Author: Baby Yit Lone

  • မုံရွာမှာ နေအိမ်နဲ့အလုပ်ရုံတွေထဲထိ ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒေသခံ ၄၀ နီးပါးဖမ်းခံထားရ

    မုံရွာမှာ နေအိမ်နဲ့အလုပ်ရုံတွေထဲထိ ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒေသခံ ၄၀ နီးပါးဖမ်းခံထားရ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာပြီး ဒေသခံ ၄၀ ခန့်ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မုံရွာမြို့ရဲ့ ပေ ၈၀ လမ်း၊ ရန်ကင်းမီးပွိင့်၊ ကျောက္ကာလမ်း၊ ကမ်းနားလမ်း၊ မြို့ပေါ်ရပ်ကွက်တွေထဲနဲ့ မြို့အနီးကျေးရွာတွေမှာ ဇူလိုင်နောက်ဆုံးပတ်ကတည်းက စတင်ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

    “ဇူလိုင် ၂၄ ရက်ပတ်ဝန်းကျင်ကတည်းက ပေါ်တာဆွဲနေတာ။ ခုရက်ပိုင်းပိုကြမ်းလာတယ်။ အချို့နေအိမ် အလုပ်ရုံထဲ ဝင်ဆွဲတယ်ပြောတယ်။ လောလောဆယ်တော့ နေရာတနေရာပြီး တနေရာ ရွှေ့ပြောင်းပြီး အလစ်အငိုက်ဆွဲနေတာ”လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၆ နဲ့ ၁၇ အတွက် လူမပြည့်မီသေးတာကြောင့် ခုလိုပေါ်တာ ဆွဲဖမ်းဆီး တာဖြစ်နိုင်ပြီး သြဂုတ် ၇ ရက်ဒီကနေ့အထိ ဖမ်းဆီးခံထားရသူ ၄၀ ဝန်းကျင်ရှိကာ အဲ့ဒီထဲက ၅ ဦးကိုသာပြန်လွှတ်လိုက်တယ်လို့ သိရကြောင်း သူကဆက်ပြောပါတယ်။

    ဒီအရေအတွက်ဟာ ဒေသခံတွေ လက်လှမ်းမီသလောက်သိရှိတဲ့အရေအတွက်ဖြစ်ကာ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ယူနီဖောင်းဝတ်နဲ့အပြင် အရပ်ဝတ်တွေနဲ့ပါစောင့်ကြည့်ဖမ်းဆီးနေတာဖြစ်ပြီး ခုလိုဖမ်းဆီးတာတွေ လုပ်နေတာကြောင့်လူငယ်တွေလည်း လမ်းပေါ်ကိုမထွက်ရဲကြဘူးလို့ ဆိုပါတယ်။

    သြဂုတ် ၃ ရက်မှာလည်း မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်က ရေဦးဆန်ဆိုင်ဂိတ်၊ ရန်ကင်း ရပ်ကွက်ထဲရှိ အသောကလမ်း၊ ကမ်းနားလမ်း၊ ရေကူးကန်လမ်းနဲ့ ဗိုလ်တေဇလမ်းတွေမှာ လက်နက်ကိုင် စစ်ကောင်စီ အဖွဲ့ဝင် အင်အား ၇ ဦးကျော်နဲ့ လဝကရုံးက ဝန်ထမ်းအချို့ဟာ အံစာတုံးကား ၁ စီး၊ စစ်ကား ၁ စီးနဲ့ လမ်းသွားလမ်းလာအမျိုးသားတွေကို ဖမ်းဆီးခဲ့တယ်လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

    ဖမ်းဆီးခံရသူတွေထဲမှာ မုံရွာမြို့ပေါ်ရှိ ရုံကြီး၊ ဆူးလေကုန်း၊ အောင်ချမ်းသာ၊ စက်မှုဇုန်၊ အင်းရွာသစ်၊ သလ္လာ၊ ချမ်းမြသာစည်စတဲ့ ရပ်ကွက်တွေက အမျိုးသားတွေနဲ့ မုံရွာမြို့အနီးရှိ လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းရွာက အမျိုးသားတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။

