Category: News

  • ပခုက္ကူနယ်က ပျူစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်

    စစ်အုပ်စု လေကြောင်းပစ်ကူလို့ ဒေသခံ ၃၀၀၀ ခန့် စစ်ဘေးရှောင်နေရ

    မကွေးတိုင်း ပခုက္ကူနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာလ ၁၁ ရက် ဒီကနေ့ မ နက်မှာ စတင်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စခန်းတစ်ခုလုံး အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက်ပိုင်းက စပြီး ပခုက္ကူနယ်နဲ့ မြိုင်နယ်အစပ်က ပျူစောထီးစခန်းတစ်ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စု အထိနာပြီး အသေအပျောက်တွေ ရှိသလို အရှင် ဖမ်းဆီးရမိတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    “စခန်းကတော့ လုံးလုံးသိမ်းလို့ ပြီးခဲ့တယ်ဗျ ”လို့ ‌ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သတ်ပြီး တိုက်ပွဲထဲမှာပါတဲ့ ‌တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့တွေ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းပစ်ကူပေးသလို ကမ္မမြို့ ပေါ်ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ရေလာကြီး ကျေးရွာက ပြည်သူသုံးဦး လက်နက်ကြီးထိမှန် ဒဏ်ရာ ရရှိခဲ့သလို အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူ ၃၀၀၀ ခန့်လည်း ဘေး‌လွတ်ရာက်ကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “လေယာဉ်လာပစ်တုန်းကတည်းက ရှောင်နေရတာ။ စစ်ရှောင်‌ရတာကတော့ တောတွေထဲနေရတာ ပဲစင်း ငုံခင်း တို့ ဇီးပင်အောက်တို့မှာ နေရတာ ။ တဲလည်းမရှိဘူး”လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

    စစ်အုပ်စုပျူ စောထီးစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေချိန်မှာ စစ်အုပ်စုက Mi35 နဲ့ လေကြောင်း ပစ်ကူ ပေးခဲ့သလို ပခုက္ကူတပ်မ ၁၀၁ ကနေလည်း စစ်ကူအင်အား ၂၀၀ ခန့်က စစ်ကြောင်းနှစ်ကြောင်းခွဲ‌ထိုးလာတယ်လို့ ပြောပါတယ်။

    လက်ရှိမှာ တော်လှန်ရေးတပ်တွေနဲ့စစ်အုပ်စုစစ်ကြောင်းတို့ တိုက်ပွဲ ထပ်မံဖြစ်ပွား‌နိုင်တာကြောင့် ဒေသခံပြည်သူ တွေအနေနဲ့ ကျေးရွာတွေကို မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။

  • ရွှေတောင်မြို့နယ်၊ ဘုရားသုံးဆူပွဲတော်သို့ လာရောက်သည့် လူငယ် ၁၇ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

    ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ဘုရားသုံးဆူပွဲတော်သို့ လာရောက်သည့် လူငယ် ၁၇ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စပြီး ရွှေတောင်မြို့နယ်တွင် ကျင်းပနေသည့် ဘုရားသုံးဆူပွဲတော်ကို လာရောက်သည့် လူငယ် ၁၇ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိသားစုဝင်များက ငွေဖြင့် လိုက်လံ ရွေးထုတ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိတော့ကြောင်း သိရသည်။

    “ရွှေတောင်မြို့နယ်က ဘုရားသုံးဆူပွဲတော်ကို လာရောက်တဲ့ ပြည်သူ ၁၇ ဦးကို စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ဘုရားပွဲ ၂ ရက်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၁၇ ဦး ပါသွားပါပြီ ဘုရားပွဲ အသွားအပြန်ကို စောင့်ပြီး ဖမ်းနေတာ နေအိမ်တွေကို ဝင်ဆွဲတာတွေလည်း ရှိနေပါတယ်။ စစ်ခွေးတွေက လူငယ်တိုင်း စစ်မှု မထမ်းမနေရထမ်းရမယ်ပြောပြီး လိုက်ထုတ်တဲ့ မိသားစုတွေကို ပြောတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

  • စစ်ရှုံးနေသည့် မင်းအောင်လှိုင် ပြင်ဦးလွင် စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်မည်

