Category: News

  • ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး

    ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး

    ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာအထိုင်မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများက ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးပြီး သေနတ် ၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုများ ဘက်မှ Drone ၂ စီး ဆုံးရှုံးခဲ့ပြီး ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲ ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာရသူများကို ကား ၃ စီးဖြင့် ကျွန်းလှမြို့မှတဆင့် ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ထိတွေ့ တိုက်ပွဲသည် တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အကျအဆုံးများသောကြောင့် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်နှင့် ၁၂ မိနစ်တို့တွင် တံတားဦးမှ တက်လာသည့် Jet Fighter ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကာ လေကြောင်း ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားနှင့် ပျူစောထီး အလောင်းများကို ကန့်ဘလူ သုဿာန်တွင် ယနေ့ မွန်းလွဲပိုင်း၌ မီးသင်္ဂြုဟ် ခဲ့ကြောင်း၊ မီးသင်္ဂြိုဟ်သည့် အချိန်၌ သုဿာန်အနီး ပြည်သူများပင် ဖြတ်သန်းခွင့်မရှိဟု သိရကြောင်း၊ သုဿာန်အနီးတွင်လည်း အကြမ်းဖက် စစ်တပ်က ဘန်ကာဆောက်၍ ဂိတ်ချထားကြောင်း သိရသည်။

    ထိုတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် နတ်ပေးရွာမှ ပျူစောထီး ၁ ဦး ၊ သင်မန်းတောရွာမှ ငဖြိုးနှင့် ရာကျော်ဝင်းအပြင် အလောင်းပြန်မရသည့် ပိုင်ရှင်မဲ့ အထုပ် ၅ ထုပ်လဲ ရွာပြန်ရောက်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

  • စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ရာထူးမှဖယ်ရှားခံရ

    စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ရာထူးမှဖယ်ရှားခံရ

    ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဖြစ်လာ

    ဗိုလ်ချုပ်ကြီး တင်အောင်စန်းကိုကာကွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားလိုက်ပြီး သူ၏ နေရာတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ခန့်အပ်ကြောင်း စစ်ကောင်စီက ယနေ့သတင်းထုတ်ပြန်လိုက်သည်။

    စစ်ကောင်စီကာကွယ်ရေးဝန်ကြီးအသစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဒုတိယဝန်ကြီးချုပ်ရာထူးလည်း ရရှိမည်ဖြစ်ရာ စစ်ကောင်စီတွင် ဒုတိယဝန်ကြီးချုပ် ခြောက်ဦးအထိရှိလာသည်။

    ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြီးခဲ့သည့် နှစ်သြဂုတ်လက စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ သူသည်ရေတပ်အရာရှိဘဝမှ ၂၀၂၁ အာဏာသိမ်းပြီးနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ယင်းမှတဆင့် ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်ရာထူးလည်းရထားသည်။

    သူ၏လက်အောက်တွင် စစ်ကောင်စီသည် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စိုးမိုးနယ်မြေအများအပြား ဆုံးရှုံးခဲ့ရသည်။

    ရခိုင်တပ် AA ၏ထိုးစစ်ကိုရင်ဆိုင်နေရပြီး အနောက်ကပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အခြေစိုက်အမ်းမြို့အပါအဝင် နိုင်ငံအနောက်ပိုင်းမှ နယ်မြေအများအပြားကို လက်လွှတ်ခဲ့ရသည်။

    ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ကာကွယ်ရေးဝန်ကြီးအဖြစ်မှ ဖယ်ရှားခံခဲ့ရသော်လည်း စစ်ကောင်စီတွင် ဒုတိယဝန်ကြီးချုပ်ရာထူးဆက်လက်ရရှိမည်ဟု စစ်တပ်၏ကြေညာချက်တွင် ပါရှိသည်။

    သူသည်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ယူမည်ဖြစ်သည်။ ထိုရာထူးသည် စစ်ကောင်စီတွင်နေရာမပေးလိုတော့သည့် ဗိုလ််ချုပ်များကို ရွှေ့ပြောင်းရာနေရာဖြစ်သည်။

    စစ်ကောင်စီကာကွယ်ရေးဝန်ကြီးအသစ်

    စစ်ကောင်စီ၏ကာကွယ်ရေးဝန်ကြီးအသစ်မှာ အသက် ၆၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးဖြစ်သည်။

