Author: Baby Yit Lone

  • ကျောက်တော်တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး

    ကျောက်တော်တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ စက်တင်ဘာ ၇ ရက်က ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အထက ရွာမပြင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade-7 ကျောင်းသား ၂ ယောက်ဟာ စာသင်ခန်းအတွင်း စနောက် အနိုင်ကျင့်ရာကနေ ရန်ဖြစ်ကြပြီး ကျောင်းဆင်းချိန်မှာ ဓားထိုးမှု ဖြစ်ပွားကာ ကျောင်းသားတယောက် သေဆုံးခဲ့တာလို့ အခြေအနေကို သိရှိသူ ကျောက်တော်ဒေသခံ အမျိုးသား‌တယောက်က ပြောပါတယ်။

    “စာသင်ခန်းမှာ စနောက်ပြီး အနိုင်ကျင့်မှု ဖြစ်ကြတာကနေ ရန်ဖြစ်ကြတာလို့ သိရတယ်။ ကလေးတွေကလည်း ငယ်ငယ်လေးပဲ ရှိကြသေးတယ်။ ၇ တန်းကျောင်းသားနှစ်ဦး ရန်ဖြစ်ကြတာကနေ ဓားထိုးမှုဖြစ်ကြတာ။ အသက်သေဆုံးသွားတဲ့ ကျောင်းသားက ခန္ဓာကိုယ်ထွားတော့ အတန်းဖော် သူငယ်ချင်းတွေကို မကြာခဏ စနောက်ပြီးတော့ အနိုင်ကျင့်မှုလုပ်တယ်လို့ ပြောကြတယ်။ အဲဒီမှာ နောက်ကျောင်းသားတဦးက မခံနိုင်တော့တာကြောင့် ကျောင်းဆင်းချိန်မှာ ကြက်သွန်လှီးတဲ့ဓားနဲ့ နှစ်ချက်ထိုးလိုက်တာလို့ သိရတယ်။ ထိုးသွင်းခံရတဲ့ ကျောင်းသားကတော့ ဆေးရုံရောက်ပြီး နာရီပိုင်းအကြာမှာ ဆုံးသွားတာ။”

    ဓားထိုးမှုကြောင့် သေဆုံးသွားသူမှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်အောင်ကျော်မြင့် ဖြစ်ပြီး ဓားထိုးမှုကျူးလွန်ခဲ့တဲ့ အတန်းဖော်ကျောင်းသားကိုလည်း အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ DLEPS တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညကလည်း မင်းပြားမြို့ရှိ ဘော်ဒါဆောင်တခုမှာ Grade-12 ကျောင်းသားတယောက် ညအချိန် အိပ်နေစဉ် မီးရှို့ခံရပြီး အသက်သေဆုံးခဲ့တယ်လို့ ပညာရေး အသိုင်းအဝန်းတွေက ပြောကြပါတယ်။

    ရခိုင်ပြည်နယ်မှာ ကျောင်းသားတွေ လူသတ်မှု ဖြစ်လာကြတာဟာ စာရိတ္တမဏ္ဍိုင် ပျက်စီးလာကြတာဖြစ်ပြီး ကျောင်းရပ်နားလိုက်ရတာတွေနဲ့ သက်ဆိုင်မှုရှိတယ်လို့ ရခိုင်ပညာရေး အသိုင်းအဝန်းက ကျောင်းဆရာတယောက်က ပြောပါတယ်။

    “ကျောင်းသားတွေအချင်းချင်း လူသတ်မှုဖြစ်လာကြတယ်ဆိုတာ စိုးရိမ်စရာကောင်းတယ်။ အထူးသဖြင့် ကျောင်းသားတွေရဲ့ စာရိတ္တမဏ္ဍိုင်တွေဟာ ပျက်စီးမှုတွေ ရှိလာကြတယ်လို့ ပြောရမယ်။ ကလေးတွေက တိုက်ပွဲတွေကြောင့် ကျောင်းတွေ ပိတ်ထားကြရတဲ့အခါ ပြင်ပလူနေမှုစရိတ်တွေ ဝင်လာကြပြီး စာရိတ္တမဏ္ဍိုင်တွေ ယိုယွင်းလာကြတာကြောင့် အခုလို ရာဇဝတ်မှု ဖြစ်ပွားလာကြတာ။”

    ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်ကတည်းက မြို့နယ် ၁၇ ခုလုံးမှာ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ကြပြီး ၂၀၂၅ ခုနှစ်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းတွေကို ပြန်လည် စတင်လည်ပတ်နေကြတာ ဖြစ်ပါတယ်။

  • ပဲခူးမြို့တွင် ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ခဲ့သည့် လူငယ် ၃ ဦးအား ဖမ်းမိ

    ပဲခူးမြို့တွင် ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ခဲ့သည့် လူငယ် ၃ ဦးအား ဖမ်းမိ

    ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၇ ရပ်ကွက်က ပွင့် ကွမ်းယာနဲ့ ကုန်မျိုးစုံ စတိုးဆိုင်ကို စက်တင်ဘာ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ လူငယ် ၃ ယောက်က ဓားပြဝင်တိုက်ခဲ့ပြီး ငွေကျပ် သိန်း ၃၀၀ နီးပါး၊ ရွှေထည်ပစ္စည်းတွေနဲ့ ဖုန်းတွေပါသွားတယ်လို့ သိရပါတယ်။

    ဓားပြတိုက်သူတွေက ပဲခူးမြို့၊ ဥဿာမြို့သစ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ နိုင်မင်းထွန်း အပါအဝင် ဘုရားကြီးမြို့နယ်မှာ နေထိုင်တဲ့ ဇင်ကိုနဲ့ လမင်း ဆိုသူတို့ဖြစ်ပြီး နိုင်မင်းထွန်းက ပွင့် ကုန်စုံဆိုင်ရဲ့ အလုပ်သမားဟောင်း ဖြစ်တယ်လို့ ဖြစ်စဥ်ကို သိရှိထားသူတယောက်က ပြောပါတယ်။

    “အနုကြမ်းစီးတဲ့သဘောပေါ့လေ။ သူတို့မှာလည်း ဓားတွေပါတယ်။ မိသားစုအကုန်လုံးကို သေချာ ကြိုးတွေနဲ့တုပ် ပါးစပ်တွေပိတ်ပြီး ပစ္စည်းတွေယူသွားတာ။ ဓားပြတိုက်တဲ့သူတွေထဲမှာ လူရင်း ပါတယ်။ အရင် သူတို့ဆိုင်မှာ အလုပ်လုပ်ဖူးတယ်။ လူရင်းက ဆိုင်ထဲ တော်တော်ကြာကြာ ဝင်စကားပြောပြီးတော့မှ အပြင်က နောက် ၂ ယောက်ကို အချက်ပေးခေါ်လိုက်တာ။”

    ဓားပြတိုက်သူတွေကို စက်တင်ဘာ ၈ ရက် ည ၁၀ နာရီဝန်းကျင်မှာပဲ ပဲခူးမြို့မှာရှိတဲ့ FIVE STAR KTV မှာ ဖမ်းမိပြီး ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှာ လိုအပ်တဲ့စစ်‌ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    ပဲခူးမြို့၊ မဟာစေတီရပ်ကွက်မှာ မေ ၂၀ ရက်ကလည်း တရပ်ကွက်တည်းနေထိုင်တဲ့ အမျိုးသား ၃ ယောက်က အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကို ပြန်ပေးဆွဲသတ်ဖြတ်မှု ဖြစ်ခဲ့ပါသေးတယ်။

  • သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

    သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

    ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီး ၁ ရက်အကြာ သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

    ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့လည်း ဖျက်သိမ်းခံရ

    ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဖျက်သိမ်းလိုက်ကြောင်း အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

    စက်တင်ဘာလ ၉ ရက်နေ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပါတီဝင် ပြည့်မီခြင်းမရှိသော NDF ပါတီ၊ သတ်မှတ် ပါတီရုံးခန်းအရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

    NLD မှ NDF ပါတီသို့ ကူးပြောင်းပြီး NDF ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသော စန္ဒာမင်းက စက်တင်ဘာလ ၈ ရက်နေ့တွင် NDF ပါတီသို့ ဝင်ရောက်သူ များပြားလွန်းကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ များပြား လွန်းကြောင်း လူမှုကွန်ရက်ပေါ်တွင် ကြွားလုံးထုတ်ခဲ့ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီ ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။

    “NDF ပါတီကို တခဲတနက် လာရောက် ပါတီဝင်ကြသူများ လွှတ်တော်ကိုယ်စားလှယ်လောင်းလျောက်လွှာ လာရောက်တင်ကြသူများ များပြားလွန်းပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုကိုးကျွန်း မှလွဲ၍ ကိုယ်စားလှယ်များ အပြည့်ဖြစ်နေပါပြီ/ ဝိုင်းဝန်းကြိုးပမ်း ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု NDF ပါတီ ဒုတိယဥက္ကဋ္ဌ စန္ဒာမင်းက လူမှုကွန်ရက်တွင် စက်တင်ဘာလ ၈ ရက်နေ့ညပိုင်း တင်ထားခဲ့သည်။

    NDF ပါတီနှင့်အတူ ဖျက်သိမ်းခံရသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)တို့မှာ တစ်နိုင်ငံလုံး ယှဉ်ပြိုင်မည့်ပါတီများဖြစ်ကြပြီး ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီမှာ တိုင်းဒေသကြီး/ပြည်နယ် တွင် ယှဉ်ပြိုင်မည့်ပါတီဖြစ်သည်။

    ဖျက်သိမ်းခံရသော အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP) မှာ သမ္မတရုံးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးမောင် ဦးဆောင်ပြီး စိုးမောင်မှာ အာဏာရှင်ဟောင်း သန်းရွှေ၏ လက်ရုံးဖြစ်ခဲ့သူလည်းဖြစ်သည်။

    မကြာမီ စစ်တပ်က ပြုလုပ်ရန်ရှိနေသော ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ပါဝင်ယှဉ်ပြိုင်မည့် ပါတီ ၉ ခုအနက် မှ ပါတီ ၃ ခု ဖျက်သိမ်းခံလိုက်ရသဖြင့် ပါတီ ၆ ခုသာ ကျန်ရှိတော့ပြီး ကြံ့ဖွတ်ပါတီ၊ သက်သက်ခိုင်၏ PPP ပါတီ၊ ကိုကိုကြီး ၏ PP ပါတီ၊ တစည ပါတီ ၊ စိုင်းအိုက်ပေါင်း၏ SNDP ပါတီနှင့် ကျော်စွာစိုး၏ MFDP ပါတီတို့သာ ကျန်တော့သည်။

    အရမ်းထောက်ခံပါတယ်ဆိုတဲ့ စစ်တပ် ရွေးကောက်ပွဲမှာ မဲတောင်မဆွယ်ရသေးဘူး စန္ဒာမင်းရယ် …

    ဒုဥက္ကဋ္ဌ နေရာကြီး ယူထားပြီးမှ ပါတီဖျက်သိမ်းခံရသတဲ့လား။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ အပေါ် သွားပုပ်လေလွင့် မဟုတ်တမ်းတရားတွေ နင် သိပ်ပြောခဲ့လို့ ဒါဟာနိုင်ငံရေး သေတယ်လို့ ခေါ်တယ်။

    NLD ပါတီဝင်အချို့လည်း အဲ့ပါတီကို ကူးပြောင်းသွားပြီး ရွေးကောက်ပွဲ ဝင်ခွင့်တောင်မရလိုက်ဘူး။ စော-က်ရှက်က ကွဲပြီ။

    မိစန္ဒာရယ် နင် ပြောတော့ ပါတီမှာ ကိုယ်စားလှယ်အပြည့်ဖြစ်နေပါပြီဆို … အခုကျ NDF ကိုတော့ သတ်မှတ်ပါတီဝင် ဦးရေ မပြည့်မီတာကြောင့် ဖျက်သိမ်းခံရသတဲ့ …

    နင် လိမ်တယ် နင် ညာတယ်

  • သံကြိုးခတ်လို့ ချုပ်နှောင်ခံခဲ့ရတဲ့ သူမ

    သံကြိုးခတ်လို့ ချုပ်နှောင်ခံခဲ့ရတဲ့ သူမ

    နှစ်အကြာကြီးထိ သံကြိုးခတ်လို့ ချုပ်နှောင်ခံခဲ့ရတဲ့ သူမတို့အကြောင်းလေး ပုံ့ပြောပြမယ်….

    လူရယ်လို့ဖြစ်လာပြီမို့ လောကဒဏ်ရဲ့ ရိုက်နှက်မှုကို ခံရတာ သိပ်တော့ မဆန်းလှပါဘူး…ဒါပေမဲ့ အဲ့ဒီ့ လောကဒဏ် ဆိုတာကြီးက သူတို့ သားအမိကိုမှ ခဏခဏ လွှဲ လွှဲ ရိုက်နေတာကတော့ အရမ်းကို ရင်နာစရာ ကောင်းလှပါတယ်…..

    သူတို့သားအမိ ပုံ့ဆီရောက်လာပုံလေးက ထူးဆန်းတယ်…ပုံ့ ဖွင့်ထားတာ ဘိုးဘွားရိပ်သာဆိုတော့ ပုံမှန်ဆို သားသမီးတွေက ပစ်သွားတဲ့ မိအိုဘအိုတွေဘဲ ရောက်လာတတ်ကြတယ်…သူတို့ကတော့ ထူးထူးခြားခြား မအေကိုယ်တိုင်က သူ့သမီးလေးကို ရိပ်သာအပ်ပါရစေဆိုပြီး ခွင့်လာတောင်းခဲ့တာ….

    သူတို့ သားအမိ ပုံ့ဆီရောက်လာခဲ့တာ ခုဆောင်းတွင်းဆို တနှစ်ပြည့်ခဲ့ပြီ…သူတို့ရဲ့ ဇာတ်လမ်းလေးဟာ ရင်နာစရာကောင်းလွန်းလို့ ရေးဖို့တောင် စကားလုံးတွေ ရှာမရခဲ့ဘူး…ဒါပေမဲ့ လောကကို လွယ်လွယ်အရှုံးပေးတတ်ကြသူတွေကို တွေ့တိုင်း ဒီသားအမိအကြောင်းလေးကို ရေးပြချင်ခဲ့မိပါတယ်….

