Category: News

  • စစ်ခေါင်းဆောင်က စစ်ရှုံးလာမှုကို ဖုံးကွယ်ဝါဒဖြန့်ရန် စေခိုင်းထား

    စစ်ခေါင်းဆောင်က စစ်ရှုံးလာမှုကို ဖုံးကွယ်ဝါဒဖြန့်ရန် စေခိုင်းထားပြီး လွတ်လပ်သော သတင်း မီဒီယာများကို ပြစ်တင်ပြောဆို

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတစ်ဝန်း စစ်ရှုံးလာမှုနှင့် အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ဝါဒဖြန့်ရန် လက်အောက်ခံများအား စည်းရုံးစေခိုင်း၍ လွတ်လပ်သော မီဒီယာများကို ပြစ်တင်ခဲ့ကြောင်း ၎င်း၏ပြောဆိုချက်နှင့် စစ်လော်ဘီ အသိုင်းအဝိုင်းထံက သိရသည်။

    စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့သည့် သတင်းမီဒီယာ ကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တာဝန်များအား အောင်မြင်စွာ ထမ်းဆောင် နိုင်မည်ကို ယုံကြည်တိုက်တွန်းကြောင်း စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံသတင်း မီဒီယာများ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

    စစ်ခေါင်းဆောင်က ပြောကြားသည့် တာဝန်များ ဆိုသည်မှာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးရန်ဖြစ်ပြီး အဓိကအားဖြင့် တစ်နေ့တခြား မရှုမလှအထိနာ စစ်ရှုံးလာမှုနှင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်နိုင်ရေးအတွက် စည်းရုံးစေခိုင်းခြင်းသာဖြစ်သည်ဟု စစ်လော်ဘီ အသိုင်းအဝိုင်းထံက သိရသည်။

    “စစ်ကောင်စီက သတင်းမီဒီယာကောင်စီကို တည်ထောင်တယ်ဆိုတာ သူတို့ရဲ့ လက်ကိုင်တုတ်အနေနဲ့ အသုံးချချင်လို့ပဲ ဖြစ်တယ်။ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘာမှမပါဘူး” ဟု ဒေသအခြေစိုက် သတင်းမီဒီယာကိုးခုဖြင့် ဖွဲ့စည်းထားသော Burma Media Consortium (BMC)ဥက္ကဋ္ဌ ဦးဥာဏ်လင်းထက်က ပြောသည်။

    စစ်ခေါင်းဆောင်သည် ၎င်း၏လက်အောက်ခံ စာရေးဆရာအသင်းနှင့် ရုပ်ရှင်အစည်းအရုံးများကဲ့သို့ မြန်မာနိုင်ငံရှိ သက်ကြီးအငြိမ်းစား သတင်းစာဆရာကြီးများအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ပြုပေးမည် ဟုလည်း ထည့်သွင်ပြောဆိုထားသည်။

    မဲစာရင်း အကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်က နိုင်ငံတော်၏ လိုအပ်ချက်အရ ၎င်းတို့ အနေဖြင့် နိုင်ငံ့တာဝန်အရပ်ရပ်ကို ထမ်းဆောင်နေရကာ သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍအား အလေးထားသကဲ့သို့ သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရန် အမြဲတမ်းစိတ်အား ထက်သန်နေ ကြောင်း ဆိုသည်။

    “သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်အောင် စိတ်အားထက်သန်တယ်ဆိုတာ တော်တော်ရယ်စရာ ကောင်းတယ်။ မုန်လာဥကို ကန်စွန်းဥဖြစ်အောင် ပြောတဲ့ပုံစံမျိုးပဲ။ သူအခု လုပ်နေတာတွေကို ကြည့်လိုက်ရင် သိသာတယ်” ဟု BMC ဥက္ကဋ္ဌ ဦးဥာဏ်လင်းထက်က ပြောသည်။

    ထိုအတွက် စစ်ကောင်စီက သတင်းမီဒီယာကောင်စီ သက်တမ်းသုံးနှစ်ပြည့်တွင် စစ်အုပ်စုနှင့် နီးစပ်သူများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းထဲ၌ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS)မှ တွဲဖက်အတွင်းရေးမှူး၊ ရေတပ်ဗိုလ်ချုပ်ဟောင်း၊ ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သားလည်း ပါဝင်ခဲ့သည်။

