Author: Baby Yit Lone

  • တပ်မ ၁၀၁ က ထွက်လာတဲ့ အင်အားထောင်ကျော်ပါယာဥ်တန်း ၃ လနီးပါးအကြာမှာ ပေါက်မြို့ကို ဝင်ရောက်လာ

    တပ်မ ၁၀၁ က ထွက်လာတဲ့ အင်အားထောင်ကျော်ပါယာဥ်တန်း ၃ လနီးပါးအကြာမှာ ပေါက်မြို့ကို ဝင်ရောက်လာ

    ကပစ ၂၄ တပ်မိသားစုတွေနဲ့ ပျူစောထီးရွာတွေကြိုဆိုကြပြီး မြို့တွင်း စစ်အင်အားဖြန့်ကျက်ထား

    မကွေးတိုင်း၊ ပေါက်မြို့ကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက် တပ်အင်အားထောင်ကျော်ပါတဲ့ စစ်ယာဥ်တန်းတွေ ဝင်ရောက်လာပြီး မြို့အတွင်း ဖြန့်ကျက်တပ်စွဲထားတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် ဆီက သိရပါတယ်။

    ပခုက္ကူတပ်မ ၁၀၁ ကနေ ပြီးခဲ့တဲ့ မေ ၂၇ ရက်မှာစတင်ထွက်ခွာလာတဲ့ အဆိုပါစစ်ယာဥ်တန်းတွေဟာ ၄၃ မိုင်သာကွာဝေးတဲ့ ပေါက်မြို့ကိုရောက်ရှိဖို့ လမ်းပိုင်းမှာ ၃ လနီးပါးကြာမြင့်ခဲ့ပြီး သြဂုတ် ၁၉ နဲ့ ၂၀ ရက်တွေမှာ ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

    “ ပေါက်မြို့ထဲကိုပဲ ဖြန့်ကျက်ထားတာ။ ပေါက်မြို့ထဲမှာရှိမယ်၊ ဘောလုံးကွင်းထဲမှာရှိမယ်။ အဲ့နားတလျှောက်လုံးပေါ့။ ကပစ ၂၄ ထဲကို မရောက်သေးဘူး၊ (ကပစ ၂၄နဲ့) ပေါက်နဲ့က မိုင်အားဖြင့် ဂိတ်အထိပဲဆို ၄ မိုင်ဝေးတယ်” လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

    အဲ့ဒီစစ်အင်အားတွေဟာ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၄)ကို အင်အားဖြည့်တင်းပြီး ချင်းနဲ့ ရခိုင်ပြည်နယ် ယောဒေသတွေက ဝင်ရောက်လာနိုင်တဲ့ တော်လှန်ရေးတပ်တွေကို ကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ ၎င်းက ခန့်မှန်းပါတယ်။

    ပေါက်မြို့နယ်အတွင်းကို စစ်ကြောင်းတွေဝင်ရောက်လာပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မြို့ခံတွေက ကြိုဆိုနေကြကြောင်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာလည်း အကျယ်တဝင့်ဖော်ပြနေကြတာပါ။

    လာရောက်ကြိုဆိုသူတွေဟာ ကပစ ၂၄ က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ၊ ပေါက်မြို့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ အများစုက ကြိုဆိုကြတာလို့ ကပစတပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

    “ပေါက်မြို့ထဲက လာကြိုကြတာက အမှန်အတိုင်းပြောရရင် ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့မြို့နယ်တခုလို့ ပြောလို့ရတာပေါ့။ အခုချိန်ထိလည်း ပေါက်မြို့နယ်ထဲကရွာတွေကို ကျနော်တို့ မြိုင်မြို့ နယ်ထဲက အပြီးအစီးသိမ်းပိုက်နိုင်တဲ့ ရွာဆိုတာ မရှိသလောက်ပဲ၊ ပေါက်မြို့ပေါ်မှာလည်း သူတို့ရဲ့ ပျူစောထီးတွေစစ်တပ်ထောက်ခံတဲ့ လူတွေရှိတယ်။ တချို့ပြည်သူတွေကတော့ သူတို့အတင်းအကြပ်ခေါ်လို့လည်း ပါကြတယ်”လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

    အဆိုပါစစ်ကြောင်း စထွက်လာချိန်ကစပြီး လမ်းတလျှောက် ပေါက်နဲ့ကမ္မ မြို့နယ်ရှိ ကျေးရွာပေါင်း ၅၀ က ဒေသခံတွေလည်း တိမ်းရှောင်နေကြရပြီး ရွာတွေကို မီးရှို့တာ၊ ပစ္စည်းယူတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေလည်းရှိခဲ့ကာ စာရင်းအတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

    “အဲ့စစ်ကြောင်းကြောင့် စစ်ရှောင်တွေ ၃ လနီးနီးအတွင်းမှာ တလျှောက်လုံးကရွာတွေ ၅၀ ထက်မနည်း ရှောင်ခဲ့ရတယ်၊ အနီးစပ်ဆုံးပြောရရင် ကမ္မလိုမျိုး ပစ္စည်းတွေအယူခံရတယ်၊ အဖျက်အဆီး ခံရတယ်။ ဆုံးရှုံးမှုက မခန့်မှန်းနိုင်လောက်အောင်၊ ဓားစာခံအဖြစ် ဖမ်းစီးခေါ်ဆောင်ရင်းနဲ့ သတ်ဖြတ်ခံရတာရှိမယ်။ အရမ်းရှုပ်ထွေးနေတဲ့အခါမှာ စာရင်းအတိအကျ မကောက်နိုင်ဘူးပေါ့နော်။ ဖမ်းခံထားရတွေကလည်း ပြန်လွတ်မလာသေးဘူး“ လို့ သူကဆက်ပြောပါတယ်။

    ဒါ့အပြင် စစ်ကြောင်းထိုးလာစဥ်အတွင်း အဲ့ဒီစစ်ကြောင်းထဲက ဘက်ပြောင်းခိုလှုံလာသူ ၁၀၀ ခန့်ရှိတယ်လို့လည်း မြိုင်မြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    အဆိုပါစစ်ကြောင်းဟာ ရှေ့ဆက်တိုးနိုင်ဖို့အတွက်လည်း ပေါက်မြို့နယ်တွင်းက ကျေးရွာတွေကို ဩဂုတ်လဆန်းပိုင်းကစလို့ နေစဉ်နီးပါး လက်နက်ကြီး၊ Y12၊ ပါရာမော်တာတွေနဲ့ အကြိမ်ရေ ၁၀၀ နီးပါး တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ်လူသားစာနာမှ တာဝန်ရှိသူဦးက ပြောပါတယ်။

  • ငလျင်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့က မိုးလေဝသထက် အဆပေါင်းများစွာ ပိုခက်ခဲတယ်၊ လှုပ်ချင်ရင် လှုပ်မယ် မလှုပ်ချင်ရင် မလှုပ်ဘူး

    ငလျင်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့က မိုးလေဝသထက် အဆပေါင်းများစွာ ပိုခက်ခဲတယ်၊ လှုပ်ချင်ရင် လှုပ်မယ် မလှုပ်ချင်ရင် မလှုပ်ဘူး

    “ငလျင်ဆိုတာကို ကြိုတင်ခန့်မှန်းဖို့က မိုးလေဝသထက် အဆပေါင်းများစွာ ပိုခက်ခဲတယ်၊ လှုပ်ချင်ရင် လှုပ်မယ် မလှုပ်ချင်ရင် မလှုပ်ဘူး”

    ငလျင်တိုင်းစက်တွေ တော်တော်များများ တပ်ဆင်ပြီးလို့ လှုပ်ရင် တန်းသိတယ်၊ မလှုပ်ခင်မှာတော့ ဘာမှကြိုတင်မသိဘူး။

    ပဲခူးက စက်နဲ့ လှုပ်တဲ့ငလျင်အကွာအဝေးတွေ တွေ့ကြရမယ်၊ နေရာ/အချိန် အတည်ပြုမှတ်တမ်းတင်ထားနိုင်တယ်။

    ကြိုပြောနိုင်လား – မပြောနိုင်ဘူး။

    စိုးရိမ်ရလား – အထပ်မြင့်တိုက်တွေ၊ တိုက်အိုတိုက်ဟောင်းတွေ သတိထားရမှာပေါ့ – “common sense” ဘဲလေ။

    ကြိုတင်မပြောနိုင်တာကြောင့် သတိထားပြီးငလျင်များနဲ့ အတူတကွနေထိုင်တတ်ဖို့တော့ လိုတယ်။ အရေးကြီးစာရွက်စာတမ်းတို့ အရေးပေါ်ဆေးဝါးတို့ ပြင်ဘို့လိုတာတွေပြင်ထားရမယ်။

    ကိုယ်ကအိမ်ထောင်ဦးစီးဆိုရင် – မိသားစုတွေနဲ့ ဘယ်နေရာမှာ ဘယ်လိုပြန်ဆုံကြမယ်ဆိုတဲ့ စုရပ်သတ်မှတ်ပေးထားရမယ်။

    ကိုယ်တည်နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာတွေ့နိုင် အောင် ဝီစီလေးတွေ ဝယ်ထားဆောင်ထားရမယ်။

    အဲ့ သည်လောက်တော့ အခုမှမဟုတ် ဟိုးအရင်ကတည်းကကို ပြင်ဆင်ထားဖို့လိုတယ်။

    ကြောက်တယ် ကြောက်တယ်ဆိုပြီး အော်နေ/စိုးရိမ်နေလို့ ငလျင်က ရှောင်သွားမှာမဟုတ်ဘူး။

    ငလျင်ဆိုတာကိုကြိုတင်ခန့်မှန်းဘို့က မိုးလေဝသထက် အဆပေါင်းများစွာပိုခက်ခဲတယ် ..