    ××××××××××××××××

    မနှစ်ကဆောင်းရာသီရဲ့ နှင်းတွေကျနေတဲ့ နေ့တနေ့မှာပေါ့…ပိန်ချုံးပြီး မျက်ကွင်းတွေတောင် ကျနေပြီဖြစ်တဲ့ အဖွားတစ်ယောက် စက်ဘီးအစုတ်လေးကို စီးပြီး ပုံ့ဆီရောက်လာခဲ့တယ်….

    ပုံ့အတွက်တော့ အဲ့ဒီနေ့သည်လဲ အရင်နေ့တွေလိုပါဘဲ…ကလေးတွေနဲ့ ဆော့ရင်း ရိပ်သာရှေ့က ခုံလေးမှာ ထိုင်နေခဲ့တယ်…အဲ့ဒီအချိန် အဖွားရောက်လာပြီး ပုံ့ကို မေးရှာတယ်…

    ” သမီး ခိုလှုံရာဆိုတာ ဒါလားဟင် ”

    ပုံ့လဲ ” ဟုတ်ပါတယ် အဖွား…ဘာကိစ္စရှိလို့လဲ လာ ထိုင်ပါ ” ဆိုတော့…

    အဖွားက ပုံ့ဘေးက ထိုင်ခုံလေးမှာ ဝင်ထိုင်ရင်း ဘာမပြောညာမပြောနဲ့ ချုံးပွဲချငိုပါတော့တယ်…ပုံ့လဲ ရိပ်သာက ဝန်ထမ်းတွေနဲ့ ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး စိတ်ပူသွားတယ်…အဖွားခမျာတော့ ဒီစကားလုံးတွေကို ပြောထွက်ဖို့အတွက် ရင်ထဲမှာ အရမ်းကိုတစ်ဆို့ နေပုံပေါ်ပါတယ်…ပုံ့မေးတာ မဖြေနိုင်သေးဘဲ သူငိုလို့ ဝတော့မှ…

    ” အဖွားသမီးလေးကို ဒီရိပ်သာမှာ ထားချင်လို့ပါ သမီးရယ် ” တဲ့…ပြောပြီးတာနဲ့ ချုံးပွဲချငိုပြန်ပါတယ်…သားသမီးကို ပစ်ရတဲ့ပွဲဆိုတော့လဲ မငိုဘဲ ဘယ်နေနိုင်ပါ့မလဲလေ…

    ပုံ့လဲ “ဟင်” လို့ တလုံးတည်းသာ ပြောပြီး အတော်အံ့သြသွားမိတယ်…ဟုတ်တယ်လေ ပုံ့ ဖွင့်ထားတာ ဘိုးဘွားရိပ်သာဆိုတော့ ပုံ့ဆီရောက်လာတာတွေက များသောအားဖြင့် သားသမီးက ပစ်တဲ့ မိအိုဘအိုတွေ…အခုကျ မိခင်ကိုယ်တိုင်က သူ့သမီးလေးကို လာအပ်ရှာတာဆိုတော့ မအံ့သြခံနိုင်ပါ့မလား…ဒါနဲ့ ပုံ့လဲ…

    ” အဖွား…အဖွားသမီးလေးက ဘာဖြစ်လို့လဲ…ဘာလို့အပ်ချင်တာလဲ ” ဆိုတော့ အဖွားက…

    ” ကျွန်မ သမီးလေးက စိတ်ကျန်းမာ ရေး မကောင်းရှာတဲ့သူပါရှင်… အသက်က အခုဆို ၃၈ နှစ်ရှိပါပြီ…အသက် ၁၈ နှစ်လောက်ထဲက ဒီရောဂါဖြစ်ခဲ့တာပါ…”

    ” သူ့အဖေလဲ သူ့ရောဂါကို ကုရင်းနဲ့ဘဲ ဆုံးသွားတာ ၁၀ နှစ်လောက်ရှိပါပြီ…သူ့အဖေမရှိထဲက ကျွန်မဘဲ ရှာဖွေကျွေးမွေးခဲ့ရတာပါ ”

    ” အခု သမီးလေးရောဂါက ပိုဆိုးလာလို့ ကျွန်မ သူနဲ့လဲ မနေရဲတော့လို့ပါ…ပြီးတော့ ကျွန်မလဲ အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းတော့လို့ သူ့ကိုလဲ ဝအောင် ရှာမကျွေးတော့သလို၊ ကျွန်မသေသွားရင်လဲ သမီးလေးကို တစ်ယောက်ထဲ စိတ်မချလို့ လာအပ်ရတာပါရှင်…ဟီး…ဟီး…ဟီး…” ဆိုပြီး ငိုပါတော့တယ်…ငိုနေရင်းနဲ့ဘဲ…

    ” ကျွန်မ သမီးလေးကို ကျွန်မမသေခင် စိတ်ချခဲ့ချင်လို့ပါ…ဟီး ဟီး…ကျွန်မလဲ ကျန်းမာရေး တနေ့တခြား ပိုပိုဆိုးလာလို့ပါ…အရင်ဆို ကျွန်မ လယ်ထဲက ကနဖော့တွေ ကန်စွန်းရွက်တွေ ခူးပြီး စက်ဘီးနဲ့ မြို့တက်ရောင်းတာ…အခုတော့ စက်ဘီးစီးရင် အရမ်းကိုမောလာတယ်…ကျွန်မ သေမှာ မကြောက်ပါဘူး…ကျွန်မသမီးလေးကို စိတ်မချလို့ပါ…ဟီးဟီး…လက်ခံပေးပါ ဆရာမရယ်….” ဆိုပြီး သူ့လက်ထဲပါလာတဲ့ သူ့သမီးလေးဓာတ်ပုံပြရှာတယ်….

    ပုံ့လဲ သာမာန်ဆို အသက်ငယ်တဲ့သူ၊ အိမ်ယာရှိတဲ့သူ၊ စိတ်ကျန်းမာရေး အရမ်းကို ဆိုးတဲ့သူဆို လက်မခံပါဘူး..ဒါပေမဲ့ ဒီနေ့တော့ အဖွားကို သနားတာနဲ့ ပုံ့ကိုယ်တိုင်လာကြည့်ပါ့မယ်ဆိုပြီး လိပ်စာတောင်းထားလိုက်တယ်…

    အဖွားလဲ ထိုင်ရာကနေထ ပြန်ဖို့ဟန်ပြင်ရင်း စက်ဘီးပေါ်တက်တဲ့အထိ တဖွဖွ မှာရှာတယ်…

    “…ဆရာမရယ် လာဖြစ်အောင်လာခဲ့ပါနော်…ကျွန်မ အားကိုးပါရစေနော်…ဆရာမ လက်ခံရင်လေ ကျွန်မ အိမ်ဝိုင်းလေးကို ရောင်းပြီ အကြွေးလေးတွေပေးပြီးတာနဲ့ ကျွန်မလဲ ကျွန်မသမီးလေးနဲ့ လာနေပါရစေနော်…ဆရာမ လာဖြစ်အောင် လာခဲ့ပါနော်….”

