မမက်ချင်တဲ့အိပ်မက်ဆိုးတွေ ဆယ်ကျော်အသက်အရွယ်သမီးဖြစ်သူကို သူငယ်ချင်းမွေးနေ့မှာ သူ့သူငယ်ချင်းတွေနဲ့အတူ လည်ပတ်သွားလာ ပြီး မုန့်စားဖို့ချိန်းဆိုထားတဲ့ ဆိုင်တဆိုင်ဆီ လိုက်ပို့ရင်း အရက်ဘီယာတွေ အများကြီးမသောက်ဖို့ ၊ မသိတဲ့ လူတွေနဲ့ မလိုက်သွားဖို့ ကိုမိုးဇက်တယောက်က မှာနေပါတယ်။ ဒါ့အပြင် ဒီဆိုင်ကနေ တခြားတနေရာကို ထပ်ရွှေ့တယ်ဆိုရင်လည်း ဘယ်ကို သွားတယ်ဆိုတာ အဖေ့ဆီကို ဖုန်းဆက်ဖို့ တွင်တွင်မှာနေခဲ့တယ်။ မုန့်စားဖို့ ချိန်းထားတဲ့ ဆိုင်ရှေ့မှာ သမီးကိုချထားခဲ့ပေမယ့် သူ့စိတ်ကတော့ အိမ်ပြန်မရောက်သေးပါဘူး။ သူတို့မိသားစုနေထိုင်ရာ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသမှာက မူးယစ်ဆေးဝါးဆိုတာ လွယ်လင့်တကူ ရရှိနိုင်တဲ့အရာ ဖြစ်ပြီး လောင်းကစားနဲ့ မူးယစ်ဆေးဝါးကြောင့် ပစ္စည်းခိုးမှုတွေ၊ ပြန်ပေးဆွဲ လုယက် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်လေ့ရှိတော့ လုံခြုံမှုမရှိပါဘူး။ သမီးဖြစ်သူကို လူငယ်သဘာဝ ပျော်ပျော်ပါးပါးသွားလာတာ ခွင့်ပြုထားပေမယ့် မူးယစ်ဆေးဝါးတွေနဲ့ နီးစပ်သွားမှာ၊ […]