    ခုထိလဲ အချိန်/နေရာ/ပြင်းအား တိတိကျကျကြိုတင်ခန့်မှန်းနိုင်တာ မရှိသေးဘူး။

    အဲ့ဒီတော့ ..

    လှုပ်ချင်ရင် လှုပ်မယ် မလှုပ်ချင်ရင် မလှုပ်ဘူး !

    ဆရာ Win Naing

  • ကျောက်ဖြူတိုက်ပွဲတွင် အင်အားသုံးစစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများ၍

    ကျောက်ဖြူတိုက်ပွဲတွင် အင်အားသုံးစစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများ၍

    ကျောက်ဖြူတိုက်ပွဲတွင် အင်အားသုံးစစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများ၍ လက်နက်ကြီးပစ်ကူအလွန်အကျွံသုံးပြီး ကယ်ထုတ်နေရ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လက်လွှတ်ခဲ့ရသည့်နယ်မြေများကို ပြန်လည်ရယူရန် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းသုံး၍ စစ်ကြောင်းထိုးနေရာ တိုက်ပွဲပြင်းထန်ပြီး သေဆုံးမှုများပြားနေကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့မှစတင်ကာ အာရက္ခတပ်တော် (AA) တပ်ဆုတ်သွားသည့် သပြုတောင်၊ လိပ်ခမော်၊ ပျားတဲ စသည့်ကျေးရွာများကို အင်အား အလုံးအရင်းသုံး ထိန်းချုပ်လာပြီး မင်းတပ်တောင်နှင့် နှမ်းဖဲတောင်များဘက်ကိုပါ စစ်ကြောင်းထိုးလာကြောင်း သိရသည်။

    “AA တပ်ဆုတ်သွားပြီအထင်နဲ့ စစ်တပ်ကစစ်ကြောင်း ဝင်ထိုးတာမှာ သတ်ကွင်းထဲရောက်သလိုဖြစ်ပြီး စစ်တပ်ဘက်က အသေဆုံးများတယ်”ဟု သတင်းရင်း မြစ်က ပြောသည်။

    ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့တွင်လည်း အမှတ် (၃၂) ရဲတပ်ရင်း သပြုတောင်၊ ပျားတဲ၊ ပျဉ်ရှည်၊ လိပ်ခမော်၊ မင်းတပ်တောင်၊ နှမ်းဖဲတောင်တို့တွင် တိုက်ပွဲအပြင်း အထန်းဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်း မြစ်များထံမှ သိရသည်။

    AA က အရောင်ပြတပ်ဆုတ်ခဲ့ပြီးနောက် ၎င်းတို့ပိုင် နက်အတွင်းရောက်မှ အင်အားသုံး တိုက်ခိုက် လာသည့် အတွက် စစ်ကော်မရှင်တပ်မှာ နယ်ကျွံပြီး သေဆုံးမှု များပြားနေသည့်အတွက် လက်နက်ကြီးများဖြင့် အလွန်အကျွံပစ်ကူပေး၍ တပ်ဖွဲ့ဝင်များကို ကယ်ထုတ်နေရကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်သည် ဓညဝတီရေတပ်ဌာနချုပ်ဘက်တွင် စစ်ကြောင်းတစ်ကြောင်း၊ ကပ်သပြေ ဘက်တွင် စစ်ကြောင်းတစ်ကြောင်း၊ ရဲတပ်ရင်း (၃၂) ဘက်တွင် စစ်ကြောင်းတစ်ကြောင်း၊ OGT ဓာတ်ငွေ့စက်ရုံဘက်တွင် စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ‌လေးကြောင်းထိုးကာ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

    ရဲတပ်ရင်း (၃၂) ဘက်မှနေ၍ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်နေ့က စစ်ကြောင်းထိုးလာသည့် အင်အား ၃၀၀ ပါ စစ်ကော်မရှင် စစ်ကြောင်းမှာ AA ၏ တန်ပြန်ထိုးစစ်ကြောင့် တပ်ဆုတ်ပြေးရပြီး ကြတ္တိန်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှာလည်း တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီးနောက် သပြုတောင်ဘက်သို့ ပြန် လည်ဆုတ်ခွာထွက်ပြေးရကြောင်း သိရသည်။

    AA က ယခုတဖန်ဖြစ်ပွားလာသည့် တိုက်ပွဲများတွင် တပ်ဆုတ်ပေးခြင်းမရှိတော့ဘဲ တန်ပြန်ထိုးစစ်နှင့် တိုက်ခိုက်လာသည့်အတွက် စစ်ကော်မရှင်စစ် ကြောင်းများ တပ်ဆုတ်ထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ပုံစာ – စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ပုံဟောင်း)

  • ငလျင်အန္တရာယ်နှင့် ရန်ကုန်မြို့၏ အထပ်မြင့်တိုက်များ

    ငလျင်အန္တရာယ်နှင့် ရန်ကုန်မြို့၏ အထပ်မြင့်တိုက်များ

    မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး အင်အားကြီးငလျင်များ လှုပ်ခတ်နိုင်သည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

    နိုဝင်ဘာ ၁၂ ရက်က တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်သာရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

    ရန်ကုန်မြို့တွင် ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရပြီး အထပ်မြင့်တိုက်အချို့ တိမ်းစောင်းကာ ရွှေတိဂုံစေတီတော်ရှိ အရံစေတီနှစ်ဆူနှင့် မြေစိုက်စေတီတစ်ဆူ၏ စိန်ဖူးတော်များ မြေခခဲ့သည်။

    ရစ်ချ်တာစကေး ၄ ဒသမ ၁ အင်အား အနည်းငယ်သာရှိသည်ဆိုသည့် မြေငလျင်၏ သက်ရောက်မှုကို ရန်ကုန်မြို့ရှိ တိုက်ခန်းများတွင် နေထိုင်သည့် ပြည်သူအများစု အထိတ်တလန့်ဖြစ်ခဲ့ပြီး အထပ်မြင့်တိုက်အချို့ တိမ်းစောင်းမှုဖြစ်ပေါ်မှုကလည်း တိုက်ခန်းနေ ပြည်သူများ၏ စိုးရိမ်စိတ် ပိုမိုမြင့်တက်စေခဲ့သည်။

    မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခုတစ်ခုနှင့် တစ်ခုတွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့် နေရာတွင် အားများတဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။

    မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်-တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက်တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့ အသေးများစွာရှိနေသောကြောင့် ငလျင်ဒဏ်ကို မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင်မဆို အချိန်မရွေး ခံစားရနိုင်သည်။

    ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်သည်။ ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်ဖြင့် လှုပ်ခတ်ခြင်းဖြစ်ပြီး ပျက်စီးမှုအနည်းအငယ်ရှိနိုင်သည်။ ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ် ခတ်ပါက အင်အားပြင်း အဆင့်သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကိုအားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်သည်။ မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့သည်။

    သုံးနှစ်တာအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင် အကြိမ်အရေအတွက်

    ယခုနောက်ပိုင်းတွင် အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခြင်း မရှိသော်လည်း ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ ပြည်တွင်းနေရာများကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် မြေငလျင် အကြိမ်အရေအတွက် ၁၅၀ ကျော်ရှိခဲ့သည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ရရှိသည့်စာရင်းများအရ ၂၀၁၆ ခုနှစ်တွင် မြေငလျင် လှုပ်ခတ်မှု ၄၂ ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင် အကြိမ် ၇၀ ရှိခဲ့သည်။

    ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ ပြည်တွင်းကိုဗဟိုပြုပြီး ငလျင်အကြိမ်ရေ ၁၄၀ ကျော်လှုပ်ခတ်ခဲ့ပြီး နိုဝင်ဘာတွင် ငါးကြိမ်လှုပ်ခတ်ခဲ့ပြီး ယင်းလှုပ်ခတ်ခဲ့ မှုများအနက် နိုဝင်ဘာ ၁၂ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် လူအများ သတိထားမိခဲ့သည်။

