Author: Baby Yit Lone

  • မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို  နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်

    မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်

    အကြမ်းဖက် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်

    ဒေါ်လာအဝင်နည်းပါး၍ ပြည်ပသွင်းကုန်များအားလုံးနီးပါး တင်သွင်းခွင့် ပိတ်ပင်ထား

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မ တီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်သည်။

    ယခင်က နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ အဖြစ် မြထွန်းဦးကို ခန့်အပ်ခဲ့သော်လည်း ဇူလိုင် လ ၃၁ ရက်နေ့ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် မြထွန်းဦး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီကိုပါ ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၆ ရက်နေ့တွင် ညိုစောကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ပြီး ဝန်ကြီးအဆင့် ၆ ဦးပါဝင်သော နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

    ယင်းနိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသော ညိုစောက ဥက္ကဋ္ဌ ၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဝါဝါမောင်၊ စီးပွား/ကူးသန်းဝန်ကြီး ချစ်ဆွေ၊ စာရင်းစစ်ချုပ် ခင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ကံဇော်တို့ ပါဝင်သည်။

    နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များအနေဖြင့် ၆ ခုသတ်မှတ်ပေးထားပြီး အဓိက အားဖြင့် နိုင်ငံခြားသုံးငွေကို စိစစ်တင်းကျပ်ရန် ဖြစ်ကြောင်း၊ အဓိက လိုအပ်သော စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ပြည်တွင်းတွင် ဝယ်ယူရရှိခြင်းမရှိသော တည်ဆောက်ရေးသုံးပစ္စည်းများ ရာတွင် လိုအပ်သော နိုင်ငံခြားငွေများ စိစစ်ခွင့်ပြုရေးဖြစ်ကြောင်း သိရှိရသည်။

    လတ်တလော စစ်တပ်က အမေရိကန်ဒေါ်လာ ဝင်ငွေ ရရှိမှု အလွန်နည်းပါးနေသဖြင့် ဒေါ်လာ အသုံးပြုများကို အလွန် စိစစ်ပိတ်ပင်လျက်ရှိရာတွင် ပြည်ပမှ လူသုံးကုန်၊ ဆေးဝါး များအပါအဝင် သွင်းကုန်များအားလုံးနီးပါးကို တင်းကျပ် ပိတ်ပင်လျက်ရှိကြောင်း UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

    “လူသုံးကုန်နဲ့ ဆေးဝါးကတော့ တင်သွင်းခွင့် ပိတ်ထားသလောက်ကို ဖြစ်နေတာ။ အဓိက ဒေါ်လာ အဝင်နည်းတော့ ဒေါ်လာ အသုံးများမယ့်ဟာတွေကို လိုက်ပိတ်နေတဲ့သဘောပါ။ လူသုံးကုန်ကတော့ ပြည်တွင်းထုတ် အစားထိုးလို့ရနိုင်ပေမယ့် ဆေးဝါးလိုဟာမျိုးကတော့ အစားထိုးရဖို့ခက်တယ်။ အခု ပြည်တွင်းမှာ ဆေးဝါးတွေ အတော်ကို ရှားပါးလာတယ်။ ဆီးချိုဆေး မက်ဖော်မင်တောင် စျေးက တရှိန်ထိုးတက်သွားတယ်။ ပြီးတော့ ကွာလတီကောင်းတဲ့ ဆေးအကောင်းတွေလည်း သိပ်မရတော့ဘူး” ဟု အဆိုပါ UMFCCI မှ လုပ်ငန်းရှင်က ပြောဆိုသည်။

    ထို့ပြင် စစ်တပ်က ယခုအခါ ပြည်ပနိုင်ငံများမှ တင်သွင်းသော လေကြောင်းကုန်စည်သယ်ယူပို့ဆောင်ရေး၊ နယ်စပ်ကုန်သွယ်ရေးများကိုပါ ပိတ်ပင်ထားပြီး ပြည်တွင်းသို့ သွင်းကုန်ဝင်ရောက်နိုင်သည့် လမ်းများအားလုံးကို ပိတ်ဆို့ထားကြောင်း သိရှိရသည်။

  • ဂုတ်ထိပ်မှာ တရေးနိုးတဲ့ ကာလနဂါးများ

    ဂုတ်ထိပ်မှာ တရေးနိုးတဲ့ ကာလနဂါးများ

    ၅ နှစ်နီးပါးကြာ အိပ်ပျော်နေတဲ့ ကာလနဂါးတွေဟာတစ်ခုသောတနင်္ဂနွေမနက်နေမြင့်ချိန်မှာ ရုတ်တရက်တရေးနိုးလာပါတယ်။

    အရပ်သားပြည်သူအသက်‌တွေ သေကြေ၊ အိမ်ယာတွေဖျက်ဆီးခံရတဲ့သတင်းတွေ မနက်မိုးလင်းကနေ ညသန်းခေါင်သန်းလွဲအထိ နေ့စဉ်ဆူညံပွက်လောရိုက်နေတာတောင်မနိုးတဲ့ မြန်မာပြည်က ကာလနဂါးတသိုက်ဟာ စစ်ကောင်စီတပ်ဝါဒဖြန့်ချိရေးသမားတစ်ယောက် လူမှုကွန်ရက်ပေါ်မှာရေးလိုက်တဲ့စာတစ်ကြောင်းကြောင့်ဩဂုတ်လ၂၄ ရက် တနင်္ဂနွေ‌နေ့မနက်၉နာရီခန့်မှာတရေးနိုးလာတာပါ။

