Category: News

  • တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ

    တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ

    ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် တာမွေမြို့နယ်၊ မီးပွိုင့်အနီး မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

    “တာမွေမီးပွိုင့်နားမှာရှိတဲ့ ရေစည်ပင်ရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ အခုတော့ စခတွေနဲ့ ဆေးရုံကားတော့ရောက်လာတယ်” ဟု မျက်မြင်ဒေသပြည်သူက ပြောဆိုသည်။

    လက်ရှိတွင် တာမွေမြို့နယ်နေရာတချို့တွင် စစ်တပ်နှင့်ရဲကားများ လှည့်လည် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့ထံသို့ ယခု ဧည့်စာရင်းစစ်ရန် ညွှန်ကြားမှုရှိကြောင်း သိရှိရသည်။

  • တပ်သားသစ်စုဆောင်းထားသူတွေကို လက်ရဲဇက်ရဲဖြစ်အောင် စစ်အုပ်စုက ရွာတွေကို မီးရှို့စေခိုင်းနေဟုဆို

    တပ်သားသစ်စုဆောင်းထားသူတွေကို လက်ရဲဇက်ရဲဖြစ်အောင် စစ်အုပ်စုက ရွာတွေကို မီးရှို့စေခိုင်းနေဟုဆို

    စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းမှာ စစ်အုပ်စုရဲ့ တပ်သားသစ်အဖြစ် စုဆောင်ခံထားရသူတွေ စစ်သင် တန်းဆင်းလာပြီးနောက် ဉသျှစ်ကန်ရွာဟောင်း၊ သပြေသာရွာနဲ့ မြိုက်ရွာတွေကို နှစ်ရက်ဆက်စစ်ကြောင်းထိုး မီးရှို့သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ဆိုပါတယ်။

    အဆိုပါ ကျေးရွာတွေကို စစ်အုပ်စု သင်တန်းဆင်း တပ်သားသစ်တွေဟာ ဒီဇင်ဘာလ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ဆက် စစ်ကြောင်းထိုး မီးရှို့ကြတာဖြစ်ပြီး သင်တန်းဆင်းတာနဲ့ အခုလို ချက်ချင်းမီးရှို့တာဟာ လုပ်ရဲကိုင်ရဲဖြစ်အောင် စစ် အုပ်စုက လေ့ကျင့်ခိုင်းတဲ့သဘော ယူဆရဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

    “လေ့ကျင့်ပေးတဲ့ပုံစံ မီးရှို့ခိုင်းတာလို့ ကျနော်တို့က အဲလိုယူဆတာဗျ။ လုပ်ရဲကိုင်ရဲအောင် လက်ရဲဇက်ရဲဖြစ်အောင် လေ့ကျင့်နေတဲ့သဘောဖြစ်တယ်လို့ ကျနော်တို့က အဲလိုယူဆထားတာ”လို့ အာဠာဝက ပြည်သူ့ကာကွယ်ရေး အဖွဲ့ က တာဝန်ရှိသူ ကိုအာဠာဝကကြီးက ပြောပါတယ်။

    နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် ဒီဇင်ဘာလ ၉ ရက် မနေ့ညနေပိုင်းမှာ စစ်အုပ်စုတပ်ဖွဲ့ဟာ သပြေသာ၊ မြိုက် နဲ့ ဥသျှစ်ကန်ရွာဟာဟောင်းက ပြည်သူတွေရဲ့ ပစ္စည်းတွေကိုလည်း ကားနဲ့သယ်ဆောင်ပြီး ရွှေဘိုမြို့ကို ပြန်ဝင် သွားတယ်လို့ ဆိုပါတယ်။

    စစ်အုပ်စုတပ်တွေ ရွှေဘိုမြို့တွင်း ပြန်ဝင်သွားပြီးနောက် တော်လှန်ရေးအဖွဲ့တွေက ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ရှင်းလင်းရေးလုပ်နေစဉ်အတွင်း တော်လှန်ရေးရဲဘော်တစ်ဦး စစ်အုပ်စုထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှုခံရယူနေရတယ်လို့ ကိုအာဠာဝကကြီးက ပြောပါတယ်။