    “လူတွေကနေ မြေအောက်ရေတွေ အလွန်အကျွံသုံးစွဲတာပဲဖြစ်ဖြစ်၊ သဘာဝဓာတ်ငွေ့တွေတူးဖော်မှု များလာပြီဆိုရင် ကျောက်သားတွေ အောက်မှာခံထားတဲ့ ရေထုထည်တွေ လျော့ကျပြီးတော့ ကျောက်သားတွေက ရွေ့လာနိုင်တဲ့အနေ အထားမျိုးရှိတယ်။ ကျောက်သားတွေက တစ်ခုနဲ့တစ်ခု တွန်းတိုက်နေတယ်။ အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ်က တစ်ခုနဲ့တစ်ခုတွန်းတိုက်နေတဲ့ အနေအထားကြောင့် စစ်ကိုင်းပြတ်ရွေ့က တစ်နှစ်ကို ၁၂ စင်တီမီတာ လောက်ရွေ့နေတဲ့ အနေအထားရှိတယ်။ အရင်တုန်းက သေချာမသိခဲ့ဘူး။ အခုသုတေသန လုပ်လာတဲ့အခါ သိလာရတယ်။ ဒီဟာတွေရွေ့နေရင်းနဲ့ သူရဲ့ အပိုင်းအစလေးအောက်ကို ကျသွားတာဖြစ်ဖြစ်၊ တွန်းတိုက်ရင်းနဲ့မှ အပေါ်ထောင်တက်လာရင်လည်း မြေငလျင်လှုပ်တဲ့ အနေအထားလေးရှိတယ်။ ဒီလိုရွေ့နေတဲ့အတွက်ငလျင် လှုပ်တဲ့အရေအတွက်က ပိုပြီးတော့ စိတ်လာတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

    မြေငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ မြေငလျင်များသည် အင်အားရစ်ချ်တာစကေး ၅ ကျော်နှင့် အင်အားရစ်ချ်တာ စကေး ၆ ကျော်မှသာ နောက်ဆက်တွဲမြေ ငလျင်များလှုပ်ခတ်နိုင်ပြီး အင်အားအနည်းငယ်သာ လှုပ်ခတ်ခဲ့သည့် မြေငလျင်များတွင် နောက်ဆက်တွဲ မြေငလျင်လှုပ်ခတ်မှုမရှိပေ။

    တိုက်ကြီးမြို့တွင် လှုပ်ခတ်သည့် ငလျင်သည် ပမာဏမများသော်လည်း ဇောက်တိမ်သဖြင့် မခိုင်ခန့်သည့် တိုက်များနှင့် အနီးအနားရှိ လူများ ငလျင်ဒဏ်ပြင်းပြင်းထန် ထန်ခံစားရကြောင်း၊ စစ်ကိုင်းပြတ်ရွေ့တွင် လှုပ်ခတ်သည့် ငလျင်များသည် ဇောက်နက်သော်လည်းငလျင် ပမာဏကြီးပြီး ထိခိုက်ခံစားမှုပိုရှိနိုင်ပြီး သက်ရောက်မှု နေရာသည်လည်း ကျယ်ပြန့်ကြောင်း ငလျင်ပညာရှင် ဦးစိုးသူရထွန်းက ပြောကြားသည်။

    “အခုဖြစ်တဲ့ငလျင်က ငလျင်ဗဟိုချက်လို့ပြောတဲ့ မှော်ဘီက မသိလိုက်ဘူးတဲ့။ ငလျင်ဗဟိုချက်နဲ့လည်း ဆိုင်တယ်။ အတိမ်အနက်နဲ့ လည်းဆိုင်တယ်” ဟု ဦးစိုးသူရထွန်းက ပြောကြားသည်။

    တိုက်ကြီးငလျင်ကြောင့် အထပ်မြင့်တိုက် အချို့တိမ်းစောင်းမှု ဖြစ်ခဲ့သည့် တာမွေမြို့နယ်တွင် ငလျင်နှင့်ပတ်သက်၍ Survey ကောက်မည်

    နိုဝင်ဘာ ၁၂ရက်တွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အထပ်မြင့် တိုက်တိမ်းစောင်းမှုဖြစ်ပွားခဲ့သည့် မြို့နယ်များအနက် တာမွေမြို့နယ်တွင် တိမ်းစောင်းမှုအများဆုံးဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အထပ်မြင့်တိုက်များ တိမ်းစောင်းမှုကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တိမ်းစောင်းခဲ့သည့် တိုက်များကို နိုဝင်ဘာ ၁၃ ရက်တွင် ကွင်းဆင်းလေ့လာခဲ့သည်။

    ငလျင်လှုပ်ခတ်မှုကြောင့် တိမ်းစောင်းခဲ့သည့် တိုက်များကို ကွင်းဆင်းလေ့လာမှုများအပြင် တာမွေတစ်မြို့နယ်လုံးရှိ တိုက်များ ငလျင်နှင့်ပတ်သက်၍ ခံနိုင်ရည်မည်မျှရှိ မရှိသိရှိနိုင်ရန်အတွက် အသေးစိတ် Survey ကောက်ယူခြင်းကို တာမွေမြို့နယ်စည်ပင်နှင့် တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးတိုင်ပင်ထားပြီး အမြန်ဆုံး ကောက်ယူနိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။

    “ဦးတို့မြို့နယ်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စည်ပင်သာယာက ဆွေးနွေးထားတာရှိတယ်။ အကယ်၍ ငလျင်များ အကြီးအကျယ်လှုပ်ခဲ့ရင် ဘယ်လိုများ အန္တရာယ်ရှိနိုင်လဲဆိုပြီး ပြန်ပြီး Survey တွေ ကောက်ဖို့ရှိတယ်။ အချို့တိုက်တွေဆို ၁၉၈၈ လောက်ကတည်းက ဆောက်ထားတဲ့ နှစ်ပေါင်း ၃၀ လောက်ရှိနေတဲ့ တိုက်တွေရှိ တယ်။ ကြံ့ခိုင်ရေးမကောင်းတဲ့ တိုက်တွေလိုက်စစ်ဖို့ စည်ပင်ကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးထားတယ်။ မဖြစ်ရင် ပြဿနာမရှိ ဘူး။ ဖြစ်ခဲ့ရင်တော့ ကြိုတင်ကာကွယ်လို့ရအောင် လုပ်မယ့်အစီအစဉ်တော့ ရှိပါတယ်” ဟု တာမွေမြို့နယ် စည်ပင်ဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြောကြားသည်။

    “နိုင်ငံခြားက အဖွဲ့တွေလာတော့လည်း ထောက်ပြတယ်။ ကျွန်တော်တို့ပြောရင် နားထောင်တဲ့သူတွေက သိပ်ဂရုမစိုက်ဘူး။ ၁၉၈၈၊ ၁၉၉၀ လောက်မှာ ဆောက်တဲ့ဟာတွေက အရည်အသွေးအားဖြင့် အားနည်းနိုင်တယ်ဆိုတာတွေ တွေ့တယ်။ နိုင်ငံခြားသားအဖွဲ့တွေက ပြောတော့ နားပေါက်ပါတယ်။ အများပြည်သူ အဆောက်အအုံတွေက ငလျင်လှုပ်ခဲ့ရင် လူအများသုံး အဆောက်အအုံတွေ အရေးပေါ် အခြေအနေတွေကို ပြန်ပြီးတော့ Review လုပ်ကြမယ်လို့ပြောတယ်။ တာမွေမြို့နယ်ကို လုပ်မယ်လို့ တစ်ခါတုန်းက ဆွေးနွေးဖူးတယ်။ ဘယ် တော့လုပ်မယ်ဆိုတာကိုတော့ မသိဘူး” ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောကြားသည်။

    နိုဝင်ဘာ ၁၂ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင် ဗဟိုချက်နှင့်ပတ်သက်၍ ကွဲလွဲမှုများရှိနေ

    နိုဝင်ဘာ ၁၂ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဗဟိုချက်အား မိုး/ဇလက တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာကို ဗဟိုပြုကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံမြေငလျင်ဌာနမှ ဒလဘက်သို့ပြသကာ အမေရိကန်ဘူမိဗေဒ USGS ကမူ မြောက်ဒဂုံဘက်သို့ ပြကြောင်း မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းကပြောကြားသည်။

    “ငလျင်ဗဟိုချက်နဲ့ ပတ်သက်ပြီးတော့ မညီညွတ်မှုတွေဖြစ်တယ်။ မိုး/ ဇလက တိုက်ကြီးနားမှာ ပြထားတယ်။ နောက်တစ်ခါ ထိုင်းငလျင်ဌာနက ဒလနားမှာပြထားတယ်။ အမေရိကန်ဘူမိဗေဒကတော့ ဒဂုံမြောက်ပိုင်းမှာ ပြထားတယ်။ တစ်ခုက ငလျင်က ဗဟိုချက်နားမှာပဲ ပြင်းပြင်းထန်ထန်ဖြစ်တာ မဟုတ်ဘူး။ မြေပျော့တဲ့နေရာတွေ ဖြစ်တယ်။ မြစ်နား၊ ကမ်းနားတွေမှာ ဖြစ်တယ်။ ပြည်သူလူထုကပြောတဲ့ အချက်အလက်တွေ ပေါင်းပြီးတော့မှ ဗဟိုချက်ကို ခန့်မှန်းလို့ရမယ်” ဟု ငလျင်ပညာရှင် ဦးစိုးသူရထွန်းက ပြောကြားသည်။

    မြေငလျင်နှင့် ပတ်သက်ပြီး အယူအဆလွဲမှားမှုများရှိနိုင်သည်။ ပထမအကြိမ် လှုပ်ခတ်သည့် လှိုင်း (Primary Wave) နှင့် ဒုတိယအကြိမ် လှုပ်ခတ်သည့်လှိုင်း (Secondary Wave) များ၏ ခြားနားမှုများကို တွက်ချက်ပြီး မိုးဇလက မြေငလျင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

