Category: News

  • နိုင်ငံတစ်ဝန်း စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူပြည့်မီခြင်းမရှိသဖြင့် ဒီဇင်ဘာလလယ် အထိ စစ်သင်တန်း မစတင်နိုင်သေး

    သာကေတမြို့နယ်တွင် ယမန်နေ့ညပိုင်း လူငယ် ၃၀ ကျော် ဖမ်းဆီးခံရ

    မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လိုအပ်သော တပ် သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ယခု ဒီဇင်ဘာလလယ်အထိ စစ်မှု ထမ်း သင်တန်း မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းထွေ/အုပ် သတင်းရင်းမြစ်ထံမှ သိရှိရသည်။

    ပုံမှန်အားဖြင့် ၂၀၂၄ ခုနှစ် မေလမှ စတင်ခဲ့သော စစ်မှုထမ်းသင်တန်းများကို လစဉ် ပထမအပတ်အတွင်း စတင်လေ့ရှိကြောင်း၊ သို့ရာတွင် ယခုအပတ် စဉ် ၈ တွင် လိုအပ်သော တပ်သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ဒီဇင် ဘာလ ၁၅ ရက်နေ့ သင်တန်းစတင်နိုင်ခြင်းမရှိကြောင်း၊ သက်ဆိုင်ရာ ပြည်ထဲရေးနှင့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထန်းရန် လုံလောက်သော အရေအတွက် ရရှိသည်အထိ စုဆောင်းရန် ညွှန်ကြားချက်များ ထွက်ရှိထားကြောင်း သိရှိရသည်။

    “ပုံမှန်ဆိုရင်တော့ လစဉ် ပထမအပတ်လောက်မှာ စစ်မှုထမ်းသင်တန်းသစ်တွေ စတင်ပါတယ်။ နောက်အကျဆုံးက ဒုတိယအပတ်ပဲ။ အခုကတော့ တတိယအပတ်ထဲ ဝင်လာပြီး မစတင်နိုင်သေးဘူး။ ရန်ကုန်တိုင်းအနေနဲ့တော့ လူမပြည့်မီသေးဘူး” ဟု ရန်ကုန်တိုင်းထွေ/အုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

    ရန်ကုန်တိုင်းအတွင်းတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ဖြစ်ပေါ်နေရာ သာကေတမြို့နယ် ၈ ရပ်ကွက်တွင် ယမန်နေ့ ညပိုင်း အလုပ်သွားအလုပ်ပြန်နှင့် ညပိုင်း လမ်းပေါ်တွင် သွားလာနေသော လူငယ် ၃၀ ကျော် ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသော လူငယ် ၁ ဦး၏ မိဘက ပြောဆိုသည်။

    ယမန်နေ့ညပိုင်း ၎င်း၏ သားဖြစ်သူ ည ၁၀ နာရီအချိန်ကျော်အထိ အလုပ်မှ ပြန်မလာ၍ လိုက်လံစုံစမ်းရာမှ စစ်မှုထမ်းအဖြစ် စုဆောင်းခံရကြောင်း သိရှိရကြောင်း၊ ထို့ကြောင့် သက် ဆိုင်ရာ တပ်နယ်တာဝန်ရှိသူများနှင့် ဆက်သွယ်ရာ ယမန်နေ့ညပိုင်း သာကေတမြို့နယ်၊ ၈ ရပ်ကွက်အတွင်း အပါအဝင် လမ်းသွားလမ်းလာနှင့် အလုပ်သွား အလုပ်ပြန် လူငယ် ၃၀ ကျော် ဖမ်းဆီးခံရသည်ကို သိရှိရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

