Author: Baby Yit Lone

  • Rebuilding

    Rebuilding

    Rebuilding (2025)

    ၂၀၂၅ မှာ ထွက်ရှိထားတဲ့ “Rebuilding” ရုပ်ရှင်ဟာ စိတ်နှလုံးကို နွေးထွေးစေပြီး ဘဝကို အသစ်ကပြန်စဖို့ ကြိုးစားရပုံကို ရိုက်ပြထားတဲ့ Drama ဇာတ်ကားကောင်းတစ်ကားပါ။

    ဇာတ်လမ်းက Colorado ပြည်နယ်က Dusty ဆိုတဲ့ နွားကျောင်းသား (Cowboy) တစ်ယောက်အကြောင်းပါ။

    တစ်နေ့တော့ တောမီးအကြီးအကျယ်လောင်ပြီး သူတို့မိသားစု မျိုးဆက် ၄ ဆက်စာ ထိန်းသိမ်းလာခဲ့တဲ့ ခြံကြီးတစ်ခုလုံး ပြာကျသွားခဲ့တယ်။

    အိမ်တင်မကဘူး၊ သူ့ရဲ့ နွားတွေ၊ တင်းကုပ်တွေနဲ့ ဘဝတစ်ခုလုံး ဆုံးရှုံးသွားတာပေါ့။

    အဲဒီနောက်မှာတော့ သူဟာ အစိုးရကစီစဉ်ပေးတဲ့ ဒုက္ခသည်စခန်းလေးထဲမှာ သွားနေရတယ်။

    အရာအားလုံး ဆုံးရှုံးသွားတဲ့ Dusty ဟာ စိတ်ဓာတ်တွေကျပြီး လူတွေနဲ့လည်း သိပ်မဆက်ဆံတော့ဘဲ တစ်ယောက်တည်း အထီးကျန်ဖြစ်နေခဲ့တာပေါ့။

    ဒါပေမဲ့ အဲဒီစခန်းလေးမှာ သူနဲ့ဘဝတူ အိမ်ခြေမဲ့သွားတဲ့ အိမ်နီးချင်းတွေနဲ့ ဆုံလာရတယ်။

    သူကတော့ အစပိုင်းမှာ သူတစ်ပါးအကူအညီကို ငြင်းဆန်နေပေမဲ့ တဖြည်းဖြည်းနဲ့ အသိုက်အဝန်းရဲ့ အရေးပါမှုကို နားလည်လာတယ်။

    အဆင်မပြေဖြစ်နေတဲ့ ဇနီးဟောင်း Ruby နဲ့ သမီးလေး Callie Rose တို့နဲ့ ပြန်နီးစပ်ခွင့်ရလာတယ်။

    သမီးလေးက သူ့ဆီကို လာလည်ပြီး သူ့ရဲ့ အေးစက်နေတဲ့ နှလုံးသားကို နွေးထွေးအောင် ပြန်လုပ်ပေးခဲ့တယ်။

    Dusty ရှေ့မှာ ရွေးချယ်စရာ လမ်းနှစ်ခု ရှိလာတယ်။ တစ်ခုကတော့ အဝေးက Montana မှာ အလုပ်သစ်သွားလုပ်ပြီး အရင်လို တစ်ယောက်တည်း ဘဝကို ပြန်တည်ဆောက်မလား၊…

    ဒါမှမဟုတ် အခုရှိနေတဲ့ မိသားစုနဲ့ အိမ်နီးချင်းတွေကြားမှာပဲ ဘဝသစ်ကို အတူတူ ပြန်စမလားဆိုတာပါပဲ။

    ဒီကားက “အိမ်” ဆိုတာ အုတ်ခဲတွေ၊ သစ်သားတွေနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတင်မဟုတ်ဘဲ “ကိုယ်ချစ်ရတဲ့သူတွေရှိတဲ့နေရာ” ဆိုတာကို ပြပေးသွားတာပါ။

