Category: News

  • စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ဗြိတိန်အမတ်တချို့ အဆိုတင်

    စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေရဲ့တောင်းဆိုချက်ကို ကြိုဆိုကြောင်း ဗြိတိန်လွှတ်တော်အမတ်တွေက လွှတ်တော်ကို လက်မှတ်ရေးထိုး အဆိုတင်သွင်းလိုက်ပါတယ်။

    ဗြိတိန်တစ်သီးပုဂ္ဂလအမတ် လေးဦး၊ မြောက်စကော့တစ် နေရှင်နယ်လစ်ပါတီက အမတ်တစ်ဦးနဲ့ ဒီမိုကရက်တစ်ယူနီယံနစ်ပါတီ အမတ်တစ်ဦး စုစုပေါင်း ခြောက်ဦးက ဒီအဆိုကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တင်သွင်းခဲ့တာလို့ ဗြိတိန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုက ပြောပါတယ်။

    “ကျွန်တော်တို့ NUG အနေနဲ့ ဒါကို ကြိုဆိုပါတယ်၊ အခုလို တင်သွင်းလိုက်တာဟာ ပြစ်မှုကျူးလွန်သူတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်ကိုဖြစ်ရမယ်၊ ပြည်သူလူထုကို မတရားလုပ်ခဲ့တဲ့သူတွေဟာ အချိန်တန်ရင် တရားဥပဒေနဲ့ ရင်ကို ရင်ဆိုင်ရမယ်ဆိုတာ ရှိပါတယ်၊ ဘယ်သူပဲ လုပ်ခဲ့လုပ်ခဲ့ပေါ့”

    ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ရာထောင်ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ရတဲ့ အကြမ်းဖက်မှုတွေ အပါအဝင် နိုင်ငံတကာဥပဒေတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆက်စပ်နေကြောင်း ယုံကြည်ရတဲ့ သက်သေတွေအပေါ် အခြေခံပြီး တောင်းဆိုတာကို လွှတ်တော်က အသိအမှတ်ပြုကြောင်း အဲဒီအဆိုမှာ ထည့်သွင်းထားပါတယ်။

    ဗြိတိန်အမတ်တွေပူးပေါင်းပြီး အဆိုတင်သွင်းလိုက်တဲ့အပေါ် အားရမိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

    “ဒါက အင်မတန်မှ ကျွန်တော်တို့အတွက် အားရတယ်၊ ဘာလို့လဲဆိုတော့ ယူကေအစိုးရအပေါ်မှာလည်း ဖိအားရှိလာမယ်၊ ယူကေအစိုးရကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်း တကယ်ထွက်လာတဲ့အချိန်မှာ ဖမ်းပေးဖို့ ဘယ်လိုနည်းနဲ့မဆို ကြိုးစားပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်ခင်ဗျ”

    ဒါ့အပြင် ဖမ်းဝရမ်းထုတ်မယ်ဆိုရင် ဗြိတိန်အပါအဝင် ICC မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေရဲ့ နယ်မြေကို ရောက်တာနဲ့ ဖမ်းဆီးဖို့ တာဝန်ရှိတဲ့အကြောင်းလည်း အဆိုမှာ ပါဝင်ပါတယ်။

    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွေက် မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင်ခန်း (Karim Khan) က ICC ကို နိုဝင်ဘာလ ၂၇ ရက်နေ့က တင်ပြလျှောက်ထားခဲ့တာပါ။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေရဲ့တောင်းဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊ Burma Campaign UK အဖွဲ့၊ မြန်မာရိုဟင်ဂျာအသင်း (BROUK) စတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုကြောင်း အသီးသီးထုတ်ပြန်ထားကြပါတယ်။

    ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (Photo : Reuters)

  • ရေတာရှည် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေ

    ရေတာရှည် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေ

    ရေတာရှည် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေပြီး စစ်ရေးတင်းမာနေကာ တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ဂရုပြု သွားလာကြရန် PDF တပ်ဖွဲ့က သတိပေး