    သူသည်အဖွဲ့ဝင် ၁၈ ဦးပါသည့် စစ်ကောင်စီတွင် နံပါတ်(၇) အဆင့်ရှိသည့် အရာရှိဖြစ်သည်။

    ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ၂၀၁၅ တွင် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ဖြစ်လာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် ပုံမှန်ပြုလုပ်လေ့ရှိသည့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်းရေး လေ့ကျင့်ခန်းကြီးများကို ဦးစီးခဲ့သည်။

    စစ်တက္ကသိုလ်အပတ်စဉ် ၂၅ မှဆင်းလာသည့် အဆိုပါစစ်ခေါင်းဆောင်သည် ၂၀၁၀ ပြည့်နှစ်တွင် ကစထ (၆) လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး ၂၀၁၅ ခုနှစ်တွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်ခဲ့သည်။

    စစ်အာဏာသိမ်းပြီးနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်လာသည်။ ထိုမှတဆင့်ယခုအခါ ကာကွယ်ရေးဝန်ကြီးရာထူးရခဲ့သည်။

  • အွန်လိုင်းကနေ ညစ်ညမ်းရုပ်ရှင်ရောင်းချတဲ့ ထိုင်းအမျိုးသမီးတစ်ဦးအဖမ်းခံရ

    အွန်လိုင်းကနေ ညစ်ညမ်းရုပ်ရှင်ရောင်းချတဲ့ ထိုင်းအမျိုးသမီးတစ်ဦးအဖမ်းခံရ

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချက်တူချက်ခရိုင် မှာ အွန်လိုင်းကနေ ညစ်ညမ်းရုပ်ရှင်တွေ နဲ့ လိင်အသားပေး ဝတ်လစ် စလစ်ဓာတ်ပုံတွေရောင်းချတဲ့ အမျိုးသမီးတစ်ဦးကို ထိုင်းဆိုင်ဘာ ရဲတပ်ဖွဲ့ က ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် ခေါင်ဆွတ် သတင်းဌာန ရဲ့ အင်္ဂလိပ်ပိုင်းမှာဖော်ပြထားပါတယ်။

    အဖမ်းခံရတဲ့ အမျိုးသမီးဟာ အသက် ၃၂ နှစ်အရွယ် မစ္စဆစီသွန်း ဆိုသူဖြစ်ပြီး သူမရဲ့ နေအိမ်မှာ ညစ်ညမ်းဇာတ်ကားတွေ သိမ်းဆည်းထားတဲ့ ကွန်ပြူတာ ဆာဗာ စနစ်ကိုပါဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

    သူမ ဟာ OnlyFans လို့ အမည်ပေးထားတဲ့ ပလပ်ဖောင်းတွေကနေ လွန်ခဲ့တဲ့ လေးနှစ်ကစလို့ ညစ်ညမ်းရုပ်ရှင်တွေ စတင်ရောင်းချနေတာဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေရဲ့ ဝတ်လစ်စလစ်ပုံတွေ ၊ သူမကိုယ်တိုင်ဖန်တီးထားတဲ့ ညစ်ညမ်းရုပ်ရှင်တွေ ကိုရောင်းချခဲ့တာလို့ ဆိုပါတယ်။

    OnlyFans ပလပ်ဖောင်း မှာ ဝင်ကြေးအနေနဲ့ ထိုင်းဘတ်ငွေ ၄၉၉ ယူပြီး ညစ်ညမ်းဇာတ်ကားတွေ ရောင်းချခဲ့တာလို့ ရဲတပ်ဖွဲ့ ထံမှာ ထွက်ဆိုခဲ့ပါတယ်။

    ညစ်ညမ်းရုပ်ရှင်တွေ ရောင်းချနေတဲ့ OnlyFans ပလပ်ဖောင်းဟာ တစ်လဝင်ငွေ ပျမ်းမျှ ဘတ်ငါးသောင်း ရှိတယ်လို့လည်း ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

  • စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အင်းလေး PDF ရဲမေ ဂူဂူး

    စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အင်းလေး PDF ရဲမေ ဂူဂူး

    ရှေ့တန်းစစ်မြေပြင်မှာ အမျိုးသားတွေနဲ့နည်းတူ ကာကင်းယူပေးနေတဲ့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်က အသက် ၂၀ အရွယ် ရဲမေ ဂူဂူးဟာ စစ်တပ်အာဏာမသိမ်းခင်က အရောင်းဝန်ထမ်းအနေနဲ့ မိသားစုကို ထောက်ပံ့ပေးနေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့သူတယောက် ဖြစ်ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားမှုကို မခံချင်တဲ့အတွက် တောခိုလာပြီး တိုက်ခိုက်ရေးပိုင်းကို စိတ်ဝင်စားလို့ စစ်သင်တန်းတွေ တက်ခဲ့ပါတယ်။