    “မြေငလျင်လှုပ်ပြီးရင် ပြန်လည်တွက်ချက်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အယူအဆလွဲနိုင်တယ်။ တစ်ခါတလေ ပြည်တွင်းမှာ အလယ်ပိုင်းလောက်လှုပ်ရင်၊ ထိုင်းနိုင်ငံက ထုတ်ပြန်ချက်မှာ ပြတာက ကရင်တို့ ဘာတို့ရှိတယ်။ တာဝန်ကျတဲ့သူရဲ့တွက်ချက်မှုပေါ်မူတည်သွားတာ S ကနေ P ကိုနုတ်တဲ့ဟာမှာ လှိုင်းလေးတစ်လှိုင်း လောက်ကွာသွားတာနဲ့ တည်နေရာရော၊ အနက်၊ မြေငလျင်ရဲ့ပြင်းအားတွေ ကွာသွားတဲ့ အနေအထားရှိတယ်။ အဲဒါကြောင့် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးဖြစ်တဲ့ USGS ဆိုရင်လည်း တစ်လတစ်ကြိမ် ငလျင်တွေထုတ်ပြီးရင် မှားတယ်ဆိုရင် ပြန်ပြီးတော့ ပြင်ကြတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

    ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်၏ ဗဟိုချက်၊ ငလျင်လှုပ်ခတ်ခဲ့သည့် ဇောက်အနက်၊ ပြင်းအားများနှင့် ပတ်သက်ပြီး ကမ္ဘာပေါ်ရှိ ဘူမိဗေဒဌာနများကထုတ်ပြန်လေ့ရှိသော်လည်း ဒေသတွင်းထုတ်ပြန် ချက်ကို အဓိကထားကြောင်း သိရသည်။

    “များသောအားဖြင့် ဒေသမှာ တွက်တာကို မှန်ကန်မှုအနေနဲ့ ယူတာများတယ်။ ပြီးခဲ့တဲ့မြေငလျင်ဆိုရင် USGS ရယ်၊ ထိုင်းကထုတ်တာရယ်၊ မိုးဇလကထုတ်တာရယ် သုံးနေရာဖြစ်နေတယ်။ ပြင်းအားကလည်း တစ်ခုနဲ့ တစ်ခု ကွာနေတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

    “အရင်တုန်းက မြန်မာနိုင်ငံမှာ မြေငလျင်စက်က နှစ်ပေါင်းတစ်ရာကျော်တဲ့ စက်လေးခုပဲရှိတယ်။ အခုက အစိုးရရော နိုင်ငံတကာက ထောက်ပံ့တဲ့စက်တွေနဲ့ဆိုရင် ၁၀၀ ကျော်ရှိနေပြီ။ အဲဒါကြောင့် ငလျင်လှုပ်ပြီးရင် ပြည်တွင်းအချက်အလက်က မှန်ဖို့ပိုပြီးနီးစပ်တယ်” ဟု ဦးစိုးသူရထွန်းက ပြောကြားသည်။

    ငလျင်ဗဟိုချက် ကွဲလွဲမှုများနှင့်ပတ်သက်၍ မိုးဇလကပြန်လည်တွက်ချက်ရာတွင် USGS က တွက်ထုတ်ထားသည့် ဗဟိုချက်အထက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ပြင်းအားသည်လည်း ၃ ဒသမ ၆ အဖြစ် တွက်ထုတ်ရရှိခဲ့ကြောင်း ဒေါက်တာဦးကျော်မိုးဦးကဆိုသည်။

    လက်ရှိတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် မြေငလျင်တိုင်းတာရေးစက် ၂၁ လုံး၊ EOS နှင့် ပူးပေါင်းတိုင်းထွာသည့် မြေငလျင်စက်အလုံး ၃၀၊ အမေရိကန်တက္ကသိုလ်တစ်ခုနှင့် ပေါင်းတိုင်းသည့် စက်အလုံး ၃ဝနှင့် ဂျာမနီနိုင်ငံ GFZ နှင့် ပေါင်းတိုင်းသည့်စက်အလုံး ၃၀ ရှိကြောင်း သိရသည်။

    “ကျွန်တော်တို့တိုင်းတာတာက ပြည်တွင်းမှာရှိတာနဲ့တင် တိုင်းတာတာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ထားတယ်။ တစ်ကမ္ဘာလုံးမှာ ဖြစ်တာကို ဒီကစက်တွေနဲ့ ကြည့်လို့ရတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

    မြေငလျင်လှုပ်ခတ်ပြီးသည်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြေငလျင်ပြင်းအား၊ အနက်၊ ဗဟိုချက်များကို အလျင်အမြန်ထုတ်ပြန်ကြောင်း၊ အနီးစပ်ဆုံးမှန်ကန်အောင်ထုတ်ပြန်သည့် အချိန်တွင် အနည်းငယ် လွဲမှားမှုများရှိကြောင်း သိရသည်။

    “မြေငလျင်ထုတ်ပြန်ရာမှာ အမှန်သတင်းက ချက်ချင်းမရဘူး။ ပြန်တွက်ချက်ရတဲ့အတွက် တစ်ရက်ခန့်အချိန်ယူ ပြန်လည်စစ်ဆေးပြီး တည်နေရာ ဗဟိုချက်ကို ထုတ်ပြန်တယ်။ လူတွေကတော့ ငလျင်လှုပ်ပြီးတာနဲ့ ချက်ချင်း ဂဏန်းပေါ်လာတယ်ထင်တာ။ မြေငလျင်လှုပ်ပြီး သွားရင်တောင် Primary Wave နဲ့ Secondary Wave ကို တိုင်းတာရတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ မြေငလျင်လှုပ်လိုက်တာနဲ့ ဘယ်နေရာမှာလှုပ်တယ်။ အင်အား ဘယ်လောက်၊ အနက်ဘယ်လောက်ဆိုတာ ပေါ်လာတယ်။ အဲဒါတွေက Digital နဲ့သွားတာဆိုပေမယ့် ပြန်တွက်ရတယ်။ ကျွန်တော်တို့ဌာနမှာလည်း Digital စက်ရှိတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

    ယခုကဲ့သို့ ငလျင်ဗဟိုချက် ကွဲလွဲနေမှုနှင့်ပတ်သက်ပြီး ပြန်လည်တွက်ချက်ရာတွင် USGS က ထုတ်ပြန်ထားသည့် ငလျင်ဗဟိုချက် အထက်ပိုင်းသို့ ရောက်ရှိနေပြီး ငလျင်ပြင်းအားမှာ ရစ်ချစ်တာစကေး ၃ ဒသမ ၆ အဆင့်သာရှိကြောင်း ၎င်းကဆိုသည်။

    ငလျင်အန္တရာယ်ကျရောက်နိုင်မှုအပေါ် ကမ္ဘာ့နိုင်ငံများက ပြည်သူများက စိုးရိမ်နေကြသကဲ့သို့ လူဦးရေ ထူထပ်သည့် ရန်ကုန်မြို့ရှိ ပြည်သူများ အထူးသဖြင့် အထပ်မြင့်တိုက်များတွင် နေထိုင်ကြသည့် ရန်ကုန်မြို့သူမြို့သားများက ပို၍ပင် စိုးရိမ်နေကြသည်။

    မည်သည့်ပြတ်ရွေ့တွေက ရန်ကုန်မြို့ကို ငလျင်အန္တရာယ်ပိုပေးနိုင်လဲ

    နိုဝင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ၂၁ နာရီ ၅၄ မိနစ် ၃၁ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင် ၃၀ ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၇ ဒသမ ၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၈၃ ဒီဂရီ၊ အနက် ၁၀ ကီလို မီတာကို ဗဟိုပြု၍ အင်အားရစ်ချ် တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖော်ပြထားသည်။

    “အင်အားက ၄ ဒသမ ၁ ရှိ တယ်။ အနက် ၁၀ ကီလိုမီတာပဲရှိတယ်။ တိုက်ကြီးမြို့နဲ့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်တယ်။ စစ်ကိုင်းပြတ်ရွေ့နဲ့ဆိုရင်တော့ အနောက်မြောက်ဘက် မိုင် ၃၀ အကွာပေါ့။ ၂၀၁၇ ကလှုပ်ခတ်ခဲ့တဲ့ တိုက်ကြီးငလျင်နားမှာပဲလှုပ်ခတ်ခဲ့တာ။ အနက်က ၁၀ ကီလိုမီတာ။ ဇောက်တိမ်တော့ ငလျင်လှုပ်ခတ်တာကို တော်တော်သိလိုက်ရတာဖြစ်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

    ယင်းငလျင်ကြောင့် အပျက်အစီးများရှိနိုင်ပြီး တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပတို့တွင် အထပ်မြင့်တိုက်အချို့ တိမ်းစောင်းခဲ့သည်။

    တိုက်ကြီးမြို့အနား ဗဟိုပြုလှုပ်ခတ်လေ့ရှိသည့် ငလျင်များသည် အင်အားအနည်းငယ်သာရှိသော်လည်း လှုပ်ခတ်သည့် မြေငလျင်အနက်သည် ဇောက်တိမ်သည့်အတွက် ငလျင်လှုပ်ခတ်မှုကို လူအများ သိသိသာသာ ခံစားရခြင်းဖြစ်ကြောင်း သိရသည်။

