Author: Baby Yit Lone

  • ရန်ကုန်က ငလျင်ဒဏ် ခံနိုင်ရဲ့လား

    ရန်ကုန်က ငလျင်ဒဏ် ခံနိုင်ရဲ့လား

    အရည်အသွေး မပြည့်ဝသည့် အဆောက်အအုံများ ရှိနေသည့် ရန်ကုန်၌ ငလျင်ကြီးတစ်ခု လှုပ်ခတ်လာပါက ထိခိုက်သေဆုံးမှု များပြားမည့်အရေးကို ပညာရှင်များက စိုးရိမ်လျက်ရှိသည်

    ရန်ကုန်မြို့မှာ နေထိုင်ဖို့ တိုက်ခန်း ရွေးချယ်ကြသူတွေအတွက် ထည့်သွင်း စဉ်းစားစရာအချက်တွေက အတော်များလှသည်။

    ရေအလွယ်တကူရနိုင်လား။ သွားရေလာရေးလွယ်ကူရဲ့လား။ အမြဲတမ်းဆူညံနေတတ်တဲ့ အလှူခံဌာနတွေနဲ့ ဝေးရဲ့လား။ လုံခြုံရေးအရ စိတ်ချရရဲ့လား စသည်ဖြင့် များပြားလှသည်။

    သို့သော် ရန်ကုန်တွင်နေရန် ရည်ရွယ်သူတို့အတွက် အရေးကြီးသော်လည်း ဘယ်တော့မှ ထည့်သွင်း စဉ်းစားလေ့မရှိသည့် အချက်တစ်ခုလည်း ရှိနေသည်။

    ကိုယ်နေထိုင်သည့်တိုက်ခန်းက ငလျင်ဒဏ် ခံနိုင်ပါရဲ့လားဟူသည့်အချက် ဖြစ်သည်။

    ရန်ကုန်သည် မြန်မာနိုင်ငံတွင် မြေငလျင်အန္တရာယ်ရှိသည့် ရာနှင့်ချီသော မြို့များအနက်မှ တစ်မြို့ဖြစ်သည်။ နှစ်ပေါင်းအတော်ကြာ ငြိမ်သက်နေခဲ့သည့် ငလျင်ကြောင့် ရန်ကုန်မြို့တွင် ငလျင်လှုပ်မည်ကို ပညာရှင်များက စိုးရိမ်တကြီး စောင့်ကြည့်နေဆဲဖြစ်သည်။

    ဒီလိုဆိုရင် သင်နေထိုင်ရာ အဆောက်အအုံကရော ငလျင်ဒဏ် ခံနိုင်မှုရှိနိုင်ပါ့မလား။

    ငလျင်က လူများကို ထိခိုက်အောင် တိုက်ရိုက်လုပ်နိုင်စွမ်း နည်းပါးလွန်းလှသည်။ ငလျင်လှုပ်ပါက ငလျင်က လူတွေကို သတ်သည်ထက် လူတွေဆောက်သည့် အဆောက်အအုံတွေက လူတွေကို သတ်သည်က ပိုများ နေသည်။

    ရန်ကုန်ရှိ အဆောက်အအုံတစ်ချို့က ထိုအချက်နှင့် ကိုက်ညီနေသည်။ အဘယ်ကြောင့်ဆိုသော် ငလျင်လှုပ်နိုင်သည့်ရပ်ဝန်းတွင် ဆောက်လုပ်ထားသည့် စံချိန်မမှီသည့် အဆောက်အအုံများ ဖြစ်သောကြောင့် ဖြစ်သည်။

    ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ၏ အဆိုအရ ၁၉၉၀ ဝန်းကျင်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ဆောက်လုပ်ထားသည့် ရန်ကုန်မြို့မှ အဆောက်အအုံအများစုသည် အဆိုပါအနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

    ၁၉၉၀ ပြည်နှစ်ဝန်းကျင်က စတင်ပြီး ရန်ကုန်တွင် ကန်ထရိုက်တိုက်ဟု လူသိများသည့် အထပ်မြင့် လူနေတိုက်ခန်း အဆောက်အအုံများ တည်ဆောက်မှု တဟုန်ထိုးဖွံ့ဖြိုးခဲ့သည်။

