Author: Baby Yit Lone

  • ကြေးနီတူးနေတဲ့ တရုတ်ယန်စီကုမ္မဏီ ဒုတိယအကြိမ် လက်နက်ကြီး ပစ်ခံရ

    ကြေးနီတူးနေတဲ့ တရုတ်ယန်စီကုမ္မဏီ ဒုတိယအကြိမ် လက်နက်ကြီး ပစ်ခံရ

    တရုတ်က ပထမအကြိမ်လို စက်ရုံလည်ပတ်မှု မရပ်ဘဲ ပုံမှန်အတိုင်း ကြေးနီဆက်တူး

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်ကို ဖြိုချကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီကုမ္မဏီ ယမနေ့ညနေပိုင်းက ဒုတိယအကြိမ်အဖြစ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး တရုတ်ကုမ္ပဏီဝင်းထဲ ပေါက်ကွဲသံတချို့ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီခွဲအချိန်မှာ တရုတ် ယန်စီ ကုမ္ပဏီဝင်းထဲ လက်နက်ကြီး ပစ်ခတ်ခံရတာ ဖြစ်ပြီး ပေါက်ကွဲသံ သုံးချက် ကြားရတယ်လို့ ဆိုပါတယ်။

    ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသေးသလို အထိအခိုက် ရှိ၊ မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “အသံက အတော်ကျယ်တယ်၊ သုံးလုံးပေါက်ကွဲသံ ကြားရတယ်၊ ကြားကြားချင်း ကုမ္မဏီက ကားသံတွေ ရပ်တယ်၊ ဥသြဆွဲသံတွေ ဆူညံနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စက်တင်ဘာ ၂၇ ရက်ကလည်း အဲ့ဒီ တရုတ်ပိုင် ယန်စီကုမ္မဏီကို ရှော့တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံခဲ့ရပြီး ကြေးနီစက်ရုံဝင်းထဲ ပေါက်ကွဲသံ ခုနှစ်ချက်ခန့် ကြားရပြီးနောက် တရုတ်တွေက ကြေးနီတူးတာကို လေးရက်ကြာ ရပ်နားခဲ့ပါတယ်။

    ယခု ဒုတိယအကြိမ် ပစ်ခတ်ခံရပေမယ့် တရုတ်တွေက ကြေးနီတူးတာကို မရပ်ဘဲ မနေ့က ညပိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီးချိန် ခေတ္တရပ်နားကာ ဒီကနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာတော့ လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တရုတ်ပိုင် မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီကုမ္မဏီတွေဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်နဲ့ စပယ်တောင်တွေကို ဖြိုကာ ကြေးနီတူးနေတာ ဖြစ်ပြီး စစ်အာဏာသိမ်းစက ဝန်ထမ်းအများအပြား CDM မှာ ပါဝင်တာကြောင့် တရုတ်တွေ ကြေးနီ မတူးနိုင်ဘဲ ကာလာကြာရှည် လုပ်ငန်းတွေ ရပ်နားခဲ့ရပေမယ့် ပြီးခဲ့တဲ့ လတွေအတွင်း ဒေသခံ Non CDM ဝန်ထမ်း ၃၀၀၀ လောက်နဲ့ ကြေးနီတူးလုပ်ငန်းတွေ ပြန်လည်နေတာ ဖြစ်ပါတယ်။

    လက်ရှိမှာ တရုတ်တွေ တူးဖော်ထုတ်လုပ်ထားတဲ့ ကြေးနီတွေကို စစ်အုပ်စုက စစ်သင်္ဘောတွေနဲ့ သယ်ထုတ် ပေးနေပြီး ဝမ်ပေါင် လက်ပံတောင်းတောင်စီမံကိန်းက ကြေးနီတွေကို ဆားလင်းကြီးနယ် ထန်းတောကြီးရွာ ဆိပ်ကမ်းကနေ သယ်ထုတ်ကာ ယန်စီ စံပါယ်တောင်၊ ကြေးစင်တောင်စီမံကိန်းက တူးဖော် ထွက်ရှိတဲ့ ကြေးနီတွေကိုတော့ ကျောက်မြတ်တောင်ရွာ ဆိပ်ကမ်းကတဆင့် သယ်ထုတ်နေတာ ဖြစ်ပါတယ်။

