Category: News

  • ဆိပ်ဖြူမှာ စစ်ကောင်စီကင်းပုန်းကပစ်ခတ်လို့ တပ်စိတ်မှူးကျဆုံးပြီး ၁ ဦးဒဏ်ရာရ

    ဆိပ်ဖြူမှာ စစ်ကောင်စီကင်းပုန်းကပစ်ခတ်လို့ တပ်စိတ်မှူးကျဆုံးပြီး ၁ ဦးဒဏ်ရာရ

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီကင်းပုန်းရဲ့ပစ်ခတ်မှုကြောင့် ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း၊ တပ်ခွဲ ၂ မှ တပ်စိတ်မှူးကျဆုံးပြီး တပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

    ဒီဇင်ဘာ ၁၀ ရက်မနက် ၉ နာရီခွဲလောက်က အသက် ၂၀ အရွယ် တပ်စိတ်မှူးရဲရင့်နဲ့ တပ်ဖွဲ့ဝင် ကျားသစ်နက်တို့ဟာ ကျွန်းချောင်းရွာကနေတပ်ဖွဲ့အထိုင်စခန်းကို ဆိုင်ကယ်နဲ့ပြန်လာချိန် ကန်စွန်းမရွာနဲ့ ဖလန်မရွာကြားအရောက်မှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

    “ပြန်လွတ်လာတဲ့ ရဲဘော်ပြောပြချက်အရ သူအရင်ဆုံးစမြင်တာ၊ ကတ္တရာလမ်းပေါ်အထွက်မှာ စစ်သားကနေထပြီးတော့ သေနတ်နဲ့ချိန်တဲ့အချိန်မှာ ကိုယ့်ဘက်က ရဲဘော်ကအရင်ဆုံးဦးအောင် ပစ်လိုက်တာ၊ ပစ်ပြီးကာမှ ကျသွားတဲ့ရဲဘော်က ဂန်းတလက်ထဲပါတာကို ပစ်တဲ့ရဲဘော်ဆီက ဂန်းကို လုပစ်ပြီးတော့ကျန်နေခဲ့တာ” လို့ အမှတ် ၁၉ တပ်ရင်းမှတာဝန်ရှိသူတဦးက ပြောပါတယ်။

    ပစ်ခတ်မှုအတွင်းတပ်စိတ်မှူး ရဲရင့် ကျဆုံးခဲ့ပြီး ပစ်ခတ်မှုပြီးနောက် တပ်ဖွဲ့ဝင်ကျားသစ်နက်က သက်ဆိုင်ရာတပ်ဖွဲ့တွေဆီ ဆက်သွယ်လာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီနေ့ညနေ ၄ နာရီလောက်မှာ သွားခေါ်ခဲ့ပြီး ကျဆုံးသူအလောင်းကိုတော့ ညနေ ၆ နာရီလောက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    “သေနတ်ဒဏ်ရာက ခြေထောက်တွေထိတယ်၊ ရင်ဘတ်ကိုတချက်ထိတယ် မျက်နှာကိုလည်း တချက်ထိတယ် လက်နက်ကတော့ပါသွားတယ်၊ ရဲဘော် ကျားသစ်နက်ကခြေလျင်ပြေးရာမှာ မပြေးနိုင်တော့တဲ့အဆုံး ချုံထဲမှာပုန်းနေတာ သူ့ဆီမှာဖုန်းတွေပါသွားတယ်၊ ဖုန်းတွေကနေတဆင့် ဆက်သွယ်လို့ရတဲ့သူဆီ ဖုန်းဆက်ပြီး ဆက်သွယ်ပြီးတော့သူတို့ကိုလာခေါ်ခိုင်းတယ် ” လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

    တပ်ဖွဲ့ဝင် ကျားသစ်နက်ကတော့ တင်ပါးကိုကျည်ထိမှန်ခဲ့တာကြောင့် လက်ရှိအချိန်ထိ ဆေးကုသမှု ခံယူနေတယ်လို့ သူကပြောပါတယ်။