    မြို့လည်ရပ်ကွက်များမှ အထပ်နိမ့် လုံးချင်း လူနေအိမ်များကို ဖြိုဖျက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီများက စရိတ်ကျခံ တည်ဆောက်ကာ အထပ်မြင့်တိုက်များ တည်ဆောက်သည့်စနစ်ဖြစ်သည်။ အကျိုးအမြတ်ကို မြေရှင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ကအချိုးကျ ခွဲဝေယူကြရသည်။

    သို့သော် ရန်ကုန်အတွက် ကံမကောင်းသည်က နေ့ချင်းညချင်း ဖွံ့ဖြိုးလာသည့် ဆောက်လုပ်ရေး ဈေးကွက်အတွက် လိုအပ်သည့် ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများ လွယ်လွယ်ကူကူ မရရှိခဲ့ခြင်းဖြစ်သည်။

    ထိုအချိန်က စီးပွားရေးပိတ်ဆို့မှုနှင့် အစိုးရက အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ကို တင်းကျပ်ထားသည့် မူဝါဒများကြောင့် အရည်အသွေးမှီသည့် ဆောက်လုပ်ရေးပစ္စည်းများ ရရှိရန် ခဲယဉ်းခဲ့သည်။

    ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများက ထိုအကျပ်အတည်းအတွက် အကောင်းဆုံးဥပမာ ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းတွင် သုံးဆွဲရန် အရည်အသွေးပြည့်မှီသည့် သံချောင်းမရရှိသူများက သင်္ဘောပျက်များ၊ ရထားသံလမ်းများ၊ သံထည်ပစ္စည်းအပိုင်းအစများကို ပြည်လည်ကြိတ်ခွဲကာ တစ်ဖန် ပြန်လည်သွန်းလောင်းထားသည့် အရည်အသွေး မပြည့်မှီသည့် သံချောင်းများကိုသာ သုံးဆွဲခဲ့ကြရသည်။

    မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် အဆိုပါအရည်အသွေးမမှီသည့် သံချောင်းများသည် လွန်ခဲ့သော ၁၅ နှစ်ခန့်အထိ လူသုံးများခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများကဆိုသည်။

    “အဲ့အချိန်တုန်းက တိုက်ဖြစ်ရင်ပြီးရော ဆောက်ကြတာပဲ။ ဘယ်သူမှ ဘာမှလာမပြောဘူး။ အဲဒီအချိန်တုန်းက ဆောက်ခဲ့တဲ့ တိုက်တွေရဲ့ အရေးပေါ်လှေကားတွေကိုကြည့်ရင် သိသာတယ်” ဟု သော်တာအလင်း ဆောက်လုပ်ရေးလုပ်ငန်းမှ အကြံပေးဦးတင်အောင်ကပြောသည်။ သူက ပေါင် ၂၀ ကျော်သာရှိသည့် အလေးချိန်ပင် ခံနိုင်ရည်မရှိသည့် ရန်ကုန်ရှိ အဆောက်အအုံအချို့၏ အရေးပေါ် လှေကားများကို ညွှန်းဆိုခြင်းဖြစ်သည်။

    ၂၀၁၀ ပြည့်နှစ်ရောက်ချိန်မှ ရန်ကုန်မြို တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ရေးလုပ်ငန်းများကို သုံးထပ်နှင့်အထက် ဆောက်လုပ်ပါက ငလျင်ဒဏ်ခံနိုင်ရည်ကို အလေးထားစဉ်းစားရန် ညွှန်ကြားခဲ့သည်။

    ငလျင်နှင့် ပတ်သတ်ပြီး ရန်ကုန်တွင် ထည့်သွင်းမစဉ်းစားကြသည်က ရန်ကုန်သည် ငလျင်နှင့် အလွန်စိမ်းနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ရန်ကုန်နှင့်ငလျင် မဆုံသည်မှာ ကြာလှပြီဖြစ်သည်။

    “ရန်ကုန်မပြောနဲ့ ပဲခူးလိုနေရာမျိုးတောင် လူတွေက ငလျင်လှုပ်တတ်လားမေးရင်တောင် မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပြီ။ ငလျင်လှုပ်ရင် ဘယ်လိုနေမလဲဆိုတာကတော့ ပိုဝေးတယ်”ဟု ပြီးခဲ့သည့်နှစ်က ၎င်းတို့ ပြုလုပ်ခဲ့သည့် သုတေသနအပေါ် အခြေခံပြီး မြန်မာနိုင်ငံ မြေငလျင် ကော်မတီ (Myanmar Earthquake Committee) မှ အတွင်းရေးမှူး ဦးစောထွေးဇော်ကပြောသည်။