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို မတရား ဖမ်းဆီးရိုက်နှက်နေ၍ မြေပြင်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများ ဂရုပြု သွားလာကြရန် တော်ဝင်လျှပ်စီး စစ်ကြောင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် အီဗယ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အင်အား ၅၀ ကျော်ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက သွားရောက် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၂၄ ဦး သေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း အထိနာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျွန်းတောကုန်းကျေးရွာတွင် တပ်စွဲပြီး အနီးအနားကျေးရွာများကို နေ့စဉ် ကင်းလှည့်၍ ပြည်သူများကို မတရားဖမ်းဆီး ရိုက်နှက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာကို ကင်းလှည့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို RTC စစ်ကြောင်းမှ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

    လက်ရှိချိန်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ကမ်း၌ PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ စစ်ရေးအခြေအနေ တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ နေရာများနှင့် နီးစပ်ရာ နေရာများကို သွားလာခြင်းမပြုလုပ်ရန် တော်ဝင်လျှပ်စီး စစ်ကြောင်းက အသိပေး ပြောဆိုထားသည်။

    “ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ ပြီးကတည်းက ကျွန်းတောကုန်းကျေးရွာမှာ စစ်ခွေးတွေက တပ်စွဲထားပြီး နှောပင်ကျေးရွာနဲ့ ထိပ်ပေါက် ကျေးရွာတွေကို ကင်းလှည့်တာတွေ ရွာသားတွေကို ဖမ်းဆီးစစ်ဆေး နှိပ်စက် တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ စစ်တောင်းမြစ်ရဲ့ အနောက်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေမှာ ဖြစ်နေတာဆိုတော့ ရေတာရှည်မြို့နဲ့ ဆွာမြို့က စစ်ကူစစ်ကြောင်းတွေ လွယ်လင့်တကူ ရောက်လာနိုင်တဲ့ နေရာတွေလည်း ဖြစ်နေပါတယ်။ လက်ရှိချိန်မှ စစ်ရေးက ဆက်လက် တင်းမာနေတုန်းပဲ” ဟု တော်ဝင်လျှပ်စီးစစ်ကြောင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် အီဗယ်က ပြောဆိုသည်။

  • ဗိုလ်မှူးချုပ်သူရိန်ထွန်း (သို့မဟုတ်) AA ဖမ်းမိသည့် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်

    ဗိုလ်မှူးချုပ်သူရိန်ထွန်း (သို့မဟုတ်) AA ဖမ်းမိသည့် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်

    ရခိုင်တပ် AA က ဖမ်းထားသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသတွင် သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်ဖြစ်သည်။

    မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်တပ် AA ၏စစ်သုံ့ပန်းအဖြစ် ဖမ်းခံလိုက်ရပြီဖြစ်သည်။

    ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ပြီး မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နယ်စပ်တလျှောက် စစ်ဆင်ရေးများကို ကြီးကြပ်ရသူဖြစ်သည်။

    ဒေသတွင်းတွင် သူ၏သြဇာမှာ စစ်ကောင်စီခန့် အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများ၏ အထက်တွင် ရှိပြီး ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်ကို ပေါင်းပြီးဖွဲ့ထားသည့် မောင်တောခရိုင်တွင် အဆင့်အမြင့်ဆုံးသော စစ်ကောင်စီအရာရှိဟုလည်း ဆိုနိုင်သည်။

    အာရက္ခတပ်တော် AA ၏ထိုးစစ်ကို လပေါင်းများစွာရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ၏ စစ်ဘက်နှင့်အရပ်ဘက် အမှုထမ်းများ မောင်တောခရိုင်အတွင်းမှ ထွက်ခွာသွားချိန်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ-၅ ဟုခေါ်သည့် မောင်တောမြို့နယ်ထဲမှ ဘင်္ဂလားဒေ့်ရှ်နှင့် အနီးစပ်ဆုံးသော အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲစခန်းထဲတွင် စခန်းချခဲ့သည်။

