Author: Baby Yit Lone

  • ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ

    ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ

    အကြမ်းဖက် မင်းအောင်လှိုင် လိုက်လံကြည့်ရှုသည့် ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ၍ လော်စပီကာများဖြင့် မဲလာပေးကြရန် လိုက်လံ ခြိမ်းခြောက်ခေါ်ယူ

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လံကြည့်ရှုသည့် ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ၍ လော်စပီကာများဖြင့် မဲလာပေးကြရန် လိုက်လံ ခေါ်ယူမှုများ လုပ်ဆောင်ရကြောင်း ဒေသပြည်သူများနှင့် မဲရုံများကို လိုက်လံစောင့်ကြည့်နေသော ကင်းထောက်လူငယ်များက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၁၀၀ တွင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၂ အဖြစ် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြည်တိုင်၊ အင်းစိန် အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်တွင် ရွေး ကောက်ပွဲ အပိုင်း ၂ ယနေ့ ကျင်းပခဲ့သည်။

    အကြမ်းဖက်မင်းအောင်လှိုင်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို လှည့်လည်၍ ကြည့်ရှုခဲ့ရာတွင် ၎င်းသွားရောက်မည့် မဲရုံများတွင် မဲပေးသူများကို စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ကြို တင်စုဆောင်းပြီး လူများသယောင် လူစုပေးခဲ့ရကြောင်း လှိုင်မြို့နယ်မှ မဲပေးခဲ့ရသူ ပြည်သူတစ်ဦး က ပြောဆိုသည်။

    “ညပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မဲရုံမှာ မဲလာပေးဖို့ လိုက်ပြောတယ်။ မဲစာရင်းပါပြီး မဲမပေးဘူးဆိုရင် ခရီးသွားထောက်ခံစာ မပေးဘူး။ အိမ်မှာရှိတဲ့ ကလေးတွေ(လူငယ်)ကိုလည်း စစ်မှုထမ်း ခေါ်တာမျိုးဖြစ်နိုင်တယ်ဆိုတာမျိုး ပြောသွားတယ်။ ကိုယ့်တစ်အိမ်တည်းမဟုတ်ဘူး။ တစ်ရပ်ကွက်လုံး လမ်းတိုင်းကို လိုက်ပြောတာ။ အမှတ် ၃ မဲရုံမှာ မနက်ကတည်းက လူကြီးလာမယ်ဆိုပြီး မဲမပေးခိုင်းဘဲ လူစုထားတာ” ဟု လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှ မိခင်တစ်ဦးက ပြောဆိုသည်။

    ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ ရွှေပြည်သာ ၊ ထန်းတပင်၊ လှည်းကူး၊ အင်းစိန်မြို့နယ်တို့တွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှစတင်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မဲရုံများသို့ အားလုံး မဖြစ်မနေ မဲလာပေးကြရန်၊ မှတ်ပုံတင်မရှိပါက မဲစာရင်းနံပါတ်ကို ပြော၍ မဲပေးနိုင်ကြောင်း လော်စပီကာများဖြင့် လှည့်လည် အော်ဟစ် ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    “အင်းစိန်မှာတော့ ညနေ ၄ နာရီမဲရုံပိတ်မှာမို့ မဲစာရင်းမှာပါရင် ချက်ချင်း မဲလာပေးဖို့၊ မှတ်ပုံတင်မရှိရင်လည်း မဲစာရင်းနံပါတ်ပါတဲ့စာရွက်နဲ့ မဲလာပေးလို့ရတယ်ဆိုပြီး လိုက်အော်တယ်” ဟု အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းကမူ ရွေးကောက်ပွဲအပိုင်း ၁ တွင် မဲပေးသူများ များပြား၍ အားရသည်ဟု မီဒီယာများကို ထုတ်ဖော်ပြောဆိုပြီး ရွေးကောက်ပွဲ အပိုင်း ၂ တွင်လည်း မဲပေးသူများပြားလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

    ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲလာပေးသူများ ပြားစေရန် အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မဲမပေးလျှင် ဧည့်စာရင်းကိစ္စ၊ စစ်မှုထမ်းကိစ္စ၊ စားအုန်းဆီဝယ်ယူခွင့် စာအုပ်၊ ခရီးသွားထောက်ခံစာများ လုပ်မပေးဟုဆိုကာ အကျပ်ကိုင် ဖိအားပေး ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သော်လည်း မဲပေးသည့် ပြည်သူမှာ နည်းပါးခဲ့ကြောင်း သိရှိရသည်။

    ရန်ကုန်မြို့တွင်း ပန်းဘဲတန်း၊ လသာမြို့နယ်ရှိ မဲရုံများတွင်လည်း မဲပေးသူ နည်းပါးခဲ့ပြီး နံနက် ၁၁ နာရီမှစတင်၍ မဲရုံများတွင် လူမရှိကြောင်း မဲရုံများကို လိုက်လံကြည့်ရှုခဲ့သော ကင်းထောက်လူငယ်တစ်ဦးက ဆိုသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ရန်ကုန်သို့ လာရောက်၍ မြို့နယ်များရှိ မဲရုံများကို လိုက်လံ ကြည့်ရှုကာ မဲပေးသူများကို မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်၏ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

  • နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်

    နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်

    အရက်မူးနေလျှင် ဆက်ကြေးငွေပိုကောက်သည့် နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်

    အရက်မူးနေလျှင် ဆက်ကြေးငွေပိုကောက်သည့် နေပြည်တော်၊ဧလာမြို့အနီးရှိ စစ်တပ်ဂိတ်ကို ပြည်သူတို့၏ တောင်းဆိုမှုအရ လျှပ်တစ်ပြက်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား၂ဦး ဒဏ်ရာရခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၇ နာရီခန့်တွင် လယ်ဝေးမြို့နယ် ၊ အောင်ချမ်းသာကျေးရွာ နန်းချိုးချောင်း ရေ ကျော်၌ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့(ဇန်နဝါရီ ၁၁ ရက်) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။

    “ခန့်မှန်း ၁၀မိနစ် ကျော်ကျော်ပါ။ ပြောက်ကျား ဝင်ပစ်တာပါ။ သူတို့ဘက်ကပြန် ပစ်ပါတယ်။ ဒါပေ မဲ့၊ ကျနော်တို့ကကြိုပြီးစီစဉ်ခဲ့နိုင်ပါတယ်။ ၂ ဦးကို နေပြည်တော် ကုတင်၁၀၀၀ကို ပို့တယ်လို့ သိထားပါတယ်။ ကျနော်တို့ ပြန်ခွာထားတော့ သတင်းတော့ထပ်မရသေးဘူး”ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အဓမ္မ ဆက်ကြေးကောက်နေသည့် ယင်းဂိတ်ကို ရှင်းလင်းပေးရန် ပြည်သူများက အကြိမ်ကြိမ် တောင်းဆိုသဖြင့် ဝင်ပစ်ခြင်းဖြစ်ကြောင်း သိရသည်။

    “ပုံမှန် ၄၊၅ ယောက်ပါပဲ။ ဒေသခံတွေကို ဆက်ကြေးကောက်ဖို့ ကုက္ကိုလ်ပင်အောက်မှာ ဂိတ်ထိုင်နေ ကြတာပါ။အမြဲတမ်းရယ်လို့မဟုတ်ပါဘူး။ လုံခြုံရေး အကြောင်းပြပြီး ပိုက်ဆံလာ၊လာ ကောက်တာ ပါ‌။ သတ်မှတ်ချက်မရှိပါဘူး။ မူးရင် ပိုကောက်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

    ယင်းတိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့မှ ချေမှုန်းရေးတပ်ဖွဲ့ဝင်များ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

    အောင်ချမ်းသာကျေးရွာသည် ဧလာမြို့နှင့် ၄ မိုင်ခန့် ဝေးပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ၆ မိုင်ခန့်ဝေးကာ လယ်ဝေးမြို့နှင့်မူ ၁၂ မိုင်ဝန်းကျင် ဝေးသည်။

