Category: News

  • ရေတာရှည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို  တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

    ရေတာရှည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

    စစ်တပ်က ကျေးရွာ ၃ ခုထက်မနည်းကို မီးရှို့ဖျက်ဆီး

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၄ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

    အောက်တိုဘာလ ၂၅ ရက်နေ့ ကရင်ချောင်းမြစ်ကူးတံတားမှ အင်အား ၁၄၀ ကျော်ပါဝင်သည့် စစ်တပ်လက်အောက်ခံ တပ်များဖြစ်သည့် ဒတရ-၆၀၄၊ ခလရ ၂၆ ၊ ခမရ ၂၉ ၊ ခလရ ၃၉ ၊ စခန ၈၄၈ ၊ ကကနက်တို့ ၏ ပူးပေါင်းစစ်ကြောင်းက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာကြောင်း၊ ထို စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရေလွှဲကျေးရွာတောင်ဘက် သစ်သားတံတား​ပေါ် အရောက်တွင် အသင့်စောင့်ဆိုင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါထိတွေ့ တိုက်ပွဲမှာ ၃ နာရီ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း ဂျိုင်ရိုကော်ပတာ၊ ဒရုန်း၊ ​လက်နက်ကြီးများအပြင် လေယာဥ်ပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ နေပြည်တော်စစ်တိုင်း လက်အောက်ခံ PDF တပ်ရင်းများနှင့် KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်နက်ကြီးအဖွဲ့တို့က ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ပွဲအတွင်း နေပြည်တော်စစ်တိုင်းမှ ရဲဘော် ၁ ဦး ကျည်ကာပြား ကျည်ထိမှန် သတိလစ်နေချိန်တွင် တပ်ရင်း ၃၅၀၄ မှရဲဘော်မိုးသီး သွားရောက်ဆွဲထုတ်စဥ် ကျည်ထိမှန်ကာ ရရှိဒဏ်ရာဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

    “လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိပါဘူး။ သူတို့ဘက်က ဒရုန်း လက်နက်ကြီး ဂျိုင်ရိုကော်ပတာ လေယာဥ်နဲ့ အင်အားသုံးတဲ့အတွက် အခက်အခဲဖြစ်ခဲ့ပါတယ်။ အခု စစ်ခွေးစစ်ကြောင်းက ရေတာရှည်မြို့နယ် ကရင်ချောင်းတံတားကနေ အနောက်ဘက်ကမ်းကို ပြန်ဆုတ်သွားပြီ လို့သိရပါတယ်။ ကရင်ချောင်းတံတားမှာတော့ အထိုင်ချတပ်စွဲထားတာရှိနေတုန်းပါ တိုက်ပွဲအတွင်း စစ်ခွေး ၂၀ ကောင်သေပြီး ၅ ကောင် ဒဏ်ရာရတယ်” ဟု ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၄ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

    အထိနာသွားသော စစ်တပ်စစ်ကြောင်းက ရေတာရှည်မြို့နယ်အတွင်းရှိ ပိနွဲပင်ရွာ၊ ရွေသောင်ရွာသစ်ရွာနှင့် ကဲလင်းဆိပ်ရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးတစ်ခု။(ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေ

    မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေ

    မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေပြီး သီပေါတံတားနဲ့ နေရာအချို့ကို စစ်ကော်မရှင်က ဖြတ်သန်းခွင့်ပိတ်

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်ရယ်နဲ့ဟိုယမှာ စစ်ကော်မရှင်တပ်နဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပြီး သီပေါတံတားကို ဖြတ်သန်းသွားလာခွင့် စစ်ကော်မရှင်တပ်က ပိတ်လိုက်တယ်လို့ သိရပါတယ်။

    နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ဟိုယမှာ MNDAA နဲ့ စစ်ကော်မရှင်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပြီး စစ်ကော်မရှင်တပ်ဘက်က အင်အားဖြည့်နေတယ်လို့ သိရပါတယ်။

    “ဟိုယမှာ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်တယ်၊ စစ်တပ်ဘက်က အကျအဆုံးတွေရှိတယ်၊ ခလရ(၆၇)က လက်နက်ကြီးတွေနဲ့ လူအင်အားဖြည့်နေတာ ရှိတယ်၊ တိုက်ပွဲတွေ အရင်လို ပြန်ဖြစ်လာမယ် ထင်တယ်၊ လက်နက်ကြီး ပစ်သံကတော့ နေ့တိုင်း ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကော်မရှင်တပ်ဘက်က ပြည်သူ့စစ်မှုထမ်း အပတ်စဥ် ၁ နဲ့ ၂ က တပ်သားတွေကို အနားပေးဖို့လည်း ရှိနေတယ်လို့ သတင်းတွေ ထွက်နေပြီး စစ်ကော်မရှင်တပ်ဘက်က လူကြီးတစ်ဦး ရောက်နေကာ သီပေါတံတားကိုလည်း ပိတ်လိုက်တယ်လို့ သိရပါတယ်။