    အလိမ်အညာတွေတစိုက်မတ်မတ်ရေးနေတဲ့ စစ်ကောင်စီ ဝါဒဖြန့်ချီရေးသမားတစ်ယောက်က “နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိပြီးဖြစ်သောကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကြီးအား ပလောင်သောင်းကျန်းသူများချိုးဖျက်စီးသွားခဲ့ပါပြီ” လို့ တနင်္ဂနွေ မနက်ခင်းမှာ လူမှုကွန်ရက်ပေါ် ရေးတင်လိုက်ပါတယ်။

    အဲဒီလိုရေးတင်ပြီးမိနစ်ပိုင်းအကြာမှာပဲကာလနဂါးတွေ အုံနဲ့ကျင်းနဲ့နိုးထလာပါတော့တယ်။အိတ်မှုန်စုန်မွှားနဲ့ကာလနဂါးတွေက ဘာမှ‌သေချာမသိ‌ဘဲ ” မြန်မာတွေရဲ့နှလုံးသားကို ရိုက်ချိုးလိုက်တဲ့ TNLAတော့ မဟာအမှားကြီးလုပ်မိပြီ” လို့ ဆိုသူကဆို “ပြတ်ပြတ်သားသား တုံ့ပြန်ပေးပါအဘ”လို့ ပြောသူကပြောနဲ့တနင်္ဂနွေနေ့ဟာတော်တော်လေး ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။ အများစုက​တော့စစ်တပ်​ထောက်ခံသူနဲ့ စစ်တပ်ဝါဒဖြန့် အ​ကောင့်​တွေဖြစ်ပါတယ် ။ဒါ​ပေမယ့် သာမန်ပြည်သူ​တချို့လည်းပါဝင်ပါတယ် ။

    ကာလနဂါးဆိုတာ ဒဏ္ဏာနာရီလာနဂါးဖြစ်ပါတယ်။ကာဠနဂါးလို့လည်း ဆိုကြပါတယ်။ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်နိုးတဲ့အထိ အအိပ်ကြီးတဲ့နဂါးအဖြစ် အိပ်ရာဝင်ပုံပြင်အဖြစ်ရောဘာသာရေးယုံကြည်မှုအရပါ ပုံတိုပတ်စ ပြောကြပါတယ်။

    တစ်ခုခုကို မသိချင်ယောင်ဆောင်သူ၊ အိပ်ချင်ယောင်ဆောင်သူကို ကာလနဂါးအဖြစ် အရွဲ့တိုက်ပြောဆိုသုံးနှုန်းကြပါတယ်။

    ဒီဘက်ခေတ်မှာတော့ စစ်ကောင်စီကျူးလွန်တဲ့ရာဇဝတ်မှုတွေကို မသိချင်ယောင်ဆောင်ဖုံးကွယ်ထားပြီး ပကတိအရှိတရားကို မမြင်ချင်အောင်ဆောင်နေတဲ့ ဝါဒဖြန့်ချိရေးသမားတွေနဲ့ သူတို့ နောက်လိုက်တွေဟာ ခေတ်သစ်ကာလနဂါးတွေလို့ကျွန်​တော်ကသတ်မှတ်ပါတယ်။

    စစ်ကောင်စီဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့ကစပြီး အာဏာသိမ်းပြီးနောက်ပိုင်း ၅နှစ်နီးပါးကြာလာတဲ့အထိ အရပ်သားပြည်သူ၇,၁၀၀ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။အဲဒီထဲမှာက​လေးငယ် ၉၀၀ခန့် ​၊အမျိုးသမီး ၁,၈၀၀ ​ခန့်ပါဝင်ပါတယ်။ဒါအပြင် စစ်တပ်ကပြည်သူ၃၀,၀၀၀နီးပါးကိုဖမ်းဆီးခဲ့ပြီး ၁၇၀ ကျော်ကို သေဒဏ်ချမှတ်ထားပါတယ်။ ဒီစာရင်းက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)ရဲ့ သြဂုတ်လနှောင်းပိုင်းနောက်ဆုံးထုတ်ပြန်ထားတဲ့စစ်တမ်းဖြစ်ပါတယ်။

    ဒါအပြင် မြန်မာဘုရင်တွေရဲ့ အထင်ကရနန်းတော်ဖြစ်တဲ့ မန္တလေးနန်းတွင်းမှာ စစ်ဌာနချုပ်တည်ထားပါတယ်။

    မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်၊ ဟန်လင်း၊ ပုဂံညောင်ဦး နဲ့ မင်းကွန်းဒေသက ရှေးဟောင်းယဥ်ကျေးမှုအဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

    တောင်ပေါ်နဲ့မြေပြန့်ဒေသမကျန် နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံတွေ၊ အထွတ်အမြတ်ထားရာ ဘာသာ​ရေးအ​ဆောက်အအုံ​တွေကိုလည်း ဖျက်ဆီးထားပါတယ်။

    နိုင်ငံတစ်ဝန်းစစ်​ကောင်စီလက်နက်ကိုင် ရာဇဝတ်သား​တွေက ပြည်သူ့​နေအိမ်​ပေါင်း တစ်သိန်း​ကျော်မီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ဒါအပြင် က​လေးငယ်​တွေ ၊သံဃာ​တော်​တွေ ၊​ကျောင်းသား​တွေ ၊​ဆေးရုံလို ၊ဘုန်းကြီး​ကျောင်းလို​နေရာ​တွေပါမ​ရှောင် စစ်တပ်က ဗုံးကြဲပြီး အစုလိုက်အပြုံလိုက်မကြာခဏသတ်ဖြတ်​နေပါတယ် ။

    ဒီလိုကြီးမားတဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်တာကို မမြင်ချင်အောင်ဆောင်ပြီးအိပ်ပျော်နေတဲ့ကာလနဂါးတွေဟာ ဂုတ်ထိပ်တံတားကို TNLAက မိုင်းခွဲဖျက်ဆီးတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းကို ကြားကြားချင်းပဲ အုံလိုက်ကျင်းလိုက်နိုးလာကြတာပါ။

