Author: Baby Yit Lone

  • The Guardians (or) Schutzengel

    The Guardians (or) Schutzengel

    The Guardians (2012)

    The Transporter, The Equalizer တို့လို အက်ရှင်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် ဂျာမန် Action-Thriller ကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီး Til Schweiger ကိုယ်တိုင် ဒါရိုက်တာနဲ့ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။

    ဇာတ်လမ်းကတော့ ….

    အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ မက်စ်ဟာ အခုတော့ သာမန်အရပ်သားဘဝနဲ့ နေထိုင်နေသူတစ်ယောက်ပါ။

    ဒါပေမယ့် သူ့ရဲ့ဘဝဟာ မိဘမဲ့ဂေဟာက မိန်းကလေးတစ်ယောက်ဖြစ်တဲ့ နီနာနဲ့ တွေ့ဆုံချိန်မှာတော့ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။

    နီနာဟာ ဩဇာကြီးမားတဲ့ လက်နက်ကုန်သည်ကြီးတစ်ဦးရဲ့ လူသတ်မှုကို မထင်မှတ်ဘဲ မျက်မြင်တွေ့ရှိခဲ့တဲ့ တစ်ဦးတည်းသော သက်သေဖြစ်နေတယ်ဆိုတာကို ရဲတွေသိသွားတဲ့အခါ နီနာ့ကို သက်သေကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ထဲကို ထည့်သွင်းလိုက်ပါတယ်။

    ဒါပေမယ့် အဲဒီကုန်သည်ကြီးဟာ အစိုးရပိုင်းမှာပါ သူ့ရဲ့လူတွေကို မွေးမြူထားတဲ့အတွက် သက်သေဖြစ်တဲ့ နီနာ့ကို အလွယ်တကူပဲ ရှင်းပစ်ဖို ကြိုးစားလာပါတော့တယ်။

    ရဲတွေရဲ့ ကာကွယ်မှုကိုတောင် မယုံကြည်နိုင်တော့တဲ့အခြေအနေမှာ မက်စ်တစ်ယောက် နီနာ့ကို ကာကွယ်ပေးဖို့ တာဝန်ယူလိုက်ရပါတယ်။

    သူ့ရဲ့စစ်မြေပြင်အတွေ့အကြုံတွေနဲ့ အသက်ရှင်ကျန်ရစ်အောင်ရုန်းကန်ရတဲ့ စစ်သားဟောင်းတစ်ယောက် ….

    မျက်စိရှေ့မှာတင် လူသတ်မှုကိုမြင်ခဲ့ရလို စိတ်ဒဏ်ရာရနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူတို့နောက်ကို အသည်းအသန်လိုက်နေတဲ့ လက်နက်ကိုင်လူမိုက်တစ်ဖွဲ့…

    အင်အားမမျှတဲ့ ဒီတိုက်ပွဲမှာ မက်စ်တစ်ယောက် သူ့အသက်ထက်တောင် ပိုအရေးကြီးတဲ့ နီနာ့ကို အသက်ရှင်အောင် ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲ…

    အက်ရှင် Vibe အပြည့်နဲ့ ထုံးစံအတိုင်းမရိုးတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

  • Elumale

    Elumale (2025)

    “အချစ်ရဲ့စိန်ခေါ်မှု”

    အခုတစ်ခေါက်မှာတော့ အိန္ဒိယကာနာဒါရ်ဇာတ်ကားတစ်ကားဖြစ်ပြီး အချစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကိုပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

    အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ ဟာရစ်နဲ့ရေဗာသီတို့ရဲ့အချစ်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားပါတယ်။

    ဟာရစ်က ရေဗာသီနဲ့အတူ အနာဂတ်တစ်ခုကိုထူထောင်ဖို့ကြိုးစားနေပေမဲ့ ဟာရစ်က ကားဆရာ တစ်ယောက်ဖြစ်တာကြောင့် ရေဗာသီတို့မိသားစုက သဘောမတူဘဲ ရေ‌ဗာသီကိုအိမ်ထောင်အတင်းချပေးဖို့စီစဉ်ကြပါတယ်။

    ဒီလိုနဲ့ သူတို့နှစ်ဦးရဲ့အချစ်ရေးမှာ မိသားစုရဲ့ထိန်းချုပ်မှုတွေ၊ အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။