    ရုပ်ရှင်နာမည် “Rebuilding” ဆိုတဲ့အတိုင်း မီးလောင်သွားတဲ့ အိမ်ကို ပြန်ဆောက်တာထက် ပျက်စီးသွားတဲ့ လူမှုဆက်ဆံရေးနဲ့ ကိုယ့်ရဲ့ စိတ်ဓာတ်ကို ပြန်လည် တည်ဆောက်တဲ့အကြောင်းကို အရမ်းလှလှပပ ရိုက်ပြထားပါတယ်။

    မင်းသား Josh O’Connor က Cowboy တစ်ယောက်ရဲ့ ခံစားချက်ကို စကားအများကြီး မပြောဘဲ မျက်လုံးတွေနဲ့တင် သရုပ်ဆောင်သွားတာ တကယ်ကို ကောင်းပါတယ်။

    Colorado ရဲ့ သဘာဝအလှတရားတွေကို တောမီးလောင်ပြီးနောက်ပိုင်း မြင်ကွင်းတွေနဲ့ ယှဉ်ပြီး အနုပညာဆန်ဆန် ရိုက်ကူးထားပါတယ်။

    “Rebuilding” က ဘဝမှာ အရာအားလုံး ဆုံးရှုံးသွားရင်တောင် ဘေးနားမှာ ကိုယ့်ကိုချစ်တဲ့သူတွေ ရှိနေသေးသရွေ့ အသစ်ကနေ ပြန်စလို့ရတယ်ဆိုတာကို ခံစားချက်အပြည့်နဲ့ ပြသွားတဲ့ ကားလေးပါပဲ။

  • Ordinary People (or) The Villagers

    Ordinary People (or) The Villagers

    Ordinary People (2018)

    မင်းသမီးချောလေး Kim Sae-ron နဲ့ ဗလတောင့်တောင့်နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ ဇာတ်ကောင်တွေမှာ ပါဝင်လေ့ရှိတဲ့ မင်းသားကြီး Ma Dong-seok တို့ရဲ့ ၂၀၁၈ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

    ဇာတ်လမ်းအညွှန်း

    လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ ရော့ဂီချော (Ma Dong-seok) ဟာ မဟုတ်မခံ ဖြောင့်မတ်တဲ့ စိတ်ဓာတ်ကြောင့် နည်းပြအဖြစ် လုပ်ကိုင်နေရာကနေ ပြဿနာတွေတက်ပြီး နယ်မြို့လေးဘက်ကို အားကစားဆရာအဖြစ် လုပ်ကိုင်ရန် ပြောင်းရွှေ့လာခဲ့ပါတယ်။

    သူလုပ်ကိုင်ဖို့ ဖြစ်လာတဲ့ ကျောင်းမှာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားတဲ့ ဆူယွန်းဆိုတဲ့ ကျောင်းသူလေးတစ်ဦးရှိနေပါတယ်။

    အဲဒီကျောင်းသူလေးကို လိုက်ရှာဖို့ အသည်းအသန် ကြိုးစားနေတဲ့ ဂန်ယူဂျင်း (Kim Sae-ron) နဲ့ တွေ့ရှိပြီး နှစ်ယောက်သား ဆူယွန်းကို အတူရှာရာကနေ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေသလဲဆိုတာကို ဖော်ထုတ်သွားကြမယ့် ကားကောင်းလေးဖြစ်တဲ့အပြင် Kim Sae-ron လေးကို အလွမ်းပြေ ပြန်လည်ကြည့်ရှုကြည့်ကြပါဦးနော်။

  • Crazy Old Lady

    Crazy Old Lady

    Crazy Old Lady (2025)

    ၂၀၂၅ မှာ ထွက်ရှိထားတဲ့ Vieja Loca (အင်္ဂလိပ်လို Crazy Old Lady) ရုပ်ရှင်ဟာ Horror နဲ့ Psychological Thriller ကြိုက်တဲ့သူတွေအတွက် တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။