    TNLA ​ပြော​ရေးဆိုခွင့်ရှိ​လွေး​ယေဦးက ဂုတ်ထိပ်တံတားကို TNLA ကဖျက်ဆီးတာမဟုတ်ပဲ စစ်တပ်ကပဲဖျက်ဆီးတာလို့​ပြော​ပေမယ့်စစ်တပ်ဝါဒဖြန့်သူ​တွေက​တော့​လေသံမ​ပြောင်းပါဘူး။

    အာဏာရှင်ကြိုးဆွဲရာကနေသူတွေ နေရာယူထားတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)အပါအဝင် ဘာသာရေးအဖွဲ့အစည်းတွေ၊စစ်တပ်ဆွေမျိုးတွေ ကြီးစိုးထားတဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အပါအဝင် ဖျော်ဖြေရေးအဖွဲ့အစည်းတွေအပြင် စစ်ကောင်စီလက်အောက်ခံလူ့အခွင့်အရေးကော်မရှင်ကပါ ဂုတ်ထိပ်တံတားကိုအကြောင်းပြုပြီး အိပ်ယာနိုးလာခဲ့ကြပါတယ်။

    ထုံးစံအတိုင်း နှုတ်တိုက်ကျက်၊ အာဂုံဆောင်ထားတဲ့ ” ဂုတ်ထိပ်တံတားဖျက်ဆီးခံရခြင်းဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း” စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးစာမျက်နှာတွေကတဆင့် နေဝင်ချိန်ပြိုတဲ့ ကျီးငှက်များလို စူးစူးဝါးဝါး အော်ဟစ်ကြပါတော့တယ်။

    ကာလနဂါးတွေရဲ့ဒီလုပ်ရပ်ဟာ ဝါဒဖြန့်ချိမှုထက်ပိုတဲ့ ပစ်မှတ်တစ်ခုကိုဦးတည်နေပါတယ်။

    ၁၂၅ နှစ်သက်တမ်းရှိပြီဖြစ်ကိုလိုနီခေတ်လက်ကျန် ဂုတ်ထိပ်တံတားဟာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နဲ့ကျောက်မဲမြို့ကိုဆက်သွယ်ထားတဲ့ မန္တလေး
    -လားရှိုးရထားလမ်းပေါ်မှာရှိပါတယ်။

    ရှို‌မြောင်နဲ့တောင်ကြောကို ဖြတ်ဖောက်ထားတဲ့ မြန်မာနိုင်ငံမှာအမြင့်ဆုံး ဒီတံတားဟာ ကမ္ဘာသိဂုတ်ထိပ်တံတားအဖြစ် လူသိများပါတယ်။

    ဂုတ်ထိပ်တံတားရှိရာ နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ TNLA၊DPLAနဲ့ ပူးပေါင်းတပ်တွေ ၂၀၂၄မှာသိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ၂၀၂၅ ဇူလိုင်လထဲမှာတော့ စစ်ကောင်စီကပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။

    အဲဒီနောက် နောင်ချိုမြို့နယ်ထဲအပြင် ဂုတ်ထိပ်တံတားပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။

    နောင်ချိုရဲ့ ဟိုဘက်က ကျောက်မဲမြို့ကိုလည်း ဦးတည်ပြီးစစ်ပြင်နေပါတယ်။ ကျောက်မဲမြို့နယ်ထဲက အဓိကအချက်အချာကျတဲ့ နောင်ပိန်တိုက်နယ်ကိုအပြင်းအထန်တိုက်ခိုက်နေပါတယ်။

    အရပ်သားသေဆုံးမှုတွေလည်းများပြားနေပါတယ်။ ဒီအရပ်သားတွေဟာ TNLA တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်လော်ဘီတွေက သတင်းအမှားထုတ်နေပြီး ရှေ့ဆက်ပြီးစစ်ရေးဖော်ဆောင်ဖို့အတွက် လူထုကို လှည့်ဖျားဖို့နဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို မြှောက်ပင့်ပေးဖို့ ဂုတ်ထိပ်တံတားကို အသုံးချလိုက်တာဖြစ်ပါတယ်။

    စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းပါးတဲ့ ကာလနဂါးတွေဟာ ဂုတ်ထိပ်တံတားကို TNLAက ဖျက်ဆီးလိုက်ကြောင်း အထောက်အထားမရှိဘဲ ပြောတာကို စက္ကန့်ပိုင်းအတွင်းယုံကြည်သွားကြပါတယ်။

    “ဂုတ်ထိပ်တံတားကိုဖျက်ဆီးတဲ့TNLAဟာ သမိုင်းတရားခံဖြစ်သွားပြီ” လို့ ကာလနဂါးတသိုက်က အော်ဟစ်နေချိန်မှာပဲစစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂုတ်ထိပ်တံတား ဖောက်ခွဲဖျက်ဆီးခံရတဲ့အတွက် ပြင်းထန်တဲ့လက်တုံ့ပြန်မှုတွေလုပ်သွားမယ်လို့ အဲဒီနေ့မှာပဲ ဆိုပါတယ်။

    အဓိကက ဒါကို စစ်ကောင်စီကပုံဖော်ချင်တာဖြစ်ပါတယ်။

    “နောင်ချိုကနေကျော်ပြီး ကျောက်မဲနဲ့ရှမ်းမြောက်မှာ အရပ်သားပစ်မှတ်တွေကိုမရှောင် ဗုံးကြဲတိုက်ခိုက်ဖို့အတွက် TNLAကို ပုံဖျက်လိုက်တာပဲ။ အောက်တန်းကျကျ တိုက်ခိုက်မယ့်အကွက်”လို့ ရှမ်းမြောက်မှာ နေထိုင်သူတစ်ဦးကသုံးသပ်ပါတယ်။

