Category: News

  • မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)

    မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)

    ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)

    ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force က ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄ ၊ ၁၀) နှင့် MDDS တို့က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘန်ကာအနီးနားထိ တိုက်ခိုက်နိုင်ခဲ့ကာ စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာသောကြောင့် အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော် ၄ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် နာရေးကား ၂ စီး စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို မောင်းနှင်သွားပြီး မိထ္တီလာမြို့ဘက်ကို ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

  • DSTA သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်မိန့်ခွန်းပြောနေစဥ် မြူများကျလာ၍ မိန့်ခွန်းရပ်ပြီး ဆင်းပြေး

    DSTA သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်မိန့်ခွန်းပြောနေစဥ် မြူများကျလာ၍ မိန့်ခွန်းရပ်ပြီး ဆင်းပြေး

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် နည်းပညာစစ်တက္ကသိုလ် (DSTA) သင်တန်းဆင်းပွဲပြုလုပ်နေချိန် မြူများရုတ်တရက်ကျဆင်းလာ၍ မိန့်ခွန်းပြောနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ပေါ်မှဆင်းပြေး သွားကြောင်း သိရသည်။

    ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်အစောပိုင်းကပြုလုပ်သည့် နည်းပညာစစ်တက္ကသိုလ်သင်တန်းဆင်းပွဲ၌ စစ်ခေါင်းဆောင် မိန့်ခွန်းပြောကြားနေစဥ် ရုတ်တရက် မြူများထူထပ်စွာကျဆင်းလာသည့်အတွက် မိန့်ခွန်းကို ၃ မိနစ်ခန့်သာပြောပြီး ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

    မြူများကြောင့် တစ်ယောက်နှင့်တစ်ယောက်ပင် မမြင်ရတော့ဘဲ ရုတ်တရက်ကျရောက်လာနိုင်သည့် ရှော့တိုက်ဒုံးနှင့် ဒရုန်းဗုံးအန္တရာယ်များကြောင့် လုံခြုံရေးကို ငဲ့ကွက်ပြီး စစ်ခေါင်းဆောင်က မိန့်ခွန်းအတိုချုံးပြောကာ စင်ပေါ်မှဆင်းခဲ့ရခြင်းဖြစ်သည်ဟု တပ်သတင်းရင်းမြစ်ထံက သိရသည်။

    “အဲဒီနေ့က ၁၀ နာရီလောက်မှ နေစထွက်တယ်။ မနက် ပိုင်းမှာ မြူတွေတအားကျလာတာ။ မြူတွေကြောင့် စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ ဒရုန်းတွေလည်း မမြင်ရတော့ဘူး။ လုံခြုံရေးကြောင့် မိန့်ခွန်းရပ်လိုက်ရတယ်။ အတိုဆုံးမိန့်ခွန်းပဲ”ဟု စစ်တက္ကသိုလ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

    စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့က စစ်တက္ကသိုလ်သင်တန်းဆင်းပွဲများနှင့် နည်းပညာစစ် တက္ကသိုလ် သင်တန်းဆင်းပွဲများကို တောက်လျှောက်တက်ရောက်၍ ပြင်ဦးလွင်တွင် နေထိုင်ရမည်ဖြစ်သော်လည်း ပွဲကျင်းပမည့်ရက်တွင်သာ လျှို့ဝှက်ရောက်ရှိ၍ ပွဲတက်ခဲ့ကြောင်း သိရသည်။

    စစ်ခေါင်းဆောင်က DSTA သင်တန်းဆင်းများကို စစ်ရေးစွမ်းရည်ထက်မြတ်စေရန်အတွက် စွမ်းအားရှိသည့် တပ် မတော်နှင့် စွမ်းရည်ရှိသည့်တပ်မတော် တည်ဆောက်ရန် ပြောကြားခဲ့သည်။

    တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယစစ်ခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ရောက်ရှိသည့် နေရာများကို လက်နက်ကြီး၊ ဒရုန်းဗုံးများနှင့် ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့်အတွက် ခရီးစဉ်များကို လျှို့ဝှက် သွားရောက်နေရကြောင်း သိရသည်။

