Author: Baby Yit Lone

  • KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား

    KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား

    ဗန်းမော်မြို့မှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို စစ်တပ်က ပြန်လည် ရယူသွားသော်လည်း KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား၊ ဗန်းမော်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေး ဆက်လက် ထိုးစစ်ဆင်မည်

    ဗန်းမော်တိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၆၁၆ ဦး ကျဆုံးသည်ဟု စစ်တပ်က မဟုတ်မမှန် စိတ်ဓာတ်စစ် ဆင်ရေး ဝါဒဖြန့်နေ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားရာမှ စစ်တပ်က ပြန်လည် ရယူသွားသော်လည်း KIA မဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်များအားလုံး ဗန်းမော်မြို့ပေါ်တွင် ဆက်လက် ဖြန့်ကျက်နေရာယူကာ ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

    စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်က ခံစစ်လုပ်ထားသော စကခ ၂၁ ဌာနချုပ်အနီးမှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို ပြန်လည် ရယူသွားကြောင်း၊ KIA ပူးပေါင်းတပ်များက ပြန်လည် ဆုတ်ခွာခဲ့ရသော်လည်း ဗန်းမော်မြို့ပေါ် တစ်ခုလုံးတွင် ဖြန့်ကျက်နေရာယူကာ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက် ဆင်နွှဲနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

    “ဗန်းမော် အခြေအနေက စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ စကခ ၂၁ ဌာနချုပ်အနီးက သံချပ်ကာ တပ်ရင်းနဲ့ ခလရ ၂၃၆ ကို သူတို့ ပြန်ထိန်းချုပ်တယ်။ ကျန်တဲ့နေရာတွေမှာတော့ သူတို့နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်နေတုန်းပဲ။ ကျနော်တို့ တပ်တွေအားလုံးရှိနေတယ်။ အခုလည်း တိုက်ပွဲဖြစ်နေတယ်။ ကျနော်တို့ ဆုတ်ခွာလိုက်ရတဲ့နေရာတွေရော ဗန်းမော်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေး ဆက်ပြီးတော့ ထိုးစစ်ဆင်မှာပါ။ ကြိုးစားနေတယ်။ မြို့သိမ်းနိုင်ဖို့ ဆက်ပြီး ထိုးစစ်ဆင်နေတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

    စစ်တပ်၏ သတင်းထုတ်ပြန်မှုတွင် KIA ပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင် ၄၆၁၆ ဦး ကျဆုံးကြောင်း သတင်းထုတ်ပြန်ထားမှုမှာလည်း မှန်ကန်မှုမရှိဘဲ စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။

    “ကျဆုံးတာတွေရှိတယ်။ သူတို့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက အမှန် မဟုတ်ဘူး။ သူတို့က စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာမျိုး” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်ပြောဆိုသည်။

    ဗန်းမော်မြို့မှ KIA ရှေ့တန်းသတင်းရင်းမြစ်ကမူ ၁၀ လနီးပါး တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၀၀၀ နီးပါး သေဆုံးထိခိုက်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်များဘက်မှလည်း ထိခိုက်သေဆုံးမှု ရှိသော်လည်း စစ်တပ်၏ သေဆုံးမှုနှင့် နှိုင်းယှဉ်လျှင် အလွန် နည်းပါးကြောင်း ပြောဆိုသည်။

    ဗန်းမော်မြို့ကို သိမ်းယူနိုင်ရေး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၁၀ လနီးပါးကြာမြင့်သည်အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ စစ်တပ်က ဒရုန်း၊​ လေကြောင်းပစ်ကူများဖြင့် ခုခံနေကြောင်း၊ KIA ပူးပေါင်းတပ်များအနေဖြင့် ဗန်းမော်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူ၏ ပြောဆိုချက်အရ သိရှိရသည်။

  • စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

    စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

    မြိတ်-ထားဝယ်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

    မြိတ်-ထားဝယ်လမ်းပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမအတိုင်း စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ရွှေဂူတောင် စစ်ဆေးရေးဂိတ်ကနေ သရက်ချောင်းဖက်ကို ဦးတည်ဆင်းလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါတဲ့ အန်စာတုံးကား ၄ စီး၊ မြေတင်ကားတစ်စီး၊ Vigo ကားတစ်စီးပါတဲ့ ယာဉ်တန်းကို သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာကြား တောက်ထိန်တောင်လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အဲဒီ စစ်ကောင်စီတပ်ဟာ ရှေ့ကနေသွားတဲ့ကားတွေမှာ ဖမ်းဆီးလာတဲ့ အရပ်သားတွေကို လူသားဒိုင်းပြုလုပ်ပြီး တင်လာတာကြောင့် နောက်ဆုံးလိုက်ပါလာတဲ့ Vigo ကားကိုပဲ ပဒေသာရှေ့ထွက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သရက်ချောင်းမြို့နယ် သင်းကျွန်းရွာနဲ့ ရန်တောင်ရွာထဲကို ဝင်ရောက်ပြီး အရပ်သား ၁၀ ဦးကျော်ကို ဖမ်းဆီးသွားသလို နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    “အရပ်သား ၁၀ ကျော် ဖမ်းဆီးခံရပါတယ်။ နေအိမ်က ၃၀ ကျော် မီးရှို့ခံရပါတယ်။ မြိတ်-ထားဝယ်လမ်းပေါ်က ရန်တောင်ရွာနဲ့ သင်းကျွန်းရွာပါ”

    ဒါ့အပြင် ရွာသားတွေရဲ့ ဆိုင်ကယ်၊ ရွှေ၊ ငွေ နဲ့ တန်ဖိုးရှိပစ္စည်းတွေကို အဓမ္မယူဆောင်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

    အဆိုပါ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ ဒေါင်းညီနောင် စစ်ကြောင်းတို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

    ရုပ်သံ – ထားဝယ်ခရိုင်တပ်ပေါင်းစု

  • မုန့်လုပ်ကြရင်း စမူဆာအရေအတွက်လုရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးသေဆုံး

    မုန့်လုပ်ကြရင်း စမူဆာအရေအတွက်လုရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးသေဆုံး

    လဖက်ရည်ဆိုင်မှာ မုန့်လုပ်ကြရင်း စမူဆာအရေအတွက်လုရာက ဓားထိုးမှုဖြစ်လို့ ၁ ဦးသေဆုံး

    မန္တလေးတိုင်း၊ မိတ္တီလာမြို့က လဖက်ရည်ဆိုင်တဆိုင်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်က မုန့်ဆရာနဲ့ အကူတပည့်တို့ မုန့်လုပ်နေကြရင်း စကားများ ရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပြီး တပည့်ဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။

    မိတ္တီလာမြို့ ရတနာမာန်အောင်ရပ်ကွက်က လဖက်ရည်ဆိုင်မှာ မုန့်လုပ်တဲ့သူ အချင်းချင်း စကားများရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်ပြီး ဆရာဖြစ်သူက ကြက်သွန်လှီးတဲ့ ဓားနဲ့ ထိုးလို့ တပည့်ဖြစ်သူ သေဆုံးခဲ့တာလို့ သိရပါတယ်။

    “စမူဆာ လုပ်နေရင်း စကားများကြတာ။ ဘယ်နှခု ပြီးတယ်ဆိုပြီး။ စမူဆာတခုကို ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာဆိုတော့ ငါက ဘယ်နှခုပြီးတယ် ဘာညာနဲ့ စမူဆာအခု အရေအတွက် လုကြရင်း စိတ်မထိန်းနိုင်ဘဲ ဖြစ်တာ ” လို့ ဖြစ်စဉ်သိသူတစ်ဦးက ပြောပါတယ်။

    သေဆုံးသူမှာ မောင်ထွေး (ခ) ပျော်ဘွယ် အသက် ၁၇ နှစ် ဖြစ်ပြီး လူသတ်မှု ကျူးလွန်သူမှာ မောင်လင်း (ခ) အလီ အသက် ၃၇ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

    သူတို့ ၂ ယောက်လုံးဟာ လဖက်ရည်ဆိုင်မှာ မုန့်လုပ်ကိုင်တဲ့ ဆရာတပည့်တွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