    စစ်တပ်ပြိုကွဲပျက်စီးနေ၍ မင်းအောင်လှိုင်ကို လဲလှယ်ရန် အမျိုးသားရေးသမားများနှင့်စစ်တပ်ထောက်ခံသူများအကြား တောင်းဆိုနေ

    မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရှုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်တွင် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ တက်ရောက်မည်ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

    ပြင်ဦးလွင်တွင် DSTA ခေါ် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ ပြုလုပ်ရန် ရှိနေပြီး မူလအစီအစဉ်တွင် မင်းအောင်လှိုင် တက်ရောက်မည်ဟု အစီအစဉ်ရေးဆွဲထားကြောင်း၊ အဆိုပါ ကျောင်းဆင်းပွဲအတွက် လုံခြုံရေး အကြို လေ့ကျင့်ခြင်းနှင့် ကျောင်းဆင်းပွဲ အကြိုလေ့ကျင့်ခြင်းများကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တို့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    “DSTAကျောင်းဆင်းပွဲကို တပ်ချုပ်တက်မယ်။ လုံခြုံရေးတွေလည်း အထူးတင်းကျပ်ထားပါတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

    ရခိုင်ပြည်၊ ကချင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးတွင် အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် စစ်ရှုံးမှုများ ကြုံတွေ့နေရသော်လည်း အမျိုးသားအားကစားပွဲတော်ကျင်းပခြင်း၊ ပွဲလမ်းအခမ်းအနားတွင် ခပ်ပြုံးပြုံးဖြင့် အေးအေးလူလူ တက်ရောက်နေခြင်းတို့ကြောင့် စစ်တပ်ထောက်ခံသူများ၊ အမျိုးသားရေးအစွန်းရောက်များအကြား မင်းအောင်လှိုင်ကို အခြားတိုက်ရည်ခိုက်ရည်ကောင်းမွန်သော စစ်ခေါင်းဆောင် တစ်ဦးဖြင့် အမြန်ဆုံး လဲလှယ်ရန် တောင်းဆိုမှုများ ဆက်တိုက် ထွက်ပေါ်လျက်ရှိသည်။

    စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းက လက်ရှိ စစ်တပ်က တစ်နိုင်ငံလုံး ကြုံတွေ့နေရသော စစ်ရှုံးမှုများနှင့် စစ်တပ် ပျက်စီးနေခြင်းမှာ စစ်ခေါင်းဆောင်တွင် တာဝန်အပြည့်ရှိကြောင်း၊ အာဏာထိန်းသည်ဟုဆိုကာ အာဏာရယူခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ယမန်နေ့ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။

    “တပ်မတော်တစ်ရပ်အနေနဲ့ အရမ်းကို ရှက်ဖို့ကောင်းပါတယ်။ အဘအနေနဲ့ အာဏာထိန်းခဲ့တာ အဘမှာ တာဝန်အပြည့်ရှိပါတယ်။ နခခ ၅ ကျသွားပြီ။ ကျနော် နားတော့မှာပါ။ မယုံရင်ကြည့်နေပါ အမ်းလည်း နောက်၂ ရက်၊ ၃ ရက်နေရင် ကျမှာပါ။ ကျမှာ ကြိမ်းသေတယ်။ ဖလမ်း။ ကျနော်တို့ ကြိုပြီးတော့ အော်ခဲ့တဲ့နေရာတွေအားလုံးက အထက်လူကြီးတွေများ သိကောင်းလေရဲ့လား၊ သိလေရဲ့လား။ ဒီအချိန်ကာလမျိုးမှာ တပ်မတော်က ပေးဆပ်ရတာများသွားပြီ။ တိုင်းပြည်အတွက် နိုင်ငံ့ခေါင်းဆောင်အနေနဲ့ ဘာဆက်လုပ်ပေးမှာလဲ။ ကျဆုံးသွားတဲ့စစ်သည်တွေအတွက်ထားလိုက်တော့။ အာဏာထိန်းတာနဲ့ အဘက်ဘက်က ပျက်စီးသွားတဲ့တိုင်းပြည်အတွက် ဘာလုပ်ပေးမှာလဲ။ ဘာလုပ်ပေးမှာလဲ သိချင်တယ်” ဟု စစ်လော်ဘီ ဇော်ဘုန်းဟိန်းက ပြောဆိုသည်။

