Category: News

  • ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ထိုးစစ်စတင်

    ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ထိုးစစ်စတင်

    စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်စခန်း သိမ်းခံရ

    ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီဇင်ဘာ ၁၅ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က အတည်ပြုသည်။

    ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့နယ်ရှိ အင်အား ၁၀၀ ခန့်ရှိသော လာဟူဆယ် ပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေး သတင်းရင်း မြစ်တစ်ဦးက အသိပေးထားသည်။

    အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ခေါင်လန်ဖူးမြို့နယ်အတွင်း KIA ၏ ထိုးစစ်ဆင်မှု အတွင်းစခန်းသိမ်းရခဲ့ကြောင်း အတည်ပြုသည်။

    “ပြည်သူ့စစ်တွေ ထွက်ပြေးသွားတယ်။စခန်းကို KIA သိမ်းလိုက်ပြီ”ဟုသတင်းရင်းမြစ်ကပြောသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။ ခေါင်လန်ဖူးတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

    KIAနှင့် မဟာမိတ်တပ်များသည် ဒီဇင်ဘာ ၄ ရက်တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များနှင့် မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်များကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ နှစ်ပတ်နီးပါး ကြာသည်အထိ တိုက်ပွဲများ ဖြစ်ပွား​နေဆဲ​ဖြစ်သည်။

    ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာ အများစုကို KIA မဟာမိတ်တပ်များက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် ခုခံလျက်ရှိသည်။တိုက်ပွဲကြောင့် မြို့ခံအများစု စစ်ဘေးတိမ်းရှောင်နေကြရသည်။

    ဒီဇင်ဘာ ၁၅ရက်နေ့ တွင် စစ်ကောင်စီက မံစီနှင့် ဗန်းမော်သို့ လေကြောင်းအသုံးပြု ရိက္ခာ၊လက်နက်ခဲယမ်းထုပ်များ ဖြည့်တင်းခဲ့ကြောင်း သတင်းရင်းမြစ်က အသိပေးသည်။

    ထို့ပြင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သကဲ့သို့ KIA ဘက်ကလည်း လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

    ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)နှင့် ခလရ(၄၇) တပ်ရင်းအနီးဝန်းကျင်တွင်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

    စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ကချင်ပြည်နယ်တွင်အနည်းဆုံးမြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်နယ်၏ ဒုတိယမြို့​တော် ဗန်း​မော်မြို့သိမ်းပိုက်ရန် ထိုးစစ်
    ဆင်​နေခြင်းဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ်​မြောက်ပိုင်းတွင် မဘိမ်းမြို့နှင့် နမ့်ဖက်ကာ​ဒေသကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားသည်။

    (၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်တွင် KIA နှင့် ပူတာအို PDF (K-PDF) ၊ ခါကာဘို People Force(KPF) ပူး​ပေါင်းတပ်များက မချမ်းဘော့မြို့နယ် အင်ခါဂါးစစ်ကောင်စီ တပ်စခန်းကိုသိမ်းပိုက်ခဲ့စဥ် ဓါတ်ပုံ- K-PDF)

  • တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း

    တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း

    မြန်မာစစ်တပ်မှာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေးလေယာဉ် ၈ စီးကို ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြန်လည်ဖြည့်တင်းထားကြောင်း သိရသည်။

    မြန်မာစစ်တပ် ပြန်လည်ဖြည့်တင်းထားသည့် လေယာဉ်များမှာ Mi17 ရဟတ်ယာဉ် ၃ စီး၊ FTC2000G တိုက်လေယာဉ် ၃ စီး၊ K-8W တိုက်လေယာဉ် ၁ စီးနှင့် Y-8 ထောက်ပို့လေယာဉ် ၁ စီး စုစုပေါင်း ၈ စီးဖြစ်သည်။

    ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် မြန်မာစစ်တပ် (လေ) ၏ ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဆုံးရှုံးသွားသည့် လေယာဉ်များကို ဖြည့်ထားခြင်းဖြစ်သည်။

    FTC2000G တိုက်လေယာဉ် ၃ စီး၏ လေယာဉ်အမှတ်မှာ 1413, 1411, 1407 တို့ဖြစ်ပြီး K-8W တိုက်လေယာဉ်အမှတ်မှာ 3941 ဖြစ်ကြောင်းနှင့် Y-8 ထောက်ပို့လေယာဉ်အမှတ်မှာ 5922 တို့ဖြစ်သည်။

    အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်မှာ ဆုံးရှုံးသွားသော လေယာဉ် ၈ စီးထဲတွင် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်၍ ပျက်စီးမှုပါဝင်သလို ပြေးလမ်းချော်မှုကြောင့်လည်း ပါဝင်သည်။

    ရခိုင်ပြည်တိုက်ပွဲအတွင်း ၂၀၂၄ ဖေဖော်ဝါရီလမှာ အာရက္ခတပ်တော် AA ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်မှာ Mi17 ရဟတ်ယာဉ်တစ်စီး ပျက်စီးသွားသည်။

    ၂၀၂၄ ဇန်နဝါရီလ ၃ ရက်နေ့မှာလည်း မြစ်ကြီးနားလေတပ်က တက်လာသော မြန်မာစစ်တပ်၏ Mi17 ရဟတ်ယာဉ် ၁ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပစ်ချခဲ့သည်။

    ၂၀၂၄ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတိုက်ပွဲသို့ ဗုံးလာကြဲခဲ့သည့် စစ်ကောင်စီ၏ တရုတ်လုပ် FTC2000G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချခဲ့ဖျက်စီးခဲ့သည်။

    ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့သည့် စစ်သားများကို မြန်မာနိုင်ငံပြန်ခေါ်ရန်သွားသည့် စစ်ကောင်စီ၏ Y-8 လေယာဉ်မှာ မီဇိုရိမ်ပြည်နယ်၏ လေဆိပ်တွင် ပြေးလမ်းချော်ပျက်စီးသွားသည်။

    ထို့ပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ကောင်စီ ၏ Eurocopter 365 ရဟတ်ယာဉ်တစ်စီးကို ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ခတ်ခဲ့သဖြင့် ပျက်ကျသွားခဲ့ကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ မိုးမောက်မြို့သစ်နှင့် ကုန်းလောအကြား စစ်ကောင်စီ ၏ Mi35 ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်‌ မတော် KIA က ပစ်ချခဲ့သည်။

    ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ကရင်နီ ပြည်နယ်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) အနီး စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ချခဲ့သည်။

    ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း ကရင်နီဒေသတွင် စစ်ကောင်စီ၏ K8 တိုက် လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချခဲ့ကြောင်း သိရသည်။

    ပုံစာ – တိုက်ပွဲအတွင်း ဆုံးရှုံးသွားသော စစ်ရေးသုံးလေယာဉ်များကို ပြန်လည်ဖြည့်တင်းထားသည့် လေယာဉ်များအား စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုနေစဉ်။ (ဓါတ်ပုံ – cincds)

  • နိုင်ငံတစ်ဝန်း စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူပြည့်မီခြင်းမရှိသဖြင့် ဒီဇင်ဘာလလယ် အထိ စစ်သင်တန်း မစတင်နိုင်သေး

    သာကေတမြို့နယ်တွင် ယမန်နေ့ညပိုင်း လူငယ် ၃၀ ကျော် ဖမ်းဆီးခံရ

    မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လိုအပ်သော တပ် သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ယခု ဒီဇင်ဘာလလယ်အထိ စစ်မှု ထမ်း သင်တန်း မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းထွေ/အုပ် သတင်းရင်းမြစ်ထံမှ သိရှိရသည်။

    ပုံမှန်အားဖြင့် ၂၀၂၄ ခုနှစ် မေလမှ စတင်ခဲ့သော စစ်မှုထမ်းသင်တန်းများကို လစဉ် ပထမအပတ်အတွင်း စတင်လေ့ရှိကြောင်း၊ သို့ရာတွင် ယခုအပတ် စဉ် ၈ တွင် လိုအပ်သော တပ်သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ဒီဇင် ဘာလ ၁၅ ရက်နေ့ သင်တန်းစတင်နိုင်ခြင်းမရှိကြောင်း၊ သက်ဆိုင်ရာ ပြည်ထဲရေးနှင့် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထန်းရန် လုံလောက်သော အရေအတွက် ရရှိသည်အထိ စုဆောင်းရန် ညွှန်ကြားချက်များ ထွက်ရှိထားကြောင်း သိရှိရသည်။

