Author: Baby Yit Lone

  • နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်း

    နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်း

    အကြမ်းဖက်စစ်တပ် အခြေစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်းဟုဆို

    အကြမ်းဖက်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင် ရွက်ရန်အတွက် ဗျူဟာအမှတ် ၁၉ ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နေပြည်တော်တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာက ပြောကြားသည်။

    အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်း နေပြည်တော်အနီး စစ်တောင်းမြစ်ဝှမ်းဒေသ၊ နေပြည်တော် တိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားစိုးမိုးနယ်မြေ၌ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာန၏ ဗျူဟာ အမှတ် ၁၉ ကို အခမ်းအနားဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    “နေပြည်တော်စစ်ဆင်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ဖို့ပါ။ နေပြည်တော်တိုင်းစစ်ဌာနမှာ စစ်ဗျူဟာ ၃ ခုရှိပါတယ်။ ဗျူဟာ ၃ ခုကတော့ ဗျူဟာ ၁၇၊ ဗျူဟာ ၁၈ နဲ့ အခု ဖွဲ့လိုက်တဲ့ ဗျူဟာ ၁၉ ပါ။ တစ်ဗျူ ဟာကို တပ်ရင်း ၄ ရင်းနဲ့ဖွဲ့စည်းထားပြီး စစ် မျက်နှာ ၃ ခုမှာ စစ်ဆင်ရေး ဆောင် ရွက်ဖို့ရှိပါတယ်။ ဒါ ပြီးရင်တော့ အထွေထွေထိုးစစ်မှာ ဟန်ချက်ညီညီပါဝင်ဆောင်ရွက်မှာပါ” ဟု နေပြည်တော်တိုင်း ကွပ်ကဲရေးမှူး ဗိုလ်လက်ျာက ပြောကြားသည်။

    အဆိုပါ ဗျူဟာ ၁၉ ဖွဲ့စည်းခြင်း အခမ်းအနားသို့ နေပြည်တော်တိုင်းစစ်ဌာ တိုင်းစစ်ဆင်ရေး အရာရှိ၊ ဗျူဟာအမှတ် ၁၉ မှ တာဝန်ရှိသူများ၊ ဗျူဟာ ၁၉ ၏လက်အောက်ခံတပ်ရင်းများဖြစ်သော တပ်ရင်း ၈၀၆၊ တပ်ရင်း ၈၀၇၊ တပ်ရင်း ၈၀၈၊ တပ်ရင်း ၉၀၁ တို့မှ တပ်ရင်းမှူး၊ ဒုရင်းမှူးများ၊ တပ်ရင်း တာဝန် ရှိ သူများနှင့် ရဲဘော်များတက်ရောက်ခဲ့ကြောင်း သိရသည်။

    “အကြမ်းဖက်စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း နည်းလမ်းမျိုး စုံနဲ့ တားဆီးသွားမှာပါ၊ မိဘပြည်သူတွေဘက်ကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နည်လမ်းမျိုးစုံ နဲ့ ဆန့်ကျင်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု နေပြည်တော်တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာ က ပြောဆိုသည်။

    အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေး နောက်တစ်ဆင့်တက်ရန်နှင့် အထွေထွေထိုးစစ်ဆင်နွှဲရန်တိုင်းရင်းသား လက်နက်ကိုင်များအပါအဝင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်များနှင့်အတူ ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

  • ဒုချုပ်ရဲ့ နိုင်ငံရေးတာဝန်တွေ ဦးညိုစောလွှဲယူ

    ဒုချုပ်ရဲ့ နိုင်ငံရေးတာဝန်တွေ ဦးညိုစောလွှဲယူ

    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ နိုင်ငံရေးတာဝန်တွေကို ဝန်ကြီးချုပ် ဦးညိုစောကို လွှဲပေးလိုက်တယ်လို့ စစ်ရုံးကလာတဲ့ သတင်းတွေအရ သိရပါတယ်။