    ကျဆုံးသွားတဲ့ တပ်စိတ်မှူးရဲရင့်ဟာ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း တပ်ခွဲ ၂ ဆီ ၂၀၂၄ ဖေဖော်ဝါရီမှာ စတင်ဝင်ရောက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

    ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၃ ရက်ကလည်း ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြားကားလမ်းပိုင်းတနေရာမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီးပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ပါသေးတယ်။

  • ပခုက္ကူခြေမြန်တပ်မဌာနချုပ်နှင့် ခြေလျင်တပ်ရင်းအား တော်လှန်ရေးအဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

    ပခုက္ကူခြေမြန်တပ်မဌာနချုပ်နှင့် ခြေလျင်တပ်ရင်းအား တော်လှန်ရေးအဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

    မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် (တမခ−၁၀၁)နှင့် လက်အောက်ခံ တပ်များဖြစ်သော ခြေလျင်တပ်ရင်းအမှတ် (၂၅၁)နှင့် အမှတ် (၂၅၂)တို့ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

    ဒီဇင်ဘာ ၁၇ရက် နံနက် ၁၀ နာရီခွဲခန့်က ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)နှင့် လက်အောက်ခံတပ်ဖြစ်သော ခလရ−၂၅၁ နှင့် ခလရ−၂၅၂ တပ်ရင်းတို့အား တာဝေးပစ်ရော့ကတ် ၈လုံး ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

    ပစ်လွှတ်လိုက်သော ရော့ကတ်အားလုံးသည် ရန်သူတပ်တွင်းများသို့ ကျရောက်ပေါက်ကွဲသည်ဟု သတင်းရကြောင်း ၎င်းက ဆိုသည်။

    “အခုချိန်ထိတော့ တပ်တွင်းထဲကိုကျတာတော့အတိအကျသိပါတယ်။ နေရာနဲ့ ​အထိအခိုက်ကတော့ ခွေးတွေခြေရှုပ်နေလို့အတွင်းသတင်းမရသေးပါဘူး။”ဟု COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

    ပခုက္ကူမြို့ပေါ်တွင် အတင်းအဓမ္မ ပေါ်တာဆွဲပြီးတပ်သားသစ်စုဆောင်းခြင်း၊ တပ်မ(၁၀၁) သည် ပခုက္ကူမြို့နယ်အနောက်ခြမ်း ထန်းတပင်ကျေးရွာနှင့် ရေလာကြီးကျေးရွာတို့အား သာလွန်အင်အားသုံးပြီး စစ်ကြောင်းထိုးမီးရှို့ခြင်းတို့ကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက အသိပေးသည်။

    အဆိုပါပစ်ခတ်မှုအား Burma Revolution Rangers တပ်ဖွဲ့ BA NYEIN GUERRILLA Force တပ်ဖွဲ့၊TaTy pku pdf တပ်ဖွဲ့နှင့် COBRA ONE Pakokku တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ဒီဇင်ဘာ ၁၁ ရက်ကလည်း ပခုက္ကူမြို့နှင့် (၁၆)မိုင်ခန့်ဝေးသည့် ရေလာလေးရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ၇ ဦးဖမ်းမိကာ လက်နက်ခဲယမ်း များရရှိခဲ့သည်။ ထို့အတူ တော်လှန်ရေးရဲဘော်၂ ဦးလည်း ကျဆုံးခဲ့သည်။

    အဆိုပါ ရေလာလေးစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စိတပ်က စခန်းအနီး ကျေးရွာ ၂ရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

    (တာဝေးပစ်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် OBRA ONE Pakokku တပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − OBRA ONE Pakokku)

  • အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များ ပျောက်ဆုံးမှုများ များပြားနေ

    အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များ ပျောက်ဆုံးမှုများ များပြားနေ

    ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များ ပျောက်ဆုံးမှုများ များပြားနေပြီး မန္တလေးတွင်မူ ၁၅ ရက်အတွင်း လူငယ် ၁၂၅ ဦးကို စစ်တပ်က စစ်မှုထမ်းရန် ဖမ်းဆီးသွားဟု မန္တလေးသပိတ်အင်အားစု သတိပေး

    ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များ ပျောက်ဆုံးမှုများပြားနေကြောင်း လူပျောက်ကြေညာထားသူ မိဘဆွေမျိုးတချို့က ပြောဆိုသည်။

    သာကေတမြို့နယ်၊ အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် မောင်ကျော်စိုးသည် ရန်ကုန်မြို့အတွင်း Delivery ပို့ဆောင်ရေး အလုပ်သမားအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းတွင် အလုပ်မှ ပြန်မလာတော့ဘဲ ပျောက်ဆုံးခဲ့ကြောင်း၊ မောင်ကျော်ကျော်စိုးတို့ မိသားစုသည် စစ်ကိုင်းဘက်မှ ပြောင်းရွှေ့လာသူများဖြစ်ပြီး ရန်ကုန်သို့ ရောက်သည်မှာ ၁ နှစ်ခန့်သာ ရှိသေးကြောင်း မိခင်ဖြစ်သူက ပြောဆိုသည်။

    “မနက် ၉ နာရီဆို သားက ထွက်သွားပြီး ည ၉ နာရီလောက်ဆို ပြန်လာတာပဲ။ ဒီဇင်ဘာလ ၁၄ ရက်နေ့ကတော့ ပြန်ရောက်မလာဘူး။ သူ့ဖုန်းကိုဆက်တော့လည်း စက်ပိတ်ထားတယ်။ အိမ်ပြန်လာရင်း စစ်မှုထမ်းအဖြစ် စုဆောင်းခံရတယ်လည်း ကြားတယ်။ မေးသလောက်တော့ ဘာမှ ရေရေရာရာ မသိရသေးဘူး”ဟု မိခင်ဖြစ်သူက ပြောဆိုသည်။

    ရန်ကုန်တိုင်းအတွင်းတွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူပြည့်မီခြင်းမရှိသဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်များပြားနေကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းထွေ/အုပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း ကျန်းမာသန်စွမ်းသူ လူငယ်များသည် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ခေါ်ယူနိုင်ကြောင်း၊ ယင်းသို့ ခေါ်ယူမှုမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ညီညွတ်မှုရှိကြောင်း အသိပေးညွှန်ကြားစာကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်မြို့တွင်ပင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ သတင်းများ တောက်လျှောက်ဆိုသလို ထွက်ပေါ်လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းက စုံစမ်းသိရှိရသည်။

    လူမှုကွန်ရက် ဖေ့ဘုတ်တွင်လည်း လူပျောက်ကြော်ငြာများ မြင်တွေ့နေရပြီး အသက် ၃၅ နှစ်အရွယ် ဦးချစ်မျိုးညီသည် ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ရုံးမှ အိမ်သို့ ပြန်လာရာတွင် အိမ်ပြန်မရောက်ဘဲ လမ်းတွင် ပျောက်ဆုံးသွားကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၁ မိနစ်အချိန် ဖုန်းအဆက်အသွယ်ရရှိခဲ့ပြီး နောက်ပိုင်းအဆက်အသွယ်မရတော့ဘဲ ယနေ့တိုင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၊ ဒေါပုံရဲစခန်းတွင် လူပျောက်တိုင်ကြားထားကြောင်း ဇနီးဖြစ်သူ Ei Ei Chaw အကောင့်ပိုင်ရှင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

    အလားတူ ရွှေပြည်သာမြို့နယ်၊ အမှတ် ၅/ ၂ ရပ်ကွက်၊ သဇင်ပန်းခြံလမ်းနေ အသက် ၂၆ နှစ်အရွယ် မောင်မြတ်မင်းသူသည် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မုန့်သွားဝယ်ရာမှ ပျောက်ဆုံးသွားသဖြင့် တွေ့ရှိပါက မိသားစုထံသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်တကွ ကြေညာထားသည်။