    ကိုးရာစုနှောင်းပိုင်းက စတင်ခဲ့သည့်မှတ်တမ်းများအရ သမိုင်းတလျှောက်တွင် ပဲခူးသည် ပြင်းထန်သော မြေငလျင် ၁၂ ကြိမ်ထက်မနည်း ခံစားခဲ့ရသောဒေသဖြစ်သည်။

    သမိုင်းတလျှောက်တွင် ငလျင်နှင့်ပတ်သက်ပြီး ရန်ကုန်အတွက် အဆိုးရွားဆုံး အတွေ့အကြုံက လွန်ခဲ့သော ၈၆ နှစ်က လှုပ်ခတ်ခဲ့သည့် ၁၉၃၀ ပဲခူးငလျင်ဖြစ်သည်။

    ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၃ ရှိသည့် အဆိုပါငလျှင်ကြောင့် ပဲခူးတွင် လူ ၅၀၀ ခန့် သေဆုံးပြီး ရန်ကုန်တွင် လူ ၅၀ ခန့် သေဆုံးခဲ့ရသည်။

    ထိုငလျင်သည် ရန်ကုန်ကို ဦးတည်လှုပ်ခတ်ခဲ့ခြင်းမဟုတ်ပဲ ရန်ကုန်မှ မိုင် ၅၀ ခန့် ကွာဝေးသည့် ပဲခူးတိုင်းဒေသကြီး၊ ခရမ်းမြို့အနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်သဖြင့် ငလျင်၏ အပြင်းထန်ဆုံး ဗဟိုချက်မကို ရန်ကုန်က မခံစားခဲ့ရပေ။ ထိုငလျင်နောက်ပိုင်းတွင် ပြင်းအားအနည်းငယ်သာရှိသော ငလျင်များမှအပ ရန်ကုန်တွင် ပြောပလောက်သည့်ငလျင်ဒဏ်ကို မခံစားကြရတော့ပေ။

    သို့သော်လည်း ရန်ကုန်သည် ငလျင်နှင့်ပတ်သတ်ပြီး သတိထားရမည့်မြို့ဖြစ်သည်ဟု ပညာရှင်များက သတိပေး နှိုးဆော်လျှက်ရှိသည်။

    မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်နိုင်ခြေနှင့် ခံစားရနိုင်ခြေတို့အတွက် ပညာရှင်များက လေ့လာတွက်ချက် ထားမှုများရှိသည်။ အဆိုပါအခြေအနေများမှာ အပျက်အဆီးအများဆုံး အဆင့်ဖြစ်သော ငလျင်ဇုန် ၅ (Seismic Zone 5) အဖြစ် ဖျက်စီးမှုများဇုန် (Destructive Zone)၊ ဇုန် ၄ (Seismic Zone 4) အဖြစ် ပြင်းထန်ဇုန် (Severe Zone)၊ ဇုန် ၃ (Seismic Zone 3) အဖြစ် အားပြင်းဇုန် (Strong Zone)၊ ဇုန် ၂ (Seismic Zone 2)အဖြစ် အားလတ်ဇုန် (Moderate Zone) နှင့် ဇုန် ၁ (Seismic Zone 1) ကို အားနည်းဇုန် (Low Zone) များဟု အဆင့်အဆင့် သတ်မှတ်ထားသည်။

    ရန်ကုန်၏ တည်နေရာသည် အားပြင်းဇုန်နှင့် အားလတ်ဇုန်တို့အကြား တည်ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ငလျင်ပညာရှင်များက တွက်ချက်ထားသည်။

    စတင်တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့ဟောင်းသည် အားလတ်ဇုန်ပေါ်တွင် တည်ရှိပြီး တိုးချဲ့ထားသော အရှေ့ဘက်ရှိမြို့သစ်များသည် အားပြင်းဇုန်ပေါ်တွင် ရောက်ရှိနေကြောင်း ပညာရှင်များက ပြောကြားကြသည်။

    တစ်ချိန်တည်းတွင် ရန်ကုန်မြို့၏ လူဦးရေသည် တစ်နေ့တခြား များပြားလာပြီး အဆောက်အအုံများလည်း တိုးပွားလာခဲ့သည်။

