Category: News

  • ဂွမြို့အခြေစိုက် တပ်ရင်း ၂ ခုကို AA  တိုက်ခိုက်

    ဂွမြို့အခြေစိုက် တပ်ရင်း ၂ ခုကို AA တိုက်ခိုက်

    ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၆၂)၊ နဲ့ ခမရ (၅၆၃) ခြေမြန်တပ်ရင်း ၂ ခုကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့တိုက်ခိုက်နေလို့ တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်းမှာ အရပ်သားနေအိမ်မီးလောင်မှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

    အဓိကအနေနဲ့ ခမရ ၅၆၃ တပ်ရင်းဝန်းကျင်နဲ့ တမာန်ကုန်း၊ သိမ်ကုန်း၊ ကမ်းခြေဦးနဲ့ လေယာဉ်ကွင်း အဟောင်းနေရာတွေမှာ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပြီး မြို့ထဲမှာတော့ လူမရှိသလောက်ဖြစ်သွားပြီလို့ဆိုပါတယ်။

    ဂွမြို့ခံ အမျိုးသားတယောက်က “ဂွ-ငသိုင်းချောင်းလမ်းဆုံ အဲကိုကျော်သွားပြီးတော့ ဂွမြို့တွင်းဖြစ်တဲ့ တမာန်ကုန်းရပ်ကွက်၊ သိမ်ကုန်းရပ်ကွက် အဲဘက်တွေမှာ ဖြစ်နေကြတယ်။ မနေ့က ကြားရတဲ့သတင်းအရတော့ ဂွမြို့နယ်မီးသတ် ၄ ထပ်အဆောက်အအုံကြီး မနေ့က ပြိုကျတယ်။ တမာန်ကုန်းရပ်ကွက်တွေမီးလောင်တယ်။ ရဟိုင်ကူးတို့ရွာမှာလည်း လက်နက်ကြီးကျည်တွေကျပြီး ကမ်းနားလည်းမှာ မီးလောင်တယ် ”လို့ ပြောပါတယ်။

    စစ်ကောင်စီ ရေတပ်နဲ့ လေတပ်ကပါပစ်ကူတွေပေးနေသလို ဂွမြို့အခြေစိုက် ခမရ (၅၆၂)၊ နဲ့ ခမရ (၅၆၃) တပ်ရင်းတွေဆီ ဧရာဝတီတိုင်းဘက်ကနေစစ်ကူအင်အားဖြည့်တင်းတာကြောင့် ဂွ-ငသိုင်းချောင်းလမ်းကို AA က ပိတ်ဆို့ထားပါတယ်။

    ဂွမြို့နယ်ဟာ ဧရာ၀တီတိုင်းထဲက ငသိုင်းချောင်းမြို့နယ်နဲ့သာမက ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်တို့နဲ့ ပင်လယ်ကမ်းခြေချင်းထိစပ်နေတဲ့အပြင် NUG ကလည်း တိုင်းစစ်ဌာန(ဧရာဝတီ) ကိုဖွဲ့စည်းပြီးကြောင်း ကြေညာထားပါတယ်။

    စစ်ရေး၊ နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က “ဂွတိုက်ပွဲပြီးရင်တော့ ကျနော်တို့ အသုတ်၊ ရေကြည်ဘက် မြစ်ဝကျွန်းပေါ်ဘက်ကို ဆင်းတဲ့လမ်းကြောင်းထဲကို ပထမ အခြေလှမ်းအဖြစ် တိုးဝင်လိမ့်မယ်လို့မှန်းဆရပါတယ်။ ဧရာဝတီတိုင်းဘက်ကို ဝင်တဲ့အင်အားစုတွေက အတန်အသင့် ညီညွတ်ပုံရပါတယ်။ ဘာလို့ဆို အဖွဲ့အစည်းသိပ်မများသေးဘူးကိုဗျ။ အဲတော့ အဲဒီဘက်က ပိုပြီးတော့ ရေရှည်မှာအလေးသာလာနိုင်စရာ အကြောင်းရှိတယ်လို့ထင်ပါတယ်”လို့ သုံးသပ်ပြောပါတယ်။