    စစ်အုပ်စုတပ်ဖွဲ့ရဲ့ လေ့ကျင့်ခိုင်းစေထားတဲ့ စစ်သင်တန်းဆင်း တပ်သားသစ်တွေရဲ့ မီးရှို့ခံရတဲ့ကျေးရွာတွေဟာ ရွှေ ဘို အနောက်ခြမ်း ဇီးကုန်းနဲ့ မြင်းချင်း စတဲ့ပျူစောထီးအထိုင်စခန်းရွာတွေနဲ့ အနီးမှာရှိတယ်လို့ ဆိုပါတယ်။

    “သပြေသာနဲ့က ထန်းနောင်းဝင်းဆိုရင်လည်း လွန်ခဲ့တဲ့ တစ်ရက်ကျော်လောက်ကတည်းက ထွက်ပြေးနေရတာ” လို့ အာဠာဝက ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုအာဠာဝကကြီးက ပြောပါတယ်။

    ရွှေဘိုမြို့ အနောက်ဘက်မှာ ပန်းရံ၊ ဇီးကုန်းလေး၊ သီးလုံး၊ ဇီးဖြူကုန်း၊ တည်သီးတော စတဲ့ ပျူစောထီးကျေးရွာတွေ ရှိပြီး အဲ့ဒီ ပျူစောထီးရွာ အနီးဝန်ကျင်မှာရှိတဲ့ ရွာတွေကို စစ်အုပ်စုနဲ့ပျူတွေက ၂၀၂၁ ခုနှစ် က စပြီး အကြီး အကျယ် မီးရှို့ဖျက်ဆီးတာကြောင့် ထောင်ချီတဲ့ ဒေသခံတွေ နှစ်နဲ့ချီကြာ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

    တပ်သားသစ် စုဆောင်းခံထားရသူတွေ စစ်သင်တန်းဆင်းအခမ်းအနားတစ်ခုကို တေွ့ရစဉ်/ ဓာတ်ပုံ-CJ

  • သာယာဝတီခရိုင်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး PDF များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေ

    သာယာဝတီခရိုင်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး PDF များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေ

    ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် စစ်ကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာ ပထမပတ်မှ စတင်၍ ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

    စစ်ကောင်စီသည် သာယာဝတီခရိုင်အတွင်းရှိ နတ်တလင်း၊ အုတ်ဖို၊ မင်းလှ၊ လက်ပံတန်း စသည့် မြို့နယ် လေးခုသို့ အင်အား ၅၀၀ ဝန်းကျင် အသုံးပြု စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး နတ်တလင်း နှင့် လက်ပံတန်းမြို့နယ်များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ အုတ်ဖိုနှင့် မင်းလှမြို့နယ်တို့တွင်မူ နှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိနေကြောင်း သိရသည်။

    “စစ်ကြောင်းထိုးတာက ဒီဇင်ဘာလအစလောက်ကစပြီး စစ်ကြောင်းထိုးနေတာ။ ရိုးမအစပ်က ရွာတွေကိုပတ်မွှေနေတာ။ နတ်တလင်းနဲ့ လက်ပံတန်းက တိုက်ပွဲဖြစ်နေပြီး မင်းလှဘက်က စစ်ကြောင်းက အင်အားဖြည့်ပေးနေတာ။ အုတ်ဖိုဘက်ကတော့ စစ်ကြောင်း အင်အားများတော့ ရိုးမပေါ် တက်လာရင် တော့တိုက်ပွဲဖြစ်မယ့် အနေအထားရှိတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောသည်။

    လက်ပံတန်းမြို့နယ်တွင်လည်း စစ်ကောင်စီစစ် ကြောင်းနှင့် ဒီဇင်ဘာ ၇၊ ၈၊ ၉ ရက် ဆက်တိုက် ထိ တွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေး ဦး သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင် နှစ် ဦး နှင့် အရပ်သား တစ် ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

    ထို့ပြင် စစ်ကောင်စီက သေဆုံးသူ တော်လှန်ရေးတပ်ဖွဲ့ဝင် များကို သစ်ပင်တွင် ကြိုးများဖြင့် ချိတ်ဆွဲ ထားခဲ့ပြီး ပတ်ဝန်းကျင်တွင်လည်း နင်းမိုင်းများထောင်ထားခဲ့သည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များက ရုပ်အ လောင်းပြန်ယူမရ ဖြစ်နေကြောင်းလည်း သိရသည်။

    နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာ အနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈၊ ၉ ရက်နေ့များတွင် စစ်ကောင်စီနှင့် တနေကုန်နီးပါး ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံ ၃၀၀၀ ဝန်းကျင်မှာလည်း ရွာလုံးကျွတ် နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

    “နတ်တလင်းတိုက်ပွဲမှာ စစ်တပ်ဘက်ကသေဆုံးတာတွေ ရှိတယ်။ ထွက်ပြေး နေတဲ့ ဒေသခံ တွေထဲက ၅၀ လောက်က တောထဲရောက်နေတာ တော်တော်လေးခက်ခဲနေတယ် ဆိုပြီး အကူညီတောင်း လာကြတာရှိတယ်။ နောက်ပြီး အဲ့ရွာက ကျောင်းထိုင်ဘုန်းကြီးကိုလည်း စစ်တပ်က PDF နဲ့ဆက်သွယ် တယ်ဆိုပြီး တစ်ပတ်လောက်ဖမ်းထားတာ။ ပြီးတော့ ရွာကနေ မောင်းထုတ်လိုက်တယ်။ တွေ့ရင် သတ်မယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခြိမ်းခြောက်ထားလို့ ဘုန်းကြီးက အညာကို ပြန်သွားရတယ်” ဟု ရဲဘော်ဒူးယားက ဆက်လက် ပြောသည်။

    မင်းလှမြို့နယ်တွင်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့တွင် ပဲခူးရိုးမပေါ်သို့ တက်လာသည့် ဆိုင်ကယ် ၂၆ စီးနှင့် ဒေသခံများကို ဖမ်းဆီး၍ ဆိုင်ကယ် ခုနစ်စီးကိုသာ ပြန်လည်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။

    အုတ်ဖိုမြို့နယ်တွင်လည်း စစ်ကောင်စီက အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ဝါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာများကို မီးရှို့ဖျက်ဆီး မှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။

    ပုံစာ- သာယာဝတီခရိုင်မှ တော်လှန်ရေးတပ်ဖွဲ့များ

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်တိုက်ပွဲ ဆက်လက်ပြင်းထန်

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်လျက်ရှိရာ စစ်ဆင်ရေး ၇ ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်​နေကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။

    ဒီဇင်ဘာ ၄ရက်နေ့မှစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ဒီဝင်ဘာ ၁၀ ရက်အထိ့တိုက်ပွဲပြင်းထန်​နေသလို မြို့နေရာအတော်များများ၌ မီးလောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

    “ဗန်းမော်မြို့ ပတ်လည် ၅ နေရာလောက် တိုက်ပွဲဖြစ်နေတယ်။ လေယာဥ်ဗုံးကြဲတာ အိမ်တစ်အိမ်ကို ထိမှန်လို့ မိသားစု တစ်ခုလုံး သေဆုံးသွားတယ်လို့ ကြားရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    တိုက်ပွဲကြောင့် မြို့ခံ​သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြပြီး စစ်မရှောင်နိုင်သည့် ပြည်သူအချို့ ကျန်နေသည်။

    အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “မြို့ပြင် တပ်(စစ်ကောင်စီတပ်)ဘက် တိုက်နေတယ်” ဟု ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲ အခြေအနေကို ပြောပြသည်။

    ဒီဇင်ဘာ ၁၀ရက် တိုက်ပွဲတွင် စစ်ကောင်စီတိုက်လေယာဉ် တစ်စီးကို KIAက ပစ်ခတ်ခဲ့ရာ လေယာဉ်​နောက်ပိုင်း ထိမှန် မီးခိုးအူပြီး မြစ်ကြီးနား လေတပ်သို့ ဆင်းသက်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

    မြစ်ကြီးနားလေတပ်ဆင်းသော YAK-130 တိုက်လေယာဉ်ကို ဗန်းမော်ဘက် ရှေကတန်းရောက် KIA ရဲဘော်များက ပွိုင့်ဖိုက်ဖြင့် ပစ်ခတ်ရာ နောက်မှီး ထိမှန်ပြိး လေတပ်အတွင်း မီးခိုးအူ ဆင်းသက်သွားသည်ဟု​ရေးသားထားခြင်းဖြစ်သည်။