    လူ ၅၀ သေဆုံးခဲ့သည့် ပဲခူးငလျင်လှုပ်ခတ်ခဲ့သော ၁၉၃၀ ပြည့်နှစ်က ရန်ကုန်တွင် လူဦးရေ သိန်းဂဏန်းသာရှိခဲ့ပြီး အထပ်မြင့်အဆောက်အအုံများလည်း ပြောပလောက်အောင်မရှိခဲ့ပေ။

    သို့သော်လည်း ယခုအချိန်တွင် ရန်ကုန်၌ လူဦးရေ ခုနစ်သန်းကျော် နေထိုင်နေပြီဖြစ်သည်။ ငလျင်လှုပ်ခတ်ပါက လူများကိုထိခိုက်နိုင်သည့် အုတ်၊ အင်္ဂတေစသည့်ပစ္စည်းများကို အခြေခံအသုံးပြုပြီး ဆောက်လုပ်ထားသည့် အဆောက်အအုံများသည် ရန်ကုန်တွင် တစ်ဟုန်ထိုး တိုးပွားလာခဲ့သည်။

    ၂၀၁၄ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် သန်းကောင်စာရင်းအရ ရန်ကုန်တွင် အုတ်၊ အင်္ဂတေစသည့်ပစ္စည်းများကို အခြေခံဆောက်လုပ်ထားသည့် အဆောက်အအုံ ငါးသိန်းကျော်ရှိနေပြီး အဆိုပါပမာဏသည် တစ်နိုင်ငံလုံးရှိ ထိုကဲ့သို့ အဆောက်အအုံ အရေအတွက်၏ လေးပုံတစ်ပုံဖြစ်သည်။

    “မြို့တွေမှာ လူတွေ ပိုစုလာတယ်။ တည်ဆောက်တဲ့နည်းပညာ ပြောင်းလာတယ်။ အုတ်တို့ ကွန်ကရစ်တို့ သုံးလာတယ်။ အဲဒီတော့ ထိခိုက်လာခြေ ပိုများလာတယ်” ဟု မြေငလျင်ကော်မတီ၏ အတွင်းရေးမှူး ဦးစောထွေးဇော်ကပြောသည်။

    မြန်မာနိုင်ငံ၏ အလည်ဗဟိုချက်ဖြစ်သော မြောက်မှတောင်သို့ ရေးဆွဲထားသည့် မျဉ်းတကြောင်းလို တည်ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ဆက်စပ်နေသည့် ရန်ကုန်အတွက် ပညာရှင်များက စိုးရိမ်တကြီး လေ့လာလျှက်ရှိသည်။ ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုက နှစ်ခုဖြစ်သည်။ တစ်ခုကငလျင်လှုပ်နိုင်သည့်အကြောင်းကို လုံးဝထည့်သွင်းစဉ်း စားထားခြင်း မရှိခြင်းနှင့် အခြားတစ်ချက်မှာ ငလျင်အပေါ် အလွန်အမင်းစိုးရိမ်ခြင်းတို့ ဖြစ်သည်။

    ရန်ကုန်မြို့ခံအချို့သည် ငလျင်ကို လုံးဝမေ့ပျောက်နေခဲ့ပြီး ငလျင်ဆိုင်ရာ ဗဟုသုတအားနည်းနေခြင်းအတွက် ပညာရှင်များက စိုးရိမ်လျှက်ရှိသည်။

    ငလျင်နှင့်ပတ်သတ်ပြီး ပညာပေးမှုအားနည်းခဲ့သည့်အကျိုးဆက်အဖြစ် ပြီးခဲ့သည့်လပိုင်းများက လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် ငလျင်လှုပ်မည်ဟု လှုံ့ဆော်ရေးသားချက်များကြောင့် ရန်ကုန်မြို့ခံ အချို့အကြောက်လွန်ကာ သူတို့၏ အိမ်ရှေ့တွင် ဖယောင်းတိုင်များထွန်းကာ မြေစောင့်နတ်ကို ရှိခိုးတောင်းပန်ခဲ့ကြသည့် ဖြစ်ရပ်များလည်း ဖြစ်ပေါ်ခဲ့သည်။