    စစ်ကောင်စီဟာလူထုကိုလှည့်ဖျားဖို့နဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို မြှောက်ပင့်ပေးဖို့ ဂုတ်ထိပ်တံတားကို ဘာကြောင့်အသုံးချလိုက်တာလဲဆိုတာကို ရှမ်းပြည်နယ်မြောက်ပိုင်း နိုင်ငံရေးအခြေအနေကို တီးမိခေါက်မိဖို့လိုပါတယ်။

    ကာလနဂါးတွေ အစာမကြေတဲ့ သတင်းစကားအချို့ကို ဒီမှာ စာဖတ်ချိန် တစ်မိနစ်စွန်းစွန်းစာ အတိုချုန်း ပြောပေးပါမယ်။

    ခပ်သွက်သွက်ဖတ်ဖို့တော့ မေတ္တာရပ်ခံလိုပါတယ်။

    ၂၀၂၃ အောက်တိုဘာလ၂၇ရက်နေ့ကနေစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြောက်ပိုင်းမဟာမိတ်သုံးအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေကို ဆက်တိုက်သိမ်းယူခဲ့ပါတယ်။

    စစ်တပ်သမိုင်းမှာ အကြီးအကျယ်အရှက်ရစေခဲ့တဲ့ စစ်ဌာနချုပ် သိမ်းပိုက်ခံရမှုအဖြစ် ၁၀၂၇နဲ့အတူ MNDAAက လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းယူခဲ့ပါတယ်။

    စစ်ဗိုလ်ချုပ်တွေကိုလက်ပြန်ကြိုးတုတ်ဖမ်းဆီးပြခဲ့တယ်။

    စစ်ကောင်စီရဲ့တိုင်းအဆင့်ထိပ်တန်းအရာရှိတွေဟာ တော်လှန်ရေးရဲဘော်တွေ ရှေ့မှာ ဒူးထောက်လက်မြောက်ခဲ့ရပါတယ်။

    နေဝင်းနီလိုနာမည်ပြောင် ဟိတ်ကြီးဟန်ကြီးပေးထားခဲ့တဲ့ ရမခဟာ MNDAA ကြောင့်ပဲ ကြက်ဥကြော်ဖြစ်သွားပြီလို့ လှောင်ပြောင်ခံရတဲ့အထိ စစ်ကောင်စီအရှက်ရခဲ့ပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူဆယ်မြို့ကလွဲလို့ ကျန်မြို့နယ်အားလုံးကို မဟာမိတ်တွေက သိမ်းပိုက်ခဲ့ပါတယ်။

    တစ်နိုင်ငံလုံးရဲ့အဓိကနယ်စပ်ကုန်သွယ်ရေးဝင်ပေါက်ဖြစ်တဲ့ ရှမ်းမြောက်ကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီက နည်းမျိုးစုံကြိုးစားနေခဲ့ပါတယ်။

    စစ်ရေးအရမယှဥ်နိုင်တဲ့စစ်ကောင်စီဟာ တရုတ်အစိုးရကို ဒူး​ထောက်ပြီး ရှမ်းမြောက်ကမြို့တွေကို လက်ဝါးဖြန့်ပြီးပြန်တောင်းနေခဲ့ပါတယ်။

    တရုတ်အစိုးရရဲ့မျက်နှာသာပေးမှုနဲ့အတူ ပြီးခဲ့တဲ့ ဧပြီလမှာ လားရှိုး မြို့‌ ပေါ် ကွက်ကွက်ကလေးကိုပြန်ရသွားခဲ့ပါတယ်။

    မူဆယ်ကိုလည်းမြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး အဓိကကုန်သွယ်‌ရေးစခန်းနေရာတွေဖြစ်တဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ကျင်ဆန်းကျော့ဂိတ်၊ လားရှိုးနဲ့မူဆယ်ကြားက ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ သိန္နီမြို့၊ လားရှိုးနဲ့နောင်ချိုကြားက ကျောက်မဲ၊ သီပေါမြို့တွေကို ခြေချလို့မရတဲ့အပြင် ရှမ်းမြောက်ရဲ့နောက်ထပ် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ လားရှိုး – သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်- လောက်ကိုင်လမ်းကြောင်းကိုလည်း မျက်စတောင်ပစ်လို့မရခဲ့ပါဘူး။

    ရှမ်းမြောက် ကုန်သွယ်ရေးကနေ စားကွက်ပျောက်သွားတဲ့အတွက်မြို့တွေကိုပြန်ထိန်းချုပ်နိုင်ဖို့လိုအပ်တဲ့စစ်ကောင်စီဟာ တရုတ်အကူအညီနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လလယ်မှာ နောင်ချိုကို ပြန်သိမ်းယူခဲ့ပါတယ်။

    အဲ့‌ဒီနောက်ပိုင်း ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲမြို့နဲ့ ကျောက်မဲမြို့နယ်ထဲက နောင်ပိန်တိုက်နယ်၊ မိုင်းငေါ့မြို့နယ်ခွဲတွေကို ဗုံးကြဲခဲ့ပါတယ်။

    မြို့တချို့ကိုလည်း စစ်အုပ်ချုပ်​ရေး​ကြေညာခဲ့ပြီး လူသတ်လိုင်စင်ယူထားပါတယ်။

    စစ်ရာဇဝတ်မှုတွေကို ဆက်ပြီးကျူးလွန်ဖို့နဲ့ ဖုံးကွယ်ဖို့အတွက် ဂုတ်ထိပ်တံထားကို အသုံးချလိုက်တာဖြစ်တယ်လို့ နောင်ချိုစစ်မျက်နှာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

