆိုတာကိုတော့….။

  • ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သားများထိခိုက်မှုရှိကြောင်း ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံး အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်တွင် စစ်သင်္ဘောများ ရောက်ရှိနားခိုနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှုအတွင်း စစ်သင်္ဘော ၁ စီးကို ဗုံးကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သင်္ဘော ၁ စီး၏ ခေါင်းမိုးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

    “ကျနော်တို့ သိရသလောက်ကတော့ စစ်ခွေး မသေဘူးလို့တော့ကြားတယ်။ ဒါပေမယ့် စစ်ခွေး ၄ ကောင်တော့ ထိခိုက် ဒဏ်ရာရတယ်။ စစ်ခွေး သင်္ဘောကတော့ ခေါင်မိုးပျက်စီးသွားတယ်။ အဲ သင်္ဘောကို စစ်ခွေးတွေက ဆိတ်ညံရေတင်ရုံး နားမှာပဲ အခုထိ ပြင်ဆင်နေတယ်လို့ သိရတယ်။ အဲ့ ၁ စီးက မထွက်နိုင်သေးဘူး” ဟု ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူကပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု ၏ ဒရုန်းအဖွဲ့မှ ရဲဘော်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။