    အဲ့ဒီ ကြေးနီစက်ရုံတွေမှာ စစ်အုပ်စုက ဂိတ်စောင့်ပေးနေပြီး အဲ့ဒီ ဂိတ်အစောင့် စစ်အုပ်စုက ရိက္ခာပြတ်ပြီး ငတ်လာတိုင်း အနီးဝန်းကျင် ရွာတွေကို စီးနင်းဝင်မွှေ လုယက်မီးရှို့တာ၊ လမ်းပေါ်တက် ဂိတ်ဖွင့် ငွေညှစ်တာ၊ ခိုးရာပါ ပစ္စည်းတွေနဲ့ မူးရူးသောက်စားပြီး အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီး ထုတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်ပံတောင်းတောင်ကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ကုမ္မဏီ ဝန်ထမ်းတွေ/Photo – မြန်မာဝမ်ပေါင် ကုမ္မဏီ

  • အဖေကို အမြန်သင်္ဂြိုလ်ပြီး ရှေ့တန်းထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း ဆေးမှူး (ရုပ်/သံ)

    အဖေကို အမြန်သင်္ဂြိုလ်ပြီး ရှေ့တန်းထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း ဆေးမှူး (ရုပ်/သံ)

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစခန်းကို တိုက်ခိုက်ဖို့အတွက် အဖေဖြစ်သူကို အမြန်မီးသင်္ဂြိုလ်ပြီး ရှေ့ထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ် ၆ တပ်ရင်း ဆေးမှူးက ၎င်းရဲ့အဖြစ်အပျက်ကို ကျည်ငါးသောင်းကမ်ပိန်းဖြစ်တဲ့ အနောက်ဖက်လွင်ပြင်သို့ကမ်ပိန်းမှာ ပြီးခဲ့ရက်ပိုင်းက အခုလို ပြောကြားခဲ့ပါတယ်။

    ၎င်းကိုယ်တိုင် ခြေတစ်ဖက်မသန်တော့ပေမဲ့ လက်ရှိတော်လှန်ရေးကို နားတော့မယ်လို့ စိတ်ကူးတိုင်း ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကို မြင်ယောင်တဲ့အတွက် အသက်ရှင်နေသ၍ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ၄င်းကပြောဆိုခဲ့ပါတယ်။

    Video-အနောက်မြောက်လွင်ပြင်သို့

  • ဘီးလင်းတွင် စစ်ကော်မရှင်၏ အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

    ဘီးလင်းတွင် စစ်ကော်မရှင်၏ အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

    ဘီးလင်းတွင် စစ်ကော်မရှင်၏ အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိ

    စစ်ကော်မရှင်သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာကို အောက်တိုဘာ ၉ ရက်နေ့၊ ည ၈ နာရီဝန်းကျင်တွင် အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

    တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပျဉ်းမပင်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ် မှ ၁၂ နှစ်အရွယ် ကလေးငယ် ငါးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးအထိရှိခဲ့ကြောင်းသိရသည်။

    “ဂျက်ဖိုက်တာကြဲတာပါ။ အကြောင်းမဲ့ကြဲ သွားတာပါ။ ရွာထဲကို ကြဲတာလို့သိရတယ်။ အဲဒီရွာမှာ ဘာလက်နက်ကိုင်အဖွဲ့အစည်းမှာ မရှိကြပါဘူး။ ကလေးငယ်အပါအဝင် ငါး ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာ ရရှိပါတယ်” ဟု တပ်မဟာ(၁)PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။

    စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များမှာ စောလင်းထက်သာ(၇) နှစ်၊ စောထွန်းထွန်းမင်း(၆)နှစ်၊ နော်သန်းသန်း(၁၂) နှစ်၊ နော်စန်းမြင့်(၁၀) နှစ်၊ နော်မင်္ဂလာဖော(၉) နှစ်တို့ဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ဒေသများရှိ အရပ်သားများထံ ဦးတည်ကာ လေယာဉ်၊ ဒရုန်း၊ ပါရာမော်တာ စသည်တို့ကိုအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်လျက်ရှိသည်။

    စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ယခုအောက်တိုဘာ ၁ ရက်မှ ၁၀ ရက်နေ့အထိ အရပ်သား ၄၇ ဦးသေဆုံးခဲ့ရပြီး ၎င်းတို့အနက် ၃၉ ဦးမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ဖြစ်ကြောင်းလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည်။