    ခုလက်ရှိမှာတော့ ရဲမေ ဂူဂူးက အမှတ် ၁၀၀၉ တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှာ နေထိုင်ပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ကင်းစောင့်တဲ့ တာဝန်ကို လုပ်ဆောင်နေပါတယ်။

    ရဲမေ ဂူဂူးက “သင်တန်းမတက်ခင်က စားဖိုမှာကူတယ်။ ထင်းရှာတာတွေ လုပ်တယ်။ သင်တန်းတက်တုန်းက ပင်လည်းပင်ပန်းတယ်။ ဆရာတွေရဲ့ အမိန့်မနာခံတာမျိုးရှိရင် ဆရာတွေက ရိုက်တယ်။ အဲဒါက အမှတ်တရတွေပေါ့” လို့ ပြောပါတယ်။

    အမျိုးသမီးဖြစ်ပေမဲ့ ရှေ့တန်းမှာ ပါဝင်ကာ ကာကင်းစောင့်ပေးတာနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေနဲ့ အသက်တွေ ပေးဆပ်ရတာတွေကို မြင်တွေ့ရတာကြောင့် မခံချင်တဲ့စိတ်နဲ့ တိုက်ခိုက်ရေးပိုင်းကို ရွေးဖြစ်တာလို့ ရဲမေ ဂူဂူးက ဆိုပါတယ်။

    “ခက်ခဲတဲ့အရာရှိသလို မခက်ခဲတာလည်း ရှိတယ်။ တခါတလေ လွတ်လွတ်လပ်လပ်နေတာဆို မခက်ခဲဘူးပေါ့။ ခက်ခဲတာက ရှေ့တန်းလိုက်ရင် အဆင်မပြေတာတို့ စိတ်ညစ်စရာ ဝမ်းနည်းစရာတွေ ကြုံတာမျိုးဆို ခက်ခဲတာပေါ့နော်။ အိမ်ကိုလွမ်းတယ်၊ မိဘတွေကို လွမ်းတယ်။ ငိုမိတဲ့အချိန်တွေလည်း ရှိတာပေါ့။ စိတ်ဓာတ်ကျတာလည်း ရှိသလို စိတ်အားထက်သန်တာလည်း ရှိတာပေါ့။”

    တော်လှန်ရေးထဲမှာ လူအများနဲ့အတူ တန်းတူညီမျှ နေထိုင်ရတာဖြစ်တဲ့အတွက် သီးသန့်နေထိုင်တတ်တဲ့စိတ်ကို ပြောင်းလဲစေပြီး သည်းခံကာ အခက်အခဲတွေကိုလည်း ရင်ဆိုင်ကျော်ဖြတ်လာနိုင်တယ်လို့ ဆိုပါတယ်။

    “ဒီတော်လှန်ရေးက နောက်ဆုံးတော်လှန်ရေးဖြစ်တဲ့အတွက် အောင်ကိုအောင်ရမယ်။ စိတ်ဓာတ်မကျပါနဲ့၊ ကျမတို့ ကြိုးစားနေပါတယ်။ ပြည်သူလူထုတွေ တောင့်ခံပေးကြပါ။ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်ကြပါမယ်။”

    အမျိုးသမီးတွေဟာလည်း တော်လှန်ရေးအတွက် ထောက်ပို့အပိုင်း၊ ဆေးပိုင်း၊ စာသင်ကြားရေးအပိုင်း၊ ရုံးပိုင်း၊ စစ်ရှောင်အပိုင်းနဲ့ ရှေ့တန်းအပိုင်းတွေမှာပါ ကျရာတာဝန်ယူပြီး လုပ်ဆောင်နေပါတယ်။

    အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ရေးပိုင်းမှာတော့ ရဲမေ ၃ ယောက်ရှိပြီး ရဲမေ ဂူဂူးကတော့ လာမယ့် လူငယ်မျိုးဆက်တွေအတွက် ဇွဲမလျှော့ဘဲ ကြိုးစားရင်း တော်လှန်ရေး ပြီးဆုံးအောင်မြင်ချိန်မှာ မိသားစုနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ်လို့ ပြောပါတယ်။

  • ဂွမြို့အခြေစိုက် တပ်ရင်း ၂ ခုကို AA  တိုက်ခိုက်

    ဂွမြို့အခြေစိုက် တပ်ရင်း ၂ ခုကို AA တိုက်ခိုက်

    ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၆၂)၊ နဲ့ ခမရ (၅၆၃) ခြေမြန်တပ်ရင်း ၂ ခုကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့တိုက်ခိုက်နေလို့ တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်းမှာ အရပ်သားနေအိမ်မီးလောင်မှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