    ပုံစာ – တိုက်ပွဲဝင် ဝရဇိန်တပ်ဖွဲ့ဝင်များ။(ပုံဟောင်း)

  • ထိုင်းတောင်ပိုင်းက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဗုံးပေါက်ကွဲ

    ထိုင်းတောင်ပိုင်းက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဗုံးပေါက်ကွဲ

    ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်မှာတည်ရှိတဲ့ ခရိုင် ၃ ခုက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဘီဘီစီထိုင်း ဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။

    ဒီနေ့ မနက် ၂ နာရီအချိန်မှာပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ထိုင်းတောင်ပိုင်းမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ဓာတ်ဆီဆိုင်တွေ အနီးသွားလာတာ မလုပ်ဖို့နဲ့ အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းထားကြောင်း ထိုင်းပြည်တွင်းလုံခြုံရေးဆိုင်ရာဌာန ISOC ရဲ့ ‌ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    “မကောင်းတဲ့အကြံအစည်ရှိတဲ့အဖွဲ့တွေက ဗုံးထောင်ပြီး တောင်ပိုင်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ပေါက်ကွဲမှုတွေဟာ ယာလာ၊ ပတ္တာနီနဲ့ နရသီဝပ်ခရိုင်တွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် ထိုင်းရဲတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ဒီဖြစ်စဉ်ဟာ ထိုင်းမှာ မကြာခင်လုပ်ဖို့ရှိနေတဲ့ရွေးကောက်ပွဲနဲ့ဆက်စပ်သလားလို့ ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီထိုင်းကမေးမြန်းရာမှာတော့ “ဖြစ်နိုင်ခြေတွေအားလုံးကို ဆန်းစစ်နေတယ်” လို့ ဆိုပါတယ်။

    ယာလာနဲ့ နရသီဝပ် ခရိုင်တို့ဟာ အိမ်နီးချင်း မလေးရှားနိုင်ငံနဲ့ ထိစပ်နေတာကြောင့် နယ်စပ်လုံခြုံရေးကို အမြင့်ဆုံးထားစောင့်ကြည့်နေပြီး ပတ္တနီမှာလည်း နယ်မြေအပြည့် စောင့်ကြည့်နိုင်အောင်လုပ်နေတယ်လို့ သိရပါတယ်။

    လက်ရှိအချိန်အထိ ဒီဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

  • ရွေးကောက်ပွဲနေ့ ပဲခူးတိုင်းက မင်းလှမြို့ပေါ်မဲရုံမှာ ဗုံးပေါက်ကွဲပြီး ဖြူး၊ ရေတာရှည်နဲ့ ကျောက်တံတားတို့မှာ စစ်ရေးတင်းမာနေ

    ရွေးကောက်ပွဲနေ့ ပဲခူးတိုင်းက မင်းလှမြို့ပေါ်မဲရုံမှာ ဗုံးပေါက်ကွဲပြီး ဖြူး၊ ရေတာရှည်နဲ့ ကျောက်တံတားတို့မှာ စစ်ရေးတင်းမာနေ

    ပဲခူးတိုင်းမှာ အပိုင်း ၂ ရွေးကောက်ပွဲပြုလုပ်မယ့်မြို့နယ်တွေထဲက မင်းလှမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ရေတာရှည်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မြို့ခံနဲ့ စစ်ရေးအရင်းအမြစ်တချို့ဆီကပါ သိရပါတယ်။

    အပိုင်း ၂ ရွေးကောက်ပွဲကို ပဲခူးတိုင်းထဲက မင်းလှ၊ ရေတာရှည်အပါအဝင် ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်းနဲ့ မိုးညိုစတဲ့ ၁၂ မြို့နယ်မှာ ပြုလုပ်မှာပါ။