    နိုင်ငံတော်အဆင့်ကော်မတီ ဆယ်ခုလောက်မှာယူထားတဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတာဝန် တွေကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးညိုစောကို လွှဲပေးလိုက်ရတာလို့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးက သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လည်းဖြစ်တဲ့ ဒုချုပ်ကိုတော့ စစ်ဆင်ရေးတာဝန်တစ်ခုတည်းကိုပဲ အဓိကအာရုံစိုက်ခိုင်းထားတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    ဒီတာဝန်အလွှဲအပြောင်းတွေကြောင့် ရွေးကောက်ပွဲအလွန်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဘယ်နေရာမှာဆက်ရှိမလဲ ဆိုတဲ့ မေးခွန်းတွေပါ ထွက်လာပါတယ်။

    ဦးညိုစောရဲ့ ရာထူးသစ်များ

    ၂၀၂၁ မှာ အာဏာသိမ်းပြီးတဲ့နောက် ဒုတိယစစ်ခေါင်းဆောင်ဟာ အရင်က ဒုတိယသမ္မတတွေတာဝန်ယူခဲ့တဲ့ ကော်မတီ /ကော်မရှင် ဥက္ကဋ္ဌရာထူးတွေကို ရယူခဲ့ပါတယ်။

    အခုတော့ အဲဒီ ဥက္ကဋ္ဌ ရာထူးနေရာတွေကို ဦးညိုစောကရယူလိုက်ပြီး သူဦးဆောင်လို့ အစည်းအဝေးတချို့ပါ ခေါ်ယူကျင်းပနေတာကို နိုင်ငံပိုင် သတင်းစာတွေထဲမှာလည်း တွေ့ရပါတယ်။

    ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်နဲ့ အမျိုးသားစီမံကိန်းကော်မရှင်တွေမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မပါတော့ပါဘူး။

    သူအရင်ကရှိခဲ့တဲ့ ဒုတိယဥက္ကဋ္ဌ နေရာကို ဦးညိုစောကပဲ တာဝန်ဆက်ယူမှာဖြစ်ပါတယ်။

    ဒုချုပ်ထံမှ ဦးညိုစောလွှဲယူခဲ့တဲ့ တာဝန်များ

    • ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုဥက္ကဋ္ဌ
    • အမျိုးသားစီမံကိန်းကော်မရှင် ဒုဥက္ကဋ္ဌ
    • မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ
    • တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ
    • လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ
    • National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ
    • စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ
    • ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက
    • ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအကောင်အထည်ဖော်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ

    ဒီလို ရာထူးတာဝန်တွေအများအပြား လက်လွှတ်လိုက်ရပေမဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို နိုင်ငံရေးတာဝန်တွေအားလုံးကနေ ဖယ်ရှားလိုက်တာတော့ မဟုတ်ပါဘူး။

    အပေါ်ကတာဝန်တွေနဲ့ယှဥ်ရင် အလုပ်မများလှတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နေရာမှာတော့ ဆက်ထားထားပါတယ်။

    စစ်ခေါင်းဆောင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ မှာလည်း ဒုချုပ်ကို ဒုဥက္ကဋ္ဌနေရာမှာ ဆက်ထားထားပါတယ်။

    ရွေးကောက်ပွဲအလွန် ဒုချုပ်ရဲ့ နေရာ

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သက်ပြည့်ပင်စင်နီးတိုင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တပ်ချုပ်ဖြစ်လာမလားလို့ အကဲခတ်တွေက သုံးသပ်ခဲ့ကြပေမဲ့ သူက ဒုတိယလူအနေနဲ့ပဲ ဆက်ရှိနေခဲ့ပါတယ်။

    တပ်ချုပ်၊ ဒုတပ်ချုပ်နဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) တို့ဟာ ရွေးကောက်ပွဲမဝင်ကြတဲ့အတွက် ရွေးကောက်ပွဲအလွန်မှာ တပ်ရာထူးမှာပဲ ဆက်ရှိနိုင်သလို နိုင်ငံရေးရာထူးကိုလည်း မျှော်လင့်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

    ဒါပေမဲ့ ရွေးကောက်ခံကိုယ်စားလှယ်ပဲ တင်မြှောက်ခွင့်ရတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာတွေကိုတော့ ရမှာမဟုတ်တော့ပါဘူး။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတလုပ်ရင် စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်းဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ကျော်ပြီး တခြားဂျူနီယာတစ်ဦးကို တပ်ချုပ်ပေးဖို့ခက်ပါလိမ့်မယ်။

    ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အလွန်မှာ ဒုချုပ်ဟာ တပ်ချုပ်ဖြစ်ရင်ဖြစ် မဖြစ်ရင် နားရပါလိမ့်မယ်။

    ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို နိုင်ငံရေးတာဝန်ပေးမယ်ဆိုရင်တော့ လက်ရှိသူ့ရာထူးအရ ဒုတိယသမ္မတရာထူး အနိမ့်ဆုံးလျာထားခံရမှာ ဖြစ်ပါတယ်။

    တပ်ချုပ်၊ ဒုချုပ် နောက်ဆုံးအပြောင်းအလဲဟာ ၂၀၁၁ ခုနှစ်က ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နေရာကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီးစိုးဝင်းတို့ အစားဝင်ခဲ့တာဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နှစ်ဦးဟာ စစ်ဘက်ရော အရပ်ဘက်မှာပါ ဆက်မပါတော့ဘဲ အနားယူခဲ့ကြပါတယ်။

    လက်ရှိစစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်က သူတို့ရှေ့ကလူတွေလို အစုံလိုက်နားမလား၊ နိုင်ငံရေးရာထူးတွေဆက်ယူမလားဆိုတာတော့ မှန်းဆရခက်နေဆဲဖြစ်ပါတယ်။

    “ဒုချုပ်က ရည်မှန်းချက်ကြီးတဲ့သူမဟုတ်ဘူး။ သူနားချင်နေတယ်လို့လည်း ထုတ်ပြောဖူးတယ်” လို့ စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်းတွေနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

    ရွေးကောက်ပွဲအလွန် အာဏာအိပ်မက်

    ၂၀၂၅ ရွေးကောက်ပွဲကို အတိုက်အခံနဲ့ တော်လှန်သူတွေက အသိအမှတ်မပြုကြပေမဲ့ ရွေးကောက်ပွဲထောက်ခံသူတွေကြားမှာတော့ အိပ်မက်ကိုယ်စီ ကြိတ်ပြီးရှိနေကြပါတယ်။

    ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် ရာထူးနေရာတွေထဲ အရပ်ဘက်မှာဆို သမ္မတ၊ ဒုသမ္မတနှစ်နေရာ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်နေရာနဲ့ ပြည်ထောင်စုအဆင့်ရာထူးတွေ ရှိနေပါတယ်။

    တပ်ဘက်မှာဆိုလည်း တပ်ချုပ်၊ ဒုချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နဲ့ ထိပ်တန်းရာထူးအပြောင်းအရွှေ့တွေ ဖြစ်လာဖို့ရှိပါတယ်။

    သမ္မတရာထူးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်ပြေးနေပေမဲ့ ဦးညိုစောကို ပွဲထုတ်မှုတွေက သတိပြုစရာဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်က ဦးညိုစောအတွက် နိုင်ငံတော်ဝန်ကြီးချုပ်နေရာဖန်တီးပေးပြီး လုပ်ပိုင်ခွင့်တွေချဲ့ထွင်ပေးပါတယ်။

    အတိတ်မှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို သမ္မတတာဝန်ပေးခဲ့တာ ပြန်လည်အမှတ်ရစရာဖြစ်ပါတယ်။

    နိုင်ငံရေးဘက်က ကြည့်မယ်ဆိုရင်တော့ အာဏာရပါတီဥက္ကဋ္ဌဟာ သမ္မတလောင်းနေရာကို အိပ်မက်မက်နိုင်ပါတယ်။

    ရွေးကောက်ပွဲကလည်း နေရာတိုင်းမှာ မကျင်းပနိုင်တဲ့အတွက် လွှတ်တော်ထဲကိုရောက်လာမယ့် ကိုယ်စားလှယ်အရေအတွက်က တင်းပြည့်မဖြစ်နိုင်ပေမဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ၂၅ ရာခိုင်နှုန်းအပြည့်ရှိနေပါတယ်။