    နောက်ဆုံးမှာ သူတို့နှစ်ဦးပေါင်းဖက်နိုင်ပါ့မလား။

    ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရှုပေးပါဦး။

  • Baaghi 4

    Baaghi 4 (2025) “စိတ်ကူးယဉ်ချစ်သူ”

    မင်းသားချော တိုက်ဂါးရှရော့ဖ်ရဲ့ ဘာဂီရုပ်ရှင်စီးရီးတွေထဲမှာ ဘတ်ဂျက် ရူပီးသန်းရှစ်ရာ သုံးပြီးရိုက်ကူးခဲ့တဲ့လေးကားမြောက်ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

    မင်းသားကြီးဆန်ဂျေးဒတ်၊ ပန်ချာပီမင်းသမီး ဆိုနမ်ဘာဂျ်ဝါတိုနဲ့အတူ ၂၀၂၁ခုနစ် မယ်စကြဝဠာလေး ဟာနက်ဇ်ဆန်ဒူးရဲ့ဟင်ဒီပွဲဦးထွက်ရုပ်ရှင်ပေါ့။

    ပထမကားမှာ ချစ်သူကိုကယ်တယ်၊ ဒုတိယကားမှာ ချစ်သူဟောင်းရဲ့ကလေးကို ကယ်တယ်၊ တတိယကားမှာ အစ်ကိုဖြစ်သူကိုကယ်ခဲ့တဲ့ တိုက်ဂါးရှရော့ဖ် ဒီရုပ်ရှင်မှာ ဘယ်သူ့ကို ကယ်တင်ရဦးမှာလဲ…။

    ဒဏ်ရာအပြင်းအထန်ရခဲ့တာကြောင့် ဦးနှောက်ထိခိုက်သွားတဲ့ ရော်နီတစ်ယောက် အချိန်တစ်ခုထိကိုမာဝင်နေခဲ့ပါတယ်။

    သတိပြန်ရလာတဲ့အချိန်မှာတော့ အာလီရှာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ကို တသသရွတ်ရင်းထင်ယောင်ထင်မှားလောကကြီးထဲမှာ ရှင်သန်နေခဲ့တာပေါ့။

    စိတ်ကျန်းမာရေးဆရာဝန်နဲ့ အစ်ကိုဖြစ်သူက ဒီအာလီရှာဆိုတဲ့ မိန်းကလေးက တကယ်မရှိပါဘူးလို ရှင်းပြပေမယ့် တကယ့်လောကမှာ အာလီရှာမရှိရင် ထင်ယောင်မှားမှုထဲမှာပဲ ရှင်သန်လိုက်မယ်ဆိုပြီး ခေါင်းမာနေခဲ့ပါတယ်။

    တစ်ရက်တော့ အိမ်မှာ သောင်းကြမ်းနေလို ရဲတပ်ဖွဲက လာဖမ်းသွားပြီးနောက်မှာတော့ ရော်နီ့စိတ်တွေငြိမ်သွားခဲ့ပါသေးတယ်။

    ဒါပေမယ့် အာလီရှာ တကယ်တည်ရှိတယ်ဆိုတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံလိုက်ရချိန်မှာတော့…။

  • တောင်ကြီးတွင် ဒဏ်ရာများနှင့် အလောင်းတစ်လောင်း စွန့်ပစ်

    တောင်ကြီးတွင် ဒဏ်ရာများနှင့် အလောင်းတစ်လောင်း စွန့်ပစ်

    ဒဏ်ရာအများအပြားနှင့် အမျိုးသားအလောင်းတစ်လောင်းကို ကားတစ်စီးဖြင့် တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းရှ်ိ မေမြို့လက်ဖက်ရည်ဆိုင် အနီးတွင် ယမန်နေ့ညက လာရောက်စွန့်ပစ်ခဲ့ကြောင်း ရပ်ကွက်နေသူများထံက သိရသည်။

