Category: News

  • ဗိုလ်ကြီး အောင်စိုးဦး နှင့် တပ်သား ၇ ဦး၏ ရုပ်အလောင်းများကို PDF တပ်ဖွဲ့က သိမ်းဆည်း

    ဗိုလ်ကြီး အောင်စိုးဦး နှင့် တပ်သား ၇ ဦး၏ ရုပ်အလောင်းများကို PDF တပ်ဖွဲ့က သိမ်းဆည်း

    ထီးလင်းမြို့အနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်းပြန်မရသော ဗိုလ်ကြီး အောင်စိုးဦး နှင့် တပ်သား ၇ ဦး၏ ရုပ်အလောင်းများကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ

    မကွေးတိုင်း၊ ထီးလင်းမြို့အနီး တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အလောင်းပြန်မရသော ဗိုလ်ကြီး အောင်စိုးဦး နှင့် တပ်သား ၇ ဦး၏ ရုပ်အလောင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထီးလင်းမြို့မှ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး ဦးစီးသော စစ်သားနှင့် ပျူစောထီး ၈၀ ဦးပါ စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ ခြေကုပ်ယူထားသော စခန်းကြီးဘက်ကို တက်လာစဉ် ဂန့်ဂေါခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ ၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၈ နှင့် ထီးလင်းမြို့နယ် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ Mi-35 ဖြင့် လေကြောင်းပစ်ကူ ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် ဗိုလ်ကြီး အောင်စိုးဦး အပါအဝင် အလောင်း ၈ လောင်း သိမ်းဆည်းရရှိပြီး ပျူစောထီး ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် ၃ လက်နှင့် ဖုန်း ၁ လုံး တို့ သိမ်းဆည်းရခဲ့ပြီး စစ်ကြောင်းသည် ထီးလင်းမြို့ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

    တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ ၊ဒု-စုမှူး ရဲဘော်နေလင်းအောင် တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြောင်း သိရသည်။

    ထို့ပြင် တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထက်အရာရှိကို တင်ပြသည့် လျှို့ဝှက် အစီရင်ခံစာ ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ရရှိခဲ့ကြောင်း သိရှိရသည်။

    “တိုက်ပွဲအတွင်းမှာက စစ်ခွေး အလောင်းတွေကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။ စစ်ခွေးတွေက လေယာဉ်နဲ့ လာပစ်တာရှိလို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ထုတ်ပြန်ဖို့ နောက်ကျခဲ့တာပါ” ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

  • စကခ ၅ တပ်မဌာနချုပ်ကို သိမ်းပိုက်ရရှိ၍ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်

    စကခ ၅ တပ်မဌာနချုပ်ကို သိမ်းပိုက်ရရှိ၍ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်

    ရခိုင်ပြည် တောင်ကုတ်မြို့နယ်က အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီး ဖြစ်ကြောင်း စစ်ရေးသတင်းရင်းများထံမှ သိရသည်။

    တောင်ကုတ်မြို့ကို နိုဝင်ဘာလ ၂၄ ရက်နေ့က အလုံးစုံထိန်းချုပ်ပြီးနောက် စကခ ၅ တပ်မ၊ ခမရ ၃၄၆ တပ်ရင်း၊ ခမရ ၅၄၄ တပ်ရင်းတို့ကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် စကခ ၅ တပ်မအပါအဝင် တပ်ရင်းများကို သိမ်းပိုက်နိုင်ခဲ့၍ လက်ရှိတွင် တောင်ကုတ်မြို့နယ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု သတင်းရင်းမြစ်က ဆိုသည်။

    “တောင်ကုတ်မြို့နယ် တစ်ခုလုံးကို AA က သိမ်းပိုက်ပြီဗျ။ နောက်ဆုံးကျန်တဲ့ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄၊ ခမရ ၃၄၆ တို့ကိုလည်း သိမ်းလိုက်ပါပြီ။ တောင်ကုတ်ဒေသတစ်ခုလုံးဟာ AA ရဲ့ လက်ထဲသို့ ရောက်သွားပါပြီ” ဟု ပြောသည်။

    တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းအပါအဝင် ပန်းမြောက်တောင် အမြောက်တပ်ရင်းနှင့် တပ်စခန်းပေါင်း ၁၀ ကို အာရက္ခတပ်တော် AA က နိုဝင်ဘာလ ၄ ရက်မှ ၂၀ ရက်အတွင်းမှာ ပထမဆုံး သိမ်းပိုက်ခဲ့သည်။