    အလားတူ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသော ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကက-ပြည်)ကိုလည်း ထိုကဲ့သို့ လုပ်ဆောင်ရန် စစ်ခေါင်းဆောင်က စေခိုင်းထားပြီး ဝါဒဖြန့်လျက်ရှိကြောင်း CDM အရာရှိများထံက သိရသည်။

    ယင်းအပြင် စစ်ခေါင်းဆောင်က ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးများနှင့် ၎င်းရှေ့မှောက်၌ သတင်းမီဒီယာကောင်စီ ကတိသစ္စာပြု အခမ်းအနားတွင် သတင်းတု၊ သတင်းမှားများ၊ အမုန်း စကားများနှင့် မှိုင်းတိုက်နေသည်ဟု လွတ်လပ်သော မီဒီယာများကို စွပ်စွဲပြစ်တင်ခဲ့သည်။

    လွတ်လပ်သော မီဒီယာများသည် အသက်အန္တရာယ်နှင့် လုံခြုံ ရပ်တည်ရေး ဆိုးဝါးခက်ခဲစွာ ရင်ဆိုင်ကြုံတွေ့နေရပြီး သတင်းစီးဆင်းမှု မပြတ်တောက်စေရန် စစ်ကောင်စီ၏ လုပ်ရပ်များကို တိကျမှန်ကန်စွာ ထုတ်လွှင့်ဖော်ပြနေသဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ သိရှိနေသောကြောင့် စစ်ခေါင်းဆောင်က စွပ်စွဲပြစ်တင်နေခြင်းလည်းဖြစ်သည်။

    စစ်ကောင်စီသည် အာဏာသိမ်း ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်မှစ၍ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ပြည်တွင်းမီဒီယာများ၏ လုပ်ငန်းလိုင်စင်များ ပိတ်သိမ်း၍ သတင်းသမားများအား ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးသတ်ဖြတ်နေသလို မဟုတ်မမှန် နည်းမျိုးစုံဖြင့် ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။

    “စစ်ကောင်စီရဲ့ အန္တရာယ်ကို အကြီးမားဆုံး ရင်ဆိုင်နေရတယ်။ သတင်းထုတ်လုပ်မှု လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ အစကနေ အဆုံးသော လူတွေအကုန်လုံးဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ဖြတ်သန်းနေရတယ်” ဟု လုပ်သက်ရင့် အမျိုးသမီးသတင်းထောက် မမော်လေးက ပြောသည်။

    စစ်ကောင်စီသည် အာဏာသိမ်းထားသည့် လေးနှစ်နီးပါးအတွင်း သတင်းသမား အများအပြားကို ဖမ်းဆီးထောင်ချခဲ့သလို သတင်းသမား ခုနှစ်ဦးထက်မနည်း သတ်ဖြတ်ထားပြီး လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၌ သတင်းသမား ၅၀ ဦးနီးပါး ထောင်ချခံထားရဆဲဖြစ်ကြောင်း သိရသည်။

    “ကြုံဖူးသမျှ သမိုင်းတလျှောက်ထဲမှာ အဆိုးဝါးဆုံးထိကို နိမ့်ကျသွားတယ်လို့ ပြောလို့ရတယ်။ နိုင်ငံအချင်းချင်းဖြစ်နေတဲ့ စစ်ပွဲတွေမှာတောင် မီဒီယာတွေကို ဖိနှိပ်မှုက ဒီလောက်ထိဆိုးရွားမယ်လို့ မထင် ဘူး” ဟု လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းက ပြောသည်။

  • တောင်ပိုင်းစစ်ဒေသ၏ နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ  စစ်သား ၁၄၉ ဦး သေဆုံး

    တောင်ပိုင်းစစ်ဒေသ၏ နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၄၉ ဦး သေဆုံး

    တောင်ပိုင်းစစ်ဒေသ၏ နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၄၉ ဦး သေဆုံးပြီး စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦးသေဆုံး

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၀၀ နီးပါးရှိခဲ့ပြီး စစ်သား ၁၄၉ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက သတင်းထုတ်ပြန်သည်။

    နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း၌ တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း ၄၂ ကြိမ်၊ စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့် ၃၈ ကြိမ် နှင့်အထက် တိုက်ခိုက်ခဲ့ပြီး မိုင်း လက်နက်ကြီးတို့ဖြင့် အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို့အပြင် နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကူးဆိပ်စခန်းနှင့် မထော စခန်းတို့အား KNLA/PDF/BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတိုက်ပွဲနှင့် အခြားတိုက်ပွဲများမှ လက်နက်ကြီး လက်နက်ငယ်နှင့် ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

    နိုဝင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၄၉ ဦး သေဆုံးပြီး ၈၉ ဦး ဒဏ်ရာရကာ ၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအရေအတွက်သည် တိကျသေချာမှုမရှိသော အချက်အလက်များကို ချန်ထားခဲ့သဖြင့် ယခုရရှိသောအရေအတွက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

    ယင်းတိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၉ ဦး တိုင်းပြည်အတွက်မြင့် မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်း ၁ စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

    နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ် ခတ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၇ ဦး အသက် ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၅၄ ဦး ရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း တပ် ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်သစ် (AD) ပူးပေါင်း တပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသတွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ရရှိထားသော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • လက်လွှတ်လိုက်ရသည့်စခန်းများကို အောင်ဇေယျစစ်ကြောင်းက အင်အားအများအပြားဖြင့် ပြန်လည် ထိုးစစ်ဆင်

    လက်လွှတ်လိုက်ရသည့်စခန်းများကို အောင်ဇေယျစစ်ကြောင်းက အင်အားအများအပြားဖြင့် ပြန်လည် ထိုးစစ်ဆင်

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီနှင့် ကော့ကရိတ်ကိုဆက်သွယ်ထားသည့် အာရှ လမ်းမကြီးနှင့် လမ်းဟောင်းကြားရှိ လက်လွှတ်လိုက်ရသည့်ရှေ့တန်းစခန်းများကို စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

    ပြီးခဲ့သည့်ဇူလိုင်လမှစတင်ကာ အောင်ဇေယျစစ်ကြောင်းအထိုင်ချထားသည့် ရှေ့တန်းစခန်း ငါးခုထက် မနည်းကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှသိမ်းယူနိုင်ခဲ့ပြီး ယင်း စခန်းများကို စစ်ကောင်စီတပ်က ပြန်လည်ရယူရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့ကစတင်ပြီး အောင်ဇေယျစစ်ကြောင်းသည် အင်အား ၅၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။

    “လေကြောင်းပစ်ကူလည်း ပေးလို့မလွယ်ဘူး၊ သူတို့လူတွေနဲ့ကိုယ့်လူတွေက ကပ်နေတာ။ သူတို့ကလည်း ဆုံးရှုံးထားတဲ့ကုန်းကို မရအရ ကပ်နေကြတာ၊ သူတပြန် ကိုယ်တပြန်ပဲ။ နေ့တိုင်းတိုးတာ၊ လက်နက်ကြီး ပစ်လိုက် တိုးလိုက်ပဲ။ RPG တွေ 84 တွေ တစ်ခါပစ်ရင်နှစ်လုံးစီပစ်တယ်၊ ပွိုင့်ဖိုက်ပစ်သံနဲ့ရောပြီး ၆၀ မမနဲ့ ခဏခဏ ပစ်တယ်”ဟု ရှေ့တန်းရောက်ရှိနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    စစ်ကောင်စီက ကော့ကရိတ်မြို့ရှိတပ်ရင်းများမှ ထုတ်နှုတ်အင်အားများဖြင့်စုစည်းကာ အာရှလမ်းတိုက်ပွဲ ကို ပို့ဆောင်ပေးနေခြင်းဖြစ်သည်။ ကော့ကရိတ်မြို့အတွင်းရှိ ခလရ(၉၇)နှင့် လှိုင်ဝအမြောက်ကုန်းမှ ဟောက်ဝစ်ဇာအမြောက်၊ အတွဲလိုက်ပစ်ဒုံးကျည်များနှင့် လေးလုံးပစ်ဒုံးကျည်များအသုံးပြုကာ အာရှ လမ်းမကြီးကို ပစ်ခတ်နေကြောင်း သိရသည်။

    အဆိုပါအောင်ဇေယျစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် ဗျူဟာ(၃၁)က ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