    တိုက်ကြီးမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်များအနက် ၂၀၁၇ မတ် ၁၃ ရက်တွင် အနက်ရှစ်ကီလိုမီတာ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်သည် ယခုနှစ်များအတွင်း ရန်ကုန်တိုင်းအတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်များအနက် အင်အားအပြင်းဆုံး ငလျင်တစ်ခုဖြစ်ခဲ့ပြီး ငလျင်းလှုပ်ခတ်မှုကြောင့် လူ ၂၀ ခန့် ဒဏ်ရာရရှိကာ ဘုရားစေတီအချို့ ပျက်စီးမှုရှိခဲ့သည်။

    ပြီးခဲ့သည့်နှစ်များအတွင်း ရန်ကုန်မြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် တိုက်ကြီးအနီးတွင် လှုပ်ခတ်ခဲ့သည့် ငလျင်များပြားခဲ့ကြောင်း၊ အဆိုပါနေရာတွင် ပဲခူးရိုးမ အနောက်ဘက်ခြမ်း ပြတ်ရွေ့ငယ်များရှိကြောင်း၊ ယင်းပြတ်ရွေ့များသည် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိကြောင်း၊ ရန်ကုန်မြို့တွင် အဓိက ငလျင်အန္တရာယ်သည် အရှေ့ဘက်တွင်ရှိသည့် စစ်ကိုင်းပြတ်ရွေ့နှင့် အနောက်တောင်ဘက်တွင်ရှိသည့် ဒေးဒရဲပြတ်ရွေ့သည် အန္တရာယ်ကြီးကြောင်း မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းကပြော ကြားသည်။

    “စစ်ကိုင်းပြတ်ရွေ့ဆိုရင် ပမာဏ ခုနစ်အထက်တွေ လှုပ်နိုင်တယ်။ ဒေးဒရဲပြတ်ရွေ့က သမိုင်းမှာဆိုရင် ခြောက်နဲ့ ခုနစ်ကြားလှုပ်ခဲ့ဖူးတာရှိတယ်။ ရန်ကုန် အဆောက်အအုံတွေက ငလျင်ဒဏ်ခံနိုင်မှု ရှိမရှိ၊ ရန်ကုန်မြို့တစ်ဝိုက်မှာ ဘယ်နေရာတွေကတော့ ငလျင်ပြင်းထန်အား ဘယ်လောက်ခံရနိုင်လဲ။ အဲဒါကို လေ့လာဆန်းစစ်ပြီးတော့ ပြင်ဆင်ထားသင့်တယ်” ဟု ဦးစိုးသူရထွန်းက ပြောကြားသည်။

    ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်များ ငလျင်ဒဏ်ခံနိုင်ရည်ရှိရဲ့လား

    ရန်ကုန်မြို့ပြတွင် နေထိုင်သူ ခြောက်သန်းကျော်၊ ခုနှစ်သန်းနီးပါးရှိနေသည့် ရန်ကုန်သည် ၂၀၁၁ နောက်ပိုင်း ငါးနှစ်တာ ကာလအတွင်း တရားဝင်လျှောက်ထားပြီး ဆောက်လုပ်သည့် အဆောက်အအုံပေါင်း နှစ်သောင်း နီးပါးရှိခဲ့သည်။ စည်ပင်သာယာ (အင်ဂျင်နီယာဌာန) ရှိ စာရင်းများကို တွက်ချက်ကြည့်ရာတွင် တရားဝင် အဆောက်အအုံအလုံး ၁၀၀ ဆောက်လျှင် တရားမဝင် စည်းကမ်းမဲ့အဆောက် အအုံများဆောက်လုပ်မှုသည် ၁၂ လုံးအထိ ရှိနေကြောင်း ၂၀၁၅ ခုနှစ်တွင် ကြေးမုံဆောင်းပါးရှင် မျိုးခေါင်ညွန့်ရေးသားထားသည့် အမဲလိုက် ကန်ထရိုက်စနစ်ကြောင့် အန္တရာယ်အငွေ့အသက်ရလာသော ကန်ထရိုက်စနစ်တွင် ဖော်ပြထားသည်။

    နာဂစ်ကာလအပြီး ၂၀၀၈ နောက်ပိုင်းတွင် နေအိမ်များအရင်း အနှီးလုပ်၍ ကန်ထရိုက်တိုက်ဆောက်သည့် စျေးကွက်ပိုမိုကျယ် ပြန့်စွာပေါ်ပေါက်လာသည်။ ကန်ထရိုက်တာများသည် စျေးကွက် နှင့်အပြိုင် တိုက်ခန်းများရောင်းကောင်းစေရန်အတွက် တိုက်ခန်းစျေးနှုန်းကို အပြိုင်အဆိုင် လျှော့ရောင်းလာကြသည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ဦးကိုကိုကြီးက ရန်ကုန်ကန်ထရိုက်တိုက်များအကြောင်း ပြောထားကြောင်း ယင်းဆောင်းပါးတွင် ဖော်ပြထားသည်။

    “ငလျင်က လူကိုသတ်တာ မဟုတ်ဘူး။ လူတွေဖန်တီးတဲ့ အဆောက်အအုံတွေကပဲ လူတွေကို သတ်တာလို့ ဆိုတယ်။ ရန်ကုန်မြို့တစ်ဝိုက်မှာ ဘယ်နေရာတွေကတော့ ပြင်းထန်အား ဘယ်လောက်ခံရနိုင်တယ်။ အဲဒါကို လေ့လာဆန်းစစ်ပြီးတော့ အဆောက်အအုံတွေက ပြင်ဆင်ထားသင့်တယ်” ဟု ဦးစိုးသူရထွန်းက ပြောကြားသည်။

    အထပ်မြင့်အဆောက်အအုံများတွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်သည့် အဆောက်အအုံသည် ငလျင်ဒဏ်နှင့် ပတ်သက်ပြီး မည်မျှခံနိုင်ရည်ရှိသည်ကို မသိရှိနိုင်သဖြင့် ငလျင်နှင့်ပတ်သက်သည့် အာမခံတစ်ခုကို ထားသင့်ပေသည်။

    “ငလျင်နဲ့ပတ်သက်တဲ့ အာမခံထားမယ်ဆိုရင်၊ အာမခံကအဆောက်အအုံက စစ်ဆေးပြီးလက်ခံမှာ။ ပြီးတော့ လုံခြုံစိတ်ချရမယ်။ တကယ်လို့ဖြစ်ခဲ့တယ်ဆိုရင်လည်း လူထုအတွက် အလျော်ရနိုင်တဲ့အတွက် ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တယ်” ဟု ဦးစိုးသူရထွန်းက ပြောကြားသည်။

    “၂၀၁၀ နောက်ပိုင်းဆောက်တဲ့ ဟာတွေ၊ အထပ်မြင့်အဆောက်အအုံစိစစ်ရေးအဖွဲ့ ဖွဲ့ထားပြီးတော့ ရှစ်ထပ်နဲ့အထက် အဆောက်အအုံတွေကို ငလျင်နဲ့ပတ်သက်ပြီး ပါဝင်ထားတယ်။ ဒီဇိုင်းကောင်းကောင်း လုပ်ထားရင် ငလျင်နဲ့ပတ်သက်ပြီး စိတ်ချရတယ်။ အရှေ့ပိုင်းက အဆောက်အအုံတွေက အားလုံး စိတ်မချရဘူးလို့ဆိုလိုတာ မဟုတ်ဘူး။ ရှေ့ပိုင်းအဆောက်အအုံတွေက သတ်မှတ်ချက်တွေကို လုပ်ချင်လည်းလုပ်မယ် မလုပ်ချင်လည်း မလုပ်ထားဘူးဆိုတဲ့အတွက် စိတ်ပူရတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးအသင်း အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဗဟိုအလုပ်အမှုဆောင်၊ အင်ဂျင်နီယာကောင်စီအဖွဲ့ဝင် ဦးမျိုးမြင့်က ပြောကြားသည်။

    အင်္ဂလိပ်လက်ထက်တိုက်များ အနေဖြင့်လည်း ငလျင်နှင့်ပတ်သက်ပြီး စိတ်ပူပန်ရကြောင်း၊ အဆောက်အအုံများသည် ပြင်ဆင်ထိန်းသိမ်းမှု အားကောင်းပါက ငလျင်အတွက် စိတ်ချရကြောင်း၊ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဆောက်လုပ်သည့် သုံးထပ်နှင့်အထက် အဆောက်အအုံများသည် ငလျင်နှင့်ပတ်သက်ပြီး ထည့်သွင်းတွက်ချက်တည်ဆောက်ရကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ၂၀၁၈ အောက်တိုဘာ ၁ ရက်မှစ၍ Myanmar National Building Code အသုံးပြု လိုက်နာတွက်ချက်ရမည်ဟု ညွှန်ကြားထားသဖြင့် ၂၀၁၈ နောက်ပိုင်း ဆောက်လုပ်သည့် အဆောက်အအုံများကို ငလျင်ဒဏ်တွက်ချက် ဆောက်လုပ်ရကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

    “နောက်ပိုင်းရောက်လေ ဆောက်လာတဲ့ အဆောက်အအုံတွေက ငလျင်နဲ့ပတ်သက်ပြီး ပိုစိတ်ချရတယ်။ စိစစ်ရေးအဖွဲ့ မပေါ်ခင်က အဆောက်အအုံတွေကတော့ မပြောတတ်ဘူးပေါ့နော်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။

    ငလျင်အန္တရာယ်ကြောင့် အထပ်မြင့် အဆောက်အအုံ ပြိုပျက်သွားပါက မူလနေထိုင်သူများအား မူလနေရာ၊ မူလနေထိုင်ခွင့်အတိုင်းပြန် လည်ပေးမည်ဟု စည်ပင်မှ ညွှန်ကြားချက်ထုတ်ပြန်မှုရှိသော်လည်း ဥပဒေအရ မဟုတ်ကြောင်း ဦးမျိုးမြင့်က ပြောကြားသည်။

    “ဥပဒေအရ ခိုင်ခိုင်မာမာဖြစ်ဖို့ ကွန်ဒိုမီနီယမ် ဥပဒေပေါ်လာပေမယ့် ကွန်ဒိုမီနီယမ်တွေတောင် အသက်မဝင်သေးဘူး။ တိုက်ခန်းအိမ်ရာဥပဒေပေါ်လာရင်တော့ ဒါတွေခိုင်ခိုင်မာမာဖြစ်မယ်။ လတ်တလောကတော့ ငလျင်ကြောင့် ပျက်စီးရင် ဒါတွေ ပြန်ရမယ် ပြန်မရဘူးဆိုတာ၊ စည်ပင်သာယာရဲ့ နိုင်ငံတော်ရဲ့မူဝါဒမှာ ပိုပြီးတော့ အရေးကြီးတယ်” ဟု ဦးမျိုးမြင့်ကပြောကြားသည်။

    “ရွှေဂုံတိုင်တို့လို ကျောက်တောင်ကုန်း (ဂုံး) တွေပေါ်မှာရှိနေ တဲ့နေရာတွေက ပြင်းထန်အားသိပ်မခံစားရဘူး။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်ဆိုရင် ကျောက်ကုန်းဟိုဘက် အခြမ်းက မြေပျော့ဖြစ်သွားတယ်။ တောင်ဘက်ဆိုရင် ရထားလမ်းရဲ့ တောင်ဘက်၊ မြို့ပတ်ရထားလမ်း ဘေးပတ်လည်နေရာတွေက ငလျင်လှုပ်ရင် ပြင်းပြင်းထန်ထန် ခံစားရမှုနည်းတယ်” ဟု ဦးစိုးသူရထွန်းက ပြောကြားသည်။

    ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရာတွင် အချက်အလက်ပြည့်စုံစွာ တည်ဆောက်ထားသည့် အထပ်မြင့်အဆောက်အအုံများရှိသကဲ့သို့ အသေးစိတ်အချက်အလက် ထည့်သွင်းတွက်ချက်မှုမရှိဘဲ တည်ဆောက်ထားသည့် တိုက်များလည်းရှိနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောကြားသည်။

    “ဒါနဲ့ပတ်သက်ပြီးတော့ ပညာရပ်ပိုင်းဆိုင်ရာကိုတော့ ဝေဖန်စရာမရှိပါဘူး” ဟု ဦးစောထွေးဇော်က ပြောကြားသည်။

    ရန်ကုန်တိုင်းတွင် တိုက်ခန်းဖြင့်နေထိုင်သူများ အိမ်ရာဘဏ္ဍာ ငွေကြေးစနစ် တစ်ရပ်ထွန်းကားရန်နှင့် တိကျသေချာသည့် ပိုင်ဆိုင်ခွင့်ရရှိရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တိုက်ခန်းအိမ်ရာဥပဒေ ရေးဆွဲနေကြောင်း သိရသည်။

    “ဥပဒေကို တကယ်ပြဋ္ဌာန်းနိုင်လိုက်လို့ရှိရင် မြေရှင်ရယ်၊ တိုက်ခန်းနေထိုင်သူတွေရဲ့ တာဝန်နဲ့ အခွင့်အရေးကို တိတိကျကျ သတ်မှတ်နိုင်မယ်။ တိုက်ခန်းကို အခြေပစ္စည်းအနေနဲ့ လွှဲပြောင်းခွင့်တွေရသွားမယ်။ တိုက်ခန်းကို ကြံ့ခိုင်ထိန်းသိမ်းမှုနဲ့ စီမံခန့်ခွဲတာကို ခွဲခြားဆောင်ရွက်လို့ရတယ်။ သဘာဝဘေးဒဏ်ခံနိုင်တဲ့ မြို့ပြသစ်တည်ဆောက်ဖို့ကိုလည်း စီမံခန့်ခွဲလို့ရနိုင်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီအဖွဲ့ဝင်၊ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

    ငလျင်လှုပ်ခတ်သည့်အချိန် ပြုမူဆောင်ရွက်သင့်သည်များ

    အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ပြီးနောက် အထပ်မြင့်တိုက်များ၊ တိုက်များ၊ လူနေအိမ်များ ပြိုကျမှုသည် တိုက်အလုံးလိုက်ပြိုကျမှုထက် အစိတ်အပိုင်းများ ပြုတ်ကျမှုကြောင့် ထိခိုက်မှုပိုမိုများပြားသည်။

    ငလျင်လှုပ်လျှင် လုပ်ဆောင်ရမည့် အချက်များနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့်အချက်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လက်ကမ်းစာစောင်တွင် ငလျင်မလှုပ်ခတ်မီအချိန်တွင် လေးလံသောပစ္စည်းများကို အမြင့်တွင် ထားရှိခြင်းများ၊ မှန်ပြတင်းတံခါးများအနီးတွင် အိပ်စက်ခြင်းများ မပြုလုပ်သင့်ကြောင်း၊ အိမ်တွင် ဟောင်းနွမ်းနေသည့် အပိုင်းအစများကို ပြင်ဆင်ခြင်း၊ လျှပ်စစ်မီးအိမ်၊ ဖယောင်းတိုင်၊ ရှေးဦးပြုစုခြင်း ဆေးသေတ္တာနှင့် အခြားအရေးပေါ်ပစ္စည်းများ အသင့်ဆောင်ထားရန်၊ ငလျင်အန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အခြားဘေးဒုက္ခဆိုင်ရာ ပညာပေး၊ ပြန်ကြားမှု အစီအစဉ်များကို စာသင်ကျောင်းတွင် ဆောင်ရွက်ရန် ဖော်ပြထားသည်။

    ငလျင်လှုပ်နေသည့်အချိန်တွင် ကြောက်လန့်တကြား မဖြစ်ရန်၊ အဆောက်အအုံတစ်ခု သို့မဟုတ် အိမ်တွင်း၍ ရှိနေပါက အပြင်သို့မထွက်ဘဲ ပုန်းခို၍ရသည့် နေရာ၌နေခြင်း၊ အကယ်၍ အဆောက်အအုံ ပြင်ပ၌ ရှိနေပါက ဓာတ်တိုင်၊ ဓာတ်ကြိုးများလဲကျခြင်း၊ သစ်ပင်များ၊ အုတ်နံရံများ၊ ပြိုလဲကျမည်နေရာတွင် လွတ်ကင်းအောင်နေရန်၊ ငလျင်လှုပ်ချိန်တွင် ရေအိုင်၊ ပင်လယ်၊ သမုဒ္ဒရာအနီးသို့ရောက်ရှိနေပါက ကုန်းမြင့်ရှိရာသို့ ချက်ချင်းပြေးတက်၍ ဆူနာမီရေလှိုင်းများက ပင်လယ်အတွင်းသို့ ဆွဲချခြင်းမခံရအောင် ရှောင်တိမ်းပါ။ အထပ်မြင့်အဆောက် အအုံများအတွင်း လူအများပိတ်မိနေပါက စုပြုံတိုးထွက်ခြင်းမပြုရန်၊ ပြတင်းပေါက်၊ ဝရန်တာများအနီးတွင် မနေရန်နှင့် ခုန်ချမှုမပြုရန်၊ ပြုတ်ကျလာသော အကျိုးအပဲ့ အပိုင်းအစများမထိအောင် ကာကွယ်ရန် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

    ငလျင်အန္တရာယ်သည် မည်သည့်အချိန်၊ မည်သည့်နေရာကို ဗဟိုပြုပြီးလှုပ်ခတ်မည်ကို ကြိုတင်ခန့်မှန်း၍မရနိုင်သည့် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည်။ လူဦးရေထူထပ်ပြီး အထပ်မြင့် အဆောက်အအုံများပြားသည့် ရန်ကုန်အနေဖြင့်လည်း ငလျင်အန္တရာယ်ကို အချိန်မရွေးခံစားရနိုင်သည်။

    ထို့ကြောင့် အချိန်မရွေး ကြုံ တွေ့လာရနိုင်သည့် ငလျင်အန္တရာယ်နှင့်ပတ်သက်ပြီး လူထုအနေဖြင့် အမြဲသတိရှိကာ ကြိုတင်ပြင်ဆင်သင့်ပေသည်။