    ပြီးမှ AA သည် တောင်ကုတ်ဒေသရှိ စကခ ၅ တပ်မနှင့် တပ်ရင်းနှစ်ခုကို ဆက်လက်ထိုးစစ်ဆင်ကာ လက်ရှိတွင် တောင်ကုတ်ဒေသတစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေသည်ဟု သတင်းရင်းမြစ်များက ပြောဆိုကြသည်။

    “AA က အခု ရခိုင်ပြည်ထဲက မြို့သိမ်းထားတာဟာ ပလက်ဝအပါအဝင် ၁၃ မြို့အထိ ဖြစ်လာပါပြီ။ အမ်း နပခ လည်း မကြာခင် ကျမယ်လို့ သိရပါတယ်။ မြို့ပေါ်ကိုတော့ AA က ထိန်းချုပ်ထားတယ်။ ဂွမြို့ထဲကို တိုက်ပွဲက မကြာခင် ရောက်လာပါတော့မယ်။ AA က တစ်မြို့ပြီးတစ်မြို့ ဆက်တိုက် သိမ်းနိုင်တာကို အရမ်းဝမ်းသာရပါတယ်” ဟု တောင်ကုတ်ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။

    အာရက္ခတပ်တော် AA သည် ပြီးခဲ့သည့်ရက်ပိုင်းက မောင်တော နယ်ခြားစောင့်တပ် နခခ ၅ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့နယ်ဒေသတစ်လုံးကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။

    လက်ရှိတွင် အာရက္ခတပ်တော်သည် အမ်းနှင့် ဂွမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်အား အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ အလံဖြူထောင် အလင်းဝင်ရောက်မှုများ ရှိနေကြာင်း သိရသည်။

  • မောင်တောဒေသကို ပြန်ရဖို့ စစ်သင်္ဘောများဖြင့် ချီတက်လာသည့် စစ်ကောင်စီ၏ တပ်မ ၂၂ တပ်မမှူး သေဆုံး

    မောင်တောဒေသကို ပြန်ရဖို့ စစ်သင်္ဘောများဖြင့် ချီတက်လာသည့် စစ်ကောင်စီ၏ တပ်မ ၂၂ တပ်မမှူး သေဆုံး

    မောင်တောဒေသတစ်ခုလုံး ဆုံးရှုံးရပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးကိုပါ စွန့်လွှတ်လိုက်ရချိန်တွင် စစ်ကောင်စီက မောင်တောဒေသကို ပြန်လည်ရရှိရန်အတွက် တပ်မ (၂၂) တပ်မမှူးကို ဦးဆောင်စေကာ ပြန်လည်ချီတက်စေခဲ့ကြောင်း သိရသည်။

    ယမန်နေ့ ဒီဇင်ဘာ ၁၄ရက်နေ့တွင် အလယ်သံကျော်ကမ်းခြေမှတဆင့် ARSA၊ ARA၊ RSOအဖွဲ့များကို စစ်ကောင်စီနေဗီများတွင် တင်ဆောင်ကာ မောင်တောသို့ပြန်လည် ချဉ်းကပ်လာသည့် စစ်ကောင်စီ ပူးပေါင်းတပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ တပ်မ (၂၂) တပ်မမှူး သေဆုံးသွားကြောင်း သိရသည်။

    “ညမိုးချုပ်ကြီးမှ စစ်သင်္ဘောတွေနဲ့ ကပ်လာတယ်။ အကျိူးတူပူးပေါင်းနေတာ ARSAနဲ့ ။ လက်နက်တွေ အပြည့်ထောက်ပံ့ပြီး မောင်တောကိုပြန်တိုက်ဖို့ လုပ်နေကြတာပါ” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

    တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုး (DSA ၄၁) ဆင်းနှင့် ပူးပေါင်းတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက်နေ့ ည ၉ နာရီခန့်က စစ်ကောင်စီနေဗီများဖြင့် အလယ်သံကျော်ကမ်းခြေ၌ ကမ်းကပ်ပြီး မောင်တောကို ပြန်လည်ရယူရန်တက်လာစဉ် AA ၏ စောင့်ကြိုတိုက်ခိုက်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။

    စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက် ပြန့်ကြဲထွက်ပြေးနေသည့် မူဆလင် လက်နက်ကိုင်အဖွဲ့များနှင့် နယ်စပ်တစ်လျှောက်တွင်နေထိုင်နေသည့် လက်နက်ကိုင်အဖွဲ့များကို စုစည်း ကာ မောင်တောကို ပြန်လည်ရယူရန် ကြိုးစားနေခြင်း ဖြစ်သည်။