    ယမန်နေ့ အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီခွဲဝန်းကျင်က ယင်းအလောင်းအား ရပ်ကွက်နေသူများက စတင်တွေ့ရှိခဲ့ပြီး အလောင်းမှာ အဝတ်မပါ၊ ရင်ဘတ်တွင် ကျားရုပ်ပုံတက်တူးရှိပြီး တကိုယ်လုံးတွင် ထိုးသွင်းဒဏ်ရာများ၊ မီးလောင်ဒဏ်ရာနှင့် ကြိုးချည်ဒဏ်ရာများနှင့် နားရွက်တစ်ဖက်အား တဝက်ခန့်လှီးဖြတ်ထားသည့် ဒဏ်ရာနှင့် အမျိုးသားလိင်အင်္ဂါ ကပ္ပာယ်အိတ်ဖြတ်ထားသည့် ဒဏ်ရာများရှိကြောင်း အလောင်းအား မြင်တွေ့ခဲ့ကြသည့် ကယ်ဆယ်ရေးများထံမှ သိရသည်။

    “ပိန်ပိန်ပါးပါး အသက်က ၃၀-၄၀ ကြား၊ မီးလောင်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေကောပါတယ်။ အဝတ်မပါဘူး။ နှိပ်စက်ခံထားရတဲ့ ပုံစံတွေကောတွေ့တယ်။ ဒဏ်ရာတွေတော့ အများကြီးပြောတယ်။ မီးလောင်ဒဏ်ရာ၊ ကြိုးချည်ဒဏ်ရာတွေကောပါတယ် လို့သိရတယ် ၊ ကပ္ပယ်အိတ်(ဂွေးဥ)လည်း ဖြတ်ခံထိထားတယ်ပြောတယ်” ဟု ရပ်ကွက် လူမှုကူညီသူတစ်ဦးကပြောသည်။

    မြို့ခံတယောက်က “အသက် ၄၀ နဲ့ ၄၀ ကြား၊ ပိန်ပိန်ပါးပါးပဲ၊ ရဲတွေပြောပုံအရ ဆေးသမားလည်း ဖြစ်နိုင်တယ်တဲ့၊ လွယ်အိတ်ပါတယ်။ အိတ်ထဲမှာ ကော်ချောင်းတွေ မီးခြစ်တွေပါတယ်တဲ့၊ Honda fit ကားနဲ့ လာချသွားတာတဲ့ “လို့ ပြောပါတယ်။

    ယင်းအမျိုးသားအလောင်းကို တောင်ကြီးမြို့၊ စဝ်စံထွန်း ရပ်ကွက်၊ ရင်ခွဲရုံ သို့ ကြက်ခြေနီ၊ သူနာပြု တပ်ဖွဲ့ဝင် များနှင့် မြို့ခံများမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ရဲဘက်ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း တောင်ကြီးမြို့တွင် ယင်းကဲ့သို့လူသတ်ပြီး စွန့်ပစ်ထားခဲ့သည့်ဖြစ်စဉ်မှာ ပထမဆုံးအကြိမ် ဖြစ်ကာ ယခင်က ထိုဖြစ်ရပ်မျိုး မကြုံဖူး မကြားဖူးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

    သေဆုံးသူက မည်သူဖြစ်တယ်ဆိုတာ မသိရသေးဘဲ ဆေးသုံးစွဲသူ ဟုတ် မဟုတ်ဆိုတာကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    ခုလက်ရှိမှာ သက်သေဖြစ်တဲ့ အလောင်းကို အမှတ် ၁ နဲ့ ၂ ရဲစခန်းတွေက မှတ်တမ်းယူထားပြီး စဝ်စံထွန်း ရင်ခွဲရုံမှာ ပို့ထားကာ Honda Fit ကားကို လိုက်လံရှာဖွေနေပြီး တရားခံ မမိသေးဘူးလို့ သိရပါတယ်။

    တောင်ကြီးမြို့မှာ လူသတ်ပြီး အလောင်းစွန့်ပစ်တဲ့ ဖြစ်စဥ်ဖြစ်ပွားတာမရှိပေမဲ့ အခုတခေါက်မှာ ကြုံလိုက်ရတာကြောင့် ဒေသခံတွေ စိုးရိမ်စိတ် မြင့်တက်နေတယ်လို့ သိရပါတယ်။

    အောင်ပန်းမှာလည်း ၃ ရက်ကြာ ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ယောက်ကို အောင်ပန်းမြို့ မင်္ဂလာကန်ထဲမှာ အောက်တိုဘာ ၁၇ ရက်က ပုတ်ပွအလောင်းအနေနဲ့ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