    ” ပြန်ရွေးထုတ်လို့မရဘူး။ ငွေပေးလို့တော့ မရဘူး။ စစ်မှုထမ်းဖို့ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်ပြောတယ်။ လောလောဆယ်တော့ စစ်မှုထမ်းပါမယ်၊ ထွက်မပြေးပါဘူးဆိုတဲ့ မိဘက ခံဝန်လက်မှတ် ထိုးရင် အိမ်ခဏ ပြန်ခွင့်ပေးမယ်ပြောတယ် ။” ဟု ဖမ်းဆီးခံလူငယ်၏ မိဘက ရှင်းလင်းပြောဆိုသည်။

    သာကေတမြို့နယ်မှ အမှတ် ၈ ရပ်ကွက်မှ လူငယ် တစ်ဦးကလည်း ယမန်နေ့ည ၈ နာရီ ဝန်းကျင်အချိန် စစ်တပ်နှင့်ရဲများ၏ ပေါ်တာဆွဲမှုကို ကိုယ်တိုင် မျက် မြင်ကြုံတွေ့ခဲ့ရကြောင်း ပြောဆိုသည်။

    “မနေ့ည ၈ နာရီ သာကေတမြို့နယ် ၈ ရပ်ကွက်မှာ အိမ်စီးကားနဲ့ စစ်သား၊ ရဲတွေက လူလတ်အပိုင်း အမျိူးသား ၃ ဦးကို ကားပေါ်ကို ဖမ်းပြီး ဆွဲတင်သွားပါတယ်။ကျနော်လည်း ဆေးဆိုင်ကဆေးဝယ်ပြီးအပြန် ကျနော့်ကိုပါ အဝေးကနေ ရပ်ဆိုပြီး ဖမ်းဖို့ လှမ်းတာ။ ကျနော်တော့ ပြေးလို့ လွတ်ခဲ့ပါတယ်။ ပါသွားတဲ့ လူငယ်တွေက အသက် ၃၀ ကျော် ဝန်းကျင်တွေရှိမယ်။ ထမင်းချိုင့်တွေနဲ့ အလုပ်သမားတွေ” ဟု အသက် ၂၅ နှစ်အရွယ် ယမန်နေ့ညပိုင်း ပေါ်တာဆွဲမှုမှ လွတ်မြောက်လာသော မျက်မြင်ကြုံတွေ့ရသူ လူငယ်က ရှင်းပြသည်။

    အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းထွေ/အုပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှ ကျန်းမာသန်းစွမ်းလျှင် နိုင်ငံ တော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိပြီး ယင်းလူငယ်များကို မည် သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ခေါ်ယူ(ပေါ်တာဆွဲမှု)မှုသည် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ကိုက်ညီမှုရှိကြောင်း အသိပေး ညွှန်ကြားစာတစ်စောင်ကို ယခု ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည်။

    ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူ ကင်းလှည့်နေသော စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက်

    လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက်

    လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက်

    ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းရှိ ခြေမြန်တပ်ရင်း အမှတ်(၅၃၂)အား ပြင်းအားမြင့် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရကြောင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

    ” ကျနော်တို့မြို့ပြရဲဘော်တွေ ငြိမ်မနေဘူးအခက်ခဲကြားက စခတွေကို တိုက်ခိုက်နေအုံးမယ်”ဟု ၎င်းက ပြောသည်။

    အဆိုပါစစ်ဆင်ရေးကို ဒီဇင်ဘာ ၁၅ရက် ည ၈နာရီခွဲခန့်တွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “တိုက်ခိုက်မှုကြောင့် ရန်သူစစ်သား ၂ဦးထိခိုက်မှုရှိခဲ့ပြီး အသေးစိပ်မသိရသေးပေ”ဟု စစ် ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

    တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက လှိုင် သာယာမြို့နယ်နှင့် ဆက်သွယ်ထားသော တံတားများပိတ်ကာ စစ်ဆေးမှုများလုပ်ဆောင် နေသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

    (ခြေမြန်တပ်ရင်း အမှတ်(၅၃၂) တပ်ရင်းဝင်းအတွင်း တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