    ထို့ကြောင့် တိုက်ပွဲများ ဆက်လက်ရှိနေနိုင်သည့်အတွက် နတ်မြစ်ပတ်ဝန်းကျင်ကို ဒေသခံများအနေဖြင့် အသုံးမပြုကြရန် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် AAက ထုတ်ပြန်ထားသည်။

    မောင်တော အမှတ်(၅)နယ်ခြားစောင့်ရဲစခန်း (နခခ-၅)၊ မြို့သူကြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ ကျော်သေဆုံးကာ ၃၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာတို့ကိုပါ ဆုံးရှုံးလိုက်ရ၍ စစ်ကောင်စီသည် မူဆလင်လက်နက်ကိုင်များနှင့် ပူးပေါင်းကာ မောင်တောကို ပြန်လည်ရယူရေး ချီတက်လာနေခြင်းဖြစ်သည်။

  • ထားဝယ်မြို့တွင်းနဲ့ မြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီဘက်က စစ်‌ရေးပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်

    ထားဝယ်မြို့တွင်းနဲ့ မြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီဘက်က စစ်‌ရေးပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်

    အခုနှစ်ပွင့်လင်းရာသီမှာ ထားဝယ်မြို့ပေါ်နဲ့ မြို့အဝင်ဂိတ်တွေကို စစ်ကောင်စီတပ်က စစ်ရေးအတွက်ပြင်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မြို့ကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လကစလို့ မြို့ရဲ့ တောင်ဘက်က ကြက်စားပြင်ရပ်ကွက်တစ်ဝိုက်နဲ့ မြောက်ဘက်က ဆင်ဆိပ်ရွာတွေဘက်ကို စစ်ရေးအတွက်ပြင်ဆင်မှုတွေအဓိက လုပ်ဆောင်နေတာပါ။

    ပြီးခဲ့တဲ့လကုန်ပိုင်းနဲ့ အခုလအစတွေမှာ ကြက်စားပြင်ရပ်ကွက်အပြင်ဘက်မှာရှိတဲ့ လယ်ကွင်းထဲက လယ်တဲတချို့ကို စစ်ကောင်စီတပ်သားတွေက ဖျက်ခိုင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် ကြက်စာပြင် ရထားဘူတာဟောင်းတစ်ဝိုက်မှာလည်း ခြုံတွေရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

    “လူခိုနိုင်တယ်ဆိုပြီးလုပ်နေတာ။ ခြုံရှင်းတဲ့လူတွေလည်း တခါတည်းခေါ်လာတယ်” လို့ ကြက်စားပြင်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

    အလားတူ မြို့ ရဲ့တောင်ဘက်က ဆင်ဆိပ်ရပ်ကွက်မှာလည်း စစ်ကောင်စီတပ်သားတွေကြားဖြတ်ပစ်ခတ်ခံရတဲ့နေရာအနီးက နေအိမ်နဲ့‌စျေးဆိုင်တစ်ဆယ်ကျော်ကို ပြောင်းရွှေ့ခိုင်းခဲ့ပြီး နေ့ရောညပါ စစ်ကောင်စီတပ်သားတွေက ကင်းစောင့်နေပါတယ်။

    စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားတဲ့ ကြက်စားပြင်ရပ်ကွက်က နယ်စပ်ရေးရာနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန(နတလ) ရုံးထဲမှာလည်း ကတုတ်ကျင်းတွေ၊ ဘန်ကာတွေထပ်တိုးပြီး အခိုင်အမာဆောက်လုပ်နေတယ်လို့ ရပ်ကွက်နေသူ‌တွေက ဆိုပါတယ်။ ကြက်စားပြင်ရပ်ကွက်က ကာစတန်ဆိပ်ကမ်းအနီးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကတော့ လက်နက်ကြီးစိန်ပြောင်းတွေ အရင်ကထက် ထပ်တိုးထားတယ်လို့ လောင်းလုံးမြို့နယ်က တော်လှန်‌ရေးရဲဘော်တွေက ဆိုပါတယ်။

    အဲဒီလက်နက်ကြီးတွေဟာ ထားဝယ်မြစ်တစ်ဖက်ကမ်းက လောင်းလုံးမြို့နယ်ဘက်ကို ချိန်ရွယ်ထားတာဖြစ်ပါတယ်။ အခုလ ၁၃ ရက်နေ့ကလည်း အဲဒီလက်နက်ကြီးတွေနဲ့ လောင်းလုံးမြို့နယ်ဘက်ကို ပစ်ခတ်ခဲ့ပါသေးတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့လကုန်ပိုင်းမှာပဲ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားအနီးက ကျောက်ရပ်ရွာလမ်းဆုံနဲ့ မြို့အဝင်ဆိုင်းပုဒ်အနီးက ဖူဆယ်ကွင်းမှာလည်း စစ်ကောင်စီတပ်ဘက်က CCTV ကင်မရာတွေ လိုက်လံတပ်ဆင်ခဲ့တယ်လို့ မျက်မြင်တွေ့ရတဲ့ မြို့ခံတွေကဆိုပါတယ်။

