Category: News

  • မောင်တောကျပြီးနောက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့သစ်တစ်ဖွဲ့ ထွက်ပေါ်လာ

    မောင်တောကျပြီးနောက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့သစ်တစ်ဖွဲ့ ထွက်ပေါ်လာ

    ရခိုင်တွင် မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ရန်ဟုဆိုကာ Arakan National Defence Force – ANDF အမည်ပေးထားသည့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ အသစ်တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဗီဒီယိုဖိုင်နှင့်တကွ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည်။

    ယင်းဗီဒီယိုဖိုင်မှာ မောင်တောမြို့နယ်ကို AA က အလုံးစုံ သိမ်းပိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗွီဒီယိုဖိုင်တွင် ANDF အဖွဲ့ဝင်တစ်ဦးက AA ကို တိုက်ခိုက်သွားမည်ဟု အဓိပ္ပာယ်သက်ရောက်သော “ငါတို့ဟာ ရခိုင်ပြည်ကို ရောက်နေပြီ။ ငါတို့ အလုပ်အများကြီး လုပ်သွားမယ်” ဟု ပြောဆိုထားသည်။

    မွတ်ဆလင်အသိုင်းအဝိုင်းထံ စုံစမ်းလေ့လာချက်အရ ANDF အဖွဲ့ကို RSO အဖွဲ့ခေါင်းဆောင်ဟောင်း ဒေါက်တာအီနစ် ဆိုသူက ဦးဆောင်ကာ အင်အား ၅၀ ခန့်ရှိကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး ယခုရက်ပိုင်းမှ လူသိရှင်ကြား ကြေညာလာခြင်းကြောင်း သိရသည်။

    ANDF အဖွဲ့သည် လက်ရှိတွင် စစ်တွေတပ်နယ်ရှိ စစ်ကောင်စီလက်အောက်တွင် စစ်သင်တန်း တက်ရောက်လျက်ရှိကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် မွတ်ဆလင်အသိုင်းဝိုင်းမှ ဩဇာရှိသူတစ်ဦးက ပြောသည်။

    ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများတွင် စစ်ကောင်စီသည့် မွတ်ဆလင်လက်နက်ကိုင်အုပ်စု RSO၊ ARSA၊ ARA အဖွဲ့များ၊ ၎င်းတို့ သင်တန်းပေးထားသည့် မွတ်ဆလင်များနှင့်ပူးပေါင်းပြီး AA ထိုးစစ်ကို ခုခံခဲ့သော်လည်း အရေးနိမ့်ခဲ့ရသည်။

    “ရခိုင်ဒေသမှာက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့မှာ မွတ်ဆလင်အများဆုံး နေထိုင်တယ်။ ဒီဒေသတွေအားလုံးကို AA က သိမ်းလိုက်ပြီဆိုတော့ အနီးစပ်ဆုံး စစ်တွေကျန်သေးတယ်။ စစ်တွေမှာက ရခိုင်ကျေးရွာတွေ မရှိတော့ဘူး။ စစ်ဘေးရှောင်သွားကြပြီ။ မွတ်ဆလင်ရွာတွေ ရှိသေးတယ်။ ဒီတော့ စစ်တွေတိုက်ပွဲမှာလည်း ရှေ့နည်းတူ မွတ်ဆလင်အုပ်စု အသစ်တစ်ခုဖန်တီးပြီး စစ်ကောင်စီက ခုခံမယ်ဆိုတဲ့သဘော တွေးနိုင်တယ်” ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

    သို့သော်လည်း ANDF အဖွဲ့မှာ RSO အဖွဲ့မှ ခွဲထွက်လာသည့် အဖွဲ့ငယ်တစ်ခုသာဖြစ်၍ AA ကို တိုက်ခိုက်နိုင်မည့် အနေအထားမရှိဘဲ စစ်ကောင်စီ အသုံးချခံတစ်ခုထက် မပိုနိုင်ကြောင်း လေ့လာသူများက ပြောဆိုကြသည်။