    ဒါက ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန် ဒီကနေ့အထိ နိုင်ငံရေးနဲ့စစ်ရေးအခြေအနေဖြစ်ပါတယ်။

    ကာလနဂါးတွေ မျက်စိမှိတ်ယုံခဲ့တဲ့ ဝါဒဖြန့်ချိရေးသမားရဲ့ အလွဲတချို့ကို ပြောပြပါမယ်။ ဂုတ်ထိပ်တံတားကို TNLA က မိုင်းခွဲဖျက်ဆီးသွားတယ်လို့ အရင်ဆုံးပြောပါတယ်။

    ပြောပြီး သိပ်မကြာခင်မှာပဲပျက်စီးနေတဲ့နေရာရဲ့မလှမ်းမကမ်းအထိ ရောက်နေကြောင်း ရုပ်သံနဲ့ဖော်ပြလာပါတယ်။

    အဲဒီရုပ်သံမှာဆိုရင် TNLA က ဝိုင်းပြီးလက်စားချေဖို့ တိုက်တွန်းနေပါတယ်။ အများစုက​တော့ စစ်တပ်​ထောက်ခံတဲ့သူ​တွေ နဲ့ စစ်တပ်ဝါဒဖြန့်ချီ​ရေးအ​ကောင့်​တွေပဲဖြစ်ပါတယ် ။

    နောက်ပြီး ရှေ့တန်းစစ်မျက်နှာပြင်ဆိုပြီး စစ်တပ်အမာခံဝါဒဖြန့်သူက ဝမ်းလျားမှောက်သွားပြပါတယ်။ သူတစ်ယောက်တည်းဝမ်းလျားမှောက်နေတာဖြစ်ပြီး ရိုက်ကူးတဲ့သူက မတ်တပ်ရပ်အနေအထားဖြစ်ပါတယ်။

    ရိုက်ကူးရေးလုပ်နေသူရဲ့ဖုန်းကိုသူ လက်လှမ်းယူတဲ့အနေအထားကသိသာပါတယ်။ဒါ့အပြင်သူတစ်ယောက်တည်းဝမ်းလျားမှောက်ပြီးသွားပြနေတာကို ၂ မိနစ် ၅၂ စက္ကန့်ကြာတဲ့ ရုပ်သံရဲ့ ၂ မိနစ်၂၈ စက္ကန့်ကို ကြည့်ရင် လိမ်ထားတာပေါ်လွင်ပါတယ်။

    သေနတ်ကိုင်ပြီးမတ်တပ်ရပ်လမ်းလျှောက်လာသူတစ်ဦး သူ့ဘေးမှာ ရှိနေတာပါ။ ဝမ်းလျားမှောက်ပြီးသွားနေပေမယ့် သူစီးထားတဲ့ဖိနပ်ခွာကအသစ်အတိုင်းမြင်ရပါတယ်။

    ဒါကယုတ္တိလုံးဝမရှိဘူးလို့ အမေရိကန်စစ်တပ်မာတာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံသားတဦးက ထောက်ပြသုံးသပ်ထားပါတယ်။

    “ဒီတံတားကြီးက မြန်မာနိုင်ငံသားတွေပိုင်တယ်။ ကမ္ဘာရှည်ဟောင်းအမွေအနှစ်ဖြစ်တယ်။ ပလောင်သောင်းကြမ်းသူတွေ ရက်စက်ယုတ်မာတယ် ” ဆိုတဲ့ သွေးထိုးလှုံ့ဆော်တာတွေသူက ပြောသွားပါတယ်။

    ဗိုလ်ချုပ်ဇော်မင်းထွန်းလိုပဲသူကလည်း “မကြာခင်မှာ အတိုးရောအရင်ရောပေါင်းပြီးလက်စားချေမယ်”လို့ကြိမ်းဝါးသွားပါတယ်။အဲဒီရုပ်သံအောက်
    မှာတော့ တရေးနိုးကာလနဂါးတွေတော်တော်များများ ရှိနေကြပါတယ်။

    ဂုတ်ထိပ်တံတားကိုအကြောင်းပြပြီး လူထုနဲ့တော်လှန်ရေးအင်အားစုတွေကြားကို သွေးခွဲဖို့ကြိုးစားခဲ့တဲ့စစ်ကောင်စီဟာ ဩဂုတ်လ၂၅ရက်ညမှာပဲ ရှေးဟောင်းယဉ်ကျေးမှုဇုန်ဖြစ်တဲ့ မြောက်ဦးမြို့ကို ဗုံးကြဲခဲ့ပါတယ်။

    မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို ဗုံးကြဲတာဖြစ်ပြီးကလေးငယ်တွေအပါအဝင် အရပ်သား၁၂ဦးသေဆုံး၊ ၂၀ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုဟာ သိပ်ကိုဆိုးရွားရက်စက်လွန်းတယ်လို့ ရခိုင်တိုင်းရင်းသားအရေးတက်ကြွလှုပ်ရှားသူ စာရေးဆရာ ဝေဟင်အောင်က ဓာတ်ပုံမှတ်တမ်းတွေနဲ့ဖော်ပြခဲ့ပါတယ်။

    ဒိုင်းကျီရပ်ကွက်ဟာ ‌မြောက်ဦးမြို့ကို အာရက္ခတပ်တော်(AA) မသိမ်းယူခင် ၂၀၂၂ ထဲမှာ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံကာကွယ်ရေးဆိုပြီး စစ်ကောင်စီအရာရှိတွေ အစည်းအဝေးပြုလုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်။