    “အဲ့ ၃ ရက်နေ့ကတော့ စစ်ကားပေါ်ကို လူအပြည့်ဘဲ။ ၂၀ ဦးရေ ဝန်းကျင်လောက်တော့ ပါမယ်။ ညနေဘက် ၆ နာရီလောက်ကျ ဗိုလ်ချုပ်လမ်းပေါ်ကနေ အနောက်တန်းတန်း မောင်းချသွားတာ။ အဲ့နေ့က ညနေဘက်လူငယ်တွေ သိပ်မထွက်ကြဘူး။ လမ်းပေါ်မှာ လူကြီးပိုင်းတွေပဲ တွေ့ရတာ။”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

    စစ်မှုထမ်းဖို့ ဖမ်းဆီးသွားသူတွေကို မုံရွာမြို့တော်ခန်းမထဲမှာ ထိန်းသိမ်းထားပြီးနောက် လူဦးရေ အရေအတွက်ပြည့်ပါက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ဆီကို ပို့ဆောင်တယ်လို့ ဆိုပါတယ်။

    သြဂုတ် ၄ ရက်ကနေ ၆ ရက်အထိလည်း မုံရွာမြို့ပေါ် မိုးရွာသွန်းနေပေမယ့် ထန်းတောရပ်ကွက်၊ မုံရွာတောင်၊ စက်မှုဇုန်ရပ်ကွက်၊ မြဝတီရပ်ကွက်နဲ့ အလုံသုံးထောင့်ချွန်းနေရာတွေမှာ လမ်းသွားလမ်းလာ အမျိုးသားတွေကို ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    စစ်မှုထမ်းဖမ်းဆီးခံရသူတွေထဲက မြို့ပေါ်နေသူတွေဖြစ်ပါက မှတ်ပုံတင်တွေကို မိသားစုဝင်တွေဆီ ဆက်သွယ်တောင်းခံပြီး လာရောက်မပေးသူတွေကိုတော့ မှတ်ပုံတင်အသစ်ပြန်လည် လုပ်ဆောင် ပေးတယ်လို့လည်း အဓမ္မဖမ်းဆီးခံရသူတဦးရဲ့ မိသားစုဝင်ဆီက စုံစမ်းသိရပါတယ်။

    အခုရက်ပိုင်း မုံရွာမှာ စစ်ကောင်စီတွေက စစ်မှုထမ်းဖို့အမျိုးသားတွေကို နေ့စဥ်ဖမ်းဆီးနေတာကြောင့် မြစ်အနောက်ဘက် ရွာရှည်၊ ထန်းတောကြီးနဲ့ ညောင်ပင်ကြီးကျေးရွာတွေက နေ့စား အလုပ်သမား တွေလည်း မုံရွာမြို့ပေါ်ကို အလုပ်မဆင်းဘဲ ရက်ပိုင်းအနားယူထားကြတယ်လို့လည်း ပွဲရုံလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

    ပုံစာ – ဇီးကုန်းမြို့နယ်အတွင်း စစ်ဆေးရေးလုပ်ဆောင်နေသည့် စစ်ကောင်စီအဖွဲ့များ။ (ပုံဟောင်း)

  • လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်

    လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်

    လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံး

    (more…)

  • ပြည်သူ့စစ်တွေကိုရှေ့ကတက်ခိုင်းပါတယ် မတက်ရင်ပစ်သတ်မယ်လို့ ပြော

    ပြည်သူ့စစ်တွေကိုရှေ့ကတက်ခိုင်းပါတယ် မတက်ရင်ပစ်သတ်မယ်လို့ ပြော

    အာရက္ခပြည်၊ ကျောက်ဖြူမြိုတွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်းမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက် နေ့တွင် အာရက္ခတပ်တော်ထံသို အလင်းဝင်ရောက်လာသော စစ်ကောင်စီ၏ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆) တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ပစ/၁၅၂၀၅၅ တပ်သား မောင်မောင်ဝင်း

    အာရက္ခပြည်၊ ကျောက်ဖြူမြို့တွင် လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်းမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက် နေ့တွင် အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၁၁) လက်အောက်ခံ၊ ခမရ (၂၁၆) တပ်ရင်းမှ ကိုယ်ပိုင်အမှတ် ပစ/၁၅၂၀၅၅ တပ်သား မောင်မောင်ဝင်း၏ ထွက်ဆိုချက် ရုပ်သံ