    ထိုစခန်းထဲမှ ရာနှင့်ချီသော နောက်လိုက်များနှင့်အတူ AA ၏ထိုးစစ်ကို ခုခံခဲ့သည်။ AA ၏ အဆိုအရ ထိုစခန်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်ရှိသည်ဟုဆိုသည်။ ၅၅ ရက် ကြာမြင့်သည့် ထိုးစစ်အပြီး ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ထိုစခန်းကို AA က သိမ်းပိုက်ချိန်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ထွက်ပြေးသွားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးရန်ကြိုးစားစဉ် လမ်းခုလပ်တွင် သူ့အား ဖမ်းမိကြောင်း ဒီဇင်ဘာ ၁၁ နံနက်အစောပိုင်းတွင် AA ကကြေညာသည်။

    AA က ထုတ်ပြန်သည့်ရုပ်သံတွင် တချိန်က မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်သည် AA တပ်သားများရှေ့ ဒူးထောက်အညံ့ခံနေခဲ့သည်ကို တွေ့ရသည်။

    အနိုင်မရသည့်တိုက်ပွဲများ၊ ဒူးထောက်အညံ့ခံမှုများနှင့် စစ်သုံ့ပန်းများက ဗိုလ်မှူးချုပ်သူရိန်ထွန်း အတွက် အဆန်းတကျယ်မဟုတ်။

    သူ ကိုယ်တိုင်သည် ပြီးခဲ့သည့်နှစ်များအတွင်းက နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့မှ စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်သူများကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်ခဲ့သူအဖြစ် ကျော်ကြားသည်။

    သံသရာစက်ဝန်းက တစ်ပတ်ပြန်လည်ခဲ့ပြီး သူကိုယ်တိုင် စစ်သုံ့ပန်းဖြစ်လာခဲ့သည်။

    မန္တလေးမှသည်မောင်တောဆီသို့

    ‘တေဇ-၂၂’ ဟု စစ်တပ်အသိုင်းအဝိုင်းက ခေါ်ကြသည့် အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် ၂၂ ဆင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နေပြည်တော်မှ အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုရရန် စစ်တပ်ကိုဆန့်ကျင်သူများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့သည်။

    အာဏာသိမ်းခါစ ၂၀၁၁ တွင် သူသည် ဗိုလ်မှူးကြီးရာထူးဖြင့် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှိနေသည်။ ထို့နောက် တိုင်းစစ်ဦးစီးချုပ်ဖြစ်လာပြီး စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရနှင့် ဆက်ဆံရသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်အမြင့်ဆုံး စစ်ဘက်အရာရှိ ဖြစ်ခဲ့သည်။

    စစ်တပ်ထိန်းချုပ် သတင်းစာများ၏ဖော်ပြချက်အရ သူ၏အရေးပါမှုသည် ဝန်ကြီးချုပ်အဆင့် ရှိသည့် မန္တလေးတိုင်း စစ်ကောင်စီဥက္ကဋ္ဌပြီးနောက် ဒုတိယနေရာတွင်ရှိသည်။

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှိနေစဉ် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူများအား ဖမ်းဆီးထောင်ချခဲ့ပြီး စစ်ကြောရေးစခန်းများတွင် ရက်ရက်စက်စက် နှိပ်စက်ညှဥ်းပန်းမှုများကို ဗိုလ်မှူးချုပ်သူရိန်ထွန်းက ဦးဆောင်ခဲ့သည်ဟု မန္တလေးသပိတ်ခေါင်းဆောင် ကိုမြတ်သူက ပြောသည်။

    “(ဆန့်ကျင်သူတွေအပေါ်) မန္တလေးမှာ (စစ်တပ်ကကျူးလွန်ခဲ့တဲ့) ရက်စက်ယုတ်မာမှု အရာအားလုံးက သူနဲ့ အားလုံးသက်ဆိုင်တယ်” ဟု ၎င်းက ဆိုသည်။

    နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ရာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသည့် နန်းတွင်းစစ်ကြောရေးစခန်းကို ဗိုလ်မှူးချုပ်သူရိန်ထွန်း ဦးဆောင်ခဲ့သည်ဟုလည်း မန္တလေးသပိတ်ခေါင်းဆောင် ကိုမြတ်သူက ပြောသည်။

    ထိုအချက်ကို ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကာ တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်ကလည်း ထောက်ခံခဲ့သည်။

    “အာဏာသိမ်းပွဲတွေစတဲ့အချိန်မှာ (ဆန့်ကျင်သူတွေကို) တော်တော်ရက်ရက်စက်စက် လုပ်တယ် ဆိုတာတော့ သိရတယ်။ ပြီးတော့ သူက ခိုင်းရင်ခိုင်းသလိုလုပ်တဲ့သူ” ဟု စစ်သက် နှစ် ၂၀ ရှိသူ၊ မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ဝင်လာသည့် ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

    ဗိုလ်မှူးချုပ်သူရိန်ထွန်း၏သြဇာသည် မန္တလေးမြို့ကိုကျော်လွန်ပြီး နယ်နိမိတ်ချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်းထဲမှ စစ်ဆင်ရေးများတွင်လည်း သက်ရောက်ခဲ့သည်။ ၂၀၂၂ သြဂုတ်လ အတွင်းက စစ်တပ်က ထုတ်ပြန်သည့်သတင်းတစ်ပုဒ်တွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် မန္တလေးနှင့် စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲမှ ဘက်ပြောင်းခိုလှုံလာသည့် ဒေသတွင်း လက်နက်ကိုင်တပ် PDF အဖွဲ့ဝင်များအရေး ဦးဆောင်ကိုင်တွယ်ခဲ့သည်ဟု ဖော်ပြထားသည်။

    ဒေသတွင်းလက်နက်ကိုင်တပ်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်အချို့၏အဆိုအရ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ‘ပျူစောထီး’ ဟုခေါ်သည့် အရပ်သားများကိုစစ်သင်တန်းပေးကာ စစ်တပ်ဘက်က ဝင်ရောက်တိုက်ခိုက်ခိုင်းသည့် ပြည်သူ့စစ်ဗျူဟာကို နိုင်ငံအလယ်ပိုင်းတွင် အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့သူဟုလည်း ဆိုသည်။

    ထိုအတွေ့အကြုံကိုအခြေခံပြီး နိုင်ငံအနောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ မူဆလင်များကို စစ်သင်တန်းပေးကာ စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းရန် ၂၀၂၂ တွင်စစ်ခေါင်းဆောင်များက တာဝန်ပေးခဲ့သည်။

    စစ်တပ်က ဒေသတွင်းမှ မူဆလင်များကို စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲဝင်ခိုင်းသည်ဟု ရခိုင်တပ် AA ထုတ်ပြန်ထားသည်။

    ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့အပြီး နှစ်နှစ်ကျော်ကြာမြင့်ချိန် ၂၀၂၄ ဒီဇင်ဘာတွင် ဗိုလ်မှူးချုပ်သူရိန်ထွန်း ဦးစီးခဲ့သည့် စစ်စခန်းများနှင့် နောက်လိုက်စစ်သည်များသည် AA ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သူကိုယ်တိုင်လည်း စစ်သုံ့ပန်းအဖြစ် ဒူးထောက်အညံ့ခံခဲ့ရသည်။

    တချိန်က နိုင်ငံအလယ်ပိုင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ်မှ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ်၊ ယခု AA စစ်သုံ့ပန်း ဗိုလ်မှူးချုပ်သူရိန်ထွန်းကို သူ ကျူးလွန်ခဲ့သည်ဟု သံသယရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်ပြီး ထိခိုက်သေဆုံးခဲ့သူများအတွက် တရားမျှတမှုရရန် လိုလားကြောင်း မန္တလေးသပိတ်ခေါင်းဆောင် ကိုမြတ်သူက ပြောသည်။