    ထို့ပြင် မန္တလေး သပိတ်အင်အားစုကလည်း ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၂ ပတ်တာကာလအတွင်း မန္တလေး ၇ မြို့နယ်မှ လူငယ် ၁၂၅ ဦးကို စစ်တပ်က စစ်မှုထမ်းရန် စုဆောင်းသွား​​ကြောင်း သတိပေးချက် ထုတ်ပြန်သည်။

    “အောင်မြေသာဇံမြို့နယ်မှ ၂၁ ဦး၊ ချမ်းအေးသာဇံမြို့နယ်မှ ၇ ဦး၊ မဟာအောင်မြေမြို့နယ်မှ ၅ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၅ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ၃၆ ဦး၊ အမရပူရမြို့နယ်မှ ၁၇ ဦး ၊ပုသိမ်ကြီးမြို့နယ်မှ ၃၄ ဦး စုစုပေါင်း ၁၂၅ ဦး စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်ဆီးခံခဲ့ရကြောင်း၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး ဖမ်းဆီးရာတွင် တွေ့ရှိရသည်မှာ နေ့/ည မချိန်မရွေး ဖမ်းဆီးခြင်း ၊ ညအချိန်မတော် ဧည့်စာရင်း ဥပဒေကို အကြောင်းပြပြီး ဖမ်းဆီးခြင်းများကို ဆက်တိုက်ပြုလုပ်လာ​ကြောင်း မန္တလေးသပိတ်အင်အားစုက သတိပေးထားသည်။

    ထို့ကြောင့် မန္တလေးမြို့နေ လူငယ်လူထုအနေဖြင့် အချိန်မတော် နေအိမ်ပြင်ပ သို့ သွားလာခြင်း ၊ မလိုအပ်ဘဲ ခရီးသွားလာခြင်း ၊ ပျော်ပွဲရွှင်ပွဲ များသို့ သွားလာခြင်းများကို တတ်နိုင်သမျှရှောင်ကြဉ်သင့်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီး စစ်မှုထမ်းခြင်း မခံရစေရန် မိမိ ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ ယန္တရား၊ လှုပ်ရှားမှုများကို မျက်ခြေမပြတ် လေ့လာအကဲခတ်ထားပြီး အန္တရာယ်တစုံတရာ ကျရောက်လာနိုင်သောအခြေအနေရှိပါက ကြိုတင်ရှောင်ရှားထားကြရန်လိုအပ်ကြောင်း၊ မိသားစု နှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်း ကဲ့သို့ မလွှဲမရှောင်သာ အခြေအနေများနှင့်ကြုံတွေ့ရပြီး တပ်သားသစ် စုဆောင်းခံရမည်ဆိုပါက ကြိုတင်ပြင်ဆင်ချိန်ရသည့်အခြေအနေ တွင် လိုအပ်သော ပြင်ဆင်မှုများကို ပြင်ဆင်ထားကြပါရန်၊ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင် ၊ လက်လှမ်းမီရာများတွင် မတရားဖမ်းဆီးခံရမှုများရှိပါက သတင်းပေးပို့ကြပါရန် မန္တလေးသပိတ်အင်အားစု က တိုက်တွန်းထားသည်။

  • မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

    မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

    ချောင်းဦးမြို့တွင်းမှ မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်သား အလောင်းများကို ထွေ/အုပ်ရုံးသို့ သယ်ဆောင်သွား

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်သားအလောင်းများကို ထွေ/အုပ်ရုံးသို့ သယ်ဆောင်သွားကြောင်း BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် မုံရွာ- မန္တလေးလမ်းပိုင်းတွင် မိုင်းရှင်းရန် ချောင်းဦးမြို့တွင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။

    မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သား မသာ အလောင်များနှင့် ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို ၎င်းတို့ တပ်စွဲထားသော ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲသို့ ကားဖြင့် ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရသည်။

    “ချောင်းဦးမြို့ထဲက မုံရွာ-ချောင်းဦးလမ်းမပေါ်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ အင်အားက ၇ ကောင်လောက်ရှိပါတယ်။ နေ ရာ ခွဲပြီး ကောက်ကြတာ သေဆုံးဒဏ်ရာရတဲ့သူတွေကိုတော့ ချောင်းဦး အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးထဲသယ်သွားပါတယ်။ ရမ်းပစ်တာတော့ရှိတယ်။ သိပ်တော့မကြာလိုက်ဘူး။ သေတာပဲ အတည်ပြုနိုင်တယ်။ ဒဏ်ရာရတဲ့သူတွေကတော့ မသိရသေးဘူး” ဟု BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ဗမာလွတ်မြောက်ရေး ဒီမိုက ရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • တပ်မိသားစုဝင်များပါ အလံဖြူထောင်နေသည့်မြင်ကွင်းများကို   AA က ထပ်မံသတင်းထုတ်ပြန်

    တပ်မိသားစုဝင်များပါ အလံဖြူထောင်နေသည့်မြင်ကွင်းများကို AA က ထပ်မံသတင်းထုတ်ပြန်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆောက်အအုံ မီးလောင်နေပြီး စစ်သည်များသာမက တပ်မိသားစုဝင်များပါ အလံဖြူထောင်နေသည့်မြင်ကွင်းများကို AA က ထပ်မံသတင်းထုတ်ပြန်

    ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံ မီးလောင်နေပြီး တပ်မိသားစုဝင်များပါ အလံဖြူထောင်ထားသည်ကို AA က ဗီဒီယိုနှင့်တကွ ယမန်နေ့ ညပိုင်း ထပ်မံထုတ်ပြန်သည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်း AA က ထုတ်ပြန်သည့် ဗီဒီယိုတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဆောက်အအုံတွင် မီးများလောင်ကျွမ်းနေပြီး စစ်သည်များသာကမဘဲ တပ်မိသားစုဝင် အမျိုးသမီး၊ ကလေးများပါ အလံဖြူထောင်ထားသည့်မြင်ကွင်းများကို AA က ထုတ်ပြန်သည်။

    AA က ထုတ်ပြန်သည့် ဗီဒီယိုတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆောက်အအုံတစ်ခု မီးလောင်နေသည်ကို ဒရုန်းဖြင့် ရိုက်ကူးထားရာ အဆိုပါ အဆောက်အအုံမှာ စစ်ရုံးအဖြစ် အသုံးပြုသည့်နေရာဖြစ်ကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့ ပထမဦးဆုံး ထုတ်ပြန်သည့် ဗီဒီယိုတွင်မူ အလံဖြူထောင် လက်နက်ချသော စစ်သုံ့ပန်းများ၏ မြင်ကွင်းများကို အဓိက ထုတ်ပြန်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ် ထုတ်ပြန်လာခြင်းဖြစ်သည်။

    ထို့ပြင် ပထမအကြိမ် ထုတ်ပြန်ခဲ့ချိန်ကပါဝင်ခဲ့သော “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” ဟု မြန်မာဘာသာ စာသားနှင့် ” No Early Surrender in White Flag , No Happy New Year -စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်”ဆိုသော အင်္ဂလိပ်စာသားကိုလည်း ဒုတိယအကြိမ် ဗီဒီယိုတွင် ထပ်မံ ထည့်သွင်းထားသည်။

    ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်အဆိုအရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းတွင် ဆက်လက် ခုခံနေသော စစ်ကောင်စီတပ်ဖွဲ့ရာချီ ကျန်ရှိနေပြီး တပ်မိသားစုဝင်များလည်း ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီက စစ်ကူ ပေးပို့နိုင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။