    AA Info Desk

  • ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်နေသော စစ်ဗိုလ်ချုပ်များ

    ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်နေသော စစ်ဗိုလ်ချုပ်များ

    ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းလိုက်ချိန်မှာ ပြီးဆုံးသွားပြီဖြစ်တယ်။ ဒါပေမယ့် မင်းအောင်လှိုင်နဲ့တကွစစ်ကောင်စီဟာ ၂၀၀၈ အခြေခံဥပဒေကြီးဟာအခုထိအသက်ဝင်နေသေးသယောင်အမြဲလုပ်ကြံလီဆယ်ပြောနေခဲ့ပါတယ်။ ဒါကိုလည်း ကိုကိုကြီးတို့ သက်သက်ခိုင်တို့၊စန္ဒာမင်းတို့၊ ဒေါက်တာအေးမောင် တို့လိုလူတွေ ၊ ဘဲဥမကွဲသူအများစုပါဝင်တဲ့ ၅၉ပါတီခေါင်းဆောင်ဆိုသူတို့က မစားရဝခမန်းသံယောင်လိုက်ပါတယ်။

    သူတို့ပြောသလို ၂၀ဝ၈ ခြေ/ဥကြီး အသက်ဝင်နေသေးတယ်ပဲ ဥပမာအနေနဲ့ ထားလိုက်ပါဦး၊ ရှိတယ်ပဲထားပါဦး၊ အဲ့ဒိ ၂၀၀၈အခြေခံဥပဒေကြီးကို မင်းအောင်လှိုင်တို့ကိုယ်တိုင် ဘာတွေဘယ်လိုချိုးဖောက်ခဲ့တယ်၊ချိုးဖောက်နေဆဲ ဖြစ်တယ်ဆိုတာ တတ်နိုင်သမျှ အကျဥ်းချုံး တင်ပြပါ့မယ်။

    ပထမဆုံးပြောရမှာက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတော်အာဏာကို ရွေးကောက်တင်မြှောက်ခံအစိုးရလက်ထဲကနေ လက်နက်အားကိုးသိမ်းပိုက်ခြင်းဟာ ရာဇသတ်ကြီး ပုဒ်မ ၁၂၁(၁) ” နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု” ကျူးလွန်ခြင်းပါပဲ။ ပုဒ်မ ၁၂၁(၁) (ဃ)မှာ” ဖွဲ့စည်းအုပ်ချုပ်ပံအခြေခံဥပဒေ ဖြင့်တည်ထောင်ခန့်အပ်သော ပြည်ထောင်စုနိုင်ငံ၏လုပ်ငန်းအဖွဲ့ကိုသော်လည်းကောင်း ပြည်ထောင်စုအဖွဲ့ဝင်၏လုပ်ငန်းအဖွဲ့ကိုသော်လည်းကောင်းလက်နက်ဖြင့်ဖြစ်စေ၊အခြားသောင်းကျန်းသောနည်းလမ်းဖြင့်ဖြစ်စေဖြိုဖျက်ရန်အားထုတ်လျှင်၊အားထုတ်မှုတွင်ပါဝင်ဆောင်ရွက်လျှင်၊ သို့တည်းမဟုတ် ထိုသို့အားထုတ်ရန်လူတစ်ဦးဦးကိုလှုံ့ဆော်လျှင်၊သို့တည်းမဟုတ် လူတစ်ဦးဦးနှင့်ပူးပေါင်းကြံစည်လျှင် ထိုသူသည် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးကိုကျူးလွန်သည်” လို့ယခုတိုင်အတိအလင်းဥပဒေရှိပါတယ်။

    လိုရင်းသဘောကတော့ လွှတ်တော်ကတရားဝင်တင်မြှောက်ထားတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရကို လက်နက်နဲ့အကြမ်းဖက်ဖြုတ်ချတာ “နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပါပဲ။ ပုဒ်မ ၁၂၂(၂)အရပြဌာန်းထားတဲ့ပြစ်ဒဏ်ဟာ သေဒဏ် ဖြစ်စေ ၊ထောင်ဒဏ် နှစ် နှစ်ဆယ် ဖြစ်စေ ချမှတ်ခြင်းခံရမယ့်အမှုပါ။ ဒါကပထမဆုံး ဥပဒေဖောက်ဖျက်မှုပါ။ အာဏာသိမ်းတဖွဲ့လုံးနဲ့ဆိုင်ပါတယ်။