    ပုံ့လဲ ” ဟုတ်ကဲ့ ဟုတ်ကဲ့ စိတ်ချပါအဖွားရယ်…ပုံ့လာခဲ့မယ်နော်..” လို့ ပြောပြီး နောက်နေ့မှ သွားမယ်ဆိုပြီး နေလိုက်တယ် စိတ်ထဲတော့ အတွေးများစွာနဲ့ပေါ့….

    ×××××××××××××

    ပုံ့ တမနက်လုံး သူတို့သားအမိအကြောင်းဘဲ တွေးနေမိတယ်…သူ့သမီးလေးက ဘာလို့ ရူးတာလဲ…မိသားစု ဆွေမျိုး မရှိဘူးလား…အဖွားက ဘာလို့ သေစကား ခဏခဏပြောရတာလဲ…သူ့သမီးလေး မရှိရင်ရော သူဘာဖြစ်မှာလဲ စသည်ဖြင့်ပေါ့….

    နေ့လည်လောက်ရောက်တော့ ပုံ့စိတ်ထဲ လုံးဝကိုနေလို့ မရတော့ပါဘူး…ပုံ့ ရိပ်သာက အကိုကို ကားမောင်းခိုင်းပြီး အဖွားတို့သားအမိရှိတဲ့ ရွာလေးကို ထွက်ခဲ့ပါတော့တယ်…

    ရွာလေးက ဟင်္သာတနဲ့ သိပ်မဝေးပေမဲ့ တော်တော်လေးကို ချောင်ကျပါတယ်…ကားပေါ်က တစ်ယောက်ကဆင်းပြီး ရှေ့ကလမ်းရှာပေးရပါတယ်…ကားက နွားလှည်းလမ်းကြီးပေါ် ခွမောင်းရတာ မိုးကုန်ကာစ ရွံ့လမ်းဆိုတော့ တကယ့်ကို ခက်ခက်ခဲခဲပါ…

    မေးရင်း မေးရင်း မောင်းလာလိုက်တာ…နောက်ဆုံးတော့ အိမ်ရှေ့မှာ ရေအိုးစင်လေးနဲ့အိမ်ဟာ မဌေးတို့ သားအမိအိမ်ပါတဲ့…အော် သူတို့ရဲ့ဘဝတွေ ပူလောင်နေပေမယ့် သူတပါးကိုတော့ အေးချမ်းစေချင်တဲ့ စေတနာလေးရှိကြပါလားပေါ့… သံသရာကြွေးတွေကြောင့်ဘဲ ထင်ပါတယ်…

    ခြံရှေ့ကိုရောက်တော့ အိမ်ဆိုတာ ရှာမတွေ့ဘူးရယ် တခြံလုံး ခြုံတွေနဲ့ဖုံးလို့…ပြီးတော့ တောရွာက အိမ်ဆိုတော့ ခြံဝနဲ့ အိမ်က အတော်လေးလှမ်းတာ…အိမ်ဆီကိုရောက်ဖို့ အပင်တွေကြားက တိုးဝှေ့သွားရတာရယ်…

    ဟော…တွေ့ပါပြီ…ကြမ်းပေါက်ကျဲကျဲ အမိုးပြဲပြဲ ထရံအကွဲနဲ့ ယိုင်နွဲ့နေပြီဖြစ်တဲ့ တချိန်တုံးက ခန့်ခန့်ထည်ထည် ရှိခဲ့ပုံပေါ်တဲ့ အိမ်ကြီး…

    ပုံ့တို့ အိမ်နားကို ရောက်တော့ အဖွားဒေါ်ဌေးနဲ့ အနားက ရပ်ဆွေရပ်မျိုးတွေလဲ ဝိုင်းလာကြတယ်…လာပါပေါ့…ကျွန်မတို့ အိမ်ပါတဲ့…ဆရာမကို ခေါ်ရမှာ အားတော့ နာပါတယ်တဲ့…ကိစ္စမရှိပါဘူး…သူမဖိတ်ခေါ်ခင်ထဲက ပုံ့က အိမ်ပေါ်ခွတက်ဖို့ ခြေလှမ်းပြင်နေပါပြီ….

    ဒါပေမဲ့ ပုံ့အိမ်ပေါ်ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက ပုံ့ကို ပုံလျက်သားကျသွားစေခဲ့ပါတယ်…ဟုတ်တယ်…ပုံ့ သူမကို မြင်မြင်ချင်း ဘာမှ မပြောနိုင်ဘဲ ငေးရင်း ထိုင်ချလိုက်ရတယ်….

    သူမ…သူမ ဆိုတာက အသားဖြူဖြူ၊ နှာတံသွယ်သွယ်၊ ရုပ်ချောချောလေးနဲ့ အဖွားဒေါ်ဌေးရဲ့ သမီးလေး… ခြေထောက်ကိုတော့ အိမ်လည်တိုင်မှာ သံ​ကြိုးကြိုးကြီးနဲ့ တွဲပြီး သော့ခတ်ထားလေရဲ့…ခြေထောက်လေးတွေကြည့်လိုက်တော့လဲ ဖြူနုလို့…ဒါပေမဲ့ ခြေကျင်းဝတ်မှာ သံကြိုးပွန်းရာကြီးနဲ့…သူကို သော့ခတ်ထားတဲ့နေရာမှာလဲ ကြမ်းပေါက်တွေက ကြဲလို့…

    သံကြိုးခတ်ထားသူဟာ အမေဖြစ်နေတာမို့…ဘာလို့ သော့ခတ်ထားလဲလို့ အရင်မမေးဖြစ်တော့ဘူး…ဘယ်မိဘမှ သံကြိုးတန်းလန်းနဲ့ ကိုယ့်သားသမီးကို မမြင်ချင်တာ အသေအချာမို့ပါ…

    ဒါကြောင့် ဒီလို သံကြိုးချည်ထားတာ ဘယ်လောက်ကြာပြီလဲ လို့ မေးမိတယ်….

    ” သူမ အသက် ၂၀ ကျော် ၊ သူမ အဖေ ဆုံးပြီးထဲက သမီးလေးကို ကျွန်မက ဒီလိုဘဲ သော့ခတ်ထားရတယ်…ခုဆို သမီး အသက် ၃၈ ဆိုတော့၊ သံကြိုးခတ်ထားရတာ နှစ်တော်တော်ကြာပါပြီ ”

    “သမီးလေး အဖေမရှိတော့ သားအမိနှစ်ယောက်ထဲ၊ ကျွန်မက ကနဖော့ချိုးသွားတော့ အိမ်မှာ သမီးကို စောင့်မယ့်လူမရှိတာနဲ့ ထွက်သွားမှာစိုးလို့ သံကြိုးချည် ထားခဲ့ရတာပါ”

    “ဘေးက ကြမ်းပေါက်တွေက ကျွန်မဖောက်ပေးထားတာ၊ အပေါ့အလေး သွားလို့ရအောင်ပါ”

    ကျွန်မ ဘာမပြောနိုင်ဘဲ ငိုင်နေမိတယ်…အော်…အဖွားရယ်…ထွက်သွားမှာစိုးလို့ အိမ်လည်တိုင်မှာ သမီးပျို စိတ်ဝေတနာသည်လေးကို သံကြိုးခတ်ထားခဲ့တယ်တဲ့လား…ဘယ်အပေါက်ကတက်တက် တက်လို့ရနေတဲ့ အဖွားအိမ်…အိမ်တံခါးမရှိ ခြံတကား ဗလာနဲ့ အဖွားအိမ်က သံကြိုးခတ်ခံထားရတဲ့ သမီးလေးအတွက် လုံခြုံနေလို့လားလို့ မေးလိုက်ချင်ပါတယ်….

    ဒါပေမဲ့ ကျွန်မ မမေးဖြစ်ပါဘူး…ဘာလို့ဆို မေအေတခု သမီးတခုဘဝမှာ မဖြစ်မနေ ထမင်းစားဖို့ ထွက်ရှာရမယ့်အဖွားက စိတ်ဝေဒနာသည် သူ့သမီးလေးကို စိတ်မချလွန်းလို့ ကြံရာမရတဲ့အဆုံး သံကြိုးလေးခတ်ထားရင် သူ့သမီးလေး လုံခြုံပြီလို့ ကိုယ့်စိတ်ကို လှည့်စားရင်း ငွေထွက်ရှာရတယ် ထင်ပါရဲ့….

    ဒါနဲ့ ပုံ့လဲ အဖွားအကြောင်းကို ဆက်မေးဖြစ်ပါတယ်…..

    ” ကျွန်မတို့က မိသားစု ၅ ယောက်ရှိပါတယ်…သမီးလေးက အလတ်၊ သူ့အထက်မှာ အမတစ်ယောက်နဲ့ သူ့အောက်မှာ မောင်လေးတစ်ယောက်ရှိပါတယ်”

    “အရင်တုံးက ကျွန်မတို့တွေတော်တော်လေး ​ပြည့်စုံကြတယ်…သွပ်မိုးပျဥ်ထောင်အိမ်ကြီးနဲ့…ဟိုး မှာမြင်နေရတဲ့ လယ်တွေ တွေ့လား…အဲ့ကနေ ဟိုးသစ်တော အုပ်လေးထိ အရင်က ကျွန်မတို့လယ်တွေ အဆင်မပြေလို့ ရောင်းလိုက်တာ” ဆိုပြီး အိမ်ရှေ့လမ်းလေးရဲ့ တဖက်ကနေ ဟိုးဘုရားဖြူဖြူလေးနဲ့ တောအုပ်စပ်အထိ မျက်စိတဆုံး စိမ်းညှို့နေတဲ့ လယ်တွေကို ခပ်ဆွေးဆွေးလေးကြည့်ပြီး လက်ညှိုးထိုးပြရှာတယ်…..

    ” သမီးလေး ၁၈ နှစ်လောက်မှာ၊ သမီးအကြီးလေးက မိန်းကလေးရောဂါနဲ့ ဆုံးသွားရှာတယ်…သူတို့ ညီအမတွေက သိပ်ချစ်ကြတာလေ…အဲ့ထဲက သမီးက စကားသိပ်မပြောတော့ဘူး…ဒါပေမဲ့ အလုပ်တော့ လုပ်တယ်…ဘုရားရှိခိုးတယ်.”

    “သားအငယ်ကတော့ ဆိုးတယ်…သူက အရက်သောက်တယ် လောင်းကစားလုပ်တယ်….အိမ်က ပစ္စည်းတွေ အကုန်ခိုးရောင်းတာ…အဲ့တော့ သူ့အဖေနဲ့ အမြဲ ပြသနာတက်ကြတယ်…”

    “အဲ့နောက်ပိုင်း တဖြည်းဖြည်း စီးပွားလဲကျလာ အိမ်မှာလဲ ခဏခဏ ပြသနာတက်တော့ သမီးလေး အခြေအနေက ပိုဆိုးလာတယ်…ပထမပိုင်းတော့ သီချင်းတွေအော်ဆိုတယ်…အဲ့ကနေ ဆဲတယ် စကားအကျယ်ကြီးပြောတယ်…ညဆို မအိပ်ဘဲ ငိုတယ်…”

    ” သူ့အဖေရှိတုံးကတော့ သူ့ကို မျိုးစုံကုတယ်….တံတားလေးလဲရောက်တယ်…ဘယ်နေရာကောင်းတယ်ဆို သွားကုတာဘဲ…သူ့အဖေက နှလုံးမကောင်းဘူး…သူ့ရောဂါတောင် သူမကုဘဲ သူ့သမီးကို ကောင်းတယ်ကြားတာနဲ့ လိုက်ကုတာ…ကုရင်းနဲ့ဘဲ သူ့သမီးမဆုံးဘဲ သူဆုံးသွားရှာတယ်…စိတ်တွေညစ်တာလဲ ပါတာပေါ့…”

    ” သူ့အဖေဆုံးဆော့ ကျွန်မလဲ ဘာလုပ်ရမှန်းမသိဘူး…သားကလဲ အိမ်ပြန်လာရင်လာတယ် မလာရင်မလာဘူး…လောင်းကစားလုပ်ပြီး ရှိတာ အကုန်ရောင်းတယ်…ကျွန်မကလဲ သူ့ကိုကြောက်ရတယ်…”

    “သိပ်မကြာဘူး သားက မိန်းမရတယ်…မိန်းမလဲရရော သူလိမ်မာပါမယ်…ရန်ကုန်တက်အလုပ်လုပ်မယ် လယ်တွေ ရောင်းပေးပါ…ဟိုမှာ အခြေချမယ်…သူပြန်လာခေါ်မယ်ပြောတယ်…ကျွန်မလဲ သားအမိနှစ်ယောက်ထဲ ဘာလုပ်ရမှန်းမသိတာနဲ့…သူ့ကို လယ်တွေအကုန်အပ်လိုက်တာ….ရောင်းပြီး တစ်လ နှစ်လတော့ အဆက်အသွယ်လုပ်သေးတယ်…နောက်ပိုင်း ဖုန်းလဲမဆက်တေည့ဘူး…ဖုန်းလဲ မကိုင်တော့ဘူး….ဒီလိုနဲ့ ကျွန်မတို့ရှိတာတွေအကုန် ဖဲ့ရောင်း ထုတ်ရောင်းရင်း နောက်ဆုံး ဒီလို ဘဝရောက်တာပါဘဲ…သားကိုလေ အရမ်းစိတ်နာတယ်…ကျွန်မတို့ ဒီဘဝရောက်အောင် သူလုပ်တာ….အီးဟီးဟီး..” ဆို ခြုံးပွဲချငိုနေရှာတယ်..

    ” ကျွန်မလေ ပဲနှုတ်ချိန် ပဲနှုတ် ကောက်စိုက်ချ်န် ကောက်စိုက်၊ ဘာအလုပ်မှ မရှိရင် လယ်တွေထဲ ကနဖော့ နှုတ်တယ်၊ ကန်စွန်းရွက်ခူးတယ်…မြို့တက်ရောင်းတယ်…ကျွန်မ အပြင်သွားနေချိန်တော့ သမီးလေးခြေထောက်ကို သံကြိုးနဲ့ ချည်ထားခဲ့ရတာ….တခါလျှောက်ထွက်တာ ပြန်ပို့လို့တော်သေးတာ…အဲ့ထဲက ကျွန်မ အမြဲခတ်ထားတာ…”

    ပုံ့လဲ အဖွားကို ဆေးကျ ဘယ်လိုကုလဲ မေးတော့…

    “ကျွန်မ ပိုက်ဆံရှိရင် တပတ်တခါ ဟင်္သာတက် ဆေးထုတ်တယ်…မရှိရင်တော့ ဆေးမတိုက်နိုင်ဘူးပေါ့…ဆေးတိုက်ရင်တော့ ငြိမ်တယ်…မတိုက်ရင်ကျွန်မ သူ့အနားမအိပ်ရဲဘူး…စိတ်ထလာရင် အကုန်ပေါက်ခွဲ လက်သီးတွေနဲ့ထိုး သောင်းကျန်းတာ…တခါ ကျွန်မတောင် ထိုးမယ်လုပ်လို့ ဘေးက ဝိုင်းဆွဲရတယ်…အဲ့ထဲက ကျွန်မ သူနဲ့အတူမအိပ်ရဲတော့ဘူး…ကျွန်မ ဒီမှာ ထွက်အိပ်တာ….သူဘယ်လောက်ကြမ်းလဲ ဘုရားစင်ကိုကြည့်လေ…ဘုရားရော အိုးတွေရော ပေါက်ခွဲပစ်တာ…ဘုရားတောင် တခြမ်းပဲ့နေပြီ…”

    အဖွအိပ်တဲ့နေရာကြည့်တော့ အိမ်ရှေ့ကွတ်ပစ် အကာမပါ…အခင်းကျဲကျဲပေါ်မယ် ပီနံအိတ်လေးခင်းလို့…ဘုရားစင် မော့ကြည့်တော့လဲ ဘုရားတခြမ်းပဲ့လေးနဲ့….သူမကဘဲ ဆက်ပြောပါတယ်…

    ” ကျွန်မအခု အရင်လို အလုပ်သိပ်မလုပ်နိုင်တော့ဘူး…အရင်ဆို မြို့ကို စက်ဘီးစီးရင် မမောဘူး…ခုမောတယ်…ပြီးတော့ ကျွန်မ သူ့ကို ဆက်မစောင့်ရှောက်နိုင်တော့ဘူး…ကျွန်မပါ ရူးရင်ရူး မရူးရင် သတ်သေမိလိမ့်မယ်…ကျွန်မ ထမင်းလဲ နပ်မှန်အောင် မရှာနိုင်တော့ဘူး…ကျွန်မ သမီးလေးကိုလဲ ဆေးမတိုက်နိုင်တော့ဘူး ဆရာမရယ်….အီး ဟီး….ကျွန်မရော ကျွန်မသမီးလေးရော အတူတူသေဖို့ ကျွန်မ ခဏခဏကြံမိတယ် ဆရာမရယ်”

    ဟုတ်ပါတယ်…ပုံ့လဲ သူ့နေရာ ခဏ ဝင်ခံစားကြည့်တာ ထွက်ပေါက်အရမ်းကို ပိတ်သွားတယ်လို့ ခံစားရတယ်…ချက်ချင်းရူးချင်သွားတယ်…

    ကျွန်မလဲ ဘာမှ မတွေးတော့ဘဲ ကျွန်မ လက်ခံပါ့မယ်ဆိုပြီး သူတို့ သားအမိကို စောင့်ရှောက်ဖို့ တာဝန်ယူမိတယ်…ပုံမှန်ဆိုရင်တော့ စိတ်ကျန်းမာရေး အဲ့လောက်ဆိုးရင် လက်မခံပါဘူး…ဒီလိုအခြေအနေမှာတော့ ကျွန်မ နှလုံးသားက ကျွန်မကို ငြင်းခွင့်မပြုခဲ့ပါဘူး….

    ကျွန်မက အဖွားကို သမီးလေးရော၊ အဖွားကိုပါ နှစ်ယောက်စလုံးကို စောင့်ရှောက်ပေးပါ့မယ် ဆိုတော့ တအပျော်သွားရှာတယ်…သူပျော်လို့ ပြောတဲ့ စကားလုံးမှာ ကျွန်မကတော့ အဖြေတစ်ခု ရသွားခဲ့တယ်….

    ” ဝမ်းသာလိုက်တာ ဆရာမရယ်…ကျွန်မလေ ကျွန်မပါ လိုက်ချင်တာ…နှစ်ယောက်ဆို လက်မခံနိုင်မှာ စိုးလို့ ကျွန်မ သမီးလေးကိုဘဲ အပ်ရတာပါ….ကျွန်မ သမီးလေး မရှိရင် ကျွန်မလဲ ဘာလုပ်ရမှန်းမသိဘူး…ရူးချင်ရူး သေချင်သေမှာ…ပြီးတော့ ကလေးက စိတ်ထရင် ကျွန်မနဲ့မှ ဖြစ်တာ…အရင် ပိုက်ဆံအဆင်ပြေတုံးက ညဘက် မအိပ်ဘဲ စိတ်ထရင် ကျွန်မ ဆရာဝန်ပေးတဲ့ စိတ်ဆေးတွေ ၃/၄ လုံးတိုက်ပစ်တာ အဲ့ဒါဆို သူက ငြိမ်ပြီး အိပ်ရော”

    “ဟင်…အဖွားကို ဆရာဝန်က တိုက်ခိုင်းတာလား” လို့ ပုံ့က အလန့်တကြားမေးတော့….

    ” မဟုတ်ဘူး…ကျွန်မဟာ ကျွန်မတိုက်တာ…ဆေးတွေက တပါတ်မပြည့်ခင်ကုန်ရော…ခုတော့ ပိုက်ဆံမရှိတော့ ဝယ်လဲ မတိုနိုင်တော့ပါဘူး…အဲ့တော့ သူလဲ ပိုဆိုးလာတယ်…”

    ဖြစ်ပြီးခဲ့တာတွေလဲ ပြန်ပြင်မရပြီမို့ စေတနာစောနဲ့ လုပ်ခဲ့တဲ့ ပညာမတတ်ရှာ၊ ဗဟုသုတမကြွယ်ရှာဘဲ သားသမီးကို ချစ်တဲ့စိတ်လေး တခုနဲ့ အကောင်းဆုံးကို ဖန်တီးပေးခဲ့တယ်လို့ ယူဆနေတဲ့ ဒီမအေကြီးကို အပြစ်မဆိုချင်တော့လို့ ဘာမှ မပြောဖြစ်တော့ပါဘူး…

    ပတ်ဝန်းကျင်ကတော့ ပြောပါတယ်…သူ့သမီးက အဲ့ဒါကြောင့် ပိုဆိုးတာတဲ့ စဖြစ်တုံးက သူ့သမီးလေး မအိပ်ရင် ဆေးတွေ လှိမ့်တိုက်တာတဲ့…အင်း လို့ တလုံးထဲဘဲ ပြောမိတော့တယ်…

    နောက်ဆုံး ပုံ့လက်ခံတော့ သူတို့သားအမိ ရိပ်သာလာမယ်ပေါ့…သူ့သမီးလေးတော့ အရင်ပို့မယ်…သူကတော့ ခုတခါ ဘဏ်ငွေထုတ်ရင် သူရစရာရှိတဲ့လူဆီက ရစရာတောင်းပြီး သူ့ကြွေးလေးတွေ ဆပ်ပြီးမှ လာခဲ့ပါရစေတဲ့…သံသရာကြွေး မပါချင် လို့ပါတဲ့…

    ပုံ့လဲ ကူမယ့်ကူ အဆုံးထိဘဲ ကူလိုက်ပါတော့တယ်…ပေးရမယ့် အကြွေးစာရင်းတွက်ခိုင်း ပုံ့ဘဲ စိုက်ဆပ်ပြီး တခါထဲဘဲ လိုက်ခဲ့ဖို့ဘဲ မှာပြီး ပြန်လာခဲ့တယ်…

    မပြန်ခင် အဖွားက သူ့သမီးလေး နဲ့ မိတ်ဆက်ပေးတော့ ပါလာတဲ့ မုန့်တွေ သူ့ကို ကျွေးရင်း စကားပြောကြတယ်…အသက်က ၃၈ ဆိုတော့ ပုံ့ထက်ကြီးတယ်…ဒါပေမဲ့ ကလေူလေးလိုဘဲ…မုန့်ကျွေးတော့ မအေစားဆိုမှ သူစားတယ်…ပုံ့ကို အဖွားက သူတို့ဘဝအကြောင်း ပြောပြနေချိန် သူ့အတိတ်ကို ပြန်သတိရတော့ အမူအရာ ပျက်လာတာနဲ့ သံကြိုးပြန်ခတ်ထားရတယ်…သံကြိုးဖြည်ပြီး ပုံ့နဲ့ စကားပြော ဓာတ်ပုံတွေ ရိုက်တုံးက ပြုံးရွှင်နေသလောက် သံကြိုးပြန်ခတ်တော့ ရုပ်က အတော်ကို တင်းမာနေတယ်….မိသားစုအရေးတွေကို ရူးလောက်တဲ့ထိ ကြိတ်ခံခဲ့ရပုံပေါ်ပါတယ်…

    ဒီလိုနဲ့ ဆပ်စရာရှိတာတွေဆပ်၊ လုပ်စရာရှိတာတွေ အပြီးလုပ်ပြီး သားအမိနှစ်ယောက် တပြိုင်ထဲလ်ာက်ခဲ့ဖို့ မှာရင်း ပုံ့တို့တွေ ပြန်လာခဲ့ကြတယ်…အပြန်ခရီးမှာတော့ ကားပေါ်က လူတွေ အားလုံး အတွေးကိုယ်စီနဲ့ တိတ်ဆိတ်လို့ပေါ့…….

    ××××××××××××××

    ၃ ရက်လောက်နေတော့ မနက်အစောကြိး သူတို့သားအမိ သုံးဘီလေးနဲ့ ရောက်လာခဲ့တယ်…နောက်မှာလဲ ဆိုင်ကယ်တွေနဲ့ ရပ်ကွက်လူကြီးတွေလိုက်ပို့ရှာတယ်….

    သမီးလေးကို ဟင်္သာတကို ဘုရားဖူးသွားမယ်ဆိုပြီး ညာခေါ်လာခဲ့တာ…သူတို့တွေ ရိပ်သာရောက်တော့ ဘုန်းကြီးကျောင်းက ဘုရားကို အရင်ပြရတယ်…ဘုရားဖူးပေါ့….

    ပုံ့လဲ အမအခြေအနေက ဆိုးတာနဲ့ အဖွားတွေနဲ့ တွဲထားဖို့ မဖြစ်တော့ နောက်ဘေးမှာ အလှုရှင်တွေ အသစ်လှုဒါန်းထားတဲ့ စိတ်ကျန်းမာရေး အဆောင်လေးမှာ သီးသန့်ထားလိုက်တယ်…အစက နှစ်ယောက်တခန်းထားဖို့ စီစဥ်ထားပေမဲ့…အဖွားက သူ့သမီးက စိတ်ဖောက်လာရင် သူ့ကို ရိုက်တယ် လည်ပင်းညှစ်တယ် မနေရဲဘူးဆိုလို့ ဘေးချင်းကပ်လျက် အခန်းလေးမှာ ထားပေးရတယ်….

    အမနေတဲ့ အခန်းကို သော့လေးခတ်ထားပြီးအဖွားကို သော့လေးအပ်ထားလိုက်တယ်…အဖွားက သန်မာသေးတာဘဲ တခြားဘာလုပ်စရာမလိုဘူး…ကိုယ့်သမီးတာဝန်လေးတော့ ကိုယ်ယူပေးနော်…အဖွားသမီးကိုဘဲ ဂရုစိုက်ပေးပါဆိုတော့…အဖွားလဲ အားရဝမ်းသာနဲ့…ဟုတ်ကဲ့ပါ ကျွန်မကလဲ အဲ့လ်ုသမီးလေးကို ပြုစုချင်တာပါတဲ့….

    ခုတော့ ခိုလှုံရာရဲ့ အရိပ်မှာ အမလဲ ခြေထောက်ကို ၁၄ နှစ်ကြာ သံကြိုးခတ်ပြီး ချုပ်နှောင်ခံရတဲ့ ဘဝက လွတ်မြောက်ခဲ့ပြီ….ဘဝကို အရှုံးပေးဖို့ထိ ကြံရွယ်နေပြီး ကိုယ့်ကိုယ်ကို သက်ဆိုးမရှည်ဘူးလို့ ထင်နေတဲ့ အဖွားလဲ ၀လို့ လှလို့ ကျန်ရှိတဲ့ဘဝကို လောကကြီးမှာ နေပျော်နေခဲ့ပြီ…

    စိတ်ကောင်းနေတဲ့အချိန်ဆို အမက သီချင်းတွေဆိုတယ်၊ ကတယ်၊ ဆော့တယ်၊ ပဌာန်းရွတ်တယ်…ရုပ်လေးကလဲ ချောချောလေးနဲ့ ကလေးလေးလိုပါဘဲ…အဲ့ချိန်ဆို သူ့အမေက သူ့သမီးလေး အခန်းကို ဖွင့်ပေးပြီး သားအမိနှစ်ယောက် အဖွားဆောင်မှာ TV ကြည့်ကြတယ်….

    ဟော…ဆေးမှန်မှန်တိုက်တဲ့ကြားကဘဲ စိတ်ဖောက်တဲ့ အချိန်ဆိုရင်တော့ အော်ဟစ်ပြီး တဒုံးဒုံးနဲ့ အော်ဟစ် လက်သီးတွေနဲ့ထိုးလို့ အခန်းတစ်ခုနဲ့ တစ်ခုကြား ကာထားတဲ့ ကျောက်ပြားအထူတွေပါ ထိုးပါများတော့ ပေါက်ပြဲကုန်ပါလေရဲ့…တံခါးဆိုရင်လဲလေ သူ့မေမေ ယူလာတဲ့ သူ့သမီးလေး ခြေထောက်ခတ်ခဲ့တဲ့ သံကြိုးနဲ့ ချည်ထားရတယ်…အမက ဖောက်ရင် အကုန်ရိုက်ဖွင့်တာရယ်….