  • ညောင်လေးပင်မြို့နယ်ရှိ မလူးတဲဂိတ်စခန်းအား PDF တိုက်ခိုက်သိမ်းပိုက်

    ညောင်လေးပင်မြို့နယ်ရှိ မလူးတဲဂိတ်စခန်းအား PDF တိုက်ခိုက်သိမ်းပိုက်

    စစ်ကောင်စီတပ် ငါးဦးသေပြီး သေနတ်ငါး လက်ရဟု အမှတ်(၂)စစ်ဒေသခွဲပြော

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် – မဒေါက်လမ်းပိုင်းရှိ စစ်ကောင်စီ၏ မလူးတဲဂိတ် စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဒီဇင်ဘာ ၁၄ရက် နံနက် ၃နာရီခန့်က ညောင်လေးပင်-မဒေါက်လမ်းပိုင်းမှ စစ်ကောင်စီ​၏ မလူးတဲဂိတ်စခန်းကို အမှတ်(၂)စစ်ဒေသခွဲအောက်ရှိ PDF တပ်ရင်း ၃၇၀၃ မှ ရဲဘော်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    “သူတို့အင်အားကတော့ ပုံသေမရှိပါဘူး။ စစ် ကူအချိန်မရွေးရောက်နိုင်တဲ့ ရွှေကျင်၊ ညောင်လေးပင်၊ မဒေါက် အဲဒီနေရာတွေမှာရှိတဲ့ တပ်တွေရဲ့ အဓိကထောက်ပို့သွေးကြော ဂိတ်စ ခန်းတစ်ခုဖြစ်တယ်။ ပြီးတော့ ရွှေကျင်ဗျူ ဟာမှာရှိတဲ့စခန်းတွေအတွက် ကာကင်းအနေနဲ့တပ်ဆွဲထားတဲ့ စခန်းတစ်ခုဖြစ်ပါတယ်”ဟု မလူးတဲဂိတ်စခန်း၏အခြေအနေကို အမှတ် (၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

    အဆိုပါ မလူးတဲဂိတ်စခန်းသည် ပုံမှန်အားဖြင့် အင်အား ၂၀ မှ၃၀ ကြားအထိုင်ချထားလေ့ရှိပြီး ဝင်ရောက်တိုက်ခိုက်ချိန် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ၁နာရီကြာမြင့် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ သေနတ်ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲက အသိပေးသည်။

    စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ MA1 သေနတ် ၃ လက်၊ G – 3သေနတ် ၂လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများပါဝင်သည်။

    အထက်ပါ စစ်ကောင်စီတပ်၏ မလူးတဲဂိတ်စခန်းကို တပ်ရင်း ၃၇၀၃မှ ရဲဘော်များက ဒီဇင်ဘာ ၁၄ ရက် နံနက် ၄နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း အမှတ်(၂) စစ်ဒေသခွဲထံမှ သိရသည်။

    (စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ်(၂) စစ်ဒေသခွဲ)

  • ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းရွာ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံး

    ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းရွာ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံး

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ပိတောက်ကုန်းရွာ၌ ၂ ရက်တာတိုက် ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ ရွာသစ် ကျေးရွာ၌ အထိုင်ချထားသော အင်အား ၁၀၀ ခန့်ဖြင့် ရွာသစ်ကျေးရွာမှ ပိ တောက်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ကြိုတင်အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ မိုင်းဆွဲ ၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် လက်ဦးမှုရယူကာ ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်စစ်သား များအထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

    ထို့နောက် ဒီဇင်ဘာလ ၁၂ ရက် ညနေ ၆ အချိန်ခန့်တွင် ပိတောက်ကုန်းရွာကို ထပ်မံ၍ ဝင်ရောက် လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထပ်မံ တိုက်ပွဲဖြစ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက် ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်ကြောင်းသည် ယင်းညတွင် ပိတောက်ကုန်း ကျေးရွာထိပ်၌ ဆက်လက်ရှိနေခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တစ်ညလုံးနီးပါး လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။

    ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ အချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်က ထပ်မံ၍ရှေ့ ဆက်တိုးလာ သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

    အလားတူ ယင်းနေ့ ညနေ ၃ အချိန်ခန့်တွင် ထပ်မံတိုးလာသော အဆိုပါအကြမ်းဖက်စစ်ကြောင်းသည် တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထောင်ထားသောမိုင်းများမိကာ အထိနာ အထိနာသွားသဖြင့် ရွာသစ် ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

    အဆိုပါ ၂ ရက်တာ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးကာ ၆ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး‌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာမှုကြောင့် ပိတောက်ကုန်းကျေးရွာအပါအဝင် အနီး အ နားကျေးရွာများမှ ပြည်သူများမှာလည်း စစ်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရပြီး လက်ရှိတွင် လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များမှာ စစ်ဆိုင်ထားသည့်အနေအထားရှိ သဖြင့် အချိန်မရွေတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အနေဖြင့်လည်း စစ်ရေး အသိ၊ စစ်ရေး သတိဖြင့် လုံခြုံရေး အထူးဂရုစိုက်ရန် တိုက်တွန်းထားသည်။

    စစ်ဆင်ရေး တိုက်ခိုက်မှုများကို စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ ၊ တပ်ရင်း ၃၅၀၂ ကီးကူစစ်ကြောင်းနှင့် တော်ဝင်လျှပ်စီး (RTC) စစ် ကြောင်း၊ တပ်ရင်း ၃၅၀၁ ပုဝါနီစစ်ကြောင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့်ကားကို ဟွန်းတီးမိသူအမျိုးသမီး ပါးရိုက်ခံရ

    စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့်ကားကို ဟွန်းတီးမိသူအမျိုးသမီး ပါးရိုက်ခံရ

    ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကင်းမွန်းခြုံကျေးရွာအုပ်စု၊ ဒွရွာကျေး ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလာသည့်ကားကို ဟွန်းတီးမိသဖြင့် အမျိုးသမီးတစ်ဦး ပါးရိုက်ပြီး နံပါတ်တုတ်ဖြင့်ထုထောင်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

    ယမန်နေ့(ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီခွဲခန့်တွင် အသက် ၂၃ နှစ်အရွယ်ရှိ ဒွရွာမှအမျိုးသမီးတစ်ဦး သည် စစ်ကောင်စီတပ်သားများစီးနင်းလာသောအိမ်စီးကားကို အနောက်မှဟွန်းတီးခဲ့ရာ ကားပေါ်ပါလာ သူများဆင်းလာပြီး ပါးရိုက်ခြင်း၊ နံပါတ်တုတ်ဖြင့်ထုခြင်းတို့ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

    “ရွာလယ်လမ်းမှာဆိုတော့ ရွာကလူတော်များများ မြင်ကြတယ်။ သူတို့က အိမ်စီးကားနဲ့လာတာ၊ ဒဏ်ရာ ကတော့ တော်တော်နာတယ်ပြောတယ်၊ နံပါတ်တုတ်နဲ့လည်း ရိုက်တယ်ပြောတယ်။ ပါးတွေ နားတွေ လည်းရိုက်တယ်” ဟု ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားက မဇ္ဈိမကိုပြောသည်။

    အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးကိုသိသာထင်ရှားစွာချိုးဖောက် ကာ လူမဆန်သောအပြုအမူများကိုကျူးလွန်နေပြီး အမျိုးသမီးနှင့် ကလေးငယ်များသည် နေ့စဉ် ဒဏ်ရာ ရရှိကာ အသက်ဆုံးရှုံးနေရကြောင်း မြန်မာအမျိုးသမီးများသမဂ္ဂ(BWU)မှလည်း အစီရင်ခံစာထုတ်ပြန် ထားသည်။

    ပုံအညွှန်း-စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အမျိုးသမီးငယ်တဦးအား ဖမ်းဆီးနေပုံ ဓာတ်ပုံ- (ပုံဟောင်း) / CJ