    ဒုတိယ ဥပဒေဖောက်ဖျက်မှုက မဲလိမ်တယ်၊ မဲစာရင်းကွာတယ်၊ ရွေးကောက်ပွဲကိုပြန်လုပ်ပေးရမယ်၊ပြန်လုပ်မပေးလို့အာဏာ ထိမ်းရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လုပ်ရပ်ပဲဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း၉ ပုဒ်မ ၄၀၂ မှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှု စွပ်စွဲမှုတစုံတရာဖြစ်လာရင် ရွေးကောက်ပွဲကော်မရှင်ရဲ့အဆုံးအဖြတ်သာ အတည်ဖြစ်တယ်လို့ အတိအလင်းပြဌာန်းထားပါတယ်။စစ်တပ်ကဝင်ပြီး ရွေးကောက်ပွဲ ပြန်လုပ်ခိုင်းနိုင်သည်တို့၊ စစ်တပ်ကမဲစာရင်းများစစ်ဆေးရမည် တို့မပါပါဘူး။ ၂၀၀၈ ခြေ/ဥ အခန်း ၉ မှာ ဒီလိုအတိအလင်းရေးထားပြီးသားပါ။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များ

    ၄၀၂။ အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည် –

    (က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊

    (ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊

    (ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ။

    ဒါ့ကြောင့် ခြေ/ဥ အရအပြီးအပြတ်အတည်ဖြစ်နေတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ဆုံးဖြန်ချက်တွေကို စစ်တပ်ကဝင်စွက်တာဟာ သူတို့ရေးထားတဲ့ ၂၀၀၈ခြေဥ ကိုသူ တို့ဘာသာ ဝင်ဖျက်တာပါပဲ။ဒါကဒုတိယအကြိမ် ဥပဒေချိုးဖောက်မှုပါ။

    တတိယအကြိမ်ဥပဒေချိုးဖောက်မှုက သမ္မတ ကို ရာထူးကတရားဝင်စွပ်စွဲ ပြစ်တင် လွတ်တော်ကမဲပေးဖြုတ်ချပြီးမှ အပြစ်ရှိရင်တရားစွဲ ရုံးတင်စစ်ဆေးရမှာပါ။ အဲ့ဒါ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ အခန်း ၃ ပုဒ်မ ၇၁ (ခ) မှာ ” နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦးဦးကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော် တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်၊

    ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံကထောက်ခံမှသာ ဆက်လက် အရေးယူဆောင်ရွက်ရမည်၊

    (ဃ) လွှတ်တော်တစ်ရပ်ရပ်က စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ရန် ထောက်ခံ လျှင် အခြားလွှတ်တော်တစ်ရပ်က ယင်းစွပ်စွဲချက်ကိုအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေး ရမည်၊

    (င) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊

    (စ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပြီးသည့်အခါ စွပ်စွဲချက်ကို စစ်ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေးစေသောလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနက် အနည်းဆုံးသုံးပုံနှစ်ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသောပြစ်မှုသည် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် စွပ်စွဲခံ ရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှရပ်စဲရန် ယင်းလွှတ်တော်က ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ တင်ပြရမည်၊

    (ဆ) ပြည်ထောင်စုလွှတ်တော်အကြီးအမှူးသည် တင်ပြချက် ရရှိလျှင်ရရှိချင်း စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်”

    အဲ့ဒိလို သမ္မတ ကိုရာထူးကဖယ်ချင်ရင်လုပ်ရမယ့်လုပ်ငန်းစဥ်အဆင်ဆင့်ကိုဘာတစ်ခုမှမလုပ်ပဲ သမ္မတဦးဝင်းမြင်ကြိုဖမ်းဆီးချုပ်နှောင်တာဟာ သူတို့ ဥပဒေကိုသူတို့ ချိုးဖောက်မှု တတိယ အကြိမ်ပါ။