    “ဗုံးပေါက်တာလား လက်နက်ကြီးလားတော့မပြောတတ်ဘူး။ မနက် ၄ နာရီခွဲလောက်က ပေါက်ကွဲသံကြားခဲ့ရတာပါ။ အခုတော့ မြို့ကပုံမှန်လိုပါပဲ၊ မဲသွားထည့်နေတဲ့သူတွေလည်း ရှိပါတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုတို့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်တာလို့ ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပါတယ်။

    ‘‘မင်းလှမြို့၊ လမ်းမတော်လမ်း၊ တရုတ်ကျောင်း မဲရုံအနီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တာ’’လို့ လို့ဆိုပါတယ်။

    အခုလို စစ်ရေးတင်းမာနေတဲ့ ပဲခူးတိုင်းဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။

    သူဟာ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ပေါက်ခေါင်းမြို့နယ်ကနေ ဝင်ပြိုင်နေတာပါ။

    “မင်းလှမှာက ဗုံးပေါက်ကွဲမှုဖြစ်တယ်။ ဖြူးဘက်မှာလည်း ပြောက်ကျားဝင်တိုက်တာဖြစ်တော့ ရေတာရှည်ဘက်ကိုပါ စစ်ဆိုင်နေတဲ့အခြေအနေ စစ်ရေးတင်းမာနေတယ်” လို့ လက်ရှိစစ်ရေးအခြေအနေအကြောင်း PDF စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဖြူးမြို့နယ်က ဆားဂွန်းရွာမှာတည်ရှိတဲ့ စစ်တပ်စစ်ဆေးရေး ဂိတ်ကိုလည်း ဒီနေ့မနက် ၅ နာရီ ဝန်းကျင်ခန့်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    ကျောက်တံခါးမြို့နယ်ထဲမှာလည်း ဇန်နဝါရီလဆန်းပိုင်းထဲက နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းက ကျောက်တံခါးကစလို့ ရေတာရှည်အထိ တောက်လျှောက် စစ်ရေးတင်းမာနေတဲ့အခြေအနေ ဖြစ်ပါတယ်။

    ကျောက်တံခါးမြို့နယ်က ပဲနွယ်ကုန်းမြို့အနီးတဝိုက်မှာတော့ ဒီနေ့ မနက်ပိုင်းတိုက်ပွဲတွေဆက်ရှိနေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ စစ်ရေးအရင်းအမြစ်ဆီက သိရပါတယ်။

    ပဲနွယ်ကုန်းမြို့နယ်ထဲက အမှတ် ၃၀၇ ခြေမြန်တပ်ရင်းအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ ပဲနွယ်ကုန်းဒေသဟာ အခုသီတင်းပတ်ထဲမှာပဲ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့) အနီးမှာတည်ရှိပြီး ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေမှာ စစ်ရေးပြင်းထန်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

    ကျောက်တံခါးမြို့နယ်ထဲက တောကျွဲအင်းမြို့အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်စခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

  • ခေတ်ပျက်ကြီးထဲမှာ အပ်ပုန်းဆရာဝန်တွေနဲ့ မတွေ့ကြပါစေ

    ခေတ်ပျက်ကြီးထဲမှာ အပ်ပုန်းဆရာဝန်တွေနဲ့ မတွေ့ကြပါစေ

    ဆေးရုံတွေရဲ့ ပေါ့ဆမှုတွေကို မပြောတော့ပဲနေမလို့

    ဒါမဲ့လည်း သိသင့်ပြီး အားလုံးသတိထားရအောင်လို့ပါ။

    ကျန်းမာရေးနဲ့ပက်သတ်ရင်ပေါ့လို့မရပါဘူးနော်

    နောက်မှထဖွင့်တဲ့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းငယ်တွေဆို ပိုတောင် ယုံလို့မရပါဘူး။

    အိမ်က ညီမလေးအငယ်ဆုံးလေးက 24 ရက်နေ့ညမှာ ဗိုက်စအောင့်ပါတယ်

    ပုံမှန်အောင့်နေကြပုံစံနဲ့စဖြစ်ပေမဲ့ ဒီတစ်ခါသူအောင့်တာက ဆေးရုံ တန်းပြေးရမဲ့ပုံလိုဖြစ်နေပြီး မျက်ခွံတွေ မျက်တောင်တွေကအစ ကောင်းကောင်းမခတ်နိုင်တော့လို့ 25 ရက်နေ့မနက်မှာ အိမ်နားက လှိုင်တော်ဝင်ဆေးရုံသွားခဲ့ပါတယ်

    အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်က အူအတက်ယောင်တာဆိုပြီး တန်းပြောပါတယ်။

    ခွဲစိတ်ရမယ်ပြောတော့ ကျွန်မတို့လည်း အချိန်မလင့်ခင်မှာ ခွဲမယ်ပြောတော့ သီးသန့်ခန်းမရသေးလို့ ဆရာလဲ ရက်ချိန်းပြန်ကြည့်ပြီးမှ ပြန်ပြောမယ်ပြောပြီး ကျမတို့ကို စိတ်ချရအောင် Hall မှာထားပါတယ်

    တညလုံးလည်း ဗိုက်အောင့်နေတဲ့ ကလေးရဲ့ ကုတင်ကို ဘေးက ရွာသူမတွေက ခဏခဏလာဆောင့်လိုက် တွန်းလိုက်နဲ့ ပြောလို့လဲမရပဲ တညလုံး အတော်ခံလိုက်ရတယ်

    26 ရက်နေ့မနက်ကျတော့ ခွဲဖို့သေချာပေမဲ့ အခန်းလဲမရသလို ဆရာလဲ လာမကြည့်အားသေးလို့ ဖုန်းထဲကနေ နောက်ဆေးရုံဖြစ်တဲ့ ခိုင်ဆေးရုံကို ပြောင်းခိုင်းပါတယ်

    ပွဲက အဲ့မှာ စတာပါပဲ

    ခိုင်ရောက်တော့မှ Ultrasound ရိုက်တဲ့စက်မရှိလို့တဲ့ ချမ်းသာကြီးဆေးရုံကို ပြေးပြီး ထပ်ရိုက်ရသေးတယ်

    Emergency ဖြစ်နေပေမဲ့ လူအများကြီးကို တန်းစီစောင့်နေရဆဲပါ

    အလှည့်ကျရိုက်မယ်ဆိုတော့ ရိုက်ပေးတဲ့ ဆရာက အူအတက်ပေါက်သွားပြီပြောလို့ ကျွန်မတို့လဲ အမြန်ဆုံး ခွဲပေးဖို့ ခိုင်ဆေးရုံကို ပြေးလာပြီး ဆရာဝန်တွေကို ဘယ်ချိန်ခွဲမလဲဆိုတာ မေးတော့ ဆရာက 2:30 လာမယ်ပြောပါတယ်

    အချိန်ကျတော့ မရောက်လာပဲ 3 ခွဲဆိုပြီး ထပ်ချိန်းပါတယ်

    ကြားထဲမှာ သူတို့က လှိုင်တော်ဝင်ကနေ ထိုးပေးလိုက်တဲ့ ဆေးတွေကို သေချာမမြင်တာလား မမေးမိတာလား Connection ပျက်နေတာလားမသိပဲ ထိုးပြီးဆေးတွေထပ်ထိုးမယ်လုပ်လို့ ကျမတို့ကဘာဆေးလဲမေးတော့မှ တိုက်ကြည့်ပါအုံးဆိုလို့ မလိုတော့ဘူး ထိုးပြီးသားဖြစ်နေတာပါ

    ဆေးမှားမထိုးမိတာ အချိန်မှီသွားတယ်

    အဲ့လိုနဲ့ ကလေးက စောင့်ရင်းနဲ့ ပိုပိုအောင့်လာလို့ ကျွန်မလည်း သူတို့ကိုသေချာအောင် မေးမြန်းပြီး ဆရာ ရောက်နိုင်တာ သေချာလားမေးတော့ 4 နာရီမှ ဖြစ်သွားပါတယ်။