  • လေသာတောင်ကို စစ်ကူပေးရန်ခြုံခိုတက်လာသည့် စစ်ကော်မရှင်တပ် သေဆုံးမှုများနေ၍ လေကြောင်းပစ်ကူပေးပြီး ကယ်ထုတ်နေရ

    ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်၊ လေသာတောင်သို့ စစ်ကူပေးရန်တက်လာသည့် စစ်ကော် မရှင်စစ်ကြောင်းသည် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်ခံရပြီး သေဆုံးမှု များကာ နောက်ဆုတ်ပြေးနေရကြောင်း သိရသည်။

    ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆင်လန်စခန်းမှ လေသာတောင်ဘက်သို့ ထွက်လာသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများသည့်အတွက် လေကြောင်းမှပစ်ကူပေးပြီး ကယ်ထုတ်နေရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “ဆင်လန်စခန်းကနေ လေသာတောင်ဘက်ကိုထွက်လာတဲ့တပ်က AA ထိပ်တိုက်တွေ့ပြီး အတိုက် ခံရတာ။ Y 12 နဲ့ဗုံးကြဲပေးနေရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    အင်အား ၁၀၀ နီးပါးပါ စစ်ကော်မရှင်တပ်သည် ပန်းတောင်း-တောင်ကုတ် ကားလမ်းတစ်လျှောက် ခြုံခိုချီတက်လာပြီး လေသာတောင်ကြောသို့ ရောက်ရှိရန်ကြိုးစားစဉ်တွင် AA တပ်များနှင့် ထိပ်တိုက် တွေ့ပြီး ထိခိုက်သေဆုံးမှုများကာ နောက် ဆုတ်ပြေးရကြောင်း သိရသည်။

    စစ်ကူပေးရန်တက်လာသည့် အဆိုပါအဖွဲ့ကို စစ်ကော် မရှင်က Y 12 ဖြင့် ဆက်တိုက်ဗုံးပစ်ကူပေးပြီးပြန် လည်ကယ်ထုတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စစ်ကော်မရှင်နှင့် AA တို့ လက်နက်ကြီးအပြန် အလှန်ပစ်ခတ် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် လေသာ‌တောင်နှင့် ညောင်ကျိုးစခန်းတစ်ဝိုက် စစ်ကော် မရှင်တပ်များ ကစဉ့်ကလျားထွက်ပြေးရပြီး ဒရုန်းနှင့် လက်နက်ကြီးပစ်ကူများပါ ပေးခဲ့ရကြောင်း သိရသည်။

    စစ်ကော်မရှင်က ညောင်ကျိုးစခန်းတစ်ဝိုက်ကို ပြန်လည်ထိန်းချုပ်လိုနေပြီး တောင်ကုတ်လမ်းတစ် ကြောကိုပါ စိုးမိုးမှုရယူနိုင်ရန် ကြိုးပမ်းနေသော်လည်း ထိုးစစ်ဆင်လာသည့်တပ်များ ထိခိုက်သေဆုံး မှုများစွာနှင့် တပ်ဆုတ်ပြေးနေရသည်။

    ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

  • တရုတ်ကုန်စည်အပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်တိုးကောက်မည်ဟု ထရမ့် ကြေညာ၊ ရှီနှင့်ဆွေးနွေးပွဲများ ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်

    တရုတ်ကုန်စည်အပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်တိုးကောက်မည်ဟု ထရမ့် ကြေညာ၊ ရှီနှင့်ဆွေးနွေးပွဲများ ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန်ထပ်တိုးကောက်မှုနှင့် အရေးပါသောဆော့ဖ်ဝဲများဆိုင်ရာ အမေရိကန်၏ ပို့ကုန်ထိန်းချုပ်မှုများသည် နိုဝင်ဘာ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ကာ တရုတ်၏ “အလွန်ရန်လိုသော” လုပ်ရပ်များအတွက် တုံ့ပြန်မှုဖြစ်သည်ဟု ဆိုသည်။

    အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှု ပြန်လည်ပေါ်ပေါက်လာသဖြင့် အမေရိကန်စတော့ဈေးကွက် Nasdaq က ၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် S&P 500 က ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

    တရုတ်သည် ဖန်တနိုင်းကုန်သွယ်မှုတွင် ပံ့ပိုးပေးနေကြောင်းနှင့် မမျှတသော စီးပွားရေးလုပ်ထုံးလုပ်နည်းများကို ကျင့်သုံးနေကြောင်း ထရမ့်က စွပ်စွဲထားပြီး အမေရိကန်က လက်ရှိတွင် တရုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း ချမှတ်ထားသည်။ တရုတ်ကလည်း လက်တုံ့ပြန်အခွန်အဖြစ် ၁၀ ရာခိုင်နှုန်း ချမှတ်ထားသည်။