    ဂွဒေသခံစစ်ရှောင်တယောက်ကလည်း သူတို့စစ်ရှောင်သွားတဲ့ ဂွ-မကျီးဇင်ဘက်မှာ စစ်တပ်က လုံခြုံရေးတွေအများအပြားချထားပြီး တပ်ဖွဲ့ဝင်တွေထွက်ပြေးတဲ့သတင်းကို ကြားနေရကြောင်း ပြောပါတယ်။

    ပုသိမ်အပါအဝင် မြို့ကြီးတချို့မှာလုံခြုံရေးတင်းကျပ်နေပြီး နိုဝင်ဘာ ၁ လအတွင်း NUG နဲ့ PDF ကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေသခံ ၂၆ ယောက်ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။

  • စစ်မှုမထမ်းရရေး  ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံတွင် စစ်တပ်က စောင့်ဖမ်း

    စစ်မှုမထမ်းရရေး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံတွင် စစ်တပ်က စောင့်ဖမ်း

    ဘားအံမှ လူငယ် ၁၀၀ ဝန်းကျင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်း အပို့ခံရ

    ထိုင်းနိုင်ငံသို့ အောက်လမ်းမှတစ်ဆင့် သွားရောက်ပြီး စစ်မှုမထမ်းရရေး တိမ်းရှောင်မည့် လူငယ်တချို့ကို ဘားအံမြို့နယ်အတွင်းတွင် စစ်တပ်က စောင့်ဆိုင်း ဖမ်းဆီးမှုများရှိနေကြောင်း ဒေသသတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။

    ယခုဒီဇင်ဘာလအတွင်း စစ်တပ်က ဘားအံမြို့နယ်၊ သံလွင်တံတားတွင် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူငယ်များကို အထူးတင်းကျပ်စွာ စစ်ဆေးနေကြောင်း၊ ဘားအံ-လှိုင်းဘွဲ့လမ်း၊ ထီလုံဒေသတွင်လည်း စစ်တပ်က ဂိတ်ချ၍ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မည့် လူငယ်များကို ဖမ်းဆီး၍ စစ်တပ်ထဲသို့ ပို့ဆောင်မှုများရှိနေကြာင်း သိရှိရသည်။

    “ထိုင်းနဲ့ နယ်စပ်ဖက်သွားမယ့် သူတွေကို ပိတ်ဖမ်းပြီး သင်တန်းပို့လိုက်တာမျိုး စစ်တပ်က လုပ်နေတယ်။ အဓိက သူတို့ ပိတ်ဖမ်းတာကလေ သံလွင်တံတားနဲ့ ထီလုံဘက်အခြမ်း။ ဘားအံ- လှိုင်းဘွဲသွားတဲ့ဘက်အခြမ်း ထီလုံမရောက်ခင်အနားမှာ စစ်တပ် စစ်ဆေးရေးဂိတ်တွေရှိတယ်။ ဘားအံ- လှိုင်းဘွဲ -မဲသဝေါဘက်ကတော့ အဖမ်းအဆီး Safe ဖြစ်တယ်။ မဲသဝေါဘက်ကတော့ စစ်တပ်အာဏာမသက်ရောက်တော့ဘူး။ အဓိကက လှိုင်းဘွဲ့ လောက်အထိတော့ စစ်တပ်က ဖမ်းဆီးတာ ဘာညာလုပ်တယ်” ဟု ဒေသသတင်းရင်းမြစ် Hpa-an News က ရှင်းပြသည်။