    “အင်အားအများကြီးနဲ့ ကားတွေနဲ့ တပ်နေတယ်။ CCTV ကအဖြူရောင် အလုံးခပ်ကြီးကြီးတွေ” ပါလို့ မျက်မြင်တွေ့ ရတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

    အလားတူ မြို့အဝင်စစ်ဆေးရေးဂိတ်တွေမှာပဲ စစ်ကောင်စီရဲ့ဘန်ကာတွေအပေါ်မှာ ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်နိုင်မယ့်ပိုက်ကွန်တွေကို တပ်ဆင်ထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

    ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကတော့ စစ်ကောင်စီတပ်ဟာ မြို့ ကိုကာဖို့အတွက် အခုလို ပြင်ဆင်တာတွေလုပ်ဆောင်နေတာလို့ ဆိုပါတယ်။ အဲဒီလို လုပ်ဆောင်ဖို့အတွက် စစ်မှုထမ်းသင်တန်းဆင်းတွေ၊ ပျူစောထီးတွေနဲ့ အင်အားဖြည့်ထားတယ်လို့ လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ် ပွင့်လင်းရာသီအစမှာတော့ မြို့တောင်ဘက်အစွန်က ကြက်စားပြင်ရပ်ကွက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ဖူးပြီး အခုနှစ်လယ်ပိုင်းမှာလည်း မြို့ရဲ့ မြောက်ဘက်အစွန်က ဆင်ဆိပ်ရပ်ကွက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

    အဲဒီနောက် အခုနှစ်အတွင်းမှာပဲ မြို့ ပေါ်က စစ်ကောင်စီတပ်သားတွေ အလစ်ချောင်းပြီး ပစ်ခတ်ခံရတာ၊ မိုင်းဆွဲခံရတာ၊ မိုင်းဖောက်ခွဲခံရတာ၊ ဒရုန်းနဲ့ဗုံးသီးချခံရတဲ့ ဖြစ်စဥ်တွေလည်းရှိခဲ့ပါတယ်။

    ပုံစာ – ထားဝယ်မြို့ပေါ်က စစ်ကောင်စီရဲ့ ဘန်ကာတစ်ခု။ (ပုံဟောင်း)

  • ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်

    ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်

    ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး(ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Monywa inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ရေး ခေါင်းဆောင် ကိုမိုးသောက်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ်အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး လက်နက်များ ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ဝမ်ပေါင်ကုမ္ပဏီနှင့် မုံရွာ Ocean ဘက်မှ လက်နတ်ကြီးများဖြင့် ပစ်ကူးပေးပြီး ကား ၃ စီးဖြင့် စစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

    “တရုတ်ဝမ်ပေါင်ကုမ္မဏီမှ ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၈၀ ကျော်ခန့်ကို ဆားလင်းကြီးအခြေစိုက် ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ်အနီးမှာ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး နေရာတင်ပွဲချင်းပြီး သေဆုံးတယ်။ ဝမ်ပေါင်ကုမ္မဏီဘက်ကနေ လက်နတ်ကြီးတွေနဲ့ ပစ်ကူးပေးခဲ့ပြီး ကား ၃ စီး အင်အားပြည့်တယ်။ စစ်ကူလာပေးသည့်အပြင် မုံရွာ Oceanအနီးမှလဲလက်နတ်ကြီးများဖြင့် ပစ်ကူပေးတယ်။ ပြည်သူ့ကာကွယ်ရေး ဘက်ကတော့ အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာခဲ့ပါတယ်။ လက်နတ်ကောက်ယူဖို့ ကြိုးစားခဲ့သော်လည်း မရရှိပါဘူး။ ခွေးတွေ ဝမ်ပေါင်အနီးတဝိုက်မှာ ကင်းပုန်းတွေချထားတယ်။ စစ်ကြောင်းလဲထိုးမယ်လို့ ကြားထားပါတယ်။ အင်အားတွေလည်း ဖြည့်ထားကျတယ်” ဟု Monywa inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ရေး ခေါင်းဆောင် ကိုမိုးသောက်က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Monywa inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အတူ Triple Task Force၊ ဗျူဟာ ၄၄၊ ဆားလင်းကြီးမြို့နယ်လက်ရုံးတပ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။