    ထိုသို့ ရန်ကုန်အတွက် စိုးရိမ်တကြီး စောင့်ကြည့်နေကြချိန်တွင် ပြီးခဲ့သည့်နှစ်က နီပေါတွင် မြေငလျင်အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။ ငလျင်ကြောင့် လူ ၉,၀၀၀ ခန့် သေဆုံးပြီး သန်းနှင့်ချီကာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုသို့ နီပေါတွင် လှုပ်ခတ်ခဲ့သည့် ငလျင်က ရန်ကုန်အတွက် စိုးရိမ်ပူပန်နေကြမှုများ ရှိသင့်သည်ကို ထပ်မံ မီးမောင်းထိုးပြလိုက်သည်။

    မြေငလျင်ကြောပေါ် တည်ရှိနေသော်လည်း စံချိန်မမှီသည့် အဆောက်အဦးများ၊ ငလျင်ပညာပေးလုပ်ငန်းများ မရှိခြင်းက မည်မျှအန္တရာယ်ကြီးကြောင်း နီပေါငလျင်က သက်သေပြခဲ့သည်။

    “ခတ္တမန္ဒူနဲ့ ရန်ကုန်နဲ့က ပုံစံခြင်းဆင်တယ်။ ခတ္တမန္ဒူကတော့ ပိုပြင်းထန်နိုင်တာပေါ့”ဟု ဦးစောထွေးဇော်က ပြောသည်။

    “ရန်ကုန်အတွက်တော့နီပေါကသင်ခန်းစာပဲ”ဟု ၎င်းကပြောသည်။

    ✍ထွန်းခိုင် ရေးသားသည်။

  • လားရှိုးမြို့၌ စစ်တပ်အရာရှိနေအိမ်ဝင်းအတွင်း မိုင်းပေါက်

    လားရှိုးမြို့၌ စစ်တပ်အရာရှိနေအိမ်ဝင်းအတွင်း မိုင်းပေါက်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်အရာအရှိတယောက်ရဲ့ နေအိမ်ခြံဝင်းထဲမှာ သြဂုတ် ၁၉ ရက် ညပိုင်းက မြေမြှုပ်မိုင်းတလုံးပေါက်ကွဲပြီး လူထိခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    လားရှိုးမြို့ အထက(၁)ကျောင်းမျက်နှာချင်းဆိုင်က စစ်တပ်အရာရှိတယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ခြုံတွေရှင်းလင်းပြီး မီးရှို့တာမှာ မိုင်းပေါက်ကွဲတာလို့ ဆိုပါတယ်။

    ဒေသခံတယောက်က” မီးရှို့ရင်းနဲ့ မြေမြှုပ်မိုင်းထ ပေါက်တာ။ စစ်သားတွေကျတော့ အတွေ့ အကြုံရှိတော့ မှောက်ချလိုက်ကြတယ်။ ကလေးတဦးတော့ မိုင်းစစင်သွားတယ်။ ဒဏ်ရာတော့ ပြင်းပြင်း ထန်ထန်မရဘူး”လို့ ပြောပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးကာလထဲ လားရှိုးမြို့မှာ ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေကို အခုချိန်ထိ ရှင်းလင်းနိုင်တာမရှိသေးဘဲ မကြာခဏပေါက်ကွဲတာရှိတယ်လို့ ဆိုပါတယ်။

    ဒေသခံတယောက်က “အိမ်နဲ့တော့ ဝေးတယ်။ ဒါပေမဲ့လည်း အသံအကြားလိုက်ရတယ်။ မြို့နယ်ပညာရေးမှူးရုံးနဲ့ မျက်နှာချင်းဆိုင်ပေါ့။ တရားရုံးနဲ့ မျက်စောင်းထိုးလေးက အိမ်ပဲ။ လူထိတယ်ပြောတယ်။ ခြုံတွေထူလို့ ရှင်းလင်းရင်း ပေါက်ကွဲတာ” လို့ ပြောပါတယ်။

    လားရှိုးမြို့ကို ဧပြီ ၂၁ ရက်မှာ ကိုးကန့်တပ်တွေ ပြန်ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်တွေ ပြန်ဝင်လာတာမှာ စစ်မှုထမ်းတပ်သားသစ်တွေလည်း အများအပြား ပါဝင်လာတယ်လို့ သိရပါတယ်။

  • ထားဝယ်တွင် အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်

    ထားဝယ်တွင် အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်

    ထားဝယ်တွင် အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရရှိ

    (more…)