  • ပြည်တွင်းမှ နာမည်ကြီးစလော့ဂိမ်းဒိုင်အချို့ အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး

    ပြည်တွင်းမှ နာမည်ကြီးစလော့ဂိမ်းဒိုင်အချို့ အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး

    စလော့ဂိမ်းများကြောင့် လူမှုဘဝထိခိုက်ရသည့် ကိစ္စများအပေါ် ဝေဖန်မှုများ များပြားလာပြီးနောက် ပြည်တွင်းရှိ နာမည်ကြီး စလော့ဂိမ်းဒိုင်ကြီးအချို့ အဖမ်းခံရပြီး လက်လီရောင်းသည့် အေးဂျင့်အများစု လူမှုကွန်ယက်အကောင့်များ ဖျက်ခြင်း၊ Deactivate လုပ်ခြင်းများ ပြုလုပ်ထားကြကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။

    ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (Live) လွှင့်ရာမှတစ်ဆင့် ၎င်းတည်းခိုသည့် Resort ကို အောက်တိုဘာလ ၁၅ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

    “သူတို့က နေရာအတိအကျနဲ့ Live လွှင့်တာမှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ဆက်စပ်ပြီး ကျန်တဲ့သူတွေ အဖမ်းခံရတာပေါ့။ သူတို့အုပ်စုကလူတွေ။ အခုတော့ အေးဂျင့်တော်တော်များများလည်း အကောင့် D ထားကြတယ်” ဟု ၎င်းက ပြောသည်။

    တိုက်ရိုက် (Live) လွှင့်ပြီးနောက် ဖမ်းဆီးခံရသူမှာ Yin Min Hlaing အကောင့်အမည်ဖြင့် တရုတ်မကြီးဟု လူသိများသူဖြစ်ကြောင်း၊ ၎င်းဖမ်းဆီးခံရပြီးနောက် နာမည်ကြီး ဘောလုံးနှင့် စလော့ဂိမ်းဒိုင်ကြီးအချို့လည်း ဖမ်းဆီးခံရသည့်အတွက် လက်ခွဲအေးဂျင့်ဒိုင်များ တိမ်းရှောင်နေကြောင်း ရန်ကုန်မြို့မှ အွန်လိုင်းဘောလုံးဒိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

    “အဓိကကတော့ စလော့တွေကြောင့်ပဲ။ အေးဂျင့်တွေကတော့ အကောင့် De တဲ့သူက De၊ ပြေးတဲ့သူက ပြေးပဲ။ ဒီဘက်မှာ စလော့တွေကို အိမ်တိုင်း မိန်းမ၊ ကလေး အကုန်ဆော့နေတာ တော်တော်ဆိုးနေတာ” ၎င်းကပြောသည်။

    ဖမ်းဆီးခံရသည့် ဒိုင်အများစုမှာ YM Group အတွင်းမှ ဖြစ်ပြီး ယင်း YM Group မှာ နာမည်ကြီး မျိုးသိန်းဌေး – MTH Group ထံမှ တဆင့် ဝက်ဘ်ဆိုဒ် ရယူထားခြင်းဖြစ်ကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။

    ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ စီမံချက်ဖြင့် ဖမ်းဆီးခြင်းလား၊ ကြုံကြိုက်၍ ဖမ်းဆီးခြင်းလား မသိရသော်လည်း စလော့ လောင်းကစားဂိမ်းများကိုမူ ထိထိရောက်ရောက်နှိမ်နင်းစေလိုကြောင်း ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ကင်ဆာမြစ်ပွားနာကဲ့သို့ ပြည်သူလူထုကို ဒုက္ခပေးနေသည့် စလော့ဂိမ်းများ လွန်စွာကျယ်ပြန့်လာပြီး လူငယ်များ၊ အမျိုးသမီးများ၊ ကလေးငယ်များပါ သားကောင်ဖြစ်နေရသည့်အတွက် ဝေဖန်မှုများစွာရှိနေသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက စလော့ဂိမ်းများနှင့် ပတ်သက်ပြီး ဝေဖန်ထောက်ပြထားသည့် သတင်းတစ်ပုဒ် BBC မြန်မာပိုင်းက ထုတ်လွှင့်ခဲ့သေးသည်။