    ထို့ကြောင့် စစ်ခေါင်းဆောင်သည် ယခုသင်တန်းဆင်းပွဲတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ရှော့တိုက်ဒုံးနှင့် ဒရုန်းဗုံးများကို ကြောက်ရွံ့ပြီး မိန့်ခွန်းကိုပင် အတိုချုံးပြောဆိုကာ စင်ပေါ်မှဆင်းပြေးရသည်အထိ ဖြစ်ခဲ့သည်။

    စစ်ခေါင်းဆောင် မိန့်ခွန်းများပြောကြားရာတွင် စစ်တပ် ၏အခန်းကဏ္ဍမဟုတ်သည့် နိုင်ငံအုပ်ချုပ်ရေးကို စွက်ဖက်ကာ နာရီနှင့်ချီကြာ မိန့်ခွန်းများကို ပြောဆိုတတ်သည့် အတွက် ကျန်းမာရေးမကောင်းသည့် စစ်ကောင်စီခန့် ဝန်ကြီးအချို့မှာ ဆေးရုံအတက်ပင်ပြ၍ ရှောင်လွှဲခဲ့ရသည်။

    မိန့်ခွန်းကိုရှည်ကြာစွာ ပြောကြားသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယခု သုံးမိနစ်မိန့် ခွန်းသည် အတိုဆုံးမိန့်ခွန်းဖြစ်ကြောင်း သိရသည်။

  • ပခုက္ကူ၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    ပခုက္ကူ၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    ပခုက္ကူ၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိ၊ လက်နက် ၁၈ လက်၊ ခဲယမ်းများ၊ ရွှေ၊ ငွေ ကြေးများနှင့်စစ်သုံးပစ္စည်းများပါ သိမ်းဆည်းရရှိ

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိကာ လက်နက် ၁၈ လက်၊ ခဲယမ်းများ၊ ရွှေ၊ ငွေကြေးများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း Earthquake People’s Defense Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန် ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက် အောက်ခံ ပျူစောထီးစခန်းကို အမှတ် ၈ စစ်ကြောင်းက ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း ၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးကာ ၇ ဦးအရှင်ဖမ်းမိပြီး လက် နက် ၁၈ လက်နှင့် ခဲယမ်းအများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “စစ်ခွေးသေဆုံးမှု မျက်မြင်ကတော့ ၆ ဦးပါ။ အမှတ် ၈ စစ်ကြောင်းဦးဆောင်မှုနဲ့ ကျောင်းသားတပ် ပခုက္ကူ local တပ်ရင်းတွေစုပေါင်းတိုက်ခိုက်ခဲ့တာပေါ့။ လက်နက်ကိုင်pdfတွေအခုလိုစုပေါင်းတိုက်ရင် မြန်မြန်ပြီးလာနိုင်မယ်ထင်ပါတယ်” ဟု Earthquake People’s Defense Force မှ တာဝန်ရှိသူက ရှင်းပြသည်။

    ပခုက္ကူတွင် တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းတိုက်ခိုက်မှုသည် အောင်မြင်မှု၏ သော့ချက်တစ်ခုဖြစ်ကြောင်း အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

    “ရန်သူစစ်အုပ်စုကိုတိုက်ခိုက်ဖို့အတွက် မတူတာတွေဘေးဖယ်ပြီး တူတာတွေတွဲလုပ်ကြတယ်လို့ မြင်ပါတယ်” ဟု အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောကြားသည်။

    ပျူစောထီး တပ်စခန်းအတွင်းမှ ၆၀ မမ စိန် ပြောင်း ၁ လက် ၊ MA2 သေနတ် ၁ လက် ၊ MA3 သေနတ် ၁ လက် ၊ M2 ကာဘိုင် သေနတ် ၁၂ လက် ၊ရှော့ဂန်း ၃ လက် ၊ ၅ ဒသမ ၅၆ လက် လုပ် သေနတ် ၁ လက်၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင် ဝန်းကျင်နှင့် စစ်အသုံးအဆောင်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

    ထို့ပြင် မီးစက် ၁ လုံး၊ ရေစက် ၁ လုံး၊ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၂ ကွင်း၊ နားကပ် ၁ ရံ၊ ရေခဲသေတ္တာ ၁ လုံး၊ ကား ၁ စီး၊ ငွေကျပ် ၁၄၅ သိန်း၊ ဒေါ်လာ ၁၀၂ ဒေါ်လာ၊ ထိုင်းဘတ် ၇၀ တို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