    ထရမ့်က အခွန်အသစ်များချမှတ်မှုအကြောင်း Truth Social တွင် ပို့စ်တင်၍ ခြိမ်းခြောက်ခဲ့ကာ တရုတ်သည် မြေရှားသတ္တု ပို့ကုန်ကန့်သတ်မှုအကြောင်းကြားစာများကို အခြားနိုင်ငံများသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

    မြေရှားသတ္တုများသည် စမတ်ဖုန်းများနှင့် လျှပ်စစ်ကားများမှသည် စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာများ ထုတ်လုပ်ရာတွင် အရေးပါပြီး တရုတ်က ထိုသတ္တုများ ထုတ်လုပ်မှုကို ထိန်းချုပ်ထားသည်။

    “ကမ္ဘာကို ချုပ်ကိုင်ထားဖို့ တရုတ်ကို ခွင့်မပြုသင့်ဘူး။ တရုတ်ရဲ့ရပ်တည်ချက်က အတော်လေး ရန်လိုတယ်” ဟု ထရမ့်က ဆိုသည်။
    တောင်ကိုရီးယားတွင် ယခုလနှောင်းပိုင်း၌ ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့်ကိစ္စကို ထရမ့်က ပြန်စဉ်းစားနေသည်ဟုလည်း ဆိုသည်။

    ယင်းသည် ထရမ့် ဇန်နဝါရီလတွင် အာဏာပြန်ရလာပြီးကတည်းက ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံနှစ်ခုအကြား ပထမဆုံးတွေ့ဆုံမှုဖြစ်ပေလိမ့်မည်။

    “ကျွန်တော် နောက်နှစ်ပတ်လောက်နေရင် တောင်ကိုရီးယား APEC ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီနဲ့ တွေ့ဖို့စီစဉ်ထားတာ။ အခုတော့ တွေ့စရာအကြောင်းမရှိတော့ဘူးထင်တယ်” ဟု ထရမ့်က လူမှုကွန်ရက်တွင် ပို့စ်တင်ရေးသားထားသည်။

    နောက်ပိုင်းတွင် ထရမ့်က “သူနဲ့ အစည်းအဝေးကို မဖျက်ပါဘူး။ လုပ်ဖြစ်မလားတော့ မသိသေးဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီမှာတော့ ရှိနေမှာပါ။ အစည်းအဝေးလုပ်ဖြစ်လောက်မှာပါ” ဟု သတင်းထောက်များကို ပြောခဲ့သည်။

    မြေရှားသတ္တုပို့ကုန် ကန့်သတ်မှုအကြောင်း ကမ္ဘာ့နိုင်ငံများဆီ စာများပို့သည့် တရုတ်၏ လုပ်ရပ်ကိုလည်း နားမလည်နိုင်ကြောင်း ထရမ့်က ပြောသည်။ “တရုတ်မှာ အရမ်းထူးဆန်းတဲ့ အရာတွေ ဖြစ်ပျက်နေတယ်။ သူတို့ တော်တော်လေး ရန်လိုလာတယ်” ဟု ထရမ့်က ဆိုသည်။

    TikTok ကို အမေရိကန်ထိန်းချုပ်မှုအောက် ထားနိုင်ခဲ့ကာ ပြီးခဲ့သည့် ခြောက်လတွင် တရုတ်နှင့်ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း တရုတ်သည် လှည့်စားနေသည်ဟု ထရမ့်က စွပ်စွဲခဲ့သည်။

    အမေရိကန်က တရုတ်နှင့် ဆက်နွှယ်နေသည့် သင်္ဘောများအတွက် အခကြေးငွေများ ပေးဆောင်ရန် ဧပြီလက ကြေညာခဲ့ပြီး တရုတ်ကလည်း အမေရိကန်မှ သို့မဟုတ် အမေရိကန်တွင် တည်ဆောက်ထားသော သင်္ဘောများကို အထူးဆိပ်ကမ်း အခကြေးငွေ ကောက်ခံမည်ဟု သောကြာနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။

    RFI မှ Trump announces new 100 percent China tariff, threatens to scrap Xi talks အား Brownie ဘာသာပြန်သည်။