    လေးကြိမ်မြောက် ဥပဒေကိုချိုးဖောက်တာ သမ္မတဦးဝင်းမြင့်နေရာမှာ ဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတဆို ပြီးခပ်တည်တည် ရာထူးယူကာ နိုင်ငံကိုအရေးပေါ်ကြေညာတဲ့အမိန့်ကိုလက်မှတ်ထိုးပြီး ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို အာဏာအပ်ခဲ့တာပါပဲ။ အဲ့ဒါ ၂၀၀၈ အခြေခံဥပဒေနဲ့ လုံးဝကိုက်ညီခြင်းမရှိပါဘူး။ ၂၀၀၈ခြေဥမှာ သမ္မတ လစ်လပ်ခဲ့ရင် ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊တပ်မတော်သားအစုအဖွဲ့ တွေကနေ လစ်လပ်သွားတဲ့ သမ္မတဟာ ဘယ်အစုအဖွဲ့ကတက်လာတာလဲ စစ်တပ်အစုအဖွဲ့ကလာရင် စစ်တပ် ကိုယ်စားလှယ် အစိတ်သားတွေ လူတစ်ယောက်ပြန်ရွေးပေး၊ သမ္မတက အမျိုးသားလွှတ်တော်ကတဆင့်လာတာဆိုရင် နောက်တစ်ယောက်ကို အမျိုးသားလွှတ်တော်က ထပ်ပြန်ရွေးပေး၊ အဲ့ဒိအသစ်ရွေးပေးခံရတဲ့သူရယ် လက်ရှိ ဒုသမ္မတ နှစ်ယောက်ရယ်ကို ပြည်ထောင်စု လွှတ်တော်မှာမဲပေးပြီးမဲအများဆုံးရသူကို သမ္မအဖြစ်တင်မြောက်၊ အဲ့လို အတိအကျပြဌာန်းထားတယ်။ သမ္မတ လစ်လပ်သွားလို့ ဒုသမ္မတက ယာယီသမ္မတ တက်လုပ်ရင်တောင်အများဆုံး ၂၁ရက်ပဲ လုပ်ခွင့်ရှိတယ်။

    ၇ ရက်အတွင်း သမ္မတလစ်လပ်ကြောင်း လွှတ်တော်အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံအကြောင်းကြားရမယ်။

    ၂၁ရက်မတိုင်ခင် ပြည်ထောင်စုလွှတ်တော်ခေါ်ပြီး သမ္မတရွေးပွဲ ပြန်လုပ်ရမယ်။ အဲ့ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ ၇၃ ပဲ။ သမ္မတ ဦးဝင်းမြင့်နေရာမှာ ဒုသမ္မတ ဦးမြင့်ဆွေက ၂၁ ထက်ကျော်ပြီး ယာယီသမ္မတလို့တက်ထိုင်နေတာ အဲ့ဒိအာဏာသိမ်း တစ်ဖွဲ့လုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဗြောင်ချိုးဖောက်တာပဲ။ အဲ့ဒါကို သိတဲ့ ဦးမြင့်ဆွေဟာ မတရားမှုကိုမသိစိတ်ကခြောက်လှန့်ပြီး မစားနိုင်မအိပ်နိုင်နဲ့သေတာပဲ။