    အမျိုးသားရေးအစွန်းရောက် မပုတုကလည်း လက်ရှိ အခြေအနေများမှာ စစ်ခေါင်း ဆောင်၏ ပျော့ညံ့မှုကြောင့် ဖြစ်ကြောင်း၊ ကြောက်နေတာလား၊ ခြောက်နေတာလားဟု မေးခွန်းထုတ်သည်။

    “ဂုဏ်သိက္ခာ နဲ့ အရှက်တရားဆိုတာ ဘာလဲလို့ မေးရတော့မှာ။ မေးပေးဦး၊ ကြောက်နေတာလား၊ ခြောက်နေတာလား လို့” ဟု တယ်လီဂရမ်လူမှုကွန်ရက်တွင် အမျိုးသားရေးအစွန်းရောက် မပုတုက ရေးသားထားသည်။

    ရခိုင်ပြည်၊ မောင်တောတွင် ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်ခေါင်းဆောင် သူရိန်ထွန်းကို မြေကြီးပေါ်တွင် လက်ပြန်ကြိုးတုပ်၍ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် မြင်ကွင်းသည် တပ်ထောက်ခံသူများအတွက် အလွန် ဆိုးရွားသော မြင်ကွင်းဖြစ်ကြောင်း၊ တပ်ချုပ်ဆိုသည့်သူမှာ အေးရာအေးကြောင်း ပွဲတက် မပြတ်၍ အလွန်ညံ့ဖျင်းသော စစ်ခေါင်းဆောင်ဖြစ်ကြောင်း အမျိုးသားရေးအစွန်းရောက်တစ်ဦးက ဆိုသည်။

    “မြင်ရတာ တကယ်ပါကွာ မြန်မာ့တပ်မတော်မှဟုတ်သေးရဲ့လားကွာ။ ခေတ်အဆက်ဆက် သူပုန်တွေကိုအသေတိုက်လာခဲ့သမျှ ဦးနေ၀င်း၊ ဦးသန်းရွှေ နော်ခေတ်အဆက်ဆက်ပဲ ။ အခုဟာကြီးကကွာ တော်တော်ကိုကြည့်ရဆိုးတယ်။ ကိုယ့်တပ်မတော်သားတွေကို အဲ့လိုမြင်ကွင်းမျိုးမြင်ရတာ ကာချုပ်မဟုတ်တဲ့ငါတောင်မှ ရခိုင်တပြည်လုံးကိုပြာချပစ်ချင်နေပြီ။ ကာချုပ်ကတော့အေးရာအေးကြောင်းပဲလား။ ဘာလဲတော့မပြောတတ်ဘူး။ သူ့အကြောင်းလဲ ဒီလောက်မသိဘူး။ ငါသိတာတစ်ခုကတော့ ဒီစစ်ခေါင်းဆောင်ဟာသမိုင်းမှာအညံ့ဆုံး အဖျင်းဆုံး ခေါင်းဆောင်အဖြစ်ကျန်ရစ်တော့မှာကိုပဲ” ဟု အမျိုးသားရေးအစွန်း ရောက် စစ်တပ်ထောက်ခံသော “စစ်သတင်း” အမည်ရ တယ်လီဂရန်ချန်နယ်က သုံးသပ်ရေးသားထားသည်။

    ထို့ပြင် စစ်တပ်ထောက်ခံသော တယ်လီဂရန်ချန်နယ် Admin တစ်ဦးကလည်း မင်းအောင်လှိုင်သည် ပွဲတက်၍ လက်အောက် ငယ်သားများကို ပြန်လမ်း မရှိသည့် သေလမ်းကို လျှောက်ခိုင်းနေကြောင်း ပြောဆိုထားသည်။