    ဇာတ်လမ်းကတော့ Pedro ဆိုတဲ့ အမျိုးသားတစ်ယောက်ဆီကနေ စတာပါ။

    တစ်နေ့မှာ သူ့ရဲ့ရည်းစားဟောင်းဆီကနေ အကူအညီတောင်းတဲ့ ဖုန်းတစ်ခုရလာတယ်။

    အကြောင်းရင်းကတော့ သူ့ရဲ့အမေ Alicia ဟာ အသက်ကြီးပြီး သတိမေ့တတ်တာကြောင့် တစ်ယောက်တည်း ထားလို့မရလို့၊ ခဏလောက် သွားကြည့်ပေးပါဆိုပြီး အကူအညီတောင်းတာပါ။

    Pedro လည်း လူနာသွားကြည့်သလိုပဲ ခဏဆိုပြီး သွားလိုက်တာပေါ့။ ဒါပေမဲ့ အဲဒီ အိမ်ကြီးထဲကို သူရောက်သွားတဲ့အချိန်ကစပြီး သူ့ဘဝရဲ့ ငရဲခန်းက စတော့တာပါပဲ။

    Alicia က သူ့ကို သာမန်လူတစ်ယောက်လို မဆက်ဆံတော့ဘဲ သူ့ရဲ့ အတိတ်က ရန်ငြိုးရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်တဲ့ César နဲ့ မှားပြီး ပိတ်လှောင်ထားပါတော့တယ်။

    ဒီကားက သရဲထွက်တာမျိုးထက် လူကပဲ လူကို နှိပ်စက်တဲ့ ပိတ်မိနေတဲ့ခံစားချက်ကို ပေးပါတယ်။

    Misery ကားထဲကလိုမျိုး အဘွားကြီးက သူ့ကို အပြင်ထွက်မပေးဘဲ ညှဉ်းပန်းနှိပ်စက်တာတွေကို မြင်ရမှာပါ။

    Alicia က ဘာလို့ ဒီလိုဖြစ်နေတာလဲဆိုတာ ဇာတ်လမ်းနောက်ပိုင်းမှာ အာဂျင်တီးနားနိုင်ငံရဲ့ အတိတ်က ဖြစ်ရပ်တွေ၊ မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းလာတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြသွားတာက တော်တော်လေး လေးနက်ပါတယ်။

    Alicia အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Carmen Maura ရဲ့ သရုပ်ဆောင်ချက်က တကယ်ကို ကြောက်ဖို့ကောင်းပါတယ်။

    တစ်ခါတလေ သနားစရာလိုလို၊ တစ်ခါတလေကျတော့လည်း သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ ပုံစံကို ပီပြင်အောင် သရုပ်ဆောင်ထားပါတယ်။

    ဒီကားက ကြည့်နေရင်းနဲ့ “ငါသာ Pedro ဆိုရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး စိုးရိမ်စိတ်ကို အပြည့်ပေးနိုင်ပါတယ်။

    သွေးထွက်သံယို အခန်းတွေလည်း ပါသလို၊ စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားမှုကိုလည်း ကောင်းကောင်းကြီး ပေးစွမ်းနိုင်ပါတယ်။

  • Long Shadows

    Long Shadows

    Long Shadows (2025)

    ဒီဇာတ်ကားလေးကတော့ ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်း အမေရိကန် အရီဇိုးနားဒေသမှာ ဇာတ်အိမ်တည်ထားပါတယ်။

    မားကပ်စ်တို့ မိသားစု ၃ ယောက်ရဲ့ ငြိမ်းချမ်းနေတဲ့ဘဝလေးဟာ တစ်ရက်မှာတော့ မြင်းဓားပြတွေ ဖျက်ဆီးတာကို ခံလိုက်ရပါတယ်။

    ဓားပြတွေက မြင်းတွေကို ခိုးသွားရုံတင်မက မားကပ်စ်ရဲ့ မိဘနှစ်ပါးကိုပါ သတ်ပစ်လိုက်တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မားကပ်စ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပျင်းလာခဲ့ရပါတယ်။

    ဒီလိုနဲ့ မားကပ်စ်အရွယ်ရောက်လာတဲ့အခါမှာ မိဘမဲ့ဂေဟာကနေ ထွက်ပြီး ဇာတိမြို့လေးကို ပြန်လာခဲ့ပါပြီ။