  • ခလရ ၁ တပ်ရင်း ပတ်ပတ်လည်တွင် မြေတူး နင်းမိုင်းများ ထောင်ထား

    ခလရ ၁ တပ်ရင်း ပတ်ပတ်လည်တွင် မြေတူး နင်းမိုင်းများ ထောင်ထား

    မင်းလှမြို့နယ်၊ ခလရ ၁ တပ်ရင်းကို PDF က တိုက်ခိုက်မည်ကို စိုးရိမ်၍ တပ်ရင်း ပတ်ပတ်လည်တွင် မြေတူး နင်းမိုင်းများ ထောင်ထား

    ပဲခူးတိုင်း၊ မင်းလှမြို့နယ် ခလရ ၁ တပ်ရင်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ အကြမ်း ဖက် စစ်တပ်က တပ်ရင်း ပတ်ပတ်လည်တွင် မြေတူးပြီး နင်းမိုင်းများ လိုက်ထောင်ထားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဇွန်လပိုင်းမှ စတင်၍ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ အခြေစိုက် ခလရ ၁ တပ်က PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် တပ်ရင်း ပတ်ပတ်လည်ကို ပြည်သူပိုင် မြေတူးစက်များ ငှားရမ်း၍ ကျင်းများ တူးဖော်နေကြောင်း သိရသည်။

    လက်ရှိအချိန် တပ်ရင်း ပတ်ပတ်လည်ကို မြေတူးဖော်ပြီးသွား၍ နင်းမိုင်း အမြောက်အများ လိုက်ထောင်နေကာ စိန်ကန့်လန့်ရွာ အနီးရှိ ကျေးရွာချင်းဆက် လမ်းပိုင်းများကိုပါ မြေတူး၍ လိုက်လံ ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    ခလရ ၁ တပ်ရင်းတွင် စစ်သားအများစု ရှေ့တန်းထွက်နေကြပြီး တပ်ရင်းတွင် အိမ်ထောင်သည် အမျိုးသမီးများနှင့် ဒဏ်ရာရစစ်သား များသာ ကျန်ရှိတော့ကြောင်း၊ PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်လျှင် ပြန်လည် ခုခံနိုင်ခြင်းမရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

    “ခလရ ၁ တပ်ရင်းက လူမကျန်တော့ဘူး။ မုဆိုးမတွေနဲ့ ခြေပြတ်လက်ပြတ်တွေပဲရှိတော့တယ်။ သူတို့ကို PDF က လာတိုက်ရင် ပြန်ပြီး မခုခံနိုင်မှာကို ကြောက်လန့်ပြီး တပ်ရင်းပတ်ပတ်လည်ကို မြေတူးပြီး နင်းမိုင်းတွေ လိုက်ထောင်နေတယ်။ မြေတူးတာဇွန်လတည်းက စပြီးတူးနေတာ အခုတော့ အကုန်ပြီးသွားပြီး သူတို့ မြေတူးထားတဲ့ နေရာနားမှာ နင်းမိုင်းတွေ အများကြီးပဲ လိုက်ထောင်နေတာ ရွာချင်းဆက် လမ်းတွေကိုလည်း စစ်ခွေးတွေက မြေတူးစက်နဲ့ လိုက်လံဖျက်ဆီးနေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

  • ကားမိုင်းကနေ ဖားကန့်မြို့ဝင်အထိ စစ်တပ်က စစ်အင်အား ရာနဲ့ချီ နေရာယူထား

    ကားမိုင်းကနေ ဖားကန့်မြို့ဝင်အထိ စစ်တပ်က စစ်အင်အား ရာနဲ့ချီ နေရာယူထား

    ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ် ၁၀ ရက်ကျော်အတွင်းမှာပဲ စစ်ကြောင်း ၂ ကြောင်းထိုးတက်လာပြီး ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းကြောင်းအားလုံးကို စစ်တပ်ကနေရာယူထားတယ်လို့ သိရပါတယ်။

    ဩဂုတ်လ ဆန်းပိုင်းမှာ စစ်အင်အား ၃၀၀ နဲ့ ၅၀၀ ကြားရှိတဲ့ တစ်ကြောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်း စစ်အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတဲ့ တစ်ကြောင်း ၊ ရာနဲ့ချီ ရှိတဲ့ စစ်ကြောင်း နှစ်ခုရဲ့ စစ်အင်အားတွေ ကားမိုင်းကနေ ဖားကန့်မြို့အဝင် လမ်းပိုင်း အားလုံးကို စစ်အင်အားချထားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