    “ဘုရင့်နောင်ဟာ တစ်ဖက်ကမ်းကရန်သူကိုတိုက်ဖို သူ့လူတွေကိုဖောင်ဖျက်ခိုင်းတဲ့အချိန်မှာ သူကိုယ်တိုင်လည်း ဒီဖက်ကမ်းမှာ ကျန်ခဲ့တာမဟုတ် ဘူး ။ဘုရင့်နောင်ဖောင်ဖျက်ဆိုတဲ့စိတ်ဓာတ်ပေါ်ပေါက်လာရခြင်းရဲ့အရင်းခံက ဘုရင့်နောင်ဆိုတဲ့ခေါင်းဆောင်ကိုယ်တိုင်ကြောင့်ပဲ ။ သူကိုယ်တိုင်က ပွဲလမ်းသဘင်တွေကျင်းပပြီး သူ့လူတွေကို ပြန်လမ်းမရှိတဲ့လမ်းကိုလျှောက်ခိုင်းမှာမဟုတ်ဘူး” ဟု စစ်တပ်ထောက်ခံသော တယ်လီဂရန်ချန်နယ် Admin တစ်ဦးက ဆိုသည်။

    ယခုဒီဇင်ဘာလအတွင်း ရခိုင်ပြည်တွင် မောင်တောမြို့နယ်တစ်ခုလုံးကို လက် လွှတ်လိုက်ရပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်ခေါင်းဆောင်များ ဖမ်း ဆီးခံရခြင်း၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပိတ်ဆို့ တိုက်ခိုက်ခံနေရခြင်း၊ ကချင်ပြည်နယ်တွင် ဗန်းမော်နှင့်မံစီမြို့တို့ကို KIA က တိုက်ခိုက်သိမ်းပိုက်နေခြင်းတို့ကြောင့် မင်းအောင်လှိုင်ကို ရသည့်နည်းဖြင့် ဖယ်ရှားရန် တောင်းဆိုမှုများ တပ်အသိုင်းအဝိုင်းနှင့် မဘသအမျိုးသားရေး အသိုင်းအ၀ိုင်းတွင် ဆက် တိုက် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ဒီဇင်ဘာလ ၉ ရက်နေ့ အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်ကို ဖွင့်လှစ်စဉ် အလံဝှေ့ရမ်း ပျော်မြူးနေသည့် မင်းအောင်လှိုင်နှင့် ကြူကြူလှ။

  • စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ဗြိတိန်အမတ်တချို့ အဆိုတင်

    စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေရဲ့တောင်းဆိုချက်ကို ကြိုဆိုကြောင်း ဗြိတိန်လွှတ်တော်အမတ်တွေက လွှတ်တော်ကို လက်မှတ်ရေးထိုး အဆိုတင်သွင်းလိုက်ပါတယ်။

    ဗြိတိန်တစ်သီးပုဂ္ဂလအမတ် လေးဦး၊ မြောက်စကော့တစ် နေရှင်နယ်လစ်ပါတီက အမတ်တစ်ဦးနဲ့ ဒီမိုကရက်တစ်ယူနီယံနစ်ပါတီ အမတ်တစ်ဦး စုစုပေါင်း ခြောက်ဦးက ဒီအဆိုကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တင်သွင်းခဲ့တာလို့ ဗြိတိန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုက ပြောပါတယ်။

    “ကျွန်တော်တို့ NUG အနေနဲ့ ဒါကို ကြိုဆိုပါတယ်၊ အခုလို တင်သွင်းလိုက်တာဟာ ပြစ်မှုကျူးလွန်သူတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်ကိုဖြစ်ရမယ်၊ ပြည်သူလူထုကို မတရားလုပ်ခဲ့တဲ့သူတွေဟာ အချိန်တန်ရင် တရားဥပဒေနဲ့ ရင်ကို ရင်ဆိုင်ရမယ်ဆိုတာ ရှိပါတယ်၊ ဘယ်သူပဲ လုပ်ခဲ့လုပ်ခဲ့ပေါ့”

    ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ရာထောင်ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ရတဲ့ အကြမ်းဖက်မှုတွေ အပါအဝင် နိုင်ငံတကာဥပဒေတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆက်စပ်နေကြောင်း ယုံကြည်ရတဲ့ သက်သေတွေအပေါ် အခြေခံပြီး တောင်းဆိုတာကို လွှတ်တော်က အသိအမှတ်ပြုကြောင်း အဲဒီအဆိုမှာ ထည့်သွင်းထားပါတယ်။