    YAK-130 တိုက်​လေယာဥ် ကျည်ထိမှန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ် ၂ဦးအား မေးမြန်းရာ တစ်ဦးက ဖြစ်နိုင်သည်ဟု ပြောသည်။

    အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” အဲဒီလို့ပဲကြား။ ဒီနေ့” ဟု လေယာဉ် ကျည်ထိမှန်ဆင်းသက်မှု ဖြစ်စဉ် မေးမြန်းချက်အား ပြောပြသည်။

    KIA အနေဖြင့် ယခုနှစ် ဇန်နဝါရီလ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ တိုက်ပွဲတွင် စစ်ကောင်စီတိုက်လေယာဉ် တစ်စီးကို ပျက်ကျအောင် ပစ်ချနိုင်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီ ရဟတ်ယာဉ်ကိုလည်း ယခုနှစ် ဇန်နဝါရီတွင် ပစ်ချထားနိုင်ခဲ့သည်။

    ဒီဇင်ဘာ ၉ရက် တိုက်ပွဲတွင် ဗန်းမော် တက္ကသိုလ်နယ်မြေ ရှိ စစ်ကောင်စီ တပ်စွဲရာနေရာကို ထပ်မံ သိမ်းပိုက်ခဲ့ပြီး မိုးမောက်-ဗန်းမော်ကြား ၆မိုင်နေရာမှ ခဲယမ်းများ သိမ်းရခဲ့ကြောင်း၊ KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့တွင်း ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူ၊ လေကြောင်းမှ ထောက်ပံ့မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟုသိရသည်။

    KIA ပူးပေါင်းတပ်သည် မံစီရှိ စစ်ကောင်စီ လက်ကျန်စခန်း အချို့ကိုလည်း ထိုးစစ်ဆင်လျက်ရှိရာ ပိတ်ဆို့ထိန်းချုပ်ထားနိုင်သည့် အခြေအနေဟုလည်း သတင်းရင်းမြစ်က ပြောသည်။ မံစီမြို့ကို ယခုနှစ် မေလကတည်းက KIAက ထိန်းချုပ်ထားခြင်းဖြစ်သော်လည်း လက်ကျန် စစ်ကောင်စီ တပ်ရင်းများကို ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်အတူ တပြိုင်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

    (ယခုနှစ် သြဂုတ်လက မိုး​မောက်မြို့နယ်တွင်းတိုက်ပွဲ၌ စစ်တပ် သံချပ်ကာကားကို ​တော်လှန်​ရေးတပ်များသိမ်းပိုက်စဥ်။ ဓါတ်ပုံ-CJ)

  • မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို  ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်

    မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်

    ခမောက်ကြီး၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

    တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် အကြမ်းဖက် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာရှိ မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို KTL Army ကော်သူးလေတပ် ဗိုလ်ကြီးစောဗိုလ်ဖဲ ဦးဆောင်သော တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် KTL Army – ကော်သူးလေ တပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “အေးမြသာယာရွာဆိုရင် အကုန်လုံးက ကျွန်တော်တို့တွေ ဒီစစ်ကောင်စီနဲ့ သူတို့တွေ ပူးပေါင်းပြီးတော့ လုပ်ထားတဲ့ လုပ်ငန်းတွေ ရှိတယ်။ တချို့လုပ်ငန်းတွေမှာ တချို့အလုပ်တွေမှာ ထိုင်းမြန်မာ နယ်စပ်ကနေပြီးတော့ စစ်ကောင်စီက ဗျူဟာမှူးတွေ တပ်ရင်းမှူးတွေက ဥယျာဉ်ခြံတွေ ပေးလုပ်ထားတာ ရှိတယ်။ နောက်ပြီးတာ့ အေးမြသာယာ ရှမ်းကိုးရွာ တစ်ကြောက စစ်ကောင်စီနဲ့ပူးပေါင်းပြီး မြင်းဆေးတွေ ထုတ်၊ မူးယစ်ဆေးဝါးတွေ ထုတ်တဲ့ စက်တွေပါ ရှိတယ်လို့ သတင်းကြားတယ်။ နောက်တစ်ချက်က ဒီအေးမြသာယာ ကျေးရွာမှာပျူစောထီးတွေ ခုနတုန်းက မူးယစ်ဆေးဝါးခေါင်းဆောင်တွေရဲ့ နောက်ဆွယ်တွေက ပျူစောထီးလက်နက်ကိုင် ဒီစစ်ခွေးနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့တွေ တော်လှန်ရေးသမားတွေကို လုံးဝကို မထီမဲ့မြင်ပြုထားတာတွေ ရှိတယ်။ ဒီဘက်တစ်ခြမ်းမှာဆိုလို့ရှိရင် အဲဒီ ရှမ်းကိုးရွာတို့ အေးမြသာယာတို့ဆိုတာ ဒီဘက်ရွာတစ်ကြောက စစ်ခွေးတွေရဲ့ အမာခံရွာတွေ များတယ် ။ နောက် ဒလန်တွေ တအားပေါတယ်။ အဲဒီ ဒလန်တွေက ပျူစောထီးအဖြစ် လက်နက်ကိုင်ပြီး ဝင်ရောက်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ကျွန်တော်တို့ သွားပြီးတော့ အဲဒီရွာကို အဲဒီ စခန်းကို သွားတိုက်တဲ့အချိန်ကဆိုရင် ပျူစောထီးနဲ့ စစ်ခွေးနဲ့ဆို အားလုံးပေါင်း ပူးပေါင်းအယောက် ၁၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား ၂၀၀ ခန့် ထပ်မံ ရောက်ရှိလာပြီး စစ်အင်အားဖြည့်တင်းထားကြောင်း၊ ထို့ပြင် ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

    “အခုလက်ရှိမှာလည်း စစ်ခွေးဘက်ကနေ အင်အား ၂၀၀ လောက် ထပ်ပြီးတော့ ထပ် တက်ထားတာရှိတယ်။ ပျူစောထီးမပါ။ စစ်ခွေးသီးသန့် အင်အား ၂၀၀ ကျော် ထပ်ပြီးတော့ တိုးတက်ထားတာရှိတယ်။ ဒီစစ်ခွေးဘက်ကနေ အပြစ်မဲ့တဲ့ ပြည်သူတွေ ကလေးတွေကို ရွာသား ဒိုင်းအဖြစ်နဲ့ အသုံးပြုတာတွေ ရှိတယ်။ ကျွန်တော်တို့တွေ ဒီ တိုက်ပွဲပြီးသွားပြီးနောက် ၂ ရက်လောက်ကြာမှ သူတို့တွေဆီက သတင်းထုတ်တာရှိတယ်။ သူတို့တွေက ရွာကို ပြန်မတိုးရဲဘဲနဲ့ ဒီ ရွာသားတွေနဲ့ ကလေးတွေကို လူသားဒိုင်းအဖြစ်နဲ့ အသုံးပြုပြီးတော့ အရှေ့ကနေ တိုးခိုင်းတာတွေ ရှိတယ်။ ကျွန်တော်တို့တွေ အဲဒီရွာတိုက်ပွဲပြီးသွားတော့ သူတို့တွေ အဲဒီမှာ ကလေးတွေနဲ့ ရွာသားတွေကို အရှေ့ကနေပြီးတော့ တိုးခိုင်းတာတွေ ရှိတယ် အဲဒီသတင်းတွေလည်း ကျွန်တော်တို့ ကြားနေရတယ်။ ရွာထဲမှာမှာပဲ တပ်စွဲထားတုန်း ပြည်သူတွေကိုတော့ အရှေ့ကနေ လူသားဒိုင်းအဖြစ်နဲ့ အသုံးပြုထားတယ်။ ပြည်သူတွေကို အရှေ့ကနေ တင်ထားတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ခဏတော့ ဆုတ်သွားတယ်။ ဆုတ်သွားပြီးတော့ နောက်ရက်ကျတော့ အနောက်ကနေ ရောက်လာတဲ့ အင်အား ၂၀၀ ကျော်နဲ့ ပြည်သူတွေကို အရှေ့ကနေ ရွာသားတွေကို ပြန်မောင်းသွင်းပြီးတော့ သူတို့ရွာမှာ စခန်းပြန်ပြီးတော့ ချနေတယ်လို့ သတင်းကြားတယ်” ဟု ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။