    ထို့ပြင် ဘားအံမြို့ပေါ်နှင့် မြို့နယ်အတွင်းမှ စစ်တပ်က ဖမ်းဆီးထားသူများနှင့် ဆင့်ခေါ်ထားသော လူငယ် ၁၀၀ခန့်ကို စစ်မှုထမ်း အပတ်စဉ် ၈ တက်ရောက်ရန် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း၊ စီမံချက်အရ တပ်သားသစ်ဦးရေ ၂၀၀ ရရန် လျာထားသော်လည်း လူဦးရေ ၁၀၀ ဝန်းကျင်သာရရှိကြောင်း ၊ ဖမ်းဆီးခံရသူများနှင့် ဆင့်ခေါ်ခံရသော တပ်သားသစ် လူငယ်အများစုမှာ မူလတန်း/အလယ်တန်းအဆင့်ကျောင်းနေဖူးသူများဖြစ်ကာ တချို့မှာမူ ငွေကြေးမတတ်နိုင်သောသူများဖြစ်ကြောင်း၊ လူငယ်တချို့ကို တစ်ဉီးလျှင် ငွေကျပ် ၁၀သိန်းမှ ၁၅သိန်းကြားပေး၍ ခေါ်ယူသွားကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

    လက်ရှိအချိန်အထိလည်း စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူဦးရေ ပြည့်မီခြင်းမရှိသဖြင့် တပ်သားသစ် သင်တန်းသားအမြောက်အများလိုအပ်နေကာ လူငယ်များအနေဖြင့် အထူးသတိထားသင့်ကြောင်း ဒေသသတင်းရင်းမြစ်က သတိပေးသည်။

    “စစ်မှုထမ်းခေါ်တာက နယ်ခြားစောင့် BGF ကလည်း ခေါ်တယ်။ စစ်ကောင်စီကလည်း ခေါ်တယ်။ နှစ်မျိုးလုံးနဲ့ ဂွကျနေတာပေါ့။ လူငယ်တွေမှာလည်း။ ဘားအံမြို့ပေါ်မှာလည်းရပ်ကွက်အလိုက် ခေါ်နေတာတော့ ပြီးခဲ့တဲ့လကတည်းက။ မလိုက်နိုင်ရင် ပိုက်ဆံထည့်ပေးရတယ်။ တစ်အိမ် ၃သောင်းပေးရတယ်။ မြို့ပေါ်မှာ။ ရွာတွေဘက်ဆို လူငယ်ရှိတဲ့နေအိမ်တွေဆိုရင် တစ်အိမ်ကို ၁၅သိန်း သိန်း၃၀အဲ့လိုမျိုး အတောင်းခံနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

    ဓာတ်ပုံ- သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်တွင် လူငယ်များကို မှတ်ပုံတင်များနှင့် ဖုန်းများ စစ်ဆေးနေစဉ်။

  • ပေါက်တွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်း ကျေးရွာရှိ စစ်တပ်စစ်ကြောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၁၅ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးက ပြောကြားသည်။

    ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တို့တွင် ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်းပျူစောထီး ကျေးရွာအတွင်း ဝင်ရောက်ပြီး စစ်တပ်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် တိုက် မိုင်း၊ နင်းမိုင်းဝင်ထောင်ကာ စစ်တပ်ကို တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ ဒီတုတ်ကွင်းကျေးရွာ ပျူစောထီး ခေါင်းဆောင် စိုးကြီး (ခ) စိုးမြင့်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    “ ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ၉ ရက်၊ ၁၀ ရက်နေ့အထိ ဝင်ထောင်ထားတဲ့ တိုက်မိုင်းတွေမိတာ ၈ ယောက်သေ တယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ခင်းမှာ ဒီးတုတ်ကွင်းပျူကျေးရွာထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့တယ်။ နေ့ လည်ခင်းမှာလည်း မိုင်းတစ်လုံးထပ်မိတယ်။ ညနေ ၆ နာရီခွဲ ၇ နာရီပတ်ဝန်းကျင်မှာလည်း မိုင်းထပ် မိတယ်၊ အဲဒီနေ့မှာ ၆ ယောက်သေတယ်။ အလောင်းကောက်မရတာလည်း ၅ ယောက်လောက်ရှိ တယ်။ စုစုပေါင်းသေတာ ၁၅ ယောက်ပါ။” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးနှင့် ပေါက်တောင်ပိုင်း ပကဖ ဗိုလ်နားပေါက်အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • စစ်ကောင်စီတပ်သားများ ဒုက္ခသည်ရိက္ခာဆန်ကို အသုံးပြုမှု WFP လက်မခံ