    ဒါပေမယ့် ဂုတ်ထိပ်တံတားအရေးမှာ တရေနိုးလာတဲ့ကာလနဂါးတွေဟာရှေ့းဟောင်းမြို့တော်မြောက်ဦးက လူအစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ခံရရမှုမှာတော့ တရေးပြန်အိပ်သွားဖွယ်ရှိပါတယ်။ သူတို့ဘာမှမပြောကြတော့ပါဘူး။ စစ်အာဏာရှင်ကလိုအပ်လာတဲ့ တစ်ချိန်ချိန်မှာတော့ပြန်နိုးကောင်နိုးလာနိုင်ပါတယ်။

    ✍ရွှေပြည်စိုး

    (ဂုတ်ထိပ်တံတားဖျက်ဆီးခံရ​ကြောင်း စစ်​ကောင်စီက ပထမဆုံးဖြန့်ချီခဲ့​သော ဓါတ်ပုံအချို့ထဲက ပုံ ၁ပုံ ။ဓါတ်ပုံ-စစ်​ကောင်စီ)

  • ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးရွာရေကြီးပြီး ရှမ်းပြည်တောင်ပိုင်း၌ လူသေဆုံးမှုရှိလာ

    ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးရွာရေကြီးပြီး ရှမ်းပြည်တောင်ပိုင်း၌ လူသေဆုံးမှုရှိလာ

    KAJIKI(ကာဂျီကီ)မုန်တိုင်း အားလျော့သွားသော်လည်း မိုးဆက်ကောင်းနေပြီး နေပြည်တော်၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့ရှိ မြို့နယ်အချို့၌ ရေကြီးနေကာ တောင်ကျရေကြောင့် လူနှစ်ဦး မျောပါသွားကာ တစ်ဦး၏ ရုပ်အလောင်းကို ရရှိထားကြောင်း သတင်းရရှိသည်။

    နေပြည်တော်တွင် တပ်ကုန်းမြို့နှင့် ဇေယျာသီရိမြို့နယ်မှ ရွာအချို့ ယနေ့ နံနက်ပိုင်းမှစ၍ ရေကြီးနေသည်။ တပ်ကုန်းမြို့၊ ညောင်ပင်သာကျေးရွာ၊ မကျီးပင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာများ၌ ရေကြီးနေပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း နေပြည်တော်မှ လူမှုရေးအသင်းတာဝန်ခံတစ်ဦးက‌ ပြောသည်။

    လူသေဆုံးမှုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းလောင်းမြို့သစ်၊ ဧဒင်ကျေးရွာ၌ ဖြစ်ခဲ့သည်။

    ယမန်နေ့ညနေပိုင်းတွင် တောင်ကျရေဆင်းလာပြီး လူနှစ်ဦးမျောပါသွားပြီး တစ်ဦး၏ ရုပ်အလောင်းသာ ပြန်လည်ရရှိသေးကြောင်း သိရသည်။

    “ရှမ်းရိုးမနဲ့ ဆက်တဲ့ရွာတွေမှာ တောင်ကျရေ ဘေးကြုံနေတယ်။ ဧဒင်ရွာက နှစ်ယောက်မှာ တစ်ယောက်ပဲ ရုပ်အလောင်းပြန်တွေ့သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း၌ အင်းလေး၊ ညောင်ရွှေဒေသတွင် ရေများနေပြီး အင်းလေးဒေသတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀၀ကျော် ပျက်စီးသွားသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့အချို့ထံမှသိရသည်။

    ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်းရေလျှံနေပြီး မြို့ပေါ်ရပ်ကွက်များ ရေဝင်နေသည်။

    တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်ခဲ့သည့် KAJIKI မုန်တိုင်းသည် တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ပြီးနောက် သြဂုတ်၂၆ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံကုန်းတွင်းကိုဝင်ရောက်ခဲ့သည်။ မုန်တိုင်းမှ လွင့်စင်လာသည့် ကြွင်းကျန်တိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင် ဩဂုတ် ၂၅ရက်မှ ၃၁ရက်အတွင်း မိုးကြီးနိုင်ပြီး ရေဘေးနှင့်အတူ မြေပြိုခြင်း၊ တောင်ပြိုခြင်းများ သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးထားသည်။

    ပြီးခဲ့သည့် ၂၀၂၄ခုနှစ် စက်တင်ဘာလကလည်း တောင်တရုတ်ပင်လယ်မှ Yagi(ရာဂီ)မုန်တိုင်းသည် ဗီယက်နမ်နိုင်ငံကို တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး မုန်တိုင်းမှ အကြွင်းအကျန်တိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင်လည်း ဆိုးရွားသည့်ရေဘေးကြုံတွေ့ခဲ့သည်။ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်တို့တွင် ရေဘေးကြုံခဲ့ပြီးသေဆုံးသူနှင့် ပျောက်ဆုံးသူ ၁,၀၀၀ ကျော်ရှိခဲ့ပြီး လူဦးရေ ၇၀၀,၀၀၀ ထိခိုက်ခဲ့သည်ဟု MOHADMထုတ်ပြန်ခဲ့သည်။

    KAJIKI မုန်တိုင်းသည် အားပျော့သွားပြီဖြစ်သော်လည်း ထိုင်း၊ လာအို၊ မြန်မာတို့တွင် မိုးသတိပေးချက်ဆက်လက်ထုတ်ပြန်ထားသည်။ မုန်တိုင်းဝင်ရောက်ခဲ့သည့် ဗီယက်နမ်နိုင်ငံတွင် လူသုံးဦးသေဆုံးခဲ့ပြီး လူဦးရေထောင်ချီ၍ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဩဂုတ်လကုန်အထိ မိုးကြီးမည့်သတိပေးချက် ရှိနေသည်။

    (တာချီလိတ်မြို့ပေါ် ယမန်နေ့ မြင်ကွင်း။ ဓာတ်ပုံ – ရှမ်းအရှေ့မဏ္ဍိုင်)

  • ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို

    ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို

    ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။

    ဩဂုတ်လ ၂၃ ရက်နေ့မှာ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ ခလရ ၂၃၆ တပ်ရင်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာမှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကြောင်းနှစ်ခုကွဲသွားပြီး တစ်ကြောင်းကို KIA ဘက်က တစ်ဦးမကျန် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။

    “၅၀၁၄ တပ်ချပ်ကာတပ်ရှိတဲ့ ဘက်ကနေ ဖောက်ပြီး ထိုးလာတာ KIA ဘက်ကပြန်တိုက်တော့ စစ်ကြောင်းနှစ်ခုကွဲသွားတယ်။ စစ်ကြောင်းကို ထွက်လို့မရအောင် ဝိုင်းရံပိတ်ဆို့ထားပြီး၂ ရက်တောင်ပစ်တာ ရှေ့တစ်ရက်ကမှ တစ်ယောက်မကျန် အကုန်ရှင်းလိုက်တယ်။ အဲ့လိုပဲ မနေ့ကလည်း နောက်စစ်ကြောင်းတစ်ခုကိုလည်း ပြန်ပစ်တော့ စကခ ၂၁ ထဲကို ပြန်ဝင်သွားတယ်”လို့ပြောပါတယ်။

    KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ခလရ ၂၃၆ တပ်နေရာဘက်ကို ထိုးစစ်တိုက်ခိုက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းခွဲသွားတဲ့ စစ်ကြောင်တးစ်ခုကို KIA ဘက်က ဩဂုတ်လ ၂၄၊ ၂၅ ရက်နေ့ နှစ်ရက်တိတိပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    အလားတူ ဩဂုတ်လ ၂၆ ရက်နေ့မှာလည်း နောက်ထပ်စစ်ကြောင်းတစ်ခု ထပ်မံထိုးတက်လာတဲ့အတွက် ပြန်လည်တိုက်ခိုက်ခံရပြီး ဗန်းမော်မှာ စစ်ကောင်စီတပ်တွေ အဓိက နေရာယူထားတဲ့ စကခ ၂၁ ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ KIA စစ်ရေးအရင်းအမြစ်တွေပြောပြပါတယ်။

    ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခု ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ရုပ်လောင်းတွေကို ကားပေါ် စုပုံတင်ထားတဲ့ သတင်းဓါတ်ပုံတွေလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြနေတာကိုလည်း မြင်တွေ့ရပါတယ်။

    ဒီကနေ့ ဩဂုတ်လ ၂၇ ရက်နေ့အထိ ဗန်းမော်တိုက်ပွဲဟာ အမတ ၃၆၆၊ ခလရ ၂၃၆ နဲ့ သံချပ်ကာတပ်ဖြစ်တဲ့ ၅၀၁၄ နေရာတွေမှာ အဓိကဖြစ်ပွားနေတယ်လို့ သိရပါတယ်။

    ဗန်းမော်မှာ ဇူလိုင်လအတွင်း ၂ ကြိမ်တိတိ စစ်တပ်ရဲ့ စစ်လက်နက်၊ စစ်ရိက္ခာသယ်ယူတဲ့ စစ်သင်္ဘောတွေ ဝင်ရောက်သွားပြီးနောက် ဩဂုတ်လဆန်းပိုင်းကနေ ဗန်းမော်တိုက်ပွဲပြန်လည် ပြင်းထန်နေတာ ရက်ပေါင်း ၂၀ ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

    တိုက်ပွဲပြန်လည်ဖြစ်ပွားလာတဲ့ ဩဂုတ်လအတွင်းကနေ ဗန်းမော် မြို့မရပ်ကွက်အတွင်းရှိတဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက်ဟိုတယ်၊ စုပေါင်းရုံး၊ ဗန်းမော်တက္ကသိုလ်ဝင်းနေရာနဲ့ တာမိုင်းလုံ ၊ မင်းလှ စတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

    ဩဂုတ်လ ဆယ်ရက်ကျော်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာလည်း စစ်တပ်ရဲ့ ထိုးစစ်တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ အမြှောက်တင့်ကားတစ်ဦးကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပစ်ခတ်လို့ ပျက်စီးသွားတာဖြစ်ပါတယ်။

    စစ်တပ်ဟာ ဗန်းမော်လက်မလွတ်ရေးအတွက် စစ်သင်္ဘောတွေ ဝင်ရောက်သွားပြီးနောက် လေကြောင်းအပါ Sucide ဒရုန်းတွေကို အဓိက အသုံးပြု တိုက်ခိုက်နေတာဖြစ်ပါတယ်။

    By – နော်ထွယ့်(ဟူးကောင့်)

  • ဂုတ်ထိပ်တံတားကျိုးမှုမှသာ အသံထွက်လာသည့် လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့ အစည်း ၂၁ ဖွဲ့

    ဂုတ်ထိပ်တံတားကျိုးမှုမှသာ အသံထွက်လာသည့် လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့ အစည်း ၂၁ ဖွဲ့

    ဂုတ်ထိပ်တံတားကျိုးမှုမှသာ အသံထွက်လာသည့် လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့ အစည်း ၂၁ ဖွဲ့တို့ ဝေဖန်ခံရ

    အာဏာသိမ်း စစ်ကော်မရှင်က အရပ်သားများကို နည်းလမ်းမျိုးစုံဖြင့် နေ့စဉ် သတ်ဖြတ်နေသော်လည်း လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်း ၂၁ ဖွဲ့တို့က ဂုတ်ထိပ်တံတားကျိုးမှသာ အဆိုပါ ဖြစ်စဉ်ကိုသာ အရေးတယူဖြင့် ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သိရသည်။