    “၁၀ လပိုင်း ၂၈ ရက်နေ့ကစဖြစ်တာ။ စစ်ကောင်စီဘက်က တိုးလာတာရှိပါတယ်။ အောင်ဇေယျစစ်ဆင် ရေးကို အားဖြည်လာတာတွေ ရှိတယ်။ ကျွန်တော်တို့ ကြားဖြတ်တိုက်ပေးနေရပါတယ်။ စစ်ကောင်စီဘက် က ကျဆုံးဒဏ်ရာရတွေရှိပါတယ်”ဟု နဂါးဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး စဖိုးတေက ပြောသည်။

    ကော့ကရိတ်မြို့ရှိ ရေကူးကန်၊ကော့နွဲရွာသစ်ကုန်းနှင့် ရွှေကြက်မင်းဘုန်းကြီးကျောင်းတို့တွင် စစ်ကောင်စီ တပ်၏ ခမရ(၅၄၆)နှင့်(၅၄၇) တပ်ရင်းတို့ အထိုင်ချကာ မြို့ကိုကာကွယ်နေကြောင်း သိရသည်။

    နိုင်ငံတော်အဆင့်သတ်မှတ်ထားသည့် အောင်ဇေယျစစ်ကြောင်းမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၁)သို့လာရောက်လက်နက်ချပူးပေါင်းသည့် စစ်ကောင်စီတပ်သား ၃၀ နီးပါးရှိပြီး ဗိုလ်ကြီးအဆင့် ရှိသူများပါဝင်နေကြောင်း သိရသည်။

    လက်ရှိတွင် ကော့ကရိတ်မြို့မြောက်ပိုင်း မိချောင်းအင်းနှင့် ရန်ကုတ်ကျေးရွာဘက်တွင် တိုက်ပွဲများဖြစ် ပွားနေကြောင်း သိရသည်။

    “နေ့တိုင်းကို လက်နက်ကြီးပစ်သံကြားရတယ်။ တချို့ လက်နက်ကြီးက အိမ်ပါတုန်တယ်၊ လက်နက်ငယ် တွေလည်း နေ့တိုင်းပစ်သံကြားရတယ်။ ဒီလ ကော့ကရိတ်မှာတိုက်ပွဲပြန်ဖြစ်မယ်ကြားလို့ အရပ်သားတွေ ရှောင်နေကြတာရှိတယ်”ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

    အာရှလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က အသေခံဒရုန်းအပါအဝင် ဒရုန်းအများအပြား အသုံးပြု တိုက်ခိုက်နေကြောင်း သိရသည်။

    “၉ လပိုင်းကစပြီး သူတို့(စစ်ကောင်စီ)ဘက်က ဒရုန်းတွေအများကြီးသုံးလာတယ်။ အသေခံဒရုန်းတွေသုံး တယ်။ ဗုံးသီးပစ်ချနိုင်တဲ့ဒရုန်းတွေက တခါလာရင် လေးစီးလောက် အနည်းဆုံးလာတယ်။ တော်လှန်ရေး ဘက်က ပစ်ချနိုင်တာတွေလည်း ရှိပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    အောင်ဇေယျစစ်ကြောင်းသည် မတ်လအတွင်းက ဆုံးရှုံးခဲ့ရသည့် သင်္ဃန်းညီနောင်မြို့ရှိ တပ်ရင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအများအပြားဖြင့် ဧပြီလမှစတင်ကာ အာရှလမ်းမကြီးမှတဆင့် ထိုးစစ် ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။

    ခုနစ်လကြာ ထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်းသည် ရည် မှန်းချက် မအောင်မြင်ဘဲ အထိအခိုက်အကျဆုံးများကာ ရှေ့တန်းစခန်းအချို့ ကျဆုံးခဲ့ရသည်။

    ပုံ-အာရှလမ်းမကြီးတွင် တိုက်ခိုက်ခံနေရသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်ယာဉ်တန်းများကို တွေ့ရစဉ် ပုံ/ ကော်ဘရာစစ်ကြောင်း