    ယင်းအကြမ်းဖက်စခန်းကို တိုက်ခိုက်ရာတွင် တပ်စခန်းနှင့်ဘန်ကာများကို တော် လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တဆင့်ချင်း တိုက်ခိုက်ချေမှုန်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ၄ ကြိမ်တိတိ ဗုံးကျဲပစ်ကူပေးခဲ့ကြောင်း သိရသည်။

    အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အမှတ် ၈ စစ် ကြောင်း အဖွဲ့ ဝင် ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ (SRF) မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး (ခ) ရဲဘော်ဟိန်း မင်းခန့် နှင့် ပြည်သူ့လွတ်မြောက် ရေး တပ် မတော် (PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော် ကိုထက် တို့ ကျဆုံးခဲ့ကြောင်း၊ ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် ဒေသနေပြည်သူ ၃ ဦး တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    စစ်ဆင်ရေးကို အမှတ် ၈ စစ်ကြောင်း ဦးဆောင်မှုဖြင့် ကျောင်းသားလက် ရုံးတပ်တော် (SAF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက် မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ Earthquake People’s Defense Force ၊ ပခုက္ကူခရိုင် (Local) တပ်ရင်းနှင့် Kamma Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူ

    ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူမှု ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ညီညွတ်ဟု ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးအကြောင်းကြား

    ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လိုအပ်လျှင် လိုအပ်သလို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ယင်းသို့ ခေါ်ယူစုဆောင်းမှု(ပေါ်တာဆွဲမှု) များမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင် ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ တရားဝင် အသိပေးအကြောင်းကြားလိုက်ကြောင်း သိရှိရသည်။

    ယခုဒီဇင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ် ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ အပတ်စဉ် ၈ အတွက် စစ်မှုထမ်းများ ခေါ်ယူရေးနှင့်ပတ် သက်၍ အသိပေးအကြောင်းကြားလာရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း ကျန်မားသန်စွမ်းသော အမျိုးသားလူငယ်မှန်သမျှသည် နိုင်ငံတော်ကာကွယ် ရေးအတွက် စစ်မှုထမ်းရန် မဖြစ်မနေ တာဝန်ရှိ ကြောင်း၊ စစ်မှုထမ်းများကို ခေါ်ယူရာတွင် သက် ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ အလှည့်ကျစနစ်ဖြင့် ခေါ်ယူနိုင်သကဲ့သို့ လိုအပ်ပါက ပူး ပေါင်းအဖွဲ့များ ဖွဲ့စည်း၍ ကျန်းမာသန်စွမ်းသော လူငယ်များကို လိုအပ်သလို စစ်ဆေး စုဆောင်းခေါ်ယူနိုင်ကြောင်း၊ ယင်းသို့ ခေါ်ယူမှုများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ တရားဝင်ပြီး ဥပဒေနှင့်လည်း ကိုက် ညီမှုရှိသည်ဟု အသိပေးလာကြောင်း သိရှိရသည်။

    “တချို့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လူမရလို့ မြို့နယ်က စုဆောင်းခိုင်းတဲ့ စစ်မှုထမ်း လူအရေအတွက် မရဘူး။ အဲဒါ မြို့နယ် စီမံရေးကောင်စီဝင် ဗိုလ်မှူးတွေက လမ်းတွေမှာ လူငယ်တွေကို စစ်ဆေးခေါ်ယူဖို့ ၊ တစ်နည်းအားဖြင့် ပေါ်တာဆွဲ ခေါ်ယူဖို့ ညွှန်ကြားပေမယ့် အများစုသော ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဘက်က မလုပ်ရဲကြဘူး။ ပေါ်တာဆွဲခိုင်းတာကို မလုပ်ချင်ကြတာ။ အဲဒါကြောင့် အဲဒီလို လမ်းမှာ စစ်ဆေးပြီး စစ်မှုထမ်းစုဆောင်းတာက တရားဝင်တယ်။ ပြည်သူ့ စစ်မှုထမ်းဥပဒေ အရ ရပ်ကွက်မှာပဲဖြစ်ဖြစ်၊ ကျေးရွာမှာပဲဖြစ်ဖြစ် လမ်းမှာပဲဖြစ်ဖြစ် လူငယ်တွေ ကျန်းမာသန်စွမ်းတယ်၊ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းဆိုရင် စစ်မှုထမ်းဖို့ စုဆောင်းနိုင်တယ်။ ဒါက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ညီညွတ်တယ်လို့ တိုင်းထွေ/အုပ်ကနေ အသိပေးလာတာ”ဟု မရမ်းကုန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    ထို့ပြင် ရန်ကုန်တိုင်းအတွင်းတွင် စစ်မှုထမ်းများ တပ်သားသစ်များ စုဆောင်းရာတွင် လူစားထိုးပေးခြင်း၊ စစ်မှုမထမ်းလိုသူများထံမှ ငွေကြေးကောက်ခံ၍ စစ်မှုမထမ်းရန် ရှောင်ရှားနိုင်ရေး ဆောင် ရွက်ပေးခြင်းများ မပြုလုပ်ရန် ရန်ကုန် တိုင်းထွေ/အုပ်က ညွှန်ကြားလာကြောင်း၊ ထိုကဲ့သို့ လုပ် ဆောင်မှုများကို စိစစ်တွေ့ရှိရပါက အရေးယူမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မည်သည့် အမျိုးသားလူငယ်မဆို စစ်မှုထမ်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်ညွှန်ကြားလာကြောင်း သိရှိရသည်။