    “ဒီဖားကန့်လမ်း တစ်ကြောမှာ KIA ရဲ့ ဂိတ်နေရာ တစ်ခုမှမရှိတော့ဘူး။ တစ်ရက်ကပဲ ဖားကန့်ကို တက်လာတာ လမ်းတစ်လျှောက်ရှိနေကြတယ်။ နန့်ယားမှာလည်း အများကြီးရှိနေတယ်။ ပြောရမယ်ဆိုရင် လဝါးကနေ လုံးခင်းကျေးရွာအထိ အင်အားချထားတယ်လို့ ပြောလို့ရတယ်။ အခုလည်း နောက်တစ်ကြောင်း တက်လာသေးတယ်။ အခု တက်လာတဲ့ စစ်ကြောင်းတွေ အဖွဲ့လိုက်ရှိတဲ့ နေရာတွေက မအူပင် ရေကာတာနားမှာ၊ ပြီးရင် နန့်ယားကျေးရွာမှာ ရှိနေကြတယ်။ ကျန်တဲ့ နေရာတွေမှာက တစ်စု ပြီးတစ်စု တစ်လမ်းလုံးရှိနေကြတယ်”လို့ ဖားကန့် ကို တက်သွားတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

    စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ကားမိုင်းကနေ နန့်ယား၊ ဆိုင်ဖရာ၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ပျားအုံး၊ ကပ်မှော်၊ နန့်တိန့် နဲ့ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံ၊ လယ်ပြင်၊ လုံးခင်းကျေးရွာအထိ စစ်ကြောင်းတပ်ဖြန့်ချထားတယ်လို့ ပြောပါတယ်။

    ဩဂုတ်လဆန်းပိုင်းမှာ စစ်အင်အား ၃၀၀ နဲ့ ၅၀၀ တက်လာတဲ့ စစ်ကြောင်းတွေက ဖားကန့်ဒေသထဲကို တိတယအကြိမ်တက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီးတော့ အဲဒီစစ်ကြောင်းတွေက လက်ရှိ နန့်ယားကျေးရွာမှာ နေရာယူထားကြသလို စစ်ကြောင်းချို့က ဖားကန့် ဘက်ကို တက်သွားကြတာဖြစ်ပါတယ်။

    နောက်ထပ် ဩဂုတ်လ ၁၅ ရက်နေ့နောက်ပိုင်းတက်လာတဲ့ စစ်ကြောင်းတွေက ဖားကန့်ဒေသထဲကို လေးကြိမ်မြောက် တက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီးတော့ အဲဒီကြောင်းတွေက နန့်ယားကျေးရွာမှာ ထပ်မံ အင်အားဖြည့်တင်းတာတွေရှိသလို ဖားကန့်သွားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲနေရာယူထားတယ်လို့လည်း သိရပါတယ်။

    ဖားကန့်လမ်းကို စစ်ကြောင်းတက်လာကြတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေက စစ်အင်အားတစ်ချို့ နဲ့ လက်နက်ပစ္စည်း၊ စစ်ရိက္ခာတွေကို ၁၂ ဘီကားမှာ တင်ဆောင်ပြီးတော့ ဖားကန့် လမ်းအတိုင်း တက်လာကြပြီးတော့ အင်းအားအများပိုင်းက ခြေလျင်နဲ့ တက်လာကြတာလို့ သတင်းအရင်းအမြစ်တွေပြောပါတယ်။

    တတိယအကြိမ် စစ်ကြောင်းတက်လာချိန် ကားမိုင်းအနီး မအူပင်ကျေးရွာအထက်ပိုင်းနဲ့ နန့်ယားကျေးရွာအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လမ်းပိုင်း ခုခံတိုက်ခိုက်တာတွေရှိခဲ့လို ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။

    အဲ့ဒီ တတိယအကြိမ်တက်လာတဲ့ စစ်ကြောင်းတွေက ဖားကန့်လမ်းကို ထိန်းချုပ်လိုက်တဲ့အတွက် နောက်ထပ် လေးကြိမ်းမြောက် တက်လာတဲ့ စစ်ကြောင်းတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နန့်ယား၊ ဆိုင်းဖရာ စတဲ့ ကျေးရွာတွေကို ရောက်ရှိသွားနိုင်ခဲ့တာဖြစ်ပါတယ်။