    ငါးခုမြောက် ဥပဒေကိုချိုးဖောက်တာက ဦးမြင့်ဆွေနေမကောင်းလို့ဆိုပြီး မင်းအောင်လှိုင်ကခပ်တည်တည်နဲ့ ရာယီသမ္မတ(တာဝန်) ဆိုပြီးတက်လုပ်တာပဲ။ အထက်က နိုင်ငံတော်အကြီးအကဲ ဆိုတဲ့အခန်း (၃)မှာ သမ္မတ သို့မဟုတ် ဒုသမ္မတလစ်လပ်သွားရင် ပြည်ထောင်စုလွှတ်တော်ကနေ ပဲ ၂၁ရက်အတွင်းရွေးပေးရမယ်ဆိုတာ ပြောပြီးပြီ။ လွှတ်တော် ကမတင်မြှောက်ပဲ ဘယ်သူမှ သမ္မတ၊ ဒုသမ္မတ တက်လုပ်လို့မရဘူး၊လွှတ်တော်ဆိုတာလည်း စစ်ကောင်စီက ရန်သူသဖွယ် ဖမ်းဆီးသတ်ဖြတ် နေလို့ ဦးတီခွန်မြတ်နဲ့ စန္ဒာမင်း တို့လိုလက်တစ်ဆုပ်စာကလွဲလို့ လွှတ်တော် အဟောင်းရော ၂၀၂၀ ရွေးကောက်ပွဲက လွှတ်တော်အသစ်ရော နေပြည်တော်မှာ တစ်ယောက်မှမရှိတော့ဘူး။ အဲ့ဒိတော့ ၂၁ရက်အတွင်းသမ္မတ တင်မြှောက်ရမယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် ဘာလွှတ်တော်မှမရှိပဲ ကိုယ့်ကိုယ်ကို ယာယီသမ္မတအဖြစ် ကြေညာတာဟာ ၂၀၀၈အခြေခံဥပဒေ အခန်း (၃)ပုဒ်မ ၇၃ (က)ကနေ (ဆ)အထိကိုဆက်တိုက်ဖောက်ဖျက်ကျူးလွန်ခြင်းပါပဲ။

    ခြောက်ခုမြောက်ဥပဒေချိုးဖောက်ခြင်းလည်းရှိသေးတယ်။ အဲ့ဒါကဘာလဲဆိုတော့ လွှတ်တော်ရဲ့အတည်ပြုချက်မရှိပဲ ကိုယ့်သဘောနဲ့ကိုယ် အရေးပေါ်ကာလကို ၆လတစ်ကြိမ် အလီလီ သက်တမ်းတိုးနေခဲ့တာပဲ။၂၀၀၈ ခြေ/ဥ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ၊ပုဒ်မ ၄၃၂(ခ)မှာ

    ၄၂၁။(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြလျက် တင်ပြလာပါက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။ ယင်းသို့ တိုးမြှင့်ပေးသည့်ကိစ္စကို ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ အစီရင်ခံ တင်ပြရမည်။”

    လို့ပါတယ်။အခု စစ်အာဏာသိမ်းထားတဲ့ ၄နှစ်ခွဲ အတွင်းမှာ ၆လတစ်ခါ ၈ကြိမ်သက်တမ်းတိုးခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်ဆိုတာလည်း တစ်ခါမှခေါ်ပြီး အစီရင်ခံတာ မရှိခဲ့သလို လွှတ်တော်အမတ်တွေကိုတောင်လိုက်လံဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်နေပါသေးတယ်။ဒါဟာ ခြေဥ ပုဒ်မ ၄၂၁ ကိုအကြိမ်ကြိမ်ချိုးဖောက်နေခဲ့တာပါပဲ။

    နိဂုံးချုပ်ရရင် စစ်တပ်က စပြီးအာဏာသိမ်းကတည်းက ဥပဒေနဲ့မညီပါဘူး၊ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုပါပဲ။ နောက်ပိုင်းလုပ်ရပ်တွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလို့ အကြောင်းပြသော်လည်း လုပ်ရပ်အားလုံးဟာ ခြေ/ဥ ကိုအကြိမ်ကြိမ်ချိုးဖောက်ထားတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဆိုတာလည်း တကယ်တော့မရှိတော့ပါဘူး။ ရှိခဲ့တယ် ဆိုရင်တော့ ခုချိန်ထိ သမ္မတ ဦးဝင်းမြင့်သာ နိုင်ငံတော်သမ္မတ၊ ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ အဖြစ်ရှိနေဆဲ ဖြစ်ပြီး သေဒဏ်ထိုက်သည်အထိ ကြီးလေးသော ပြစ်မှုကိုကျူးလွန်သူများကနိုင်ငံတော်အာဏာကို တရားမဝင်ကြိုးကိုင်ချယ်လှယ်နေတာ ဖြစ်ပြီး သူတို့ယုံကြည်ကိုးကွယ်သော ၂၀၀၈ ခြေ-ဥ ကြီးကိုသူတို့ကိုယ်တိုင် အကြိမ်ကြိမ် ဖောက်ဖျက်နေတာ ဖြစ်ပါကြောင်း။

    သရဝဏ်(​ပြည်)

    ၈.၈.၂၀၂၅