တရုတ်-မြန်မာနယ်စပ်မြို့တွေမှာ မြန်မာကျပ်ငွေထက် တရုတ်ငွေကြေး ယွမ်ကို ဦးစားပေးသုံးတာက အရင်ကတည်းကရှိခဲ့ပြီး မဆန်းလှပါဘူး။ ဒါပေမဲ့ မြန်မာအစိုးရရုံးတွေနဲ့ ဘဏ်တွေရှိခဲ့တဲ့အတွက် ကျပ်ငွေတန်ဖိုးကလည်း အတိုင်းအတာတစ်ခုအထိ ခိုင်မာနေခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ယွမ်တန်ဖိုးက ဘယ်တုန်းကမှနဲ့မတူအောင် မြင့်တက်လာပြီး ကျပ်ငွေက နောက်ကောက်ကျန်ရစ်ခဲ့ပါတယ်။ လိုချင်သူ ရှားလာပါတယ်။ ဝ တပ်ဖွဲ့ (UWSA)နဲ့ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကျပ်ငွေအစား ယွမ်ငွေကိုပဲ ဘာလို့ သုံးလာကြတာလဲ။ ယွမ်ငွေ အဓိကကိုင်လာကြတဲ့မြို့တွေ ရှမ်းမြောက်က သိန္နီ၊ ကွမ်လုံ၊ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့တွေမှာ အရင်ကထက် တရုတ်ယွမ်ငွေသုံးစွဲတာ ပိုပြီးတွင်ကျယ်လာတယ်လို့ အဲဒီနေရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။ အဲဒီမြို့တွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် […]