    “အရင်က ကုန်ကားတွေပဲ ပိတ်တာ၊ ခုက ခရီးသွားကားတွေပါ ပိတ်လိုက်တယ်၊ သူတို့လူကြီး ရောက်နေတယ် ကြားတယ်၊ ရှေ့တန်းရောက်နေတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အနားပေးဖို့လို့ ကြားတယ်၊ သီပေါတံတား ပိတ်လိုက်တာက ၅ ရက်လိုလည်း ပြောတယ်၊ ခုနေ့ထိ မဖွင့်သေးဘူး၊ အပြီးပိတ်မယ် ထင်တယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

    လတ်တလောမှာ လာရှိုးကိုသွားဖို့ လားရှိုး-မူဆယ်လမ်းသာရှိပြီး စစ်ကော်မရှင်က သီပေါတံတားကို ပိတ်လိုက်တာကြောင့် လားရှိုးကို အခြားလမ်းက သွားလို့မရဘဲ ခရီးသွားကားတွေနဲ့ ကုန်ကားတွေ ရာချီပိတ်မိနေကာ ယခင်လို တိုက်ပွဲတွေ ပြင်းထန်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

  • USDP မဲဆွယ်ပွဲတက်ဖို့ လိုက်ပြောတဲ့ ပါတီ၀င်အမျိုးသမီး ဓားခုတ်ခံရ

    USDP မဲဆွယ်ပွဲတက်ဖို့ လိုက်ပြောတဲ့ ပါတီ၀င်အမျိုးသမီး ဓားခုတ်ခံရ

    ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွေကျင်မြို့နယ် ၊ အနောက်ဘက်ကျေးရွာအုပ်စု၊ အနောက်ဘက်ကျေးရွာတောင်ခြမ်းမှာ USDP မဲဆွယ်ပွဲတက်ဖို့ လိုက်ပြောတဲ့ ပါတီဝင်အမျိုးသမီး ဓါးခုတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ပါတီဝင်တွေက ပြောပါတယ်။

    ကျူးလွန်သူကို အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) အရ အမှု့ဖွင့် အရေးယူ ထားပြီး ဓားနဲ့ခုတ်ခံရသူ အမျိုးသမီးကလည်း လက်နက်ကိုင်ဆောင်ပြီး လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အမှုဖွင့် တရားစွဲဆို ထားတယ်လို့ ဆိုပါတယ်။

    “စုစည်းဟောပြောပွဲကို ဖျက်လိုဖျက်ဆီးလုပ်တဲ့အတွက် ရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီက အမှုဖွင့်တာပါ။ တနင်္လာနေ့မှာ သူ့ကို ရုံးတင်ပါလိမ့်မယ်။ စုစည်းဟောပြောပွဲ ပျက်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ သုံးသပ်ပါတယ်။ သူက ရည်ရွယ်ချက်ရှိရှိ မနက်ကတည်းက ဟောပြောမယ့် အိမ်ရှေ့မှာလျှောက်နေတာ ။ ကြည့်နေတာ။ ဓားခုတ်မှု ဖြစ်တာကလည်း ရဲတပ်ဖွဲ့တွေရဲ့မျက်ကွယ် တဆစ်ချိုးလေးပဲ။ ဟောပြောမယ့် အိမ်နဲ့က ဝါးသုံးပြန်လောက်ပဲ ဝေးတယ်။ ရဲက လုံခြုံရေး ခုနှစ်ယောက်ရှိတယ်။ ပြည်သူ့စစ်လည်းရှိတယ်။” လို့ ရွှေကျင်မြို့နယ် USDP ပါတီ နာယကဖြစ်သူ ဦးကျင်သိန်း ကပြောပါတယ် ။

    ဖြစ်စဥ်က နိုဝင်ဘာ ၁၄ နေ့မနက်ပိုင်းမှာ အဆိုပါရွာရှိ USDP ပါတီဝင် တယောက်ရဲ့နေအိမ်မှာ ပြုလုပ်တဲ့ ပါတီ မဲဆွယ်ဟောပြောပွဲကို ရွာမှ ပါတီဝင် အပါအဝင် စိတ်ပါဝင်စားသူတွေ တက်ရောက်ကြဖို့ ပါတီဝင်အမျိုးသမီး တယောက်ဖြစ်သူက ရွာထဲ လိုက်လံ အသိပေးချိန် NLD ပါတီဝင်ဖြစ်သူ ဦးဝင်းဦး က ဓားမနဲ့ နှစ်ချက် လိုက်လံခုတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

    “မဲဆွယ်ဟောပြောပွဲကို မဖြစ်မနေတက်ဖို့ လိုက်ပြောလို့ ဓားနဲ့ခုတ်ခံရတယ် ဆိုတာ လုပ်ကြံပြောတာပါ မဟုတ်ပါဘူး။အဲဒီရွာက ကြံ့ခိုင်ရေးရွာပဲ ။အစဥ်အဆက်နိုင်ခဲ့တယ် ။ ဓားခုတ်ခံရတာက ပါတီ ရပ်ကျေး အမှုဆောင်ပါ ။ ၁၃ ရက်နေ့ ညနေကတည်းက ဟောပြောပွဲ တက်ရောက်ဖို့ ပါတီဝင်တွေ ကိုလိုက်ဖိတ်တယ် ။နှိူးဆော်တယ် ။ နောက်နