Author: Baby Yit Lone

  • ဒေါ်အောင်ဆန်းစုကြည်၊ တရုတ်အထိုင်နဲ့ နေပြည်တော်ရဲ့ ရွှေ့ကွက်

    ဒေါ်အောင်ဆန်းစုကြည်၊ တရုတ်အထိုင်နဲ့ နေပြည်တော်ရဲ့ ရွှေ့ကွက်

    ရက်ပေါင်း ၁,၉၀၀ ကျော်( ၅ နှစ်ကျော်ကြာ)အကျဥ်းချခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက်ဓာတ်ပုံတစ်ပုံကို ”ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်”ဆိုတဲ့သတင်းနဲ့အတူနေပြည်တော်က ထုတ်ပြလာပါတယ်။

    ဒီထုတ်ပြမှုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ဦးဆောင်တဲ့” Proof of Life” လှုပ်ရှားမှု၊ အာဆီယံရဲ့ ဖိအားပေးတောင်းဆိုမှု၊ တရုတ်၊ထိုင်းနဲ့ ဒေသတွင်းအပါအဝင် နိုင်ငံတကာရဲ့ သံတမန်ရေးရာလှုပ်ရှားမှုနောက်ခံများအဖြစ် ရှုမြင်နေကြပါတယ်။

    ဒါပေမဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းမဟုတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ပုံစံကိုသာ ပြောင်းလဲလိုက်ခြင်းလည်းဖြစ်ပါတယ်။

    ရွှေ့ကွက်တခုအဖြစ်ပုံဖော်ခံထားရတဲ့ ဒီအရွေ့က နေပြည်တော်အတွက် နိုင်ငံရေးအရအသိအမှတ်ပြုခံရရေး အကျပ်တည်းတွေကိုလျော့ပါးလာစေဖို့ ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ မိတ်ဆွေလား

    ဒေါ်အောင်ဆန်းစုကြည်ကို ”နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီ” ဖြစ်ကြောင်း ဧပြီ ၃၀ ရက်နေ့ညမှာ နေပြည်တော်က ကမ္ဘာတဝန်းကို အသံထုတ်ပြောဆိုခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းကတော့ ဒါက အမှန်ဖြစ်ဖို့မျှော်လင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ”စစ်တပ်က သူတို့ရည်ရွယ်ချက်တွေအတွက် သတင်းအမှားတွေ အမြဲတမ်း ဖြန့်နေကျပဲဆိုတာ ကျွန်တော်တို့ အားလုံး သိနေတာပဲ။ ဒီတစ်ခါတော့ အဲဒီလိုမျိုး မဟုတ်ပါစေနဲ့လို့ မျှော်လင့်ရမှာပဲ”လို့ ကင်မ်အဲရစ်က ပြောပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေအထွတ်အမြတ်ထားတဲ့ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်မနက်ပိုင်းမှာ နိုင်ငံတဝန်းအကျဥ်းထောင်တွေထဲကပြစ်ဒဏ်ကျခံနေရသူ ၁,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးကြောင်းနေပြည်တော်က ကြေညာခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိခဲ့ပါဘူး။

    ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းမှာတော့ ဘေဂျင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်အစိုးရပြောခွင့်ရသူ လင်ကျန်းကို သတင်းထောက်တစ်ဦးက” မြန်မာနိုင်ငံကိုသွားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဥ်အတွင်း ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ဆွေးနွေးခဲ့ပါသလား” လို့မေးခွန်းထုတ်ခဲ့ပါတယ်။

    အဲဒီအမေးကို လင်ကျန်းက ”ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေရင်းဖြစ်သလို သူ့ရဲ့ အခြေအနေကို တရုတ်အနေနဲ့ အမြဲတမ်းစောင့်ကြည့်နေပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

    ဧပြီ ၃၀ ရက် ညပိုင်း ၉ နာရီခန့်မှာတော့ နိုင်ငံပိုင် MRTV ရုပ်သံသတင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ကြောင်း ကြေညာချက်ထွက်လာခဲ့ပါတယ်။

    MRTV ရဲ့ ရုပ်သံကြေညာချက်ထဲမှာ ဧည့်ခန်းတစ်ခုအတွင်း ချည်သားအင်္ကျီအဖြူရောင် ရင်ဖုံးလက်စကနဲ့ နက်ပြာခံမှာအဖြူအပွင့်ရိုက်ထဘီကိုဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်တွေ့ လက်ခံစကားပြောနေပုံမျိုး တွေ့ရပါတယ်။ သူ့ရှေ့မှာ စစ်တပ်အရာရှိတစ်ဦးနဲ့ ရဲအရာရှိတစ်ဦးတို့က တွေ့ဆုံစကားပြောနေကြဟန်ဓာတ်ပုံကို ဖော်ပြပါတယ်။

    ကြေညာချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျခံရန်ကျန်တဲ့ ပြစ်ဒဏ်တွေကို ”သတ်မှတ်ထားတဲ့နေအိမ်မှာ ပြောင်းလဲကျခံရမယ်” လို့ သိရပြီး ဘယ်နေရာကနေအိမ်ဆိုတာကတော့ တိတိကျကျ ထည့်သွင်းကြေညာတာမျိုး မရှိပါဘူး။

    အရင်စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က နေအိမ်အကျယ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ နေအိမ်မှာပဲဖြစ်ပြီး အနည်းဆုံး သူဆန္ဒရှိတဲ့ အမျိုးသမီးအဖော် ၂ ဦးကို ခေါ်ထားခွင့်ရှိခဲ့ပါတယ်။ အခု နေပြည်တော်ရဲ့ ဒီတကြိမ် ”ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်”ဆိုတဲ့ကြေညာချက်မှာ ဘယ်အချက်ကိုမှတိတိကျကျထည့်သွင်းကြေညာတာမရှိသလို နေအိမ်အကျယ်ချုပ်ဆိုတာမျိုးတိတိကျကျညွှန်းဆိုတာမရှိပါဘူး။

    အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို တိုက်ရိုက်ဖော်ပြပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့မှု၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်နဲ့ အာဆီယံစားပွဲဝိုင်းကို မြန်မာပြန်လည်ဝင်ရောက်လိုပါက ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရမယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ပြောဆိုချက်တွေနောက်မှာ ဒီအရွေ့ဖြစ်လာတာလို့ မြင်ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကိုပြောင်းရွှေ့တယ်ဆိုတာဟာ တရားဝင်ထုတ်ပြန် ကြေညာခြင်း ရှိ/မရှိ ဆိုတဲ့ အချက်သာကွာခြားမှုရှိပြီး၊ အများတောင်းဆိုနေသလို ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်း မဟုတ်သေးဘူးလို့ ရှုမြင်ချက်တွေ ရှိနေပါတယ်။

    ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းက အဲဒီအချိန်ကစစ်ကောင်စီက “ရာသီဥတု ပူပြင်းလွန်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် ကျန်းမာရေးအရ လိုအပ်တဲ့ အကျဉ်းသားတွေကို လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ပေးထားတယ်” လို့ ဆိုပြီး ထောင်ကနေ ရွှေ့ပြောင်းထားကြောင်း ထုတ်ပြောထားပါတယ်။ အဲဒီအချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ထဲမှာ မရှိတော့ဘဲ စစ်တပ်ဝင်းတစ်ခုထဲက နေအိမ်တစ်အိမ်မှာ ထိန်းသိမ်းခံထားရတယ်လို့ ဘီဘီစီက သိရှိထားခဲ့ပါတယ်။

    အခု သတ်မှတ်နေအိမ်နေရာကို ပြောင်းရွှေ့တယ်ဆိုတဲ့ ကြေညာချက်က ဘယ်လိုဆက်ဖြစ်လာနိုင်လဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလွှတ်ပေးဖို့ နေပြည်တော်က စိုးရိမ်နေသလား၊ တရုတ်ရဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သဘောထားဘယ်လိုရှိနေလဲ။ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်၊ နေပြည်တော်ရဲ့ သဘောထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကိုသိရှိသူတချို့ နဲ့စကားပြောမေးမြန်းပြီး ဘက်အသီးသီးရဲ့ အထိုင်တွေကို ဘီဘီစီက စေ့ငုကြည့်ထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်၊နေပြည်တော်နဲ့ တရုတ်ရဲ့ ဆက်ဆံရေးအပေါ် အထိုင်ကွဲပြားမှုများ

    ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ ၅ နှစ်ကျော်ကာလတလျှောက်လုံးမှာ ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်အပါအဝင် ဒေသတွင်းအာဆီယံအထိ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တစိုက်မတ်မတ်တိုက်တွန်းနေပါတယ်။

    ဒါပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်ခဲ့သူ လက်ရှိသမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားက အလွန်တင်းမာတယ်လို့ သူ့ရဲ့ အကြံပေးတချို့က ဘီဘီစီကို ပြောပြကြပါတယ်။

    ”ဦးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို ဖြစ်နိုင်သမျှပျောက်နေစေချင်တာ” လို့ ဦးမင်းအောင်လှိုင်ရဲ့ အကြံပေးတစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ အရပ်ဘက်အသွင်ပြောင်းပြီး သမ္မတရာထူးယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်းဟာ သူ့အပေါ် နိုင်ငံတကာရဲ့ အမြင်ကိုပြောင်းလဲနိုင်ဖို့နဲ့ အာဆီယံအဝန်းအဝိုင်းထဲကိုပြန်ခြေချနိုင်ရေးကို တွက်ချက်ချင့်ချိန်နေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ အာဆီယံစားပွဲဝိုင်းတွေထဲမှာ ပြန်ဝင်ဆန့်နိုင်ရေးကြိုးပမ်းချက်နဲ့အတူ တရုတ်၊ အာဆီယံနဲ့ နေပြည်တော်ကြားမှာ ဒေါ်အောင်ဆန်းစုကြည်က အပေးအယူလို ဖြစ်လာပါတယ်။

    တရုတ်ဟာ အာဏာသိမ်းအစောပိုင်းကာလမှာ မြန်မာစစ်တပ်နဲ့ခပ်ခွာခွာနေခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃ မေလ ကစပြီး တရုတ်ရဲ့ မြန်မာစစ်တပ်အပေါ် မူပြောင်းလာတယ်လို့ စစ်ရေး/နိုင်ငံရေး နဲ့ တရုတ် -မြန်မာဆက်ဆံရေးကို အထူးပြုလေ့လာတဲ့မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့”အထိုင်သစ်ပြန်ချလာသော တရုတ်၏ မြန်မာ့အရေးမူဝါဒ”ဆိုတဲ့ စာတမ်းမှာ ဖော်ပြခဲ့ဖူးပါတယ်။

    စစ်ကောင်စီက အရေးပေါ်ကာလကို သက်တမ်းတိုးပြီး နိုင်ငံရေးအခင်းအကျင်းကနေ ထွက်ပေါက် (Exit Strategy) မရှာတော့ဘဲ မထူးဇာတ်ခင်း စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာကို တရုတ်နိုင်ငံက စိုးရိမ်ပုံရတယ်လို့ ဆိုပါတယ်။

    ”ရွေးကောက်ပွဲ ကျင်းပရေးလို နိုင်ငံရေး ထွက်ပေါက်သစ်ကို မြန်မြန်ရှာစေချင်တာဟာ တရုတ်နိုင်ငံရဲ့ မူဝါဒချဉ်းကပ်မှုအသစ်မှာ အဓိကကျလာပုံရတယ်” လို့ ISP က ကောက်ချက်ချပြောခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲပေါ်ပေါက်လာပြီး ဒါဟာတရုတ်သမ္မတရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင်ကြားသဘောတူညီမှုကြောင့်ဖြစ်လာတာ၊ တရုတ်ပုံဖော်လိုတဲ့ မြန်မာဗဟိုအစိုးရပုံစံဆိုတာမျိုးတွေကို နှစ်ဖက်ခေါင်းဆောင်ပိုင်းနဲ့ ထိစပ်မှုရှိသူတွေကပြောလာကြပါတယ်။

    ဒါပေမဲ့ အခု နေပြည်တော်က ဖန်တီးထားတဲ့ အခင်းအကျင်းဟာ တရုတ်မြင်ချင်တဲ့ အခင်းအကျင်းအပြည့် မဟုတ်ဘူးလို့ တရုတ်သံရုံးနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

    တချိန်တည်းမှာပဲ တရုတ်က မြန်မာမှာ အမှန်တကယ်တည်ငြိမ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်လိုအပ်တယ်လို့ တစိုက်မတ်မတ် ယုံကြည်နေဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်က သူသိထားတဲ့အချက်ကို ကိုးကားပြောပါတယ်။ တရုတ်သံရုံး၊ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ဦးနဲ့ ဘီဘီစီက စကားပြောခဲ့မှုအရ တရုတ်ဘက်က နေပြည်တော်ကို အမြဲတောင်းဆိုတဲ့အချက် ၂ ချက်ရှိတယ်လို့ နှစ်ဦးစလုံးက အချက်အလက်တူညီစွာ ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး၊

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ စကားပြောရေး/ လက်နက်ကိုင်ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြောရေး

    ”တရုတ်တကယ်လိုချင်တဲ့အထိ နေပြည်တော်က မလုပ်ပေးနိုင်သေးပါဘူး။ တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်စေချင်တာ အခုထိမလွှတ်သေးဘူး။ အဲဒါက ပြဿနာနည်းနည်းရှိတယ်။ ဒါပေမဲ့နေပြည်တော်က ဘယ်လိုဆုံးဖြတ်လာမလဲဆိုတာ ဆက်ကြည့်ရမှာပဲ” လို့ တရုတ်သံရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

    အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ကို တရုတ်ဘက်က တောက်လျှောက်တောင်းနေသလို သမ္မတရာထူးပြောင်းယူထားတဲ့ နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကိုလည်း နိုင်ငံရေးအပြောင်းအလဲဆက်လုပ်ဖို့အတွက်ဖိအားပေးတာမျိုးဆက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

    နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ တရုတ်ဟာ မြန်မာမှာတည်ငြိမ်ရေးနဲ့ သူ့စီမံကိန်းတွေဘေးကင်းရေးကိုပဲ အာရုံစိုက်နေသလို နေပြည်တော်ကတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ဆွဲဆောင်နိုင်ရေး မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

    ”နေပြည်တော်က တရုတ်စကားနားထောင်တယ်ဆိုတာ အဓိက ငွေကြေးနဲ့ ဗဟိုအာဏာခိုင်မာရေးပါပဲ။ တရုတ်က အာဏာသိမ်းပြီးနောက်မှာ မြန်မာမှာ စီမံကိန်းအသစ်မလုပ်ထားဘူး။ ရှိထားတဲ့စီမံကိန်းကို အပြီးသတ်နိုင်ရေးအတွက်ပဲ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုကြိုးပမ်းနေတယ်။ အာဏာသိမ်းပြီးနောက်မှာ MOU အဆင့်ပဲထိုးထားတာတွေပဲ ရှိတယ်။ MOU က အလုပ်လုပ်နိုင်တဲ့ခိုင်မာတဲ့အဆင့်မဟုတ်ပါဘူး” လို့ နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် တရုတ်ကို ၃ ကြိမ်ထက်မနည်းသွားထားပြီး အဲဒီခရီးစဥ်တွေမှာ မြန်မာက ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ခေါ်သွားသလို တရုတ်ကကုမ္ပဏီကြီးတွေ ရင်းနှီးမြှုပ်နှံမှုအသစ်တွေလာလုပ်ဖို့ တောက်လျှောက်ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

    ”တရုတ်က မြန်မာမှာ စီမံကိန်းကြီးလုပ်ဖို့ကတော့ မတည်ငြိမ်ရင်လာလုပ်မှာမဟုတ်သေးဘူး။ အစိုးရက ငွေလိုနေတယ်။ တရုတ်ကို မြန်မာမှာအများကြီးပြန်လာလုပ်စေချင်နေတာ” လို့ ဦးမင်းအောင်လှိုင်နဲ့တရုတ်ခရီးစဥ် တချို့ကိုလိုက်ပါခဲ့တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    တရုတ်သံရုံးနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ သတင်းရင်းမြစ်ကတော့ တရုတ်အာမခံကုမ္ပဏီကြီးတွေက မြန်မာမှာ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်လို့ လက်မှတ်မထိုးကြသရွေ့ နေပြည်တော်က မျှော်လင့်သလို ရင်းနှီးမြှုပ်နှံမှုများတဲ့ စီမံကိန်းကြီးတွေ ထပ်မလာနိုင်ဘူးလို့ ထောက်ပြပါတယ်။

    ”တရုတ်အာမခံကုမ္ပဏီကြီးတွေက လက်မှတ်မထိုးပေးနိုင်တဲ့ နိုင်ငံကို တရုတ်လုပ်ငန်းစုတွေက ဘယ်လိုလာရင်းနှီးမြှုပ်နှံမလဲ။ တရုတ်အစိုးရက မြန်မာဟာ နိုင်ငံရေးမတည်ငြိမ်ပါဘူးဆိုတဲ့ မှတ်ချက်ထားနေသ၍၊ တရုတ်က အာမခံကုမ္ပဏီကြီးတွေက မြန်မာမှာရင်းနှီးမြှုပ်နှံဖို့ မသင့်တော်ဘူးလို့ လက်မှတ်ထိုးနေသ၍ တရုတ်ဘဏ်တွေက တရုတ်ကုမ္ပဏီတွေကို ငွေထုတ်မချေးဘူး။ ဘဏ်ချေးငွေမရရင် ဘယ်တရုတ်ရင်းနှီးမြှုပ်နှံမှုမှ မြန်မာကိုလာလို့မရဘူး” လို့ တရုတ်သံရုံးနဲ့နီးစပ်သူ သတင်းရင်းမြစ်က ပြောပါတယ်။

    ဘန်ကောက်အခြေစိုက် သံတမန်ရေးရာအကဲခတ်ကတော့ တရုတ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ပျောက်ကွယ်သွားရေး NLD ပါတီနဲ့ နေပြည်တော်ကို စကားပြောစေချင်တာလို့ ရှုမြင်ပါတယ်။

    ” တရုတ်က နေပြည်တော်နဲ့ NLD စကားပြောရင် NUG က အလိုလိုပျောက်သွားမယ်။ လုံးပါးပါးသွားမယ်လို့ ယူဆနေတာ၊ အဲဒီလိုဖြစ်စေချင်တာ”လို့ သူ့အမြင်ကို ပြောပါတယ်။

    ၂၀၂၄ စက်တင်ဘာက ကိုးကန့်တပ်- MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝလုပ်မှာမဟုတ်ဘူးဆိုတဲ့ကြေညာချက်၊ ၂၀၂၄ အောက်တိုဘာက တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော်(UWSP/UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ”ပူအယ်အစည်းအဝေးမှတ်တမ်း”တွေကလည်း သူ့အမြင်ကို ပိုခိုင်နေစေပြန်ပါတယ်။

    အမည်သုံးခွင့်မပေးနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြည်တွင်းက တာဝန်ရှိသူတစ်ဦးကတော့ ဦးမင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ ”နိုင်ဖဲကတ်” ကို တဖြည်းဖြည်းချင်းပဲ ထုတ်ကစားလိမ့်မယ်လို့ ကောက်ချက်ချပါတယ်။

    ”ကျွန်တော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်လာရေးဆိုတာကို ချက်ချင်းမျှော်လင့်လို့မရနိုင်ဘူးလို့ပဲ သုံးသပ်ပါတယ်။ သူတို့ (နေပြည်တော်) က တ‌စ်ဆင့်ချင်းပဲလုပ်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုသတင်းထုတ်ပေးတာတောင် တရုတ်ကြောင့်ဖြစ်လာတယ်လို့ပဲ ကျွန်တော်တို့ ယူဆပါတယ်” လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

    တရုတ်သံရုံးနဲ့နီးစပ်သူတွေနဲ့ နေပြည်တော်ဘက်က အကြံပေးတချို့ကတော့ တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်ပိုပြီးခင်မင်ရင်းစွဲနဲ့ အလေးထားဆက်ဆံမှုရှိတယ်လို့ မှတ်ချက်ပေးလေ့ရှိပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့သူတချို့ကတော့ အဲဒီလိုပြောဆိုချက်တွေကိုငြင်းဆန်ပြီး NLD အစိုးရဟာ တရုတ်ကို အလိုမလိုက်ဘဲ နိုင်ငံအကျိုးကို ပိုကြည့်ပြီး စီမံကိန်းတွေကိုပိုစိစစ်ခဲ့လို့ တရုတ်က NLD ကိုမလိုလားဘူးလို့ အမြင်ရှိပါတယ်။

    ”အမေစုလက်ထက်မှာ တရုတ်စီမံကိန်းတွေအားလုံးကို ပြန်စိစစ်ပြီးလျှော့ချခဲ့တာလေ။ စီမံကိန်း ၉၀ ကျော် ကို ၃၀ ကျော်အထိ ပြန်စိစစ်တယ်။ တရုတ်က ဒါကိုလုံးဝမကျေနပ်ဘူး။ အာဏာမသိမ်းခင် ဝမ်ယိလာတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ပါ တွေ့တယ်။ ပြီးတော့ အာဏာသိမ်းတာပဲလေ။ တရုတ်က အမေစုကို လွှတ်စေချင်တယ်လို့ပြောပါတယ်ဆိုရင်တောင် အမေစုထက်သူတို့အကျိုးစီးပွားရှိတာကြောင့်ပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

    တရုတ်အစိုးရဟာ မြန်မာပြည်တွင်းက သူ့ စီမံကိန်းတွေရဲ့ လုံခြုံဘေးကင်းရေးနဲ့ ရေရှည်လည်ပတ်နိုင်ရေးအတွက်တင်မကပါဘူး၊ ထိုင်ဝမ်အရေးမှာ ”တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို ထောက်ခံမယ့် မြန်မာအစိုးရတစ်ရပ်ကို လိုလားတာကလည်းသူ့ရဲ့ အဓိကဆန္ဒဖြစ်တယ်လို့ နေပြည်တော်အခြေစိုက်နိုင်ငံရေးအကဲခတ်တစ်ဦးက ဆိုပါတယ်။

    ဒါတင်မက အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာ့အရေးမှာကြားဝင်နှောင့်ယှက်ဖို့ အခွင့်အရေးရသွားနိုင်တာမျိုးကိုလည်းတရုတ်ကစိုးရိမ်ချက်ရှိပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်- တရားမမျှတစွာပြုမူခံရခြင်းရဲ့ သင်္ကေတ

    ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ခုနှစ် အရှေ့ပိုင်းက စစ်အာဏာရှင်ကာလတွေမှာ နေအိမ်အကျယ်ချုပ် ၃ ကြိမ်နဲ့ စုစုပေါင်း ၁၅ နှစ်ခန့် ပြင်ပနဲ့အဆက်ဖြတ်နေခဲ့ရသူဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ၄ ကြိမ်မြောက် ဖမ်းဆီးထိန်းသိမ်းမှုဖြစ်ပါတယ်။

    ၁၉၈၈ ခုနှစ် အရေးအခင်းကာလ သူ့ အသက် ၄၃ နှစ်အရွယ်မှာ မြန်မာပြည်ပြန်ရောက်ခဲ့လို့ ၃၇ နှစ်တာကာလကို မြန်မာပြည်မှာ ကုန်ဆုံးထားပါတယ်။ ၃၇ နှစ်အတွင်း နှစ် ၂၀ ခန့်က နေအိမ်အကျယ်ချုပ် ဘဝ ၊ အကျဥ်းစံဘဝတွေနဲ့ဖြတ်သန်းရတာ အခု အသက် ၈၁ နှစ် အရွယ်အထိဖြစ်ပါတယ်။

    မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကို တောင့်တလှုပ်ရှားမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိကစေ့ဆော်သူ ဒါမှမဟုတ် တွန်းအားတစ်ရပ် အဖြစ် ဆယ်စုနှစ်များစွာရှိနေခဲ့သလို မြန်မာ့ဒီမိုကရေစီရဲ့ ပြယုဂ်အဖြစ် လက်ခံယုံကြည်ခံရနေဆဲဖြစ်ပါတယ်။

    ဒါပေမဲ့ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရမှုကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်တိုင် သူ့ အနေနဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းထဲမှာ အပ်စပ်ဆီလျော်မှု ရှိနိုင်ပါ့မလား။ သူ့ရဲ့ အခန်းကဏ္ဍ ရှိနိုင်သေးရဲ့လားဆိုတဲ့မေးခွန်းတွေလည်း ရှိနေပါတယ်။

    အဓိက ဒီမေးခွန်းတွေကိုဖြစ်စေတဲ့အချက် ၂ ချက်ရှိနေပါတယ်။ လက်ရှိမြန်မာရဲ့ အခြေအနေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ ဒါမှမဟုတ်၂၀၁၀ အရှေ့ပိုင်းကာလတွေနဲ့ အများကြီးကွာခြားသွားပြီ ဖြစ်ပါတယ်။

    လက်နက်ကိုင်လမ်းကြောင်း – လူငယ်မျိုးဆက်သစ်တွေနဲ့ တော်လှန်ရေးအင်အားစုများက စစ်တပ်ကို အပြီးတိုင်ဖယ်ရှားရေးဆိုတဲ့ မူအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေကြပါတယ်။

    တိုင်းရင်းသား အင်အားစုများ – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ထက် သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံရေး ရည်မှန်းချက်တွေအပေါ်မှာ ပိုမို အာရုံစိုက်နေကြတာဖြစ်ပါတယ်။

    ကာလရှည်ကြာဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံရေးကို လေ့လာနေခဲ့ပြီး၊ မြန်မာ့နိုင်ငံရေးအကြောင်း စာအုပ်အတွဲတွေများစွာထုတ်ဝေထားတဲ့ စာရေးဆရာ၊ သုတေသီ ဖားဂတ်စ် ဟာလိုးကတော့ ”မြန်မာပြည်သူတွေ တရားမဲ့စွာ ပြုမူခံနေရပါလား”ဆိုတာကို”ဒေါ်အောင်ဆန်းစုကြည်က သင်္ကေတဆောင်ဖော်ပြနေပါတယ်” လို့ ဘီဘီစီကို ပြောပါတယ်။

    ”လက်ရှိ အချိန်မှာ သူ့ကို ပြန်လွှတ်ရေး ဆိုတာကသာ အခရာ အကျဆုံးပါပဲ။ နိုင်ငံရေးထဲ သူ ဆက်ပြီး ပါဝင်မှာလား ဆိုတာက ဒီကနေ့ အတွက် မေးခွန်း မဟုတ်ပါဘူး။ ဒီကနေ့ အတွက် မေးခွန်း၊ ဒီကနေ့ အတွက် ပြဿနာကတော့ ဒေါ်စုဟာ တရားမမျှတစွာ ပြုမူ ခံနေရခြင်းရဲ့ သင်္ကေတ “symbol of injustice” ဖြစ်နေတာပါပဲ၊ ဒေါ်စုလွတ်မြောက်လာဖို့ ကျွန်တော်တို့ အားလုံးလိုအပ်နေပါတယ်”လို့ သုတေသီ ဖားဂတ်စ် ဟာလိုးက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ မှတ်ချက်ပေးထားပါတယ်။

    ၂၀၂၅/၂၆ မှာ တရုတ်ရဲ့ ကြားဝင်ကူညီမှုတွေကြောင့် မြန်မာစစ်တပ်ဟာ သူတို့ ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကိုပြန်ရထားပြီး စစ်ရေးအသာစီးပြန်ဖြစ်လာချိန်မှာပဲ နေပြည်တော်ကလည်း သူ့ အုပ်ချုပ်ရေးကို တည်ငြိမ်အောင် ဖန်တီးနေပါတယ်။

    ဒါကြောင့် စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာနဲ့ မြန်မာလူထုအများစုတောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆိုတဲ့ ဆန္ဒကိုဖြည့်ပေးလိုက်ပြီး သူ့တရားဝင်မှုဖြစ်လာရေး လမ်းကြောင်းချောမွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည်” ကတ်” ကို တဖြည်းဖြည်းသုံးသွားနိုင်တယ်လို့ ဘန်ကောက်အခြေစိုက် သံတမန်တစ်ဦးကလည်း NLD ပါတီကတာဝန်ရှိသူ နည်းတူ ရှုမြင်ပါတယ်။

    မိခင်အသက်ရှင်နေသေးကြောင်း သက်သေတောင်းတဲ့ ကင်မ်

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံနဲ့ အာဆီယံဆက်ဆံရေးဟာ အဖွဲ့ဝင်နိုင်ငံအနေနဲ့ ဆက်ရှိနေခွင့်ရှိပေမယ့် နိုင်ငံရေးအရ သီးခြားဖြစ်နေတဲ့အနေအထားကို ရောက်ခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဧပြီမှာချမှတ်ခဲ့တဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများစတင်ရေးစတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်ခေါင်းဆောင်က လက်တွေ့အကောင်အထည်ဖော်မှုမရှိခဲ့ဘူးလို့ အာဆီယံ က အကြိမ်ကြိမ်ပြောခဲ့တာပါ။

    အဲဒီနောက်ပိုင်း အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို နိုင်ငံရေးရာထူးမဟုတ်တဲ့ ကိုယ်စားလှယ်တွေတက်ရောက်မှုကိုသာ ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့အတွင်း ရှားရှားပါးပါးဆုံးဖြတ်ခဲ့တဲ့ ဖိအားတစ်ရပ်ဖြစ်တယ်လို့လည်း သုံးသပ်ခံရပါတယ်။

    အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲလုပ် အရပ်ဘက်အသွင်ပြောင်းပြီးအုပ်ချုပ်ရေးထူထောင်ထားပေမဲ့ ရုရှား၊ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ထောက်ခံမှုကိုပဲ ရထားပါတယ်။

    နေပြည်တော်ခေါင်းဆောင်နဲ့တွေ့ထားတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာခရီးစဉ်မတိုင်ခင် ဧပြီ ၂၂ ရက်မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဦးမင်း‌အောင်လှိုင်နဲ့ တွေ့ဆုံထားတာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ မြန်မာနဲ့ အာဆီယံကြား ပေါင်းကူးသဖွယ် ကူညီမယ်၊မြန်မာမှာငြိမ်းချမ်းရေးရအောင်ဆက်ကူညီမယ်လို့ ပြောထားပါတယ်။

    ဝန်ကြီး ဆီဟာဆက်ရဲ့ နေပြည်တော်ခရီးအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာခရီးဆက်ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်က ဒေါ်အောင်ဆန်းစုကြည်အမည်ကို တိုက်ရိုက်ဖော်ပြပြီး လွှတ်ပေးဖို့ တောင်းဆိုခဲ့တာဟာ အာဆီယံအတွင်းမှာ အရေးပါတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။

    တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်သားအငယ်ဖြစ်သူ ကင်မ်အဲရစ်က ဦးဆောင်နေပြီး ကမ္ဘာတဝန်းပါဝင်လှုံ့ဆော်နေကြပါတယ်။ ဒီအချက်တွေအားလုံးကကွင်းဆက်လိုချိတ်ဆက်နေပြီး ဒါတွေက နေပြည်တော်အတွက်ဖိအားတွေလည်းဖြစ်နေပြန်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကတော့ သူ့မိခင်ကို နေအိမ်ကို ပြောင်းရွှေ့လိုက်တာဆိုရင်ကြိုဆိုတယ်လို့ပြောနိုင်ပေမဲ့ သူ့မိခင်ဟာ ဘယ်တုန်းကမှ ထောင်ထဲကိုရောက်ခဲ့သင့်သူမဟုတ်ဘူးလို့ ဧပြီ ၃၀ ရက်မှာ ဘီဘီစီကို ဖြေကြားပါတယ်။

    သူနဲ့ သူ့မိခင်ကို စကားပြောခွင့်မပေးမချင်း၊ ဒါမှမဟုတ် သူ ယုံကြည်ရသူတစ်ဦးက သူ့မိခင် ဘယ်မှာရှိနေတယ်ဆိုတာကို လွတ်လွတ်လပ်လပ် အတည်ပြု မပေးနိုင်မချင်း ဘာကိုမှမယုံနိုင်ကြောင်း ကင်မ်အဲရစ်က ပြောပါတယ်။

    ”အခုထိ မေမေအသက်ရှင်နေသေးကြောင်း သိရတဲ့ သက်သေကျွန်တော့်မှာဘာမှမရသေးပါဘူး။ ဒါကြောင့် ” ဒေါ်အောင်ဆန်းစုကြည် အသက်ရှိနေသေးကြောင်း သက်သေပြဖို့တောင်းဆိုလှုပ်ရှားမှုကမ်ပိန်း”ကိုဆက်လုပ်သွားမှာဖြစ်ပါတယ်”

  • မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်

    မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်

    မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်၍ ပြည်သူများ အထူးသတိပြုရန် နှိုးဆော်

    ​မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁) ရက်တွင် အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။



    ယခု​မေလမှစ၍ အနောက်တောင်မုတ် သုံလေ မဝင်ရောက်မီကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ် (Cumulonimbus Cloud) များဖြစ် ထွန်းလာနိုင်ကြောင်း သိရသည်။

    ထိုသို့ ဖြစ်ထွန်းမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်မြေပြင်နှင့် ရေပြင်တွင် တစ်နာရီလျှင် မိုင် (၄၀) မှ (၅၀) အထိ လေပြင်းတို-က်ခတ်နိုင်ခြင်း၊ ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ နေရာကွက်ကျား မိုးသီးကြွေနိုင်ခြင်းတို့ဖြစ်ပွားနိုင်ကြောင်း အသိပေးထားသည်။

    ​လေပြင်းတို-က်ခတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်တွင်းလေ ကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့် အထူးသတိပြုရန် နှိုးဆော်ထားသည်။

    ယခုရက်ပိုင်းအတွင်း နေပူရှိန်ပြင်းထန်ရာမှ ရုတ်တရက် လေပြင်းတို-က်ခတ်မှုများ ဖြစ်ပေါ်တတ်သဖြင့် ခိုင်ခံ့မှုမရှိသော သစ်ပင်များ၊ ဆိုင်းဘုတ်များအနီး နေထိုင်ခြင်းမှ ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းထားသည်။

  • အီရန်အရေးနဲ့ပတ်သက်လို့ ဂျာမနီဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့် တိုက်ခိုက်

    အီရန်အရေးနဲ့ပတ်သက်လို့ ဂျာမနီဝန်ကြီးချုပ်ကို ဒေါ်နယ်ထရမ့် တိုက်ခိုက်

    မိမိနိုင်ငံတွင်း ပြဿနာတွေကို အရင်ဆုံး ဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် ပြော

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ဇ်အပေါ် ဝေဖန်မှုတွေ ပိုမို ပြင်းထန်စွာ ပြုလုပ်လာခဲ့ပြီး ၎င်းရဲ့ အီရန်အရေး ချဉ်းကပ်ပုံအပေါ် မှတ်ချက်ပေးခြင်းထက် မိမိနိုင်ငံတွင်း ပြဿနာတွေနဲ့ ရုရှား-ယူကရိန်း စစ်ပွဲကိုသာ အာရုံစိုက်ဖို့ ပြောကြားလိုက်ပါတယ်။

    ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖရိုင်းဒရစ်မာ့ဇ်ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး အီ ရန်ရဲ့ နူကလီးယား ရည်မှန်းချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မာ့ဇ်က ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

    အီရန်နဲ့ ဆွေးနွေးမှုတွေမှာ အမေရိကန်အစိုးရဟာ အီရန်ရဲ့ အကွက်ရွှေ့မှုတွေအောက်မှာ အသာစီး အယူခံလိုက်ရတယ်လို့ ဖရိုင်းဒရစ်မာ့ဇ်ရဲ့ မကြာခင်က ပြောကြားချက်အပေါ် ဒေါ်နယ်ထရမ့်က စိတ်အ နှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

    “ဂျာမနီဝန်ကြီးချုပ်အနေနဲ့ လုံးဝထိရောက်မှုမရှိတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ပျက် စီးယိုယွင်းနေတဲ့ သူ့နိုင်ငံရဲ့ ပြဿနာတွေ၊ အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးနဲ့ စွမ်းအင်ကိစ္စရပ်တွေကို ပြု ပြင်ဖို့အတွက်ပဲ အချိန်ပိုပေးသင့်ပါတယ်။ ကမ္ဘာကြီးနဲ့ ဂျာမနီနိုင်ငံကိုပါ ပိုမိုဘေးကင်းလုံခြုံတဲ့နေရာဖြစ် အောင် အီရန်ရဲ့ နူကလီးယားခြိမ်းခြောက်မှုကို ဖယ်ရှားပေးနေသူတွေရဲ့ကိစ္စမှာ ဝင်ရောက်စွက်ဖက်နေ မယ့်အစား အဲဒီအချက်တွေကိုပဲ ပိုပြီးအာရုံစိုက်သင့်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

    “အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အစ္စလာမ်မာဘတ်မြို့အထိ လာရောက်စေပြီး ဘာရလဒ်မှမ ထွက်ဘဲ ပြန်လွှတ်လိုက်တာဟာ နိုင်ငံတစ်ခုလုံးကို အီရန်ခေါင်းဆောင်ပိုင်း၊ အထူးသဖြင့် တော်လှန်ရေးအ စောင့်တပ်ဖွဲ့လို့ ခေါ်တဲ့သူတွေက အရှက်ခွဲနေတာပဲဖြစ်တယ်” လို့ ဖရိုင်းဒရစ်မာ့ဇ်က ဆိုပါတယ်။

    ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်တုံ့ပြန် ရာမှာ ဖရိုင်းဒရစ်မာ့ဇ်ဟာ အီရန်အနေနဲ့ နူကလီးယားလက်နက် ပိုင်ဆိုင်တာဟာ ပြဿနာမရှိဘူးလို့ ထင်နေသူဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

    “သူဘာတွေပြောနေလဲဆိုတာ သူကိုယ်တိုင်တောင် သိပုံမရပါဘူး။ အကယ်၍ အီရန်သာ နူကလီး ယားလက်နက် ပိုင်ဆိုင်သွားမယ်ဆိုရင် ကမ္ဘာတစ်ခုလုံးဟာ ဓားစာခံဖြစ်သွားပါလိမ့်မယ်။

    အခြားနိုင်ငံတွေ ဒါမှမဟုတ် အခြားသမ္မတတွေ လွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းက လုပ်ဆောင်သင့်ခဲ့တဲ့ အီရန်အရေး ကိစ္စကို အခုအချိန်မှာ ကျွန်တော် ကိုယ်တိုင်လုပ်ဆောင်နေတာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

    ကိုးကား – India Today

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်

    ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်

    နေပြည်တော်တွင် နေအိမ်အချုပ် ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်

    နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ရှေ့နေအဖွဲ့သည် ယခုသီတင်းပတ်ကုန်တွင် တွေ့ဆုံရန် စီစဉ်နေကြောင်း ရှေ့နေအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက ယနေ့ ပြောကြား သည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

    ရှေ့နေအဖွဲ့က အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် လာမည့် တနင်္ဂနွေနေ့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး၊ သူမအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန်နှင့် သူမ၏ ရပ်တည်ချက်များကို ဆွေးနွေးရန် ရည်ရွယ်ထားသည်ဟု ရိုင်္ကတာသတင်းက ဆိုသည်။

    ယခုတွေ့ဆုံမှုမှာ ပုံမှန် အကျဉ်းထောင်ဝင်စာတွေ့ခြင်းမျိုး မဟုတ်တော့ဘဲ ရှေ့နေအဖွဲ့က သွားရောက်၍ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးနိုင်မည့် တွေ့ဆုံမှုမျိုး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၃၀ ရက်နေ့ ကြာသပတေးနေ့ညပိုင်းတွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် သူမသည် နေပြည်တော်၌ပင် ရှိနေသေးကြောင်း ရှေ့နေအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်တပ်က အဂတိလိုက်စားမှု၊ ရွေး ကောက်ပွဲ မသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု အစရှိသည့် စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားခြင်းဖြစ်သည်။

    ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လျှော့ပေါ့ပေးခဲ့ပြီးနောက်၊ ကြာသပတေးနေ့တွင် နေအိမ်အချုပ် မပြောင်းရွှေ့မီ နောက်ထပ် ခြောက်ပုံတစ်ပုံကို ထပ်မံလျှော့ပေါ့ပေးခဲ့သည်။

    စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ယူနီဖောင်းဝတ် ဝန်ထမ်းနှစ်ဦးနှင့်အတူ သစ်သားခုံတန်းတစ်ခုပေါ်တွင် ထိုင်နေသည့် ဓာတ်ပုံကို ထုတ်လွှင့်ခဲ့ရာ အဆိုပါ ဓာတ်ပုံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း သူမ၏ ပထမဆုံးသော လူထုရှေ့မှောက်ရောက်ရှိလာသည့် စစ်တပ်က ထုတ်ပြန်သော ပုံရိပ်ဖြစ်သည်။

    အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးရန် အာဆီယံ အပါအဝင် နိုင်ငံတကာ၏ ဖိအားများကို ရင်ဆိုင်နေရသည်။

  • ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ၁ ပုံတည်းသည် သက်ရှိထင်ရှားရှိကြောင်း “ခိုင်လုံသည့် သက်သေ ၁ ခု မဟုတ်” ဟု NUG တုံ့ပြန်

    ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ၁ ပုံတည်းသည် သက်ရှိထင်ရှားရှိကြောင်း “ခိုင်လုံသည့် သက်သေ ၁ ခု မဟုတ်” ဟု NUG တုံ့ပြန်

    ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ၁ ပုံတည်းသည် သက်ရှိထင်ရှားရှိကြောင်း “ခိုင်လုံသည့် သက်သေ ၁ ခု မဟုတ်” ဟု NUG တုံ့ပြန်

    စစ်အုပ်စု ထုတ်ပြန်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံသည် အချိန်ကာလ အတိအကျ မပါဝင်သဖြင့် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံသည့် သက်သေမဟုတ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်သည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နေပြည်တော်အကျဉ်းထောင်မှ သတ်မှတ်နေအိမ်သို့ ပြောင်းရွှေ့လိုက်ကြောင်း အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ထိန်းချုပ်ထားသော မြန်မာ့အသံ (MRTV) က ဧပြီလ ၃၀ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

    “အဲဒီ ကျွန်တော်တို့ MRTV က ကြေညာတာကို ကြည့်တဲ့အခါမှာလည်း ဓာတ်ပုံကိုပဲ ဗီဒီယိုပြန်ရိုက်ပြထားတာ ပေါ့နော်။ အဲဒီတော့ အဲဒီဓာတ်ပုံကလည်းပဲ ဘယ်အချိန်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလဲ ဆိုတာ ကျွန်တော်တို့ အတည်မပြုနိုင်ဘူးပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ ဒါ သက်ရှိထင်ရှားရှိနေတယ်ဆိုတာကိုတောင်မှ ခိုင်လုံတဲ့ သက်သေတခုအဖြစ် ကျွန်တော်တို့ဒါ မှတ်ယူလို့ မရဘူးလို့ ဆိုလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။

    ယင်းကြေညာချက်တွင် ရက်စွဲမပါသည့် ဓာတ်ပုံတပုံကိုသာ ထည့်သွင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကင်မရာကို ကျောပေးထားသည့် စစ်ယူနီဖောင်းဝတ် တဦး၊ ရဲယူနီဖောင်းဝတ် တဦးတို့ ထိုင်နေသည်ကိုသာ တွေ့ရသည်။

    အဆိုပါ နေရာပြောင်းရွှေ့မှုနှင့် ပတ်သက်၍ ဦးနေဘုန်းလတ်က “သတ်မှတ်ထားတဲ့ နေအိမ် ဘယ်မှာမှန်း မသိတဲ့ နေအိမ်တခုမှာ ထားတယ်ဆိုတာကတော့ ဒါ နေရာရွှေ့ပြီးတော့ ချုပ်နှောင်ထားတဲ့ သဘောလို့ပဲ သုံးသပ်ပါတယ်” ဟု မှတ်ချက်ပြုသည်။

    ရန်ကုန်ရှိ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) နေအိမ် သို့မဟုတ် ယခင်နေထိုင်ခဲ့ဖူးသည့် နေပြည်တော်ရှိ နေအိမ်များသို့ ပြန်ပို့ခြင်း မဟုတ်သဖြင့် နေအိမ်အကျယ်ချုပ်ဟု ပြောရန် စောသေးကြောင်း ၎င်းက ထောက်ပြသည်။

    ယခုလုပ်ရပ်သည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်း၏ သမ္မတရာထူးနှင့် ဟန်ပြအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုလာစေရန် နိုင်ငံရေးအရ ကစားခြင်းသာဖြစ်ပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်တပ်၏ လှည့်ကွက်များအကြား ဝေဝါးမသွားဘဲ မိမိတို့ရည်မှန်းချက်အတိုင်း တစ်စိုက်မတ်မတ် ဆက်လျှောက်သွားမည်ဟုလည်း ၎င်းက အလေးအနက် ဆိုသည်။

    အလားတူပင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကလည်း မိခင်ဖြစ်သူမှာ “ဓားစာခံအဖြစ် ရှိနေဆဲ” ဖြစ်ကြောင်း ဧပြီလ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

    ထောင်တခုမှ လျှို့ဝှက်နေရာတခုသို့ ရွှေ့ပြောင်းခြင်းသည် လွတ်မြောက်ခြင်း မဟုတ်ဘဲ အသက်ရှင်နေသေးပါက သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် ၎င်းက တောင်းဆိုထားသည်။
    တရုတ်အစိုးရ၏ ကြေညာချက်များ ထွက်ပေါ်ပြီးနောက် ချက်ချင်းလုပ်ဆောင်လာသည့် ယခုကိစ္စသည် နိုင်ငံတကာဖိအားများ လျှော့ချရန် ကြိုတင်ကြံစည်ထားသည့် အားထုတ်မှုသက်သက်သာဖြစ်သည်ဟု ကင်မ်အဲရစ်က ဝေဖန်သည်။

    ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ရှေ့နေများနှင့်ပါ တွေ့ဆုံခွင့် ပိတ်ပင်ခံထားရသည်။ ဧပြီလ ၁၇ ရက်နှင့် ၃၀ ရက်နေ့များတွင် ပြစ်ဒဏ် ခြောက်ပုံတစ်ပုံစီ လျှော့ပေါ့မှုများအပါအဝင် ယခင်လွတ်ငြိမ်းခွင့်များကြောင့် လက်ရှိတွင် ကျခံရန် ထောင်ဒဏ် ၁၈ နှစ်နှင့် ကိုးလ ကျန်ရှိနေသေးသည်။

    ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ (၁) အရ ယခုကဲ့သို့ ကျန်ရှိပြစ်ဒဏ်များကို သတ်မှတ်နေအိမ်တွင် ဆက်လက်ကျခံစေရန် စစ်အုပ်စုက အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနေဆဲ ဖြစ်သည်ဆိုသော ရေရာသေချာသည့် သက်သေအထောက်အထားများ စစ်တပ်က မပြနိုင်ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ပြော

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ချုပ်နှောင်ထားသည်ဟုဆိုသော်လည်း သက်ရှိထင်ရှားနေဆဲဖြစ်သည်ဆိုသော ရေရာသေချာသည့် သက်သေအထောက်အထားများကို စစ်တပ်က မပြနိုင်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံ အမှတ် ၅၄ သို့ ရောက်ရှိလာခြင်းမရှိသကဲ့သို့ နေပြည်တော်ရှိ နှင်းဆီခြံသို့လည်း ရောက်ရှိလာခြင်းမရှိကြောင်း၊ ထို့ကြောင့် စစ်တပ်က နေရာပြောင်းရွှေ့ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ အ ကြမ်း ဖက်စစ်အုပ်စုဘက်က ဓာတ် ပုံ တစ်ပုံ ထုတ်ပြလာတယ်၊ အဲဒီဓာတ်ပုံက ဘယ်အချိန် ဘယ်ကာလက ရိုက်ထားမှန်းတဲ့ မသိတဲ့ ဓာတ်ပုံဖြစ်တယ်၊။ အဲဒီအတွက်ကြောင့်မို့လို့ လက်ရှိ အချိန်မှာ ဒေါ်အောင် ဆန်းစုကြည်ဟာ သက်ရှိ ထင် ရှားရှိနေသေးတယ်ဆိုတဲ့ဟာကို ခိုင်လုံတဲ့ သက်သေတစ်ခုအနေနဲ့ ပြ နိုင်တဲ့အခြေအနေမျိုး မဟုတ်ဘူးလို့ပဲ ကျနော်တို့ ပြောကြားလိုတယ်။ ဒါတွေဟာ ဘာမှ ရေရာသေချာတဲ့ အခြေ အနေမဟုတ်ဘူးဆိုတာကိုတော့ အရင် ဆုံးပြောချင်ပါတယ်။ ” ဟု NUG ပြည်‌ ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ယမန်နေ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော် အ ကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ် ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ် မှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

    ထိုသို့ ကြေညာရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ထုတ်ပြန်ခဲ့သော်လည်း ယင်းဓာတ်ပုံမှာ ယခုပုံလား၊ မည်သည့်အချိန် တွင် ရိုက်ထားသော ဓာတ်ပုံဖြစ်သည်ကို ဖော်ပြထားခြင်းမရှိပေ။

    ထို့ကြောင့် ယင်းဓာတ်ပုံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိ သေးသည်ဟု ပြသနိုင်သော ခိုင်လုံသည့် သက်သေအထောက်အထားမဟုတ်ကြောင်း ပြည်သူလူထု က ကြား ဝေဖန်မှုမြင့်တက်ရှိကာ ခိုင်လုံသော သက် သေထုတ်ပြန်ပေးရန် တောင်းဆိုမှုမြင့်တက် လျက်ရှိသည်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းမှာ နိုင်ငံတကာ၏ တောင်းဆိုမှုကြောင့်ဖြစ်ပြီး ဆက်လက်တောင်းဆိုပေးကြရန်နှင့် သံတမန်ရေးအရ အသိအမှတ် ပြုချင်းမျိုး မလုပ်မိစေရန် စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၊ ဒုတိယ ဥက္ကဌ ဦးဘိုဘိုဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

    “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အခုလို နေအိမ်အကျယ်ချုပ်ပြောင်းလဲလိုက်တာက နိုင်ငံတကာရဲ့ တောင်းဆိုမှုကြောင့် ဖြစ်ပေါ်ပြောင်းလဲလာမှုပါ။ နိုင်ငံတကာအ‌နေနဲ့ ဆက်လက်တောင်းဆိုပေးဖို့ လိုပါတယ်။ သံတမန်ရေး Engage လုပ်တာကောင်းပါတယ်။ အသိအမှတ်အပြုမှုတော့ မလုပ်စေချင် ပါဘူး။ ဆုပေးဒဏ်ပေးစနစ်ကို နိုင်ငံ တကာအနေနဲ့ ကိုင်စွဲလုပ်ဆောင်သင့်ပါတယ်။ NLD ပါတီအနေနဲ့ ပြည်သူလူထုနဲ့အတူ ရပ်တည်လျက်ရှိပါတယ” ဟု စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၊ ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောဆိုသည်။

    NUG အစိုးရအနေဖြင့် တော်လှန်ရေးရည်မှန်းချက်များဖြစ်သည့် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ် တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရန်၊ ၂၀၀၈ ဖွဲ့ စည်း ပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန် လည်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရန်၊ သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက် ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာ သော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအ သစ်အား တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိ ရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန် တို့ကို ကိုင်စွဲကာ ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

    “ကျနော်တို့ရဲ့ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေထဲမှာ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်အပါအဝင် နိုင်ငံ ရေး အကျဉ်း သားတွေအား လုံး ခြွင်းချက်မရှိ မဖြစ်မနေလွတ်မြောက်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ တွေ အမြဲတမ်းပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစောကြီးက တည်းက ဒါဟာ မတရား ဖမ်း ဆီး အကျဉ်းချထားတာဖြစ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါ အဝင် နိုင်ငံ တော်သမ္မတကြီးတို့ ကိုရော အကုန်လုံးကို ဖမ်းဆီးတဲ့အချိန်မှာ စစ် တပ်ကသာလျှင် နိုင်ငံ‌ တော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်ကောင်တွေဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒီ အခြေ အနေကိုလည်း မျက်ခြေမပြတ် ကြဖို့ အရေးကြီးပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေး ရဲ့ ရည် မှန်းချက်တွေ ၆ ချက်ဆိုတာ ထုတ် ပြန်ထားတာရှိပါတယ်။ ဒီရည်မှန်းချက် ၆ ချက်ရတဲ့အထိ တော်လှန်ရေးက တော့ ဆက်လက်ဆင်နွှဲ နေအုံးမှာ ဖြစ်ပါတယ်။” ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆို သည်။