    အဓိကအနေနဲ့ ခမရ ၅၆၃ တပ်ရင်းဝန်းကျင်နဲ့ တမာန်ကုန်း၊ သိမ်ကုန်း၊ ကမ်းခြေဦးနဲ့ လေယာဉ်ကွင်း အဟောင်းနေရာတွေမှာ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပြီး မြို့ထဲမှာတော့ လူမရှိသလောက်ဖြစ်သွားပြီလို့ဆိုပါတယ်။

    ဂွမြို့ခံ အမျိုးသားတယောက်က “ဂွ-ငသိုင်းချောင်းလမ်းဆုံ အဲကိုကျော်သွားပြီးတော့ ဂွမြို့တွင်းဖြစ်တဲ့ တမာန်ကုန်းရပ်ကွက်၊ သိမ်ကုန်းရပ်ကွက် အဲဘက်တွေမှာ ဖြစ်နေကြတယ်။ မနေ့က ကြားရတဲ့သတင်းအရတော့ ဂွမြို့နယ်မီးသတ် ၄ ထပ်အဆောက်အအုံကြီး မနေ့က ပြိုကျတယ်။ တမာန်ကုန်းရပ်ကွက်တွေမီးလောင်တယ်။ ရဟိုင်ကူးတို့ရွာမှာလည်း လက်နက်ကြီးကျည်တွေကျပြီး ကမ်းနားလည်းမှာ မီးလောင်တယ် ”လို့ ပြောပါတယ်။

    စစ်ကောင်စီ ရေတပ်နဲ့ လေတပ်ကပါပစ်ကူတွေပေးနေသလို ဂွမြို့အခြေစိုက် ခမရ (၅၆၂)၊ နဲ့ ခမရ (၅၆၃) တပ်ရင်းတွေဆီ ဧရာဝတီတိုင်းဘက်ကနေစစ်ကူအင်အားဖြည့်တင်းတာကြောင့် ဂွ-ငသိုင်းချောင်းလမ်းကို AA က ပိတ်ဆို့ထားပါတယ်။

    ဂွမြို့နယ်ဟာ ဧရာ၀တီတိုင်းထဲက ငသိုင်းချောင်းမြို့နယ်နဲ့သာမက ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်တို့နဲ့ ပင်လယ်ကမ်းခြေချင်းထိစပ်နေတဲ့အပြင် NUG ကလည်း တိုင်းစစ်ဌာန(ဧရာဝတီ) ကိုဖွဲ့စည်းပြီးကြောင်း ကြေညာထားပါတယ်။

    စစ်ရေး၊ နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က “ဂွတိုက်ပွဲပြီးရင်တော့ ကျနော်တို့ အသုတ်၊ ရေကြည်ဘက် မြစ်ဝကျွန်းပေါ်ဘက်ကို ဆင်းတဲ့လမ်းကြောင်းထဲကို ပထမ အခြေလှမ်းအဖြစ် တိုးဝင်လိမ့်မယ်လို့မှန်းဆရပါတယ်။ ဧရာဝတီတိုင်းဘက်ကို ဝင်တဲ့အင်အားစုတွေက အတန်အသင့် ညီညွတ်ပုံရပါတယ်။ ဘာလို့ဆို အဖွဲ့အစည်းသိပ်မများသေးဘူးကိုဗျ။ အဲတော့ အဲဒီဘက်က ပိုပြီးတော့ ရေရှည်မှာအလေးသာလာနိုင်စရာ အကြောင်းရှိတယ်လို့ထင်ပါတယ်”လို့ သုံးသပ်ပြောပါတယ်။

    ဂွဒေသခံစစ်ရှောင်တယောက်ကလည်း သူတို့စစ်ရှောင်သွားတဲ့ ဂွ-မကျီးဇင်ဘက်မှာ စစ်တပ်က လုံခြုံရေးတွေအများအပြားချထားပြီး တပ်ဖွဲ့ဝင်တွေထွက်ပြေးတဲ့သတင်းကို ကြားနေရကြောင်း ပြောပါတယ်။

    ပုသိမ်အပါအဝင် မြို့ကြီးတချို့မှာလုံခြုံရေးတင်းကျပ်နေပြီး နိုဝင်ဘာ ၁ လအတွင်း NUG နဲ့ PDF ကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေသခံ ၂၆ ယောက်ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။