    “ပုံမှန်ဆိုရင်တော့ လစဉ် ပထမအပတ်လောက်မှာ စစ်မှုထမ်းသင်တန်းသစ်တွေ စတင်ပါတယ်။ နောက်အကျဆုံးက ဒုတိယအပတ်ပဲ။ အခုကတော့ တတိယအပတ်ထဲ ဝင်လာပြီး မစတင်နိုင်သေးဘူး။ ရန်ကုန်တိုင်းအနေနဲ့တော့ လူမပြည့်မီသေးဘူး” ဟု ရန်ကုန်တိုင်းထွေ/အုပ် သတင်းရင်းမြစ်က ပြောဆိုသည်။

    ရန်ကုန်တိုင်းအတွင်းတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ဖြစ်ပေါ်နေရာ သာကေတမြို့နယ် ၈ ရပ်ကွက်တွင် ယမန်နေ့ ညပိုင်း အလုပ်သွားအလုပ်ပြန်နှင့် ညပိုင်း လမ်းပေါ်တွင် သွားလာနေသော လူငယ် ၃၀ ကျော် ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသော လူငယ် ၁ ဦး၏ မိဘက ပြောဆိုသည်။

    ယမန်နေ့ညပိုင်း ၎င်း၏ သားဖြစ်သူ ည ၁၀ နာရီအချိန်ကျော်အထိ အလုပ်မှ ပြန်မလာ၍ လိုက်လံစုံစမ်းရာမှ စစ်မှုထမ်းအဖြစ် စုဆောင်းခံရကြောင်း သိရှိရကြောင်း၊ ထို့ကြောင့် သက် ဆိုင်ရာ တပ်နယ်တာဝန်ရှိသူများနှင့် ဆက်သွယ်ရာ ယမန်နေ့ညပိုင်း သာကေတမြို့နယ်၊ ၈ ရပ်ကွက်အတွင်း အပါအဝင် လမ်းသွားလမ်းလာနှင့် အလုပ်သွား အလုပ်ပြန် လူငယ် ၃၀ ကျော် ဖမ်းဆီးခံရသည်ကို သိရှိရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

    ” ပြန်ရွေးထုတ်လို့မရဘူး။ ငွေပေးလို့တော့ မရဘူး။ စစ်မှုထမ်းဖို့ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်ပြောတယ်။ လောလောဆယ်တော့ စစ်မှုထမ်းပါမယ်၊ ထွက်မပြေးပါဘူးဆိုတဲ့ မိဘက ခံဝန်လက်မှတ် ထိုးရင် အိမ်ခဏ ပြန်ခွင့်ပေးမယ်ပြောတယ် ။” ဟု ဖမ်းဆီးခံလူငယ်၏ မိဘက ရှင်းလင်းပြောဆိုသည်။

    သာကေတမြို့နယ်မှ အမှတ် ၈ ရပ်ကွက်မှ လူငယ် တစ်ဦးကလည်း ယမန်နေ့ည ၈ နာရီ ဝန်းကျင်အချိန် စစ်တပ်နှင့်ရဲများ၏ ပေါ်တာဆွဲမှုကို ကိုယ်တိုင် မျက် မြင်ကြုံတွေ့ခဲ့ရကြောင်း ပြောဆိုသည်။

    “မနေ့ည ၈ နာရီ သာကေတမြို့နယ် ၈ ရပ်ကွက်မှာ အိမ်စီးကားနဲ့ စစ်သား၊ ရဲတွေက လူလတ်အပိုင်း အမျိူးသား ၃ ဦးကို ကားပေါ်ကို ဖမ်းပြီး ဆွဲတင်သွားပါတယ်။ကျနော်လည်း ဆေးဆိုင်ကဆေးဝယ်ပြီးအပြန် ကျနော့်ကိုပါ အဝေးကနေ ရပ်ဆိုပြီး ဖမ်းဖို့ လှမ်းတာ။ ကျနော်တော့ ပြေးလို့ လွတ်ခဲ့ပါတယ်။ ပါသွားတဲ့ လူငယ်တွေက အသက် ၃၀ ကျော် ဝန်းကျင်တွေရှိမယ်။ ထမင်းချိုင့်တွေနဲ့ အလုပ်သမားတွေ” ဟု အသက် ၂၅ နှစ်အရွယ် ယမန်နေ့ညပိုင်း ပေါ်တာဆွဲမှုမှ လွတ်မြောက်လာသော မျက်မြင်ကြုံတွေ့ရသူ လူငယ်က ရှင်းပြသည်။

    အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းထွေ/အုပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှ ကျန်းမာသန်းစွမ်းလျှင် နိုင်ငံ တော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိပြီး ယင်းလူငယ်များကို မည် သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ခေါ်ယူ(ပေါ်တာဆွဲမှု)မှုသည် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ကိုက်ညီမှုရှိကြောင်း အသိပေး ညွှန်ကြားစာတစ်စောင်ကို ယခု ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည်။

    ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူ ကင်းလှည့်နေသော စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက်

    လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက်

    လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက်

    ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းရှိ ခြေမြန်တပ်ရင်း အမှတ်(၅၃၂)အား ပြင်းအားမြင့် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရကြောင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

    ” ကျနော်တို့မြို့ပြရဲဘော်တွေ ငြိမ်မနေဘူးအခက်ခဲကြားက စခတွေကို တိုက်ခိုက်နေအုံးမယ်”ဟု ၎င်းက ပြောသည်။

    အဆိုပါစစ်ဆင်ရေးကို ဒီဇင်ဘာ ၁၅ရက် ည ၈နာရီခွဲခန့်တွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “တိုက်ခိုက်မှုကြောင့် ရန်သူစစ်သား ၂ဦးထိခိုက်မှုရှိခဲ့ပြီး အသေးစိပ်မသိရသေးပေ”ဟု စစ် ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

    တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက လှိုင် သာယာမြို့နယ်နှင့် ဆက်သွယ်ထားသော တံတားများပိတ်ကာ စစ်ဆေးမှုများလုပ်ဆောင် နေသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

    (ခြေမြန်တပ်ရင်း အမှတ်(၅၃၂) တပ်ရင်းဝင်းအတွင်း တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

  • ညောင်လေးပင်မြို့နယ်ရှိ မလူးတဲဂိတ်စခန်းအား PDF တိုက်ခိုက်သိမ်းပိုက်

    ညောင်လေးပင်မြို့နယ်ရှိ မလူးတဲဂိတ်စခန်းအား PDF တိုက်ခိုက်သိမ်းပိုက်

    စစ်ကောင်စီတပ် ငါးဦးသေပြီး သေနတ်ငါး လက်ရဟု အမှတ်(၂)စစ်ဒေသခွဲပြော

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် – မဒေါက်လမ်းပိုင်းရှိ စစ်ကောင်စီ၏ မလူးတဲဂိတ် စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဒီဇင်ဘာ ၁၄ရက် နံနက် ၃နာရီခန့်က ညောင်လေးပင်-မဒေါက်လမ်းပိုင်းမှ စစ်ကောင်စီ​၏ မလူးတဲဂိတ်စခန်းကို အမှတ်(၂)စစ်ဒေသခွဲအောက်ရှိ PDF တပ်ရင်း ၃၇၀၃ မှ ရဲဘော်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    “သူတို့အင်အားကတော့ ပုံသေမရှိပါဘူး။ စစ် ကူအချိန်မရွေးရောက်နိုင်တဲ့ ရွှေကျင်၊ ညောင်လေးပင်၊ မဒေါက် အဲဒီနေရာတွေမှာရှိတဲ့ တပ်တွေရဲ့ အဓိကထောက်ပို့သွေးကြော ဂိတ်စ ခန်းတစ်ခုဖြစ်တယ်။ ပြီးတော့ ရွှေကျင်ဗျူ ဟာမှာရှိတဲ့စခန်းတွေအတွက် ကာကင်းအနေနဲ့တပ်ဆွဲထားတဲ့ စခန်းတစ်ခုဖြစ်ပါတယ်”ဟု မလူးတဲဂိတ်စခန်း၏အခြေအနေကို အမှတ် (၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

    အဆိုပါ မလူးတဲဂိတ်စခန်းသည် ပုံမှန်အားဖြင့် အင်အား ၂၀ မှ၃၀ ကြားအထိုင်ချထားလေ့ရှိပြီး ဝင်ရောက်တိုက်ခိုက်ချိန် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ၁နာရီကြာမြင့် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ သေနတ်ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲက အသိပေးသည်။

    စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ MA1 သေနတ် ၃ လက်၊ G – 3သေနတ် ၂လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများပါဝင်သည်။

    အထက်ပါ စစ်ကောင်စီတပ်၏ မလူးတဲဂိတ်စခန်းကို တပ်ရင်း ၃၇၀၃မှ ရဲဘော်များက ဒီဇင်ဘာ ၁၄ ရက် နံနက် ၄နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း အမှတ်(၂) စစ်ဒေသခွဲထံမှ သိရသည်။

    (စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ်(၂) စစ်ဒေသခွဲ)