    စစ်ကောင်စီတပ်သားများ ဒုက္ခသည်ရိက္ခာဆန်ကို အသုံးပြုမှု WFP လက်မခံ

    အာဏာသိမ်း စစ်ကောင်စီတပ်သားများ နေထိုင်ခဲ့သော ရခိုင်ပြည် မောင်တောမြို့ နခခ ၅ တပ်စခန်းတွင် လူသားချင်းစာနောက်ထားမှုနှင့် ဒုက္ခသည်များအား ပေးအပ်သော ရိက္ခာဆန်ထုတ်များ တွေ့ရှိရသည့်အပေါ် WFP က လက်ခံနိုင်စရာမရှိကြောင်း ပြောသည်။

    ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တံဆိပ်ပါ ရိက္ခာဆန်ထုတ် အများအပြား နယ်ခြားစောင့်တပ် နခခ ၅ တပ်စခန်းတွင် တွေ့ရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်ထားကြောင်း ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန် ကန့်ကွက်ထားသည်။

    မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရကြောင်း ဆိုသည်။

    လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးသော်လည်း ၂၀၂၄ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံမှာ ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ခံထားရသည်ဟု ထုတ်ပြန်ထားသည်။

    ရပ်ရွာလူထုအတွက် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှသည် လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ထိုလုပ်ရပ်များသည် ကယ်ဆယ်ရေးအထောက်အပံ့များအား အရေးပေါ်လိုအပ်နေသူများကို ထိခိုက်နစ်နာစေကြောင်း WFP က ပြောသည်။

    ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန်လည်း WFP က တောင်းဆိုထားသည်။

    လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက် ရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု အခြေအနေသည် တစ်နေ့တခြား ပိုမိုဆိုးရွားလာလျက်ရှိကြောင်း WFP က ပြောသည်။

    လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအပြင် မကြာသေးမီကဖြစ်ပေါ်ခဲ့သော ရာသီဥတုဖောက်ပြန်မှုများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် ဆာလောင် မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှု အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း WFP က ထုတ်ပြန်သည်။

    ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းသည် WFP ၏ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် အကူအညီများရရှိခဲ့ကြသည်။

    ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိကြောင်း WFP က ထုတ်ပြန် ပြောဆိုထားသည်။

    မောင်တောရှိ WFP ကယ်ဆယ်ရေးရိက္ခာများ သိုလှောင်ရုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးသွားသည့် ဗီဒီယိုဖိုင်

  • ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဗိုလ်လောင်း ၁၃၀ ကျော်ပါဝင်ဆင်နွှဲ၊ ၁၂ဦး ကျဆုံး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဗိုလ်လောင်း ၁၃၀ ကျော်ပါဝင်ဆင်နွှဲ၊ ၁၂ဦး ကျဆုံး

    စစ်ကောင်စီကို တအာင်းမြေမှတိုက်ထုတ်နိုင်ခဲ့၊ ကာကွယ်ရေး ယခင်ထက် ပိုလုပ်ရမည်ဟု TNLA ခေါင်းဆောင်ပြောကြား

    တအာင်းတပ်မတော်(TNLA)​၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဗိုလ်သင်တန်းတက်နေသည့် ဗိုလ်လောင်း ၁၃၀ ကျော် ပါဝင်ခဲ့ရာ ဗိုလ်လောင်း ၁၂ဦးကျဆုံးခဲ့ရသည်ဟု TNLAက ယနေ့ (ဒီဇင်ဘာ ၁၈ရက်) အသိပေးသည်။