    “သူတို့က ဆရာတပည့်တွေပါ အရင်က တပူးပူးတတွဲတွဲပါပဲ။ ခုက မုန့်ဗန်းလုရင်းဖြစ်ကြတာ။ မိတ္တီလာက ပရဟိတအသင်းက ကားနဲ့ ဆေးရုံပို့ကြရတာ။ ညနေမှာဆုံးသွားတယ်ကြားတယ်။ သွေးထွက်လွန်သွားတာ ဒဏ်ရာလည်း ပြင်းတယ်” လို့ ဖြစ်စဉ်သိသူတစ်ဦးက ပြောပါတယ်။

    မိတ္တီလာမြို့ ဆေးရုံကြီးကို ကျူးလွန်ခံရသူ မောင်ထွေး (ခ) ပျော်ဘွယ်ကို နေ့လယ် ၃ နာရီခန့်က အတွင်းလူနာအဖြစ် ပို့ခဲ့ကြပြီး ညနေ ၅ နာရီမှာ သေဆုံးခဲ့ကာ ကျူးလွန်သူ မောင်လင်း (ခ) အလီ ကိုတော့ စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၃၂၆ လူထိခိုက်စေမှုနဲ့ တရားစွဲဆိုထားရာက ပုဒ်မ ၃၀၂ လူသတ်မှုကို ပြောင်းကာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။

  • “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အား ချိတ်ပိတ်အရေးယူ

    “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violetအား ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် ဆိုင်အားချိတ်ပိတ်အရေးယူထားကြောင်း သတင်းရရှိသည်။

    မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃×၃၆လမ်းထောင့်ရှိ COVER ကလပ်ဆိုင်တွင် DJ Violet မှ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အား DJ ဖွင့်ခဲ့ခြင်းဖြစ်သည်။

    “သိရသလောက်တော့ ပင်တိုင် DJ မဟုတ်ဘဲ ဧည့်သည်DJဖြစ်ပြီး သူက အဲသီချင်းဖွင့်တီးသွားတာ။ သိသိချင်း ဆိုင်အနေနဲ့လည်း သက်ဆိုင်ရာကို နောက်ရက်ချက်ချင်းတောင်းပန်တယ်လို့သိရတယ်။ ဆိုင်ကိုတော့ စစ်ဆေးဆဲကာလမို့ ချိတ်ပိတ်ထားတယ်။ သီချင်းဖွင့်တဲ့ DJ အမျိုးသမီးကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဘာပုဒ်မနဲ့အရေးယူမလည်းဆိုတာတော့ နောက်မှသိရမယ်” ဟု တာဝန်ရှိသူတစ်ဦးက အရေးယူမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

    DJ Violet က “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်တွင် DJ ဖြင့် တီးခတ်ဖျော်ဖြေမှုများ လူမှုကွန်ရက်စာမျက်နှာများ၌ ထွက်ပေါ်လာအပြီးတွင် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ၎င်းက လူမှုကွန်ရက်တွင် ပြန်လည်တောင်းပန်ခဲ့သည်။

    ဗုဒ္ဓဓမ္မတေး DJ remix လုပ်ထားသည့် သီချင်းကို စင်မြင့်ပေါ်တွင်ဖွင့်မိခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များအနေဖြင့် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်ရှင့်။ ညီမသည် ယနေ့အချိန်ထိ ဘာသာ သာသနာပေါ်ချစ်မြတနိုးပြီး နေ့စဉ် ယုံကြည်ကိုးကွယ်နေသူဖြစ်ပါရက်နဲ့ ယုခုလို အဖြစ်မျိုးကိုကြုံခဲ့ရအတွကိ လွန်စွာ စိတ်ထိခိုက်ရပါတယ်ရှင့်။ ထို့ကြောင့် မိမိအပြစ်ထင်ရှားသည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများ နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ အားလုံးကို အနူးညွှန့် ဝန်ချတောင်းပန်အပ်ပါတယ်ရှင့်။ သက်ဆိုင်ရာ သံဃာတော်အဖွဲ့အစည်းများနဲ့ တောင်းပန်အပ်သူများအားလုံးထံသို့လဲ ဆက်လက်တောင်းပန် သွားမှာဖြစ်ပါတယ်ရှင့်။ ဘဝမှာပြင်လို့မရတဲ့ အမှားတစ်ခုကို ကျူးလွန်မိခဲ့သည့်အတွက် လဲ နောင်တများစွာ ရခဲ့ရပါတယ်ရှင့်။ တောင်းပန်အပ်သူများအားလုံးကို တောင်းပန်ပါတယ်ရှင့် ” ဟု DJ Violet က လူမှုကွန်ရက်တွင် ရေးသားထားသည်။

    ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယကဆရာတော်ထံ သွားရောက်တောင်းပန်ထားသည့် ဓာတ်ပုံများနှင့် လျှောက်ထားတောင်းပန်မှုများကိုလည်း DJ Violet က ပြုလုပ်ခဲ့ပြီး ယခုသက်ဆိုင်ရာက အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

  • ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ

    သတ်မှတ်ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် မပြည့်မီလို့ ဖျက်သိမ်းလိုက်တဲ့ပါတီ ၄ ခုက အယူခံဝင်လို့ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်‌တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    ဖျက်သိမ်းလိုက်တဲ့ပါတီတွေအပေါ် ဖြေလျှော့ဆောင်ရွက်ပေးလိုက်ရင် သတ်မှတ်ချက်ပြည့်မီအောင် ဆောင်ရွက်တဲ့ တခြားပါတီတွေအပေါ် တရားမျှတမှာ မဟုတ်ဘူးလို့ နေပြည်တော်မှာလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင် ‌အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုလိုက်တာပါ။

    ဒါကြောင့် သတ်မှတ်ထားတဲ့ စည်းမျဥ်းအတိုင်းပဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပါတီတည်ထောင်ခွင့်ပြုထားပြီး နှစ်နှစ်အတွင်းမှာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ပေမယ့် အချိန်နီးမှ ဆောင်ရွက်တာတွေရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။

    ကော်မရှင်က ဒီနှစ် မေကနေ စက်တင်ဘာလအထိ ပါတီတွေနဲ့ ၁၅ ကြိမ်ခန့်တွေ့ဆုံပြီး အသိပေးဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

    ပါတီတွေက ပေးပို့လာတဲ့ ပါတီဝင်ဦးရေအချက်အလက်တွေကို လဝကနဲ့ ကော်မရှင်က စစ်ဆေးပြီး မှားယွင်းနေတဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့လ ၂၆ ရက်နေ့မှာ ပါတီတွေထံ ပြန်ပေးခဲ့တယ်လို့ ကော်မရှင်က ပြောဆိုပါတယ်။

    စိစစ်ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး အချက်အလက် အသေးစိတ်ရှိတာကြောင့် ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လာရောက် ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။

    ပါတီအယူခံဝင်လို့ မရဘူးဆိုတဲ့အပေါ် “၂၀၁၅ နဲ့ ၂၀၂၀ ကနေ ၂၀၂၅ အထိ ဒီအခင်းအကျင်းတွေကို ကိုယ့်ရဲ့ နိုင်ငံရေးယုံကြည်ချက်ပေါ့ ဗျာ။ ပွတ်ကာသီကာ ကျန်ခဲ့ရတယ်ဆိုတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအားလုံးထိခိုက်ကြရတယ်” လို့ ဖျက်သိမ်းခံလိုက်ရတဲ့NDF ပါတီအတွင်းရေးမှူး ဦးကျော်ထက်က ပြောပါတယ်။

    NDF ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနဲ့ မွန်အမျိုးသမီးပါတီတို့ ပယ်ဖျက်ခံရတာကြောင့် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ၊ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပဲ တစ်နိုင်ငံလုံးဝင်ပြိုင်မဲ့အထဲ ကျန်တော့မှာပါ။

    ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာကနေ ဇန်နဝါရီအတွင်း အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပနိုင်ဖို့ စီစဥ်ထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ဖို့အတွက် အသင်းအဖွဲ့ မှတ်ပုံတင်ရှိတဲ့ ပြည်တွင်းကအဖွဲ့အစည်းတွေကို ခွင့်ပြုသွားမှာဖြစ်ပြီး နိုင်ငံတကာသံရုံးတွေနဲ့ မိတ်ဖက်အဖွဲ့အစည်း ၂၀ ဝန်းကျင်ကို ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။

    လာမယ့် စက်တင်ဘာလကုန်ပိုင်းမှာ မဲစာရင်းကြေငြာမှာဖြစ်ပြီး အမှားအယွင်းရှိရင် ပြည်သူတွေအနေနဲ့ ရပ်ကျေးကော်မရှင်တွေထံ တင်ပြကြဖို့ကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်က ပြောဆိုသွားပါတယ်။