    “သူ ဘယ်လောက်ရက်စက်ခဲ့လဲ၊ ဘယ်လောက်အထိယုတ်မာခဲ့သလဲဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း ခံစားခဲ့ရတယ်…သူ့ကို နိုင်ငံတကာစစ်ခုံရုံးအထိ ပို့နိုင်အောင် ကြိုးစားရမယ်” ဟု ၎င်းက ဆိုသည်။

  • ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေ

    ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေ

    လှိုင်းဘွဲ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေဟု KNU ထုတ်ပြန်

    ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို နယ်မြေခံ စစ်ကောင်စီတပ်မှူးက ခေါ်ယူပြီး စစ်မှုထမ်းရန် တပ်သားသစ်များအား ဒီဇင်ဘာ ၁၂ရက် နောက်ဆုံးထား စုဆောင်းပို့ဆောင်ပေးရန်ပြောဆိုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်သည်။

    စစ်ကောင်စီက လှိုင်းဘွဲ့ဗျူဟာရုံး၌ လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တခေးလို စသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူပြီး အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဒီဇင်ဘာ ၁၀ ရက်တွင် စစ်မှုထမ်းအကြောင်းအရာ ဆိုင်ရာနောက်ဆက်တွဲ သီးသန့်အစည်းအဝေးခေါ်ယူပြီး အပါတ်စဉ် (၇)တွင် ပို့ဆောင်ခြင်းမရှိသေးသော ကျေးနယ်များအနေဖြင့် ယခု အပါတ်စဉ် (၈)တွင် တစ်အုပ်စု တစ်ဦးနှုန်း မဖြစ်မနေပေးရမည်ဟု ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

    အပါတ်စဉ် (၈)အတွက် စစ်မှုထမ်းတပ်သားအသစ်များကို ဗျူဟာရုံးသို့ အရောက်လာပို့ပေးရန် ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်မှ အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ကျေးရွာအုပ်စုတစ်ခုလျင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက ကျပ်သိန်း ၃၀ပေးရမည်ဟု စစ်ကောင်စီဗျူဟာမှူးက ပြောခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

    ပြောဆိုသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမပြုပါက မြို့အဝင်၊ အထွက်ဂိတ်များမှနေ၍ အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမည် ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း ဖော်ပြသည်။

    ထိုကဲ့သို့ အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံနေမှုကြောင့် ဒေသနေပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု KNU က ထုတ်ပြန်သည်။

    စစ်ကောင်စီတပ်သည် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း လူငယ်အများစု အပါအဝင် ပြည်သူများကို ဖမ်းဆီးပြီး ငွေဖြင့် အရွေးခိုင်းခြင်း၊ တပ်သားသစ်အဖြစ် စုဆောင်းကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

    ရက္ခိုင်၊ ကချင်အပါအဝင် နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံမှုကြောင့် စစ်အင်အားပြုန်းတီးမှုများ ကြုံနေရသည့် အခြေအနေ ၊ စစ်ရှုံးနေသည့် အခြေအနေတွင် ပြည်သူလူထုများကို အဓမ္မ စစ်သားစုဆောင်းနေခြင်းဖြစ်သည်

    အလားတူ ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

    အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီသည် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။

    (စစ်မှုထမ်းရန် စုဆောင်းခံရသူများအား မေလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ – စကစ)

  • နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA  က  ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်​ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ

    နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA က ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်​ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ

    မောင်​တော နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA က ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်​ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ

    ​မောင်​တော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲစခန်း (နခခ ၅) မြို့သူကြီးကို တိုက်ခိုက်ရာတွင် မိုင်းကွင်းများနှင့် မိုင်း​ထောင်ချီခင်းထားသည့်အတွက် အာရက္ခတပ်တော် (AA) အ​နေဖြင့် ​မြေ​အောက်ဥမင်လှိုဏ်​ခေါင်းများပါတူး၍ တိုက်ခိုက်ခဲ့ရ​ကြောင်း သိရသည်။