    TNLA အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅)အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်က ကျင်းပခဲ့ရာ အပတ်စဉ် (၄)မှ ဗိုလ်လောင်းများမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့မှုအပေါ် အသိပေးထားသည်။

    သင်တန်းသား ၁၃၂ ဦး တက်ရောက်ခဲ့သည့် အပတ်စဉ် (၄)သည် သင်တန်းကာလ (၁၈)လ ကြာမြင့်ခဲ့ပြီး သင်တန်းကာလသည် ၁၀၂၇ စစ်ဆင်ရေးနှင့် တိုက်ဆိုင်လျက်ရှိရာ ဗိုလ်လောင်းများလည်း စစ်ဆင်ရေး အပိုင်း(၂)တွင် ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    စစ်ဆင်ရေးအတွင်း ဗိုလ်လောင်း ၁၂ဦးကျဆုံးခဲ့ပြီး ယခု သင်တန်းဆင်းပွဲ၌ သင်တန်းသား ၁၁၄ ဦး သင်တန်းဆင်းနိုင်ခဲ့ဟု အသိပေးသည်။ ယခုကျင်းပမည့် အပတ်စဉ် (၅)အလုပ်သင် ဗိုလ်သင်တန်းတွင် သင်တန်းသား (၁၃၅) ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ဟု ထုတ်ပြန်သည်။

    သင်တန်းကာလ စစ်ဆင်ရေးအတွင်း တပ်မဟာနှင့် တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်၌ အသက်ပေးလှူသွားသည့် ဗိုလ်လောင်းသင်တန်းသားများအား ဂုဏ်ယူလေးစားကြောင်း TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။

    လက်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်သွားမည့် အရာရှိလောင်းများအနေဖြင့်လည်း ကျရာတာဝန်များကို အကောင်းဆုံးဆောင်ရွက်ရန် ဥက္ကဋ္ဌ တားအိုက်ဘုန်းက မှာကြားသည်။

    TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိ တအာင်းပြည်၏ စစ်ရေးနိုင်ငံရေးကို ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပြီဖြစ်၍ စစ်ရေးတစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်းဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်၏ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    TNLAသည် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကို ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲခဲ့သည်။ စစ်ဆင်ရေးပထမပိုင်းအတွင်း နမ့်ဆမ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံမြို့ ၇မြို့ကို TNLAက သိမ်းပိုက်နိုင်ခဲ့သည်။ ၂၀၂၄ ဇွန်လတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဆင်နွှဲခဲ့ရာ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ကျောက်မဲ၊ သီပေါ မြို့များကိုသိမ်းပိုက်နိုင်ခဲ့သည်။ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီ တပ်စခန်း ၁၅၀ ခန့်ကို သိမ်းပိုက်ရရှိခဲ့သည်။

    ထိုသို့ သိမ်းပိုက်ထားနိုင်ပြီးဖြစ်၍ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

    TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်ကလည်း ယခု သင်တန်းဆင်းပွဲသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူဒါန်းသွားသည့် အလုပ်သင်ဗိုလ် ကျောင်းသား (၁၂)ဦးအား အလေးပြုကြောင်းဖော်ပြကာ သင်တန်းသားသစ်များကို ကြိုဆိုခဲ့သည်။

    တာဝန်ထမ်းဆောင်ကြသည့် အရာရှိအရာခံများသည် စစ်ရေး၊ နိုင်ငံရေးနှင့် အခြားအုပ်ချုပ်ရေးကဏ္ဍများကို တတ်ကျွမ်းရန် လိုအပ်ကြောင်း အဆိုပါ အရေးများ သိကျွမ်းနားလည်မှသာလျှင် ပြည်သူများအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း TNLA စစ်ဦးစီးချုပ်က သဝဏ်လွှာပို့သည်။

    (TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်နေစဉ်။ ဓာတ်ပုံ − TNLA)