    “ငွေတောင်းတာတွေ အရမ်းများလာလို့ ငွေမတောင်းဖို့ ။ စစ်မှုထမ်းနဲ့ပတ်သက်ပြီး လာဘ်ပေးလာဘ် ယူတွေ မလုပ်ဖို့။ အဲဒါတွေ စိစစ်တွေ့ရှိရင် အရေးယူခံရမယ်ဆိုတာမျိုးလည်း အသိပေးတယ်။ လက်ရှိမှာတော့ ရပ်ကွက်တစ်ခုကို စစ်မှုထမ်း အရေအတွက် ၂ ဦးကနေ ၄ ဦးအထိ အနည်းဆုံး စုဆောင်းခိုင်းတယ်” ဟု မရမ်းကုန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်လက်ရှင်းပြသည်။

    ယင်းအပြင် စစ်မှုထမ်းရန် လူငယ်များကို စုဆောင်းရာတွင် နောင်လာမည့် စစ်မှုထမ်းအပတ်စဉ်များအတွက် ကြိုတင်၍ စုဆောင်းထားရန်ကိုပါ ညွှန်ကြားလာကြောင်း၊ အနီးကပ်မှ လူစုဆောင်းရာတွင် မပြည့်မီပါက စစ်မှုထမ်အပတ်စဉ် သင်တန်းများ ဖွင့်လှစ်ရန် နောက်ကျ ကြန့်ကြာမှုများဖြစ်နိုင်သဖြင့် လူစုဆောင်းမှုများကို တင်ကြို၍ လုပ်ဆောင်ထားကြရန် ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးညွှန်ကြားလာကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရန်ကုန်၊ လမ်းများပေါ်တွင် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • လမ်းဘေးခွေးများကို စီမံချက်ဖြင့်  အဆိပ်ချ သတ်ဖြတ်

    လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်

    ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်သို့ မင်းအောင်လှိုင် တက်ရမည်ဖြစ်၍ လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်

    မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်အခမ်း အနားသို့ မင်းအောင်လှိုင် တက်မည်ဖြစ်၍ စစ်တပ်က လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေး မှန်သမျှကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်လျက်ရှိကြောင်း ပြင်ဦးလွင် မြို့နယ်စည်ပင်အရာရှိတစ်ဦးနှင့် ဒေသခံပြည်သူများထံမှ သိရှိရသည်။

    အကြမ်းဖက်မင်းအောင်လှိုင်က ယခု ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်သို့ စစ် တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်း ပွဲများ တက်ရောက်ခဲ့ပြီး ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် အခမ်းအနားသို့လည်း တက် ရောက်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒီဇင်ဘာဆန်းပိုင်းမှစတင်ပြီး ပြင်ဦးလွင်မြို့တွင်းနှင့် မြို့ပြင်များတွင် စစ်တပ်က ကင်းပုန်းများ ဆက်တိုက် ချ ထားကြောင်း၊ လုံခြုံရေးတိုးမြှင့်ရာတွင် ကင်းပုန်းဝပ်ရန် အနှောင့်အယှက်ဖြစ်စေမည့် ခွေးလေခွေးလွင့်များကို အဆိပ်ချ ရှင်း လင်းရန် စစ်ရုံးက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