    ပုံ့တို့ရဲ့ ခိုလှုံရာလေးကတော့ ဘယ်လိုလူလာလာ လာသမျှလူရဲ့ ကောင်းဒဏ် ဆိုးဒဏ်ကိုခံရင်း ထုသားပေသားကြနေပါပြီ…ပုံ့လေ ပုံ့ဆီကို ရောက်လာတဲ့သူတွေ ဆိုးလို့ဆိုပြီး နောင်ဒီလိုလူ လက်မခံဘူးဆိုတဲ့ စိတ်ဘယ်တော့မှ မဖြစ်ဘူး…ဘယ်လောက်ဆိုးဆိုး စိတ်မကျန်းမာလို့ ဆိုးမိတဲ့အမှား ပုံ့အမြဲခွင့်လွှတ်တယ်…တချက် မငြိုငြင်ခဲ့ဖူးဘူး…တချက်အပြစ်မပြောခဲ့ဖူးဘူး…ဆိုးတဲ့လူကို အကောင်းဆုံး ဘယ်လို စောင့်ရှောက်ရမလဲဘဲတွေးတယ်…

    အခုလဲ အမ ထိုးခွဲခဲ့လို့ ပေါက်ပြဲနေတဲ့ ကျောက်ပြားတွေနေရာမှာ အုတ်နံရံတွေ ကာပစ်လိုက်တယ်…ဒီလို ထိုးခွဲလို့ အခန်းတွေပျက်ဆီးလို့ ပြန်ပြင်ရတာ အမနဲ့ဆို နှစ်ယောက်ရှိပါပြီ….ဒါပေမဲ့ တကယ်ကို ခိုကိုးရာမဲ့ပြီး မကယ်ရင် အန္တရာယ်ဖြစ်တော့မယ့် လူဆို ပုံ့ကယ်မိနေအုံးမှာပါဘဲ…

    တစ်ဦးစေတနာ တစ်ဦးမေတ္တာလို့ဘဲ ပြောရမလား…အမ ဘယ်လောက်သောင်းကျန်းကျန်း ပုံ့သွားရပ်လိုက်တာနဲ့ ချက်ချင်းငြိမ်သွားတတ်တယ်…ပုံ့ မေတ္တာကို သူခံစားမိမယ်ဆိုတာ ပုံ့ယုံတယ်…အဖွားကလဲ သူနိုင်သလောက် ရိပ်သာကိစ္စတွေ ကူလုပ်ပေးရှာတယ်…

    ခုတော့လဲ အမတို့ သားအမိတွေ ဝဋ်ကြွေးတွေ ကုန်ပြီး ခိုလှုံရာ အရိပ်မှာ အေးချမ်းနေတာ တနှစ်ရှိခဲ့ပါပြီ…အဖွားရော ၊ အမရော ဝလို့ လှလို့ စိုလို့ပေါ့…အဖွားလဲ သူသေရင်တောင် သမီးလေးကို ခိုလှုံရာမှာ စိတ်ချပြီဆိုပြီး နေမဝင်မှီ ဆည်းဆာချိန်လေးကို အလှပဆုံး အအေးချမ်းဆုံး ဖြတ်သန်းနေပါပြီရှင်…..။ ။

    ပထမဆုံး စတွေ့တဲ့ပုံလေးနဲ့ အခုရိုက်ထားတဲ့ ဘောလုံးလေးနဲ့ပုံကို ယှဥ်ကြည့်ရင် သူတို့ရဲ့ လက်ရှိဘဝ ငြိမ်းချမ်းမှုလေးကို အထင်းသား မြင်နေရမှာပါ…

    (ဝဋ်ကြွေးတွေ ပါလာခဲ့ရင် အပြစ်မရှိဘဲလဲ အချုပ်အနှောင်ခံရတတ်တယ်ဆိုတာလေး သံဝေဂယူမိပါတယ်…

    မျက်နှာ ပုံတွေတော့ မဖျက်တော့ပါဘူး….အဖွားကိုယ်တိုင်က သူ့သားသိစေချင်လိုပါတဲ့…သူ့သား နံမည်ကြီးတောင် ထည့်ပြီး တင်ခိုင်းတာမို့ပါ…ပုံ့ကတော့ နံမည်မတင်တော့ပါဘူး…ဒါပေမဲ့ အကုန်ရောင်းပြီး ထားသားရက်တဲ့ သားဖြစ်သူကြီး ဒီစာလေးကို ဖတ်မိတဲ့အခါ လိပ်ပြာလုံပါစေ ဆုတောင်းပေးလိုက်ပါတယ် )

    ✍ Thiri Shwe Sin Hlaing

  • ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်

    ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်

    ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး တပ်ပြန်ဆုတ်သွား

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ဗန်းမော်တွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်၏ စကခ ၂၁ ဌာနချုပ်မှ စစ်တပ်စစ်ကြောင်းက အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းနှင့် KIA ပူးပေါင်းတပ်များအကြား စက်တင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း၊ စက်တင်ဘာလ ၉ ရက်နေ့တွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ စက်တင်ဘာလ ၉ ရက်နေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးကျော် သေဆုံးပြီး စစ်တပ်စစ်ကြောင်းမှာ စကခ ၂၁ ဌာနချုပ်ထဲသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

    “ဗန်းမော် သံချပ်ကာတပ်ရင်းမှာ တိုက်ပွဲမှာ စစ်တပ်တပ်ရင်းမှူးနဲ့အတူ စစ်သား ၁၀ ကျော်သေဆုံးပါတယ်။ စကခ ၂၁ ဌာနချုပ်ဘက်ကို စစ်ကြောင်း ပြန်ဆုတ်ပြေးသွားပါတယ်။ ဗန်းမော်မှာကတော့နေ့တိုင်း လေကြောင်းတိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲ မဖြစ်တဲ့နေ့မရှိဘူး။ သူတို့က အဓိက စကခ ၂၁ ဌာနချုပ်ကို အခြေပြုထားတာပါ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    စက်တင်ဘာလ ၈ ရက်နေ့ ဗန်းမော်တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း၊ တိုက်ပွဲအတွင်း စစ်သားအလောင်းများအပြင် စက်သေနတ်ကြီး ၂ လက် ၊ ကျည်ဆန်များ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

    “ဗန်းမော်မှာ စစ်တပ်ဘက် သေဆုံးမှု အရမ်းကိုများပါတယ်။ သူတို့ စကခ ၂၁ ထဲက ထွက်လာလို့ ဒီဘက်က တီးထည့်လိုက်၊ ပြန်ဆုတ်သွားလိုက်ပဲ။ တော်လှန်ရေးတပ်တွေဘက်မှာလည်း အကျအဆုံးရှိတယ်။ အဓိက ဒရုန်းနဲ့ လာပစ်တာမှာ ဒီဘက်က ရဲဘော်တွေ ထိကြတာ။ ဒရုန်းကတော့ စစ်တပ်က သုံးတာတွေက အတော်ကို အဆင့်မြင့်လာတယ်။ Night View ညကြည့် မှန်ပြောင်းနဲ့ ညဘက်တွေပါ ဒရုန်းလာကျဲနေတာ” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာလအထိ ၁၀ လနီးပါးကြာမြင့်သည်အထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။