    စစ်ကော်မရှင်လက်အောက်ခံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က နှစ်ပေါင်း ၁၂၅ နှစ်ရှိ ဂုတ်ထိပ်တံတားကိုဖျက်ဆီးခြင်းသည် အရေးကြီးအဆောက်အအုံကို ဖျက်ဆီးမှုဖြင့် ဥပဒေပုဒ်မ၂(ဂ) ဖြင့်အကြမ်းဖက်မြောက်ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာကလည်း အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာမှတစ်ဆင့် ယမန်နေ့ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    အလားတူ စစ်ကော်မရှင် လက်ဝေခံ အရပ်ဘက်အဖွဲ့အစည်းများဖြစ်ကြသည့် မြန်မာသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အပါအဝင် အရပ်ဘက် အဖွဲ့အစည်း ၂၁ ခုကလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက စစ်ရေးနှင့်မသက်ဆိုင်သည့် သမိုင်းဝင်ဂုတ်ထိပ် တံတားကို ဖောက်ခွဲဖျက်ဆီးခြင်းအပေါ် ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

    “မရယ်ရတဲ့ ဟာသပေါ့။ စစ်အုပ်စုရဲ့ လက်အောက်ခံအဖွဲ့တွေနဲ့ သူတို့ ခြိမ်းခြောက်ပြီး လိုသလို ပုံဖော် စာထုတ်ပြန်ခိုင်းတဲ့အဖွဲ့ တွေဟာလည်း အကြမ်းဖက် စစ်အုပ်စု လိုသလိုအသုံးချ‌နေတဲ့ အဖွဲ့တွေပါပဲ။ အကြမ်းဖက်စစ်အုပ်စု လူသတ်မီးရှို့ ဗုံးကြဲ စစ်ရာဇဝတ်မှု နေ့စဉ်ကျူးလွန်နေတာ တကမ္ဘာလုံး သိပါတယ်” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

    နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်ကို ဆက်သွယ်ထားသည့် နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဂုတ်ထိပ်တံတားမှာ ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့က ကျိုးကျပျက်စီးခဲ့ပြီး စစ်ကော်မရှင်ဘက်မှ TNLA တပ်ဖွဲ့ကို စွပ်စွဲထားကာ TNLA မှလည်း တံတားကျိုးကျချိန်တွင် အနီးဝန်းကျင်၌ စစ်တပ်သာရှိကြောင်း ချေပပြောဆိုထားသည်။

    စစ်ကော်မရှင်သည် လက်ရှိတွင် ရွေးကောက်ပွဲကိုအကြောင်းပြု၍ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများကို အပြင်းအထန်ထိုးစစ်‌‌ဆင်နေပြီး နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မော်ချီး၊ မြောက်ဦး စသည့်မြို့များရှိ အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းမှဗုံးကြဲနေသည့်အတွက် အစုလိုက် အပြုံလိုက် သေဆုံးခြင်းများလည်း ဖြစ်ပွားလျက်ရှိသည်။

    ထို့ပြင် စစ်ကော်မရှင်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်လုပ်ရပ်များတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ကာ သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း၊ လက်နက် ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှဗုံးကြဲချတိုက်ခိုက်ခြင်း၊ ‌‌‌‌‌‌‌‌‌‌‌‌‌နေအိမ်မီးရှို့ ဖျက်ဆီးခြင်းများ စသည့် တို့ ပါဝင်နေသည်။

    နေ့စဉ်နှင့်အမျှ အရပ်သားများကို သတ်ဖြတ်နေသည့် စစ်ကော်မရှင်၏ လုပ်ရပ်များအပေါ်တွင်မူ အသံမထွက်ခဲ့ကြခြင်းကြောင့် လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဖက်အဖွဲ့အစည်း ၂၁ ဖွဲ့အပေါ်တွင် အရပ်သားပြည်သူများ၏ ဝေဖန်မှုများကလည်း မြင့်တက်လျက်ရှိသည်။

    “နေ့စဉ်နဲ့အမျှ အရပ်သားတွေ သတ်ဖြတ်ခံနေရတာ၊ ရွာတွေ မီးရှို့ခံနေရတာကို ဒီအဖွဲ့အစည်းတွေက ဘာလို့အသံမထွက်ခဲ့တာလဲ။ လူတွေရဲ့အသက်နဲ့ တံတားရဲ့တန်ဖိုးကို ဘယ်လို နှိုင်းယှဉ်ရမလဲ။ အခုလို အသံထွက်လာတာဟာလည်း တကယ်တမ်း လူ့အခွင့်အရေးကို တန်ဖိုးထားတာလား၊ လိုအပ်လို့ အသုံးချခံလိုက်တာလားဆိုတာ အရမ်းကို ရှင်းပါတယ်” ဟု ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

    ဂုတ်ထိပ်တံတား ကျိုးသည့်အပေါ် ရှုတ်ချကန့်ကွက်ခဲ့ကြသည့် အဖွဲ့အစည်းများမှာဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ တို့ပါဝင်ကြောင်း သိရသည်။

    ထပ်မံ၍ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအဖွဲ့၊ အိန္ဒိယ-မြန်မာအပြည် ပြည်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာ-ရှိအာဟ် မွတ်စ်လင်စ် ဘာသာရေးအဖွဲ့၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာ နိုင်ငံဂီတအစည်းအရုံးစသည့် အဖွဲ့အစည်းများကလည်း ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

    လေး နှစ်ကျော် ကာလအတွင်း အာဏာသိမ်း စစ်တပ်၏ လုပ်ရပ်များကြောင့် ပြည်သူပေါင်း ၇,၁၄၉ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း ယနေ့ဩဂုတ် ၂၇ ရက်နေ့တွင်ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အစီရင်ခံစာအရသိရသည်။

    ဓာတ်ပုံ – လူမှုကွန်ရက်