    ” ဒီဇင်ဘာ တစ်လလုံး လူကြီး(မင်းအောင်လှိုင်) ခရီးစဉ်ရှိတဲ့အတွက် ခွေးလေ ခွေးလွင့်တွေကို လုံခြုံရေး ကင်းပုန်းဝပ်ရာမှာ အနှောင့်အယှက်မဖြစ်စေဖို့ အဆိပ် ပစ် ရှင်းလင်းဖို့ နယ်မြေတပ်ရင်းကနေ စာထုတ်ပါတယ်။ အဲဒါကြောင့် စီမံချက်နဲ့ ရှင်းလင်းနေရပါတယ်” ဟု ပြင်ဦးလွင်မြို့နယ်စည်ပင်အရာရှိတစ်ဦးက ရှင်းပြသည်။

    ပြင်ဦးလွင်ဒေသပြည်သူတချို့လည်း မင်းအောင်လှိုင်ခရီးစဉ်အတွက်ဟုဆိုကာ ပြည်သူ့စစ်များ၊ စည်ပင်ဝန်ထမ်းများ၊ စစ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ပြင်ဦးလွင်မြို့တစ်ဝန်းတွင် ညပိုင်း အဆိပ်ခတ်ထားသော အမဲတုံးများပစ်၍ ခွေးလေ ခွေးလွင့်များ ရှင်းလင်းကြောင်း၊ နံနက်အစောပိုင်းတွင် စည်ပင်သာယာကားများဖြင့် ခွေးလေ ခွေးလွင့်အသေများကို နေ့စဉ် ရက်ဆက် ရှင်းလင်းနေကြောင်း သိရှိရသည်။

    ” သူသွားမယ့် လမ်းတစ်လျှောက် ခွေးတွေ ရှင်းတာအပြင် ကင်းပုန်းဝပ်တာတွေ အနှောင့်အယှက်မဖြစ်အောင်ဆိုပြီး အဆိပ်ခတ် အမဲတုံးတွေ လိုက်ချပြီး ခွေးတွေ ရှင်းနေတာ။ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာလည်း စည်ပင်၊ရဲနဲ့ ပြည်သူ့စစ်တွေက ခွေးတွေကို အဆိပ် လိုက်ချတယ်။ လမ်းတွေပေါ်မှာတော့ ခွေးတွေလည်း သေနေကြတယ်။ ဘုန်းကြီးကျောင်းက မွေးထားတဲ့ ခွေးတွေလည်း သေကုန်ကြတာ။ လူတင်မကဘူး ခွေးတွေပါ ဒုက္ခပေးနေတာ။ ခွေးတွေပါ မကျန်အောင်ဒုက္ခ ပေးနေတာ” ဟု ပြင်ဦးလွင် ဒေသပြည်သူတစ်ဦးက ဆိုသည်။

    ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲတက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားကြောင်း၊ ယမန်နေ့ ပြင်ဦးလွင်တွင် ၎ မင်းအောင်လှိုင် လုံခြုံရေးအတွက် လမ်းများ ပိတ်ဆို့ထားခဲ့ကြောင်း သိရှိရသည်။

    ပြင်ဦးလွင်ရုက္ခဗေဒ ဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် သို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် တက်ရောက် လျာထားကြောင်း၊ လုံခြုံရေးဆိုင်ရာ အခြေအနေများရှိပါက မင်းအောင် လှိုင် ပွဲတက်မည့် ရက် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း တပ်သ တင်းရင်းမြစ်တစ်ခုက ရှင်းလင်းပြောဆိုသည်။

    မြန်မာနိုင်ငံတစ်ဝန်း စစ်ရှုံးမှုများကြောင့် မင်းအောင်လှိုင်အပေါ် အမျိုးသားရေးအစွန်းရောက်များနှင့် စစ်လော်ဘီများက ညံ့ဖျင်း သော ခေါင်းဆောင်အဖြစ် အပြင်းအထန် ဝေဖန်မှုများရှိနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပွဲတက်မပြတ်ဘဲ အခမ်းအနားများသို့ တက်ရောက် ဖွင့်လှစ် လှည့်လည်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    ဓာတ်ပုံ- ဒီဇင်ဘာလ ၁၂ ရက်နေ့ စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်။