    ဒုသမ္မတတစ်ဦးတင်မြှောက်ခွင့်ပါရှိနေတဲ့အတွက် သမ္မတရွေးချယ်ရေးနဲ့ အစိုးရဖွဲ့စည်းရေးမှာ တပ်က အဓိကအင်အားစုဖြစ်လာပါလိမ့်မယ်။

    စစ်ဘက်မှာဆိုရင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်ဆက်မလုပ်ဘူးလို့ ယတိပြတ်ပြောလို့မရပါဘူး။

    သူ သမ္မတလုပ်ရင်တော့ ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ကက တပ်ချုပ်နေရာကို အနီးဆုံးမှန်းနိုင်သူတွေပါ။

    ဒါပေမဲ့ စစ်ခေါင်းဆောင်ရဲ့ အထူးယုံကြည်စိတ်ချရသူ လက်ရှိ စစ်ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုလည်း မေ့ထားလို့မရပါဘူး။

    သမ္မတနဲ့ တပ်ချုပ်ရာထူးတွေက နာမည်ထွက်တဲ့ လူတိုင်းမဖြစ်တဲ့အစဥ်အလာကလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။

    ၂၀၁၁ အပြောင်းအလဲမှာ သမ္မတ သို့မဟုတ် တပ်ချုပ်ဖြစ်မယ်လို့ တစ်ပြေးသူ ဗိုလ်ချုပ်ကြီးသူရရွှေမန်း နှစ်နေရာလုံးနဲ့ လွဲခဲ့ပါတယ်။

    စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီးသူရမြင့်အောင်လည်း တပ်ချုပ်နေရာအတွက် အရည်အချင်းပြည့်ဝသူလို့ နာမည်ထွက်ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုကျော်ပြီး တပ်ချုပ်ဖြစ်လာခဲ့တာပါ။

    “တပ်ထဲမှာက ကိုယ့်ကိုလူကြီးက လျာထားတယ်လို့ ပြောထားပြီးတာတောင် နောက်ဆုံးမိနစ်မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်” လို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။

  • မော်လိုက် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၆ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    မော်လိုက် စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၆ ခုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သိမ်းငှက်စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်း ၆ ခု သိမ်းပိုက်ရရှိ​သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

    ဒါ့အပြင် စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့မိသားစု​ဝင် အပါအဝင် အယောက် ၂၀၀ နီးပါး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူ ၄ ယောက် ရှိခဲ့တယ်လို့ Mawlaik Revolutions အဖွဲ့က အောက်တိုဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    Mawlaik Revolutions ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မော်လိုက်မြို့နယ်ထဲမှာ သိမ်းငှက်စစ်ဆင်ရေးကို တော်လှန်ရေးအင်အားစုတွေ ဖြစ်ကြတဲ့ ခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄၊ မော်လိုက်/ဖောင်းပြင်မြို့နယ် ပကဖ/ပလဖ၊ ခရိုင်ကွပ်ကဲရေးရုံး တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေး ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းကနေ မော်လိုက်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်နဲ့ ပျူ ပူးပေါင်းထိုင်တဲ့ တပ်စခန်း ၆ ခု သိမ်းပိုက်ရရှိ​ခဲ့ပြီးတော့ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ အရှင်ဖမ်းမိတာကတော့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစု​ဝင် အပါအဝင် ၂၀၀ နီးပါး ဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူက ၄ ယောက် ရှိခဲ့တယ်” လို့ ပြောပါတယ်။

    တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွေဟာ မော်လိုက်မြို့နယ်အတွင်းက အဆိုပါ သိမ်းငှက်စစ်ဆင်ရေးကို ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကနေ စတင်ပြီး စက်တင်ဘာလကုန်ပိုင်းအထိ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    Mawlaik Revolutions ရဲ့ ပြောရေးဆိုခွင့်ရှိသူက “စစ်ဆင်ရေးအတွင်းမှာ လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်လာသူတွေကတော့ ပစ ၃ ယောက်နဲ့ စစ်ကောင်စီခန့် ဆယ်အိမ်မှူးတယောက်တို့ ဖြစ်ပါတယ်။ သူတို့ကိုတော့ ဆုကြေးငွေတွေ ပေးအပ်ပြီး လုံခြုံတဲ့နေရာမှာ ထားရှိပေးထားပါတယ်။ သူတို့အတွက် လုပ်ငန်းလုပ်ကိုင်နိုင်ဖို့လည်း စီစဥ်ပေးထားတာတွေ ရှိပါတယ်။ အရှင်ဖမ်းမိတဲ့ သုံ့ပန်း ၂၀၀ နီးပါးထဲမှာ စစ်သားတွေနဲ့အတူ ပျူစောထီးတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။ သူတို့ကိုတော့ သုံ့ပန်းဥပဒေနဲ့အညီပဲ ထိန်းသိမ်း​ပေးထားပါတယ်။ တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါသေးတယ်” လို့ ပြောပါတယ်။

    သိမ်းငှက်စစ်ဆင်ရေး ပြီးဆုံးတဲ့နောက်ပိုင်း အခုလက်ရှိအချိန်မှာတော့ မော်လိုက်မြို့ပေါ်မှာရှိတဲ့ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းတွေဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို ဒရုန်းတွေနဲ့ပါ ဗုံးကြဲနေပါတယ်။

    မော်လိုက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစောထီးကျေးရွာ အများစုကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားနိုင်ပြီး မော်လိုက်မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်က ကျေးရွာအနည်းငယ်ကိုသာ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားနိုင်တော့တယ်လို့လည်း မော်လိုက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

  • ထိုင်းက ပြန်ပို့သည့် မြန်မာလုပ်သား ၉၀ ကို စစ်တပ်က ခေါ်ဆောင်သွား

    ထိုင်းက ပြန်ပို့သည့် မြန်မာလုပ်သား ၉၀ ကို စစ်တပ်က ခေါ်ဆောင်သွား

    ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လဝကအချုပ်ထောင်မှာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ လောက်ကို အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီခွဲလောက်မှာ မြန်မာနိုင်ငံ ကော့သောင်းဘက် လှေဆိပ်ကို ၂ နိုင်ငံ တာဝန်ရှိသူတွေကနေ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

    အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ လွတ်ရက်စေ့ မြန်မာအမျိုးသား ၈၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်တို့ကို ကော့သောင်းဘက် ပို့ဆောင်ပြီးနောက် စစ်ကောင်စီတပ်ကနေ ၆ မိုင်ရွာ အခြေစိုက် ခလရ ၂၆၂ တပ်ရင်းထဲကို ခေါ်ဆောင်သွားတယ်လို့ ကော့သောင်းမြို့ခံက ပြောပါတယ်။

    “‌ခေါ်သွားတာတော့ အဲဒီ‌ ခြောက်မိုင်ရွာ ၂၆၂ တပ်ထဲပါပဲ။ ပိုက်ဆံအထပ်လိုက် ပုံပေးနိုင်သူက လွဲရင် မလွတ်ပါဘူး။‌‌ ကော့သောင်းဘက်မှာပဲ ငွေပေးထုတ်ရတာပါ။”

    စစ်ကောင်စီတပ်က ‌ခေါ်ဆောင်သွားတဲ့ နေရပ်ပြန်ပို့ခံရသူ အယောက် ၉၀ ထဲက ဘယ်နှယောက် ပြန်လွတ်လာတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

    ခလရ ၂၆၂ တပ်ရင်းထဲရောက်သွားသူတွေကိုတော့ ပိုက်ဆံနဲ့ ရွေးထုတ်ရ‌တာမျိုးတွေရှိတယ်လို့ ကော့သောင်း‌ဒေသခံ တယောက်က ပြောပါတယ်။

    စက်တင်ဘာ ၂၃ ရက်တုန်းက ရနောင်းအချုပ်ထောင်မှာ အပြစ်ကျနေတဲ့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၄၅ ယောက်ကို ကော့သောင်းလှေဆိပ်ကို လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။

    ‌ထိုင်းက‌ နေရပ်ပြန်ပို့ခံရသူတွေကို အသက်အရွယ်ခွဲပြီးတော့ စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ တပ်သားသစ်လေ့ကျင့်ရေးကျောင်းတွေ ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။