    ၈၈ မျိုးဆက် ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးက “အခု အာရက္ခတပ်တော်အနေနဲ့ အောင်မြင်မှု အများကြီးရ ထားတာဖြစ်တယ်။ AA ဟာ စစ်ရေးရင့်ကျက်ပြီးသားဖြစ်တယ်။ Defence Force တစ်ခုအနေနဲ့ သူတို့ နာမည်ရွေးထားတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးကို ချဉ်းကပ်တဲ့သဘောပေါ့။ ဒါတွေကိုတော့ သိပ်စဉ်းစားစရာမလိုဘူး။ ဗီဒီယိုင်ဖိုင်မှာတင်ထားတဲ့ အတိုင်း AA ကို ချေမှုန်းသွားမယ်ဆိုတာကလည်း သူတို့ရဲ့ အိမ်မက်တွေသာဖြစ်တယ် ” ဟု ပြောသည်။

    မွတ်စလင်လက်နက်ကိုင်အုပ်စုများမှာ မောင်တောခရိုင်ရှိ မေယုတောင်တန်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စခန်းချနေထိုင်နေပြီး AA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိသည့်အပြင် ဒေသခံများကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်။

    ၎င်းအဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများရှိနေ၍ မွတ်ဆလင်အသိုင်းဝိုင်းကြားတွင် ထောက်ခံအားပေးမှု နည်းပါးကြောင်း ပြောဆိုကြသည်။

    “အဲဒီအဖွဲ့အစည်းတွေဟာ ကော့ဘဇားဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာအထင်ကရ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမိုဟိတ်ဘုလ္လာ အပါအ၀င် ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသားတွေနဲ့ ဒုက္ခသည် ၅၀၀ ခန့်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိသလို၊ ပြည်တွင်းမှာလည်း အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေရှိတယ်။ သူတို့တွေဟာ ကိုယ်ကျိုးဆောင် မူးယစ်အကြမ်းဖက်ကောင်တွေသာ ဖြစ်တယ်” ဟု ကော့ဘဇားဒုက္ခသည်စခန်းမှ မွတ်ဆလင်တစ်ဦးက ပြောသည်။

    လက်ရှိတွင် AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်မှ မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်း၊ တောင်ကုတ်၊ ဂွ တွင် တိုက်ပွဲပြင်းထန်နေသည်။ မြို့နယ် (၁၇) ခုဖြင့် ဖွဲ့စည်းထားသော ရခိုင်ဒေသတွင် စစ်ကောင်စီ ထိန်းချုပ်ထားသည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာ ကျန်ရှိတော့ပြီဖြစ်သည်။

  • တောင်ငူလေတပ်တိုက်ခိုက်မှု စစ်ကောင်စီတပ် နှစ်ဦးသေ၊ ကိုးဦး ဒဏ်ရာရဟု ပြောက်ကျားတပ်ပြော

    တောင်ငူလေတပ်တိုက်ခိုက်မှု စစ်ကောင်စီတပ် နှစ်ဦးသေ၊ ကိုးဦး ဒဏ်ရာရဟု ပြောက်ကျားတပ်ပြော

    တောင်ငူလေတပ်စခန်းအား ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိကြောင်း ပြောက်ကျားတပ် Brave Warriors For Myanmar -BWM အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

    “လေတပ်ရဲ့ အရာရှိလိုင်းခန်းကိုထိတယ်လို့သိရတယ်။စစ်သားနှစ်ဦးပွဲချင်းပြီး‌ သေဆုံးတယ်။သေဆုံးသူ တွေကိုလည်းနေ့ချင်း သဂြိုလ်ပါတယ်”ဟု ၎င်းက ပြောသည်။

    ထို့ပြင် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိသူ ကိုးဦးအနက်နှစ်ဦးမှာ စိုးရိမ်ရကြောင်းသိရပြီး အဆောက်အဦးတစ်ခုနှင့် ကားတစ်စီးလည်းပျက်စီးသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