    အခုလို ဖားကန့်ဒေသထဲကို ဩဂုတ်လ ၁၀ ရက်ကျော်အတွင်း စစ်အင်အား ၇၀၀ နဲ့ ၈၀၀ ကြားရှိတဲ့ စစ်ကြောင်း တပြိုင်နက် ထိုးတက်လာတဲ့အပေါ်မှာ စစ်တပ်က ဖားကန့်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခုကတည်းကနေ စစ်အင်အားတိုးချဲ့ပြီး နေရာရယူလာတဲ့ သဘောမှာမြင်တွေ့ရတယ်လို့ နောက် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက အခုလိုသုံးသပ်ထားပါတယ်။

    “စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲလုပ်မယ် ဒီအတွက်နဲ့ ပြီးရင် စစ်အင်အားထပ်ဖြည့်နေတယ်လို့ပဲမြင်ပါတယ်။ သူတို့ ရွေးကောက်ပွဲလုပ်မယ့် ကော်မရှင်အဖွဲ့ဝင်တွေ၊ ကော်မတီအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို လုံခြုံရေးယူပေးဖို့ ကာကွယ်ပေးနိုင်ရေးအတွက် အင်အားအများအပြားလိုအပ်နေလို့ တိုးချဲ့နေတယ်လို့ပြောချင်ပါတယ်။ အဓိကတော့ ဖားကန့်မြို့ပေါ် မှာ လုံခြုံရေးယူပြီးတော့ ရွေးကောက်ပွဲကို ရအောင်လုပ်မယ်ပေါ့။ ပြည်သူလူထုအနေနဲ့တော့ မဲထည့်မယ် မထည့်ဘူးဆိုတာ တစ်ပိုင်းဖြစ်သွားပြီ။ စစ်တပ်အနေနဲ့တော့ ထည့်ရင်ရပြီဆိုတဲ့သဘောရှိနေတယ်”လို့ပြောပါတယ်။

    ဖားကန့်မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ရန်အတွက် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) ၊ စီမံကိန်းဌာန၊ ပြန်ဆက်ဌာန ၊ ထွေအုပ်နဲ့ ကျောင်းအုပ်အဖွဲ့တွေကို မြစ်ကြီးနားမြို့မှာ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချရေးတွေလည်း စစ်ကောင်စီက ဖော်ဆောင်ပေးနေပြီလို့လည်း စုံစမ်းသိရှိရပါတယ်။

    ဒါကြောင့် စစ်ကောင်စီတပ်ဟာ လုံခြုံရေးအတွက် လိုအပ်နေတဲ့ စစ်အင်အားတွေကို တစ်ကြောင်းပြီး တစ်ကြောင်း တပြိုင်နက် စစ်ကြောင်းထိုးတက်နေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလ နဲ့ ဇူလိုင်လအတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေက ဖားကန့် ဒေသထဲက မှော်ဆီစာ၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) မော်မောလယန်၊ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး စတဲ့ ကျေးရွာတွေမှာ တပ်စွဲနေရာယူထားကြတာဖြစ်ပါတယ်။

    ယခုပြန်ပြီး တက်လာကြတဲ့ စစ်ကြောင်းတွေက အဓိကအားဖြင့် ဖားကန့် လမ်းပိုင်းကို ထိန်းချုပ်ဖို့ ဖြစ်တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေပြောပြပါတယ်။

    ကားမိုင်း – နန့်ယားဖားကန့်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လမ်းကြောင်းတစ်လျှောက် နေရာယူထားတာကြောင့် ခရီးသွားလာတဲ့ ပြည်သူတွေကိုလည်း စစ်ရေးဆေးတင်းကြပ်ထားပြီး မအူပင်အထက် ကျောက်ထု၊ နန့်ယား၊ နန့်တိန့်၊ ယမ်းချက်စက်ရုံ၊ လယ်ပြင်ဂိတ် စတဲ့ နေရာတွေမှာ အမည်၊ ကားနံပါတ်၊ မှတ်ပုံတင်ကပ်ပြား အဆင့်ဆင့် စစ်ဆေးရေးတင်းကြပ်ထားတယ်လို့လည်း သိရပါတယ်။

    By – နော်ထွယ့်(ဟူးကောင့်)