    ဗြိတိန်အမတ်တွေပူးပေါင်းပြီး အဆိုတင်သွင်းလိုက်တဲ့အပေါ် အားရမိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

    “ဒါက အင်မတန်မှ ကျွန်တော်တို့အတွက် အားရတယ်၊ ဘာလို့လဲဆိုတော့ ယူကေအစိုးရအပေါ်မှာလည်း ဖိအားရှိလာမယ်၊ ယူကေအစိုးရကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်း တကယ်ထွက်လာတဲ့အချိန်မှာ ဖမ်းပေးဖို့ ဘယ်လိုနည်းနဲ့မဆို ကြိုးစားပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ခင်ဗျ”

    ဒါ့အပြင် ဖမ်းဝရမ်းထုတ်မယ်ဆိုရင် ဗြိတိန်အပါအဝင် ICC မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေရဲ့ နယ်မြေကို ရောက်တာနဲ့ ဖမ်းဆီးဖို့ တာဝန်ရှိတဲ့အကြောင်းလည်း အဆိုမှာ ပါဝင်ပါတယ်။

    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွေက် မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင်ခန်း (Karim Khan) က ICC ကို နိုဝင်ဘာလ ၂၇ ရက်နေ့က တင်ပြလျှောက်ထားခဲ့တာပါ။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေရဲ့တောင်းဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊ Burma Campaign UK အဖွဲ့၊ မြန်မာရိုဟင်ဂျာအသင်း (BROUK) စတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုကြောင်း အသီးသီးထုတ်ပြန်ထားကြပါတယ်။

    ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (Photo : Reuters)

  • ရေတာရှည် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေ

    ရေတာရှည် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေ

    ရေတာရှည် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေပြီး စစ်ရေးတင်းမာနေကာ တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ဂရုပြု သွားလာကြရန် PDF တပ်ဖွဲ့က သတိပေး

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို မတရား ဖမ်းဆီးရိုက်နှက်နေ၍ မြေပြင်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများ ဂရုပြု သွားလာကြရန် တော်ဝင်လျှပ်စီး စစ်ကြောင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် အီဗယ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အင်အား ၅၀ ကျော်ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက သွားရောက် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၂၄ ဦး သေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း အထိနာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျွန်းတောကုန်းကျေးရွာတွင် တပ်စွဲပြီး အနီးအနားကျေးရွာများကို နေ့စဉ် ကင်းလှည့်၍ ပြည်သူများကို မတရားဖမ်းဆီး ရိုက်နှက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာကို ကင်းလှည့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို RTC စစ်ကြောင်းမှ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

    လက်ရှိချိန်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ကမ်း၌ PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ စစ်ရေးအခြေအနေ တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ နေရာများနှင့် နီးစပ်ရာ နေရာများကို သွားလာခြင်းမပြုလုပ်ရန် တော်ဝင်လျှပ်စီး စစ်ကြောင်းက အသိပေး ပြောဆိုထားသည်။

    “ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ ပြီးကတည်းက ကျွန်းတောကုန်းကျေးရွာမှာ စစ်ခွေးတွေက တပ်စွဲထားပြီး နှောပင်ကျေးရွာနဲ့ ထိပ်ပေါက် ကျေးရွာတွေကို ကင်းလှည့်တာတွေ ရွာသားတွေကို ဖမ်းဆီးစစ်ဆေး နှိပ်စက် တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ စစ်တောင်းမြစ်ရဲ့ အနောက်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေမှာ ဖြစ်နေတာဆိုတော့ ရေတာရှည်မြို့နဲ့ ဆွာမြို့က စစ်ကူစစ်ကြောင်းတွေ လွယ်လင့်တကူ ရောက်လာနိုင်တဲ့ နေရာတွေလည်း ဖြစ်နေပါတယ်။ လက်ရှိချိန်မှ စစ်ရေးက ဆက်လက် တင်းမာနေတုန်းပဲ” ဟု တော်ဝင်လျှပ်စီးစစ်ကြောင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် အီဗယ်က ပြောဆိုသည်။