    မထူးတော့တာနဲ့ ကျွန်မလဲ အချိန်ထပ်မစောင့်နိုင်တော့ပါ

    ဆေးရုံပဲပြောင်းပေးပါ

    ဒီမှာ ဆက်မထားနိုင်ဘူး

    အသက်နဲ့ရင်းထားရတဲ့ ကျွန်မတို့ ကလေးနဲ့ ဆေးရုံဘက်က Delay နဲ့ အဆင်မပြေတော့ဘူးဆိုတာကို မရပဲ ခွဲခန်းထဲမှာ မေ့ဆေးဆရာမကရောက်နှင့်နေပြီဆိုပြီး ကလေးကို ဆွဲခေါ်သွားတယ်

    ဆေးထိုးဖို့ပြင်နေတဲ့အချိန် ကျမကလည်း ခွဲစိတ်ဆရာဝန်မလာသေးပဲ ဒါဘယ်လိုမှမဖြစ်နိုင်ဘူး

    ရပ်ပေးဖို့ အကြောက်အကန်ငြင်းရင်း သူတို့ဘက်က လွှတ်ပေးလိုက်ရင် ကလေးက အသက်အန္တရယ်တောင် ရှိတယ်ဆိုပါတယ်

    ကျွန်မကတော့ ပန်းလှိုင်ပဲ ပြောင်းမယ်လို့ ပြောပြီး ပြောင်းလာခဲ့ပါတယ်။

    ပန်းလှိုင်ရောက်တော့ 24 Hr Surgeon တွေရော သက်ဆိုင်ရာဆရာဝန်တွေဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပြီး လိုအပ်တာစစ်ဆေးလိုက်တော့ ကလေးက ခွဲစိတ်ဖို့လဲ မလိုသလို အူအတက်ချည်းရောင်နေတာမဟုတ်ပါဘူး

    အူအတက်ပေါက်တယ်လို့ ပြောဆိုချက်ကလဲ မှားယွင်းနေတယ်ဆိုတာ CT Scan ရော Ultrasound ရော ထပ်ရိုက်တော့ သိခဲ့ရပါတယ်။

    တကယ်ဖြစ်နေတဲ့ ရောဂါကို ဆရာဝန်တွေဝိုင်းဝန်းအဖြေရှာနေကြတာ နည်းနည်းတော့လူနာက ပိုခံရပေမဲ့ ရောဂါရှာလိုက်တာဟာ မုန့်ချိုအိတ် ယောင်ပြီး တိုက်ဖိုက်ဖြစ်နေတယ်လို့ ပြောပါတယ်

    ရောဂါတွေ့တာနဲ့ ဆေးပေးဆေးသောက် ချက်ချင်းလုပ်တော့ ကလေးက တော်တော်လေး သက်သာလာပါတော့တယ်။

    အကယ်၍သာ အူအတက်သာ မှားဖြတ်မိပြီး ဗိုက်ကိုဖွင့်ခဲ့မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ရောဂါတွေက ဘာမှသက်ဆိုင်မှုမရှိပဲ ပိုဆိုးရွားပြီး အသက်တောင် ကယ်နိုင်တော့မယ်မထင်ပါဘူး

    နေ့လား ညလား ဖြစ်ကုန်မှာပါ။

    တနေ့တည်းမှာ ဆေးရုံလေးရုံပြေးခဲ့ရပြီး ဆရာဝန်တွေရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် မသိတဲ့လူနာတွေ ဘယ်လောက်ခံရပြီးပြီလဲ။

    မှားယွင်းကုသမှုတွေကြောက်ရင်း Private hospital တွေကို မရွေးချယ်နိုင်ရင်ကော လူတွေအသက်တွေဘယ်လောက်ပေးဆပ်ရမှာလဲရှင်။

    အဲ့လိုနဲ့ ခေတ်ပျက်ကြီးထဲမှာ အပ်ပုန်းဆရာဝန်တွေနဲ့ မတွေ့ကြပါစေနဲ့လို့ပဲ ဆုတောင်း ပေးပါတယ်🙏

    မူရင်းပို့စ် – Wutt Yee