  • တရုတ်ကြေးနီစီမံကိန်းအနီး ရွာတချို့ စစ်ကြောင်းထိုး မီးရှို့ခံရ

    တရုတ်ကြေးနီစီမံကိန်းအနီး ရွာတချို့ စစ်ကြောင်းထိုး မီးရှို့ခံရ

    စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က တရုတ်ကြေးနီစီမံကိန်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စီမံကိန်းအနီးက ကျေးရွာတချို့ကို စစ်ကြောင်းထိုး နေအိမ်တွေ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒီဇင်ဘာလ ၁၃ ရက်နေ့မနက်ပိုင်းက တရုတ်ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် ညနေပိုင်းမှာ အိုမရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    “အဲဒီထိတွေ့တိုက်ပွဲမှာ သူတို့ဘက်က သေဆုံးတာရှိတယ်၊ အထိနာတယ်လို့ ကြားတယ်၊ အရေအတွက်ကတော့ မသိရသေးဘူး၊ ညနေပိုင်းမှာတော့ အိုမရွာက နေအိမ်တွေကို မီးဝင်ရှို့တယ်၊ အဲဒီရွာက စီမံကိန်းနဲ့ နီးတယ်၊ စစ်ကြောင်းက အဲ့ပတ်ဝန်းကျင်မှာပဲဗျ”

    မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကိုတော့ လတ်တလော အခြေအနေကြောင့် မသိရသေးဘူးလို့လည်း ဆိုပါတယ်။

    ဒါ့အပြင် အိုမရွာနဲ့ တရုတ်ကြေးနီစီမံကိန်းအနီး ကျေးရွာ ခြောက်ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ် ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီတွေက လုပ်ကိုင်နေတာပါ။ အာဏာသိမ်းကာလအတွင်း စီမံကိန်း ဆက်လက်လည်ပတ်နေပြီး ထွက်ရှိလာတဲ့ကြေးနီတွေကို ရန်ကုန်မြို့အထိ သယ်ယူပြီးနောက် ပင်လယ်ရေကြောင်းကနေ တရုတ်နိုင်ငံအထိ တင်ပို့နေတာလို့ ဒေသခံတွေက အခုနှစ် မေလဆန်းမှာ ပြောဆိုထားပါတယ်။

    စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရုတ်ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများမှ ဒေသခံတွေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြစဉ်။ (Photo : Chaw Su Han/ Facebook)

  • ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်

    ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်

    ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNO ဒုဥက္ကဋ္ဌ သတိပေး

    “ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ”

    ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) အပါအဝင် ချင်းညီနောင်မဟာမိတ်များက ဖလမ်း မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ဖလမ်းစစ်ကောင်စီတပ်အနေဖြင့် စစ်ကောင်စီကို အကာအကွယ်ပေးပြီး ပြည်သူကိုရန်သူအဖြစ် သတ်မှတ်နေမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်းက သတိပေးသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ဆလိုင်းပီတာထန်းက ဖလမ်းမြို့ရှိ ခလရ(၂၆၈)တပ်ကုန်းသို့ လိပ်မူထားသည့်စာကို ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားလာခြင်းဖြစ်သည်။

    ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈) တပ်ကုန်းအပါအဝင် လက်ကျန်စစ်ကောင်စီတပ်များကို CNDFပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်လျက်ရှိရာ အောင်မြင်မှုအချို့ ရရှိထားပြီး မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

    ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များ အသက်စွန့် ကာကွယ်နေခြင်းသည် ပြည်သူအတွက်မဟုတ်ဘဲ စစ်ကောင်စီကို ကာကွယ်ရင်း အသက်ပေးနေကြခြင်းဖြစ်ကြောင်း ဆလိုင်းပီတာထန်းက ပြောသည်။

    ” သူတို့ကိုပြန်တိုက်နေတဲ့ သူတွေဆိုတာ သူတို့ကာကွယ်နေပါတယ်လို့ ထင်ထားတဲ့ ပြည်သူတွေထဲက မခံမရပ်နိုင်လို့ ပြန်တိုက်နေတဲ့သူတွေပါ။စကစ ကို ကာကွယ်နေရင်း အသက်စွန့်ရတာ တန်ရဲ့လားလို့ မေးချင်ပါတယ်။ စကစကို ကာကွယ်နေသမျှကာလပတ်လုံး ပြည်သူ့ရန်သူဖြစ်နေမယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသမှာ ရှိတဲ့အချိန်မှာ ပြည်သူ့ရန်သူအဖြစ်ရပ်တည်မယ်ဆိုရင် လွတ်လမ်း အရမ်းနည်းပါတယ်”ဟု ဆလိုင်းပီတာထန်းက ဖြေကြားသည်။