    တောင်ငူလေတပ်စခန်းကို ဒီဇင်ဘာ ၁၁ ရက် ည ၁၁ နာရီတွင် BWM၏ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူး‌ပေါင်းပြီး ၁၀၇ မမ ရှော့တိုက်ဒုန်း ငါးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ သုံးလုံး အောင်မြင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

    ယင်းစစ်ဆင်‌ရေးနှင့်အတူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သတင်းများဖုံးထား‌ သောကြောင့် တပခ နှင့်ပတ်သက်၍ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

    “ကျွန်ုပ်တို့ BWM အဖွဲ့ ဟာမစ်ရှင် တစ်ခု ပြီးသွားတိုင်းအဲဒီ မစ်ရှင်တွေမှာ လိုအပ်ချက်ရှိတာတွေကို ပြန်လည်သုံးသပ်ပြီး နောက်ထပ် မစ်ရှင်တွေ အတွက် ပိုမိုထိရောက်အောင်ပြင်ဆင်ရင်းနဲ့ တော်လှန်ရေး အရွေ့ဖြစ်အောင် ရှေ့ဆက်နေတာ မို့ ကျွန်ုပ် တို့ BWM နှင့် မဟာမိတ် အဖွဲ့တွေ ရှေ့ဆက် ပိုမိုကြိုးစားသွားမှာ ဖြစ်ကြောင်း ပြည်သူလူထုကို အသိပေးကြေငြာအပ်ပါတယ်”ဟု BWM က ထုတ်ပြန်ထားသည်။

    (တောင်ငူလေတပ်စခန်းအား ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ MKCDF)

  • မြင်းခြံ၊ သစ်ရုံရွာကို စစ်ကြောင်းထိုး မီးဝင်ရှို့သည့် စစ်တပ်နှင့် လယ်သစ်ရွာ စစ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

    မြင်းခြံ၊ သစ်ရုံရွာကို စစ်ကြောင်းထိုး မီးဝင်ရှို့သည့် စစ်တပ်နှင့် လယ်သစ်ရွာ စစ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ သစ်ရုံရွာကို စစ်ကြောင်းထိုး မီးဝင်ရှို့သည့် စစ်တပ်နှင့် လယ်သစ်ရွာ စစ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Freedom Fighter Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၆ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ သစ်ရုံရွာကို စစ်ကြောင်း မီးဝင်ရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို Freedom Fighter Guerrilla Force နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်း မရှိကြောင်း၊ အလားတူ လယ်သစ်ရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force နှင့် အတူ မဟာမိတ်အဖွဲ့များဖြစ်ကြသော MYINGYAN 35၊ 8 STARS၊ ပြည်ချစ်သားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)

    မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)

    ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်(ရုပ်/သံ)

    ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force က ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းရှိ မိုင်တိုင် ၃၁၉ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄ ၊ ၁၀) နှင့် MDDS တို့က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘန်ကာအနီးနားထိ တိုက်ခိုက်နိုင်ခဲ့ကာ စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာသောကြောင့် အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော် ၄ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် နာရေးကား ၂ စီး စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို မောင်းနှင်သွားပြီး မိထ္တီလာမြို့ဘက်ကို ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

  • DSTA သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်မိန့်ခွန်းပြောနေစဥ် မြူများကျလာ၍ မိန့်ခွန်းရပ်ပြီး ဆင်းပြေး

    DSTA သင်တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်မိန့်ခွန်းပြောနေစဥ် မြူများကျလာ၍ မိန့်ခွန်းရပ်ပြီး ဆင်းပြေး

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် နည်းပညာစစ်တက္ကသိုလ် (DSTA) သင်တန်းဆင်းပွဲပြုလုပ်နေချိန် မြူများရုတ်တရက်ကျဆင်းလာ၍ မိန့်ခွန်းပြောနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ပေါ်မှဆင်းပြေး သွားကြောင်း သိရသည်။

    ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်အစောပိုင်းကပြုလုပ်သည့် နည်းပညာစစ်တက္ကသိုလ်သင်တန်းဆင်းပွဲ၌ စစ်ခေါင်းဆောင် မိန့်ခွန်းပြောကြားနေစဥ် ရုတ်တရက် မြူများထူထပ်စွာကျဆင်းလာသည့်အတွက် မိန့်ခွန်းကို ၃ မိနစ်ခန့်သာပြောပြီး ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

    မြူများကြောင့် တစ်ယောက်နှင့်တစ်ယောက်ပင် မမြင်ရတော့ဘဲ ရုတ်တရက်ကျရောက်လာနိုင်သည့် ရှော့တိုက်ဒုံးနှင့် ဒရုန်းဗုံးအန္တရာယ်များကြောင့် လုံခြုံရေးကို ငဲ့ကွက်ပြီး စစ်ခေါင်းဆောင်က မိန့်ခွန်းအတိုချုံးပြောကာ စင်ပေါ်မှဆင်းခဲ့ရခြင်းဖြစ်သည်ဟု တပ်သတင်းရင်းမြစ်ထံက သိရသည်။

    “အဲဒီနေ့က ၁၀ နာရီလောက်မှ နေစထွက်တယ်။ မနက် ပိုင်းမှာ မြူတွေတအားကျလာတာ။ မြူတွေကြောင့် စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ ဒရုန်းတွေလည်း မမြင်ရတော့ဘူး။ လုံခြုံရေးကြောင့် မိန့်ခွန်းရပ်လိုက်ရတယ်။ အတိုဆုံးမိန့်ခွန်းပဲ”ဟု စစ်တက္ကသိုလ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

    စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့က စစ်တက္ကသိုလ်သင်တန်းဆင်းပွဲများနှင့် နည်းပညာစစ် တက္ကသိုလ် သင်တန်းဆင်းပွဲများကို တောက်လျှောက်တက်ရောက်၍ ပြင်ဦးလွင်တွင် နေထိုင်ရမည်ဖြစ်သော်လည်း ပွဲကျင်းပမည့်ရက်တွင်သာ လျှို့ဝှက်ရောက်ရှိ၍ ပွဲတက်ခဲ့ကြောင်း သိရသည်။

    စစ်ခေါင်းဆောင်က DSTA သင်တန်းဆင်းများကို စစ်ရေးစွမ်းရည်ထက်မြတ်စေရန်အတွက် စွမ်းအားရှိသည့် တပ် မတော်နှင့် စွမ်းရည်ရှိသည့်တပ်မတော် တည်ဆောက်ရန် ပြောကြားခဲ့သည်။

    တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယစစ်ခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ရောက်ရှိသည့် နေရာများကို လက်နက်ကြီး၊ ဒရုန်းဗုံးများနှင့် ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည့်အတွက် ခရီးစဉ်များကို လျှို့ဝှက် သွားရောက်နေရကြောင်း သိရသည်။

    ထို့ကြောင့် စစ်ခေါင်းဆောင်သည် ယခုသင်တန်းဆင်းပွဲတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ရှော့တိုက်ဒုံးနှင့် ဒရုန်းဗုံးများကို ကြောက်ရွံ့ပြီး မိန့်ခွန်းကိုပင် အတိုချုံးပြောဆိုကာ စင်ပေါ်မှဆင်းပြေးရသည်အထိ ဖြစ်ခဲ့သည်။

    စစ်ခေါင်းဆောင် မိန့်ခွန်းများပြောကြားရာတွင် စစ်တပ် ၏အခန်းကဏ္ဍမဟုတ်သည့် နိုင်ငံအုပ်ချုပ်ရေးကို စွက်ဖက်ကာ နာရီနှင့်ချီကြာ မိန့်ခွန်းများကို ပြောဆိုတတ်သည့် အတွက် ကျန်းမာရေးမကောင်းသည့် စစ်ကောင်စီခန့် ဝန်ကြီးအချို့မှာ ဆေးရုံအတက်ပင်ပြ၍ ရှောင်လွှဲခဲ့ရသည်။

    မိန့်ခွန်းကိုရှည်ကြာစွာ ပြောကြားသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယခု သုံးမိနစ်မိန့် ခွန်းသည် အတိုဆုံးမိန့်ခွန်းဖြစ်ကြောင်း သိရသည်။