    ဇာတိမြို့လေးကို ရောက်ပေမဲ့ အတိတ်က စိတ်ဒဏ်ရာဟောင်းတွေက ဖိစီးတဲ့အခါ အနာဟောင်းက အသစ်ပြန်ဖြစ်လာခဲ့တယ်။

    အဲဒီလိုနဲ့ ဆိုင်တစ်ဆိုင်မှာ မားကပ်စ်ရဲ့ မိဘတွေကို သတ်သွားတဲ့သူတစ်ယောက်နဲ့ ဆုံမိတဲ့အခါမှာ မိဘနှစ်ပါးအတွက် လက်စားချေချင်စိတ်တွေဟာ စိတ်ထဲမှာ ပြန်လည်ပေါ်ပေါက်လာပါတော့တယ်။

    မားကပ်စ်အနေနဲ့ ဘယ်လိုတွေ ရှေ့ဆက်ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။

  • Alpha

    Alpha

    Alpha (2025)

    ဒီတစ်ခါမှာတော့ Palme d’Or မှာ nominated ဖြစ်ထားတဲ့ Body Horror ရုပ်ရှင်တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

    ဇာတ်လမ်းကိုတော့ အယ်လ်ဖာလို ခေါ်တဲ့ အသက် ၁၃ နှစ်အရွယ်ကလေးမလေး ပါတီတစ်ခုကို သွားရာကနေ ရုတ်တရက်ကြီး တက်တူးတစ်ခု ရလာတဲ့အကြောင်းနဲ့ စတင်ပါတယ်။

    တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်က လူတွေမှာ သလင်းကျောက်တွေအဖြစ်နဲ့ တဖြည်းဖြည်းအေးခဲသေဆုံးသွားတတ်တဲ့ ရောဂါဆိုးတစ်မျိုး ပျံ့နှံနေခဲ့တာပါ။

    အယ်လ်ဖာရဲ့အမေကလည်း ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် နေ့စဥ်နဲ့အမျှ အဲဒီလို သလင်းကျောက်ဖြစ်သွားတဲ့လူနာတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ သမီးဖြစ်သူကပါ ဘယ်ကမှန်းမသိတဲ့ အပ်နဲ့ တက်တူးထိုးလာတဲ့အခါမှာတော့ အယ်လ်ဖာ့အမေရဲ့ စိုးရိမ်စိတ်တွေက မြင့်တက်သွားပါတော့တယ်။

    ဒါ့အပြင်ကိုမှ အယ်လ်ဖာ ရဲ့ အတန်းဖော်တွေကလည်း အယ်လ်ဖာ့မှာ ရောဂါရှိနေပြီအထင်နဲ့ ဝိုင်းပယ်ကြ စွပ်စွဲကြတဲ့အခါမှာ ၁၃ နှစ်သာရှိသေးတဲ့ အယ်လ်ဖာတစ်ယောက် ဘယ်လို ရင်ဆိုင်မလဲ။

    ဒါ့အပြင် ဆေးကြောင်နေတဲ့ ဦးလေးဖြစ်သူ အေမင်းကလည်း ရုတ်တရက်ကြီး အိမ်ပေါ်ရောက်လာခဲ့ပါသေးတယ်။

    ထူးဆန်းတဲ့စကားတွေ ပြောတတ်ပြီး တစ်ခါတလေမှာ ထူးဆန်းတဲ့ရောဂါမျိုး ရှိတယ်ထင်ရတဲ့ ဦးလေးအေမင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို ဇာတ်ကြောင်းမျိုးတွေ ရှိနေတာလဲ။

    အဲဒီ ရောဂါဆိုးကြီးအလယ်မှာ သူတို သုံးယောက်ရော ကြံ့ကြံ့ခံနိုင်ပါ့မလား ဆိုတာကိုတော့ Alpha အမည်ရ ရုပ်ရှင်မှာ ဆက်လက်ရှုစားလိုက်ကြပါဦးနော်။