  • ရန်ကုန်က ငလျင်ဒဏ် ခံနိုင်ရဲ့လား

    ရန်ကုန်က ငလျင်ဒဏ် ခံနိုင်ရဲ့လား

    အရည်အသွေး မပြည့်ဝသည့် အဆောက်အအုံများ ရှိနေသည့် ရန်ကုန်၌ ငလျင်ကြီးတစ်ခု လှုပ်ခတ်လာပါက ထိခိုက်သေဆုံးမှု များပြားမည့်အရေးကို ပညာရှင်များက စိုးရိမ်လျက်ရှိသည်

    ရန်ကုန်မြို့မှာ နေထိုင်ဖို့ တိုက်ခန်း ရွေးချယ်ကြသူတွေအတွက် ထည့်သွင်း စဉ်းစားစရာအချက်တွေက အတော်များလှသည်။

    ရေအလွယ်တကူရနိုင်လား။ သွားရေလာရေးလွယ်ကူရဲ့လား။ အမြဲတမ်းဆူညံနေတတ်တဲ့ အလှူခံဌာနတွေနဲ့ ဝေးရဲ့လား။ လုံခြုံရေးအရ စိတ်ချရရဲ့လား စသည်ဖြင့် များပြားလှသည်။

    သို့သော် ရန်ကုန်တွင်နေရန် ရည်ရွယ်သူတို့အတွက် အရေးကြီးသော်လည်း ဘယ်တော့မှ ထည့်သွင်း စဉ်းစားလေ့မရှိသည့် အချက်တစ်ခုလည်း ရှိနေသည်။

    ကိုယ်နေထိုင်သည့်တိုက်ခန်းက ငလျင်ဒဏ် ခံနိုင်ပါရဲ့လားဟူသည့်အချက် ဖြစ်သည်။

    ရန်ကုန်သည် မြန်မာနိုင်ငံတွင် မြေငလျင်အန္တရာယ်ရှိသည့် ရာနှင့်ချီသော မြို့များအနက်မှ တစ်မြို့ဖြစ်သည်။ နှစ်ပေါင်းအတော်ကြာ ငြိမ်သက်နေခဲ့သည့် ငလျင်ကြောင့် ရန်ကုန်မြို့တွင် ငလျင်လှုပ်မည်ကို ပညာရှင်များက စိုးရိမ်တကြီး စောင့်ကြည့်နေဆဲဖြစ်သည်။

    ဒီလိုဆိုရင် သင်နေထိုင်ရာ အဆောက်အအုံကရော ငလျင်ဒဏ် ခံနိုင်မှုရှိနိုင်ပါ့မလား။

    ငလျင်က လူများကို ထိခိုက်အောင် တိုက်ရိုက်လုပ်နိုင်စွမ်း နည်းပါးလွန်းလှသည်။ ငလျင်လှုပ်ပါက ငလျင်က လူတွေကို သတ်သည်ထက် လူတွေဆောက်သည့် အဆောက်အအုံတွေက လူတွေကို သတ်သည်က ပိုများ နေသည်။

    ရန်ကုန်ရှိ အဆောက်အအုံတစ်ချို့က ထိုအချက်နှင့် ကိုက်ညီနေသည်။ အဘယ်ကြောင့်ဆိုသော် ငလျင်လှုပ်နိုင်သည့်ရပ်ဝန်းတွင် ဆောက်လုပ်ထားသည့် စံချိန်မမှီသည့် အဆောက်အအုံများ ဖြစ်သောကြောင့် ဖြစ်သည်။

    ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ၏ အဆိုအရ ၁၉၉၀ ဝန်းကျင်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ဆောက်လုပ်ထားသည့် ရန်ကုန်မြို့မှ အဆောက်အအုံအများစုသည် အဆိုပါအနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

    ၁၉၉၀ ပြည်နှစ်ဝန်းကျင်က စတင်ပြီး ရန်ကုန်တွင် ကန်ထရိုက်တိုက်ဟု လူသိများသည့် အထပ်မြင့် လူနေတိုက်ခန်း အဆောက်အအုံများ တည်ဆောက်မှု တဟုန်ထိုးဖွံ့ဖြိုးခဲ့သည်။

    မြို့လည်ရပ်ကွက်များမှ အထပ်နိမ့် လုံးချင်း လူနေအိမ်များကို ဖြိုဖျက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီများက စရိတ်ကျခံ တည်ဆောက်ကာ အထပ်မြင့်တိုက်များ တည်ဆောက်သည့်စနစ်ဖြစ်သည်။ အကျိုးအမြတ်ကို မြေရှင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ကအချိုးကျ ခွဲဝေယူကြရသည်။

    သို့သော် ရန်ကုန်အတွက် ကံမကောင်းသည်က နေ့ချင်းညချင်း ဖွံ့ဖြိုးလာသည့် ဆောက်လုပ်ရေး ဈေးကွက်အတွက် လိုအပ်သည့် ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများ လွယ်လွယ်ကူကူ မရရှိခဲ့ခြင်းဖြစ်သည်။

    ထိုအချိန်က စီးပွားရေးပိတ်ဆို့မှုနှင့် အစိုးရက အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ကို တင်းကျပ်ထားသည့် မူဝါဒများကြောင့် အရည်အသွေးမှီသည့် ဆောက်လုပ်ရေးပစ္စည်းများ ရရှိရန် ခဲယဉ်းခဲ့သည်။

    ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများက ထိုအကျပ်အတည်းအတွက် အကောင်းဆုံးဥပမာ ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းတွင် သုံးဆွဲရန် အရည်အသွေးပြည့်မှီသည့် သံချောင်းမရရှိသူများက သင်္ဘောပျက်များ၊ ရထားသံလမ်းများ၊ သံထည်ပစ္စည်းအပိုင်းအစများကို ပြည်လည်ကြိတ်ခွဲကာ တစ်ဖန် ပြန်လည်သွန်းလောင်းထားသည့် အရည်အသွေး မပြည့်မှီသည့် သံချောင်းများကိုသာ သုံးဆွဲခဲ့ကြရသည်။

    မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် အဆိုပါအရည်အသွေးမမှီသည့် သံချောင်းများသည် လွန်ခဲ့သော ၁၅ နှစ်ခန့်အထိ လူသုံးများခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများကဆိုသည်။

    “အဲ့အချိန်တုန်းက တိုက်ဖြစ်ရင်ပြီးရော ဆောက်ကြတာပဲ။ ဘယ်သူမှ ဘာမှလာမပြောဘူး။ အဲဒီအချိန်တုန်းက ဆောက်ခဲ့တဲ့ တိုက်တွေရဲ့ အရေးပေါ်လှေကားတွေကိုကြည့်ရင် သိသာတယ်” ဟု သော်တာအလင်း ဆောက်လုပ်ရေးလုပ်ငန်းမှ အကြံပေးဦးတင်အောင်ကပြောသည်။ သူက ပေါင် ၂၀ ကျော်သာရှိသည့် အလေးချိန်ပင် ခံနိုင်ရည်မရှိသည့် ရန်ကုန်ရှိ အဆောက်အအုံအချို့၏ အရေးပေါ် လှေကားများကို ညွှန်းဆိုခြင်းဖြစ်သည်။

    ၂၀၁၀ ပြည့်နှစ်ရောက်ချိန်မှ ရန်ကုန်မြို တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ရေးလုပ်ငန်းများကို သုံးထပ်နှင့်အထက် ဆောက်လုပ်ပါက ငလျင်ဒဏ်ခံနိုင်ရည်ကို အလေးထားစဉ်းစားရန် ညွှန်ကြားခဲ့သည်။

    ငလျင်နှင့် ပတ်သတ်ပြီး ရန်ကုန်တွင် ထည့်သွင်းမစဉ်းစားကြသည်က ရန်ကုန်သည် ငလျင်နှင့် အလွန်စိမ်းနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ရန်ကုန်နှင့်ငလျင် မဆုံသည်မှာ ကြာလှပြီဖြစ်သည်။

    “ရန်ကုန်မပြောနဲ့ ပဲခူးလိုနေရာမျိုးတောင် လူတွေက ငလျင်လှုပ်တတ်လားမေးရင်တောင် မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပြီ။ ငလျင်လှုပ်ရင် ဘယ်လိုနေမလဲဆိုတာကတော့ ပိုဝေးတယ်”ဟု ပြီးခဲ့သည့်နှစ်က ၎င်းတို့ ပြုလုပ်ခဲ့သည့် သုတေသနအပေါ် အခြေခံပြီး မြန်မာနိုင်ငံ မြေငလျင် ကော်မတီ (Myanmar Earthquake Committee) မှ အတွင်းရေးမှူး ဦးစောထွေးဇော်ကပြောသည်။

    ကိုးရာစုနှောင်းပိုင်းက စတင်ခဲ့သည့်မှတ်တမ်းများအရ သမိုင်းတလျှောက်တွင် ပဲခူးသည် ပြင်းထန်သော မြေငလျင် ၁၂ ကြိမ်ထက်မနည်း ခံစားခဲ့ရသောဒေသဖြစ်သည်။

    သမိုင်းတလျှောက်တွင် ငလျင်နှင့်ပတ်သက်ပြီး ရန်ကုန်အတွက် အဆိုးရွားဆုံး အတွေ့အကြုံက လွန်ခဲ့သော ၈၆ နှစ်က လှုပ်ခတ်ခဲ့သည့် ၁၉၃၀ ပဲခူးငလျင်ဖြစ်သည်။

    ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၃ ရှိသည့် အဆိုပါငလျှင်ကြောင့် ပဲခူးတွင် လူ ၅၀၀ ခန့် သေဆုံးပြီး ရန်ကုန်တွင် လူ ၅၀ ခန့် သေဆုံးခဲ့ရသည်။

    ထိုငလျင်သည် ရန်ကုန်ကို ဦးတည်လှုပ်ခတ်ခဲ့ခြင်းမဟုတ်ပဲ ရန်ကုန်မှ မိုင် ၅၀ ခန့် ကွာဝေးသည့် ပဲခူးတိုင်းဒေသကြီး၊ ခရမ်းမြို့အနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်သဖြင့် ငလျင်၏ အပြင်းထန်ဆုံး ဗဟိုချက်မကို ရန်ကုန်က မခံစားခဲ့ရပေ။ ထိုငလျင်နောက်ပိုင်းတွင် ပြင်းအားအနည်းငယ်သာရှိသော ငလျင်များမှအပ ရန်ကုန်တွင် ပြောပလောက်သည့်ငလျင်ဒဏ်ကို မခံစားကြရတော့ပေ။

    သို့သော်လည်း ရန်ကုန်သည် ငလျင်နှင့်ပတ်သတ်ပြီး သတိထားရမည့်မြို့ဖြစ်သည်ဟု ပညာရှင်များက သတိပေး နှိုးဆော်လျှက်ရှိသည်။

    မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်နိုင်ခြေနှင့် ခံစားရနိုင်ခြေတို့အတွက် ပညာရှင်များက လေ့လာတွက်ချက် ထားမှုများရှိသည်။ အဆိုပါအခြေအနေများမှာ အပျက်အဆီးအများဆုံး အဆင့်ဖြစ်သော ငလျင်ဇုန် ၅ (Seismic Zone 5) အဖြစ် ဖျက်စီးမှုများဇုန် (Destructive Zone)၊ ဇုန် ၄ (Seismic Zone 4) အဖြစ် ပြင်းထန်ဇုန် (Severe Zone)၊ ဇုန် ၃ (Seismic Zone 3) အဖြစ် အားပြင်းဇုန် (Strong Zone)၊ ဇုန် ၂ (Seismic Zone 2)အဖြစ် အားလတ်ဇုန် (Moderate Zone) နှင့် ဇုန် ၁ (Seismic Zone 1) ကို အားနည်းဇုန် (Low Zone) များဟု အဆင့်အဆင့် သတ်မှတ်ထားသည်။

    ရန်ကုန်၏ တည်နေရာသည် အားပြင်းဇုန်နှင့် အားလတ်ဇုန်တို့အကြား တည်ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ငလျင်ပညာရှင်များက တွက်ချက်ထားသည်။

    စတင်တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့ဟောင်းသည် အားလတ်ဇုန်ပေါ်တွင် တည်ရှိပြီး တိုးချဲ့ထားသော အရှေ့ဘက်ရှိမြို့သစ်များသည် အားပြင်းဇုန်ပေါ်တွင် ရောက်ရှိနေကြောင်း ပညာရှင်များက ပြောကြားကြသည်။

    တစ်ချိန်တည်းတွင် ရန်ကုန်မြို့၏ လူဦးရေသည် တစ်နေ့တခြား များပြားလာပြီး အဆောက်အအုံများလည်း တိုးပွားလာခဲ့သည်။

    လူ ၅၀ သေဆုံးခဲ့သည့် ပဲခူးငလျင်လှုပ်ခတ်ခဲ့သော ၁၉၃၀ ပြည့်နှစ်က ရန်ကုန်တွင် လူဦးရေ သိန်းဂဏန်းသာရှိခဲ့ပြီး အထပ်မြင့်အဆောက်အအုံများလည်း ပြောပလောက်အောင်မရှိခဲ့ပေ။

    သို့သော်လည်း ယခုအချိန်တွင် ရန်ကုန်၌ လူဦးရေ ခုနစ်သန်းကျော် နေထိုင်နေပြီဖြစ်သည်။ ငလျင်လှုပ်ခတ်ပါက လူများကိုထိခိုက်နိုင်သည့် အုတ်၊ အင်္ဂတေစသည့်ပစ္စည်းများကို အခြေခံအသုံးပြုပြီး ဆောက်လုပ်ထားသည့် အဆောက်အအုံများသည် ရန်ကုန်တွင် တစ်ဟုန်ထိုး တိုးပွားလာခဲ့သည်။

    ၂၀၁၄ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် သန်းကောင်စာရင်းအရ ရန်ကုန်တွင် အုတ်၊ အင်္ဂတေစသည့်ပစ္စည်းများကို အခြေခံဆောက်လုပ်ထားသည့် အဆောက်အအုံ ငါးသိန်းကျော်ရှိနေပြီး အဆိုပါပမာဏသည် တစ်နိုင်ငံလုံးရှိ ထိုကဲ့သို့ အဆောက်အအုံ အရေအတွက်၏ လေးပုံတစ်ပုံဖြစ်သည်။

    “မြို့တွေမှာ လူတွေ ပိုစုလာတယ်။ တည်ဆောက်တဲ့နည်းပညာ ပြောင်းလာတယ်။ အုတ်တို့ ကွန်ကရစ်တို့ သုံးလာတယ်။ အဲဒီတော့ ထိခိုက်လာခြေ ပိုများလာတယ်” ဟု မြေငလျင်ကော်မတီ၏ အတွင်းရေးမှူး ဦးစောထွေးဇော်ကပြောသည်။

    မြန်မာနိုင်ငံ၏ အလည်ဗဟိုချက်ဖြစ်သော မြောက်မှတောင်သို့ ရေးဆွဲထားသည့် မျဉ်းတကြောင်းလို တည်ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ဆက်စပ်နေသည့် ရန်ကုန်အတွက် ပညာရှင်များက စိုးရိမ်တကြီး လေ့လာလျှက်ရှိသည်။ ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုက နှစ်ခုဖြစ်သည်။ တစ်ခုကငလျင်လှုပ်နိုင်သည့်အကြောင်းကို လုံးဝထည့်သွင်းစဉ်း စားထားခြင်း မရှိခြင်းနှင့် အခြားတစ်ချက်မှာ ငလျင်အပေါ် အလွန်အမင်းစိုးရိမ်ခြင်းတို့ ဖြစ်သည်။

    ရန်ကုန်မြို့ခံအချို့သည် ငလျင်ကို လုံးဝမေ့ပျောက်နေခဲ့ပြီး ငလျင်ဆိုင်ရာ ဗဟုသုတအားနည်းနေခြင်းအတွက် ပညာရှင်များက စိုးရိမ်လျှက်ရှိသည်။

    ငလျင်နှင့်ပတ်သတ်ပြီး ပညာပေးမှုအားနည်းခဲ့သည့်အကျိုးဆက်အဖြစ် ပြီးခဲ့သည့်လပိုင်းများက လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် ငလျင်လှုပ်မည်ဟု လှုံ့ဆော်ရေးသားချက်များကြောင့် ရန်ကုန်မြို့ခံ အချို့အကြောက်လွန်ကာ သူတို့၏ အိမ်ရှေ့တွင် ဖယောင်းတိုင်များထွန်းကာ မြေစောင့်နတ်ကို ရှိခိုးတောင်းပန်ခဲ့ကြသည့် ဖြစ်ရပ်များလည်း ဖြစ်ပေါ်ခဲ့သည်။

    ထိုသို့ ရန်ကုန်အတွက် စိုးရိမ်တကြီး စောင့်ကြည့်နေကြချိန်တွင် ပြီးခဲ့သည့်နှစ်က နီပေါတွင် မြေငလျင်အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။ ငလျင်ကြောင့် လူ ၉,၀၀၀ ခန့် သေဆုံးပြီး သန်းနှင့်ချီကာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုသို့ နီပေါတွင် လှုပ်ခတ်ခဲ့သည့် ငလျင်က ရန်ကုန်အတွက် စိုးရိမ်ပူပန်နေကြမှုများ ရှိသင့်သည်ကို ထပ်မံ မီးမောင်းထိုးပြလိုက်သည်။

    မြေငလျင်ကြောပေါ် တည်ရှိနေသော်လည်း စံချိန်မမှီသည့် အဆောက်အဦးများ၊ ငလျင်ပညာပေးလုပ်ငန်းများ မရှိခြင်းက မည်မျှအန္တရာယ်ကြီးကြောင်း နီပေါငလျင်က သက်သေပြခဲ့သည်။

    “ခတ္တမန္ဒူနဲ့ ရန်ကုန်နဲ့က ပုံစံခြင်းဆင်တယ်။ ခတ္တမန္ဒူကတော့ ပိုပြင်းထန်နိုင်တာပေါ့”ဟု ဦးစောထွေးဇော်က ပြောသည်။

    “ရန်ကုန်အတွက်တော့နီပေါကသင်ခန်းစာပဲ”ဟု ၎င်းကပြောသည်။

    ✍ထွန်းခိုင် ရေးသားသည်။