    ထိုးစစ်ရက်​ပေါင်း ၅၅ရက် အကြာတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် အ​လောင်း ၄၅၀​ ကျော်နှင့် စစ်သုံ့ပန်း ၃၀၀ နီးပါးကို AA က ဖမ်းဆီးရမိခဲ့ပြီး လေကြောင်းမှလာရောက်တိုက်ခိုက်သည့် လေယာဉ်များကို လေယာဉ်ပစ်လက်နက်များဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို AA ကထုတ်ပြန်ခဲ့သည်။

    ထို့အပြင် စစ်ကောင်စီက ပစ်ခတ်ခဲ့သည့် ၁၂၂ မမ ဒုံးကျည်ကိုလည်း Direct Fire ပြန်လည်ပစ်ခတ်နိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းတွင် AA က ထုတ်ပြန်ခဲ့သည်။

    မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု အဖြစ် ကျန်ရှိနေသည့် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲစခန်း (နခခ-၅) ကို ဒီဇင်ဘာ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် AA အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သောကြောင့် မောင်တော ဒေသတစ်ခုလုံးအား အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

    သို့သော်လည်း နခခ -၅ မှ ထွက်ပြေး လွတ်မြောက်နေသော ရန်သူအချို့ရှိသောကြောင့် ၎င်းတို့ကို လိုက်လံရှာဖွေလျက် ရှိ‌ကြောင်း AAကဆိုသည်။

    မောင်တောဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကတည်းကပင် နခခ- ၅ စခန်းတစ်ခုတည်းသာ ကျန်ရှိတော့ခြင်းဖြစ်ပြီး မောင်တောဒေသအတွင်းရှိ အခြားသော စခန်းများ အားလုံးကို AAက ထိန်းချုပ်ထားနိုင်ခဲ့သည်။

    နခခ ၅ စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး စစ်ကောင်စီ အင်အား ၇၀၀ ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကာ စခန်းပတ်ပတ်လည်တွင် သံဆူးကြိုး နှစ် ထပ်ဖြင့် ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားသည်။

    အချို့နေရာများတွင် ပေ ၂၀ ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားပြီး စူးချွန်များ ထောင်ထားကာ ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ ၂၀ ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိကာ စခန်းအတွင်း ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး ၃၀ ကျော်လည်း ပါဝင်သည်။

    သဘာဝတရား၏ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးတွင် ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ် သန်းရန် မလွယ်ကူသောအနေအထားမျိုးဖြင့် တည်ရှိနေသည်ဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

    စစ်ကောင်စီ၏ မောင်တော နခခ-၅ စခန်းကြီးကို AA အနေဖြင့် တစ်လက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းရရှိခဲ့ပြီး မိုင်းရှင်းလင်းရေး စစ်သည်တချို့ အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရသည်ဟု AAက‌ ဆိုသည်။

    နခခ-၅ စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသော RSO၊ ARSA၊ ARA နှင့် စစ်ကောင်စီက သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပြင် အခြားမြို့များရှိ စစ်ကောင်စီ၏ စခန်းများမှ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များအားလုံးသည် နခခ ၅ တွင် အဆင့်ဆင့်သော မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြ‌ကြောင်း AA ထံက သိရသည်။

    ထိုသို့ အဆင့်ဆင့် ခုခံနေခဲ့သော်လည်း ၅၅ ရက်တာတိုက်ခိုက်ပြီးချိန်တွင် မောင်တော နခခ ၅ စခန်းကို တိုက်ခိုက်ရယူနိုင်ခဲ့ပြီး စစ်ဆင်ရေးကွပ်ကဲရေးမှူး (စကခမှူး) များကိုပါ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

    ဓာတ်ပုံ-AA Info Desk