    ပြီးခဲ့သည့် ရက်က ဆလိုင်းပီတာထန်းက ဖလမ်းမြို့ရှိ စစ်ကောင်စီ​၏ တပ်ကုန်းသို့ လိပ်မူထားသည့် စာတွင်လည်း ” ဖလမ်းတပ်ကုန်းကို အသေအလဲ ကာကွယ်တာ ဘာအတွက်လဲ။ ကျွန်တော်တို့လိုချင်တာ ခင်ဗျားတို့ရဲ့အသက်မဟုတ်ပါဘူး။ ကိုယ့်မြို့ကို ပြန်လိုချင်ရုံပါ။ ကျွန်တော်တို့ရဲ့မြို့ကို ကျွန်တော်တို့ ပြန်ယူနေတာက ကျွန်တော်တို့အတွက်တော့ သမိုင်းပေးတာဝန်ပါ။ အဲတာအတွက် ကိုယ့်အသက်စွန့်ရလည်း ကိုယ့်မြို့အတွက် ကိုယ်ဟာ သူရဲကောင်းအဖြစ်နဲ့ ရှိနေမှာ။ ခင်ဗျားတို့ကျတော့ သူတပါးမြို့ကို ဖျက်စီးတဲ့သူတွေအဖြစ် သမိုင်းမှာ တွင်ကျန်ရစ်တော့မှာ။ ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ ”ဟု ရေးသားထားသည်။

    ထို့အပြင် ဖလမ်းမြို့ကို ထားခဲ့ပြီးထွက်ခွာမည်ဆိုပါက ဆက်သွယ်နိုင်ကြောင်းလည်း ဆလိုင်းပီတာထန်းက အသိပေးရေးသားထားသည်။

    CNO၏လက်နက်ကိုင်တပ်ဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDFက ဒီဇင်ဘာ ၁၃ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဖလမ်းမြို့တွင်းသို့ ဝင်ထွက်သွားခြင်း မပြုကြောင်း ပြည်သူသို့ အသိပေးထားပြီး အရေးပေါ် ကိစ္စရှိပါက သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူထံ အကြောင်းကြား အသိပေးရန် ဖော်ပြသည်။

    ဖလမ်းမြို့တွင် ချင်းညီနောင်က တိုက်ပွဲဆင်နွှဲလျက်ရှိရာ လုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ ဖလမ်းမြို့အတွင်းသို့ စစ်ရေးတိုက်ပွဲဝင်နေသူများမှအပ မည်သူ့မဆို မြို့တွင်းဝင်ထွက် သွားလာခွင့်မပြုဟု အသိပေးထားသည်။

    CNO/CNDF၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းကလည်း ဖလမ်းမြို့သိမ်း တိုက်ပွဲ တစ်လအတွင်း အောင်မြင်မှုအချို့ရရှိထားပြီး အဖက်ဖက်ကကျဆုံးနေသည့် စစ်ကောင်စီတပ်ကလည်း လေလေကြာင်း ပစ်ကူပေးနေ၍အလုံးစုံ အောင်မြင်နိုင်ရေး ပြည်သူများ၏ ရပ်တည်မှု ၊ ဆုတောင်းပေးမှု ၊လက်နက်ခဲယမ်းနှင့် ကျည်များ ထောက်ပံ့မှု လိုအပ်နေကြောင်း အသိပေးထားပြီး ပါဝင်အားဖြည့်ပေးရန် ဖိတ်ခေါ်ထားသည်။

    ချင်းညီနောင်သည် ဖလမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် တပြိုင်တည်းတွင် မင်းတပ်မြို့သိမ်းတိုက်ပွဲကိုလည်း ဖော်ဆောင်လျက်ရှိသည်။

    စစ်ရေးသတင်းလုံခြုံရေးအရ တိုက်ပွဲသတင်းများ ထုတ်ပြန်မှုမရှိသော်လည်း မင်းတပ်နှင့် ဖလမ်းမြို့သိမ်း တိုက်ပွဲအောင်မြင်မှုများရရှိထားဟု ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များမှ တာဝန်ရှိသူ အချို့က အသိပေးထားသည်။ ချင်းညီနောင်သည် မဟာမိတ်ရက္ခိုင့်တပ်တော်(AA)နှင့်အတူ ချင်းပြည်နယ် မတူပီမြို့နှင့် ကျင်ဒွေးမြို့ တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

    (ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်း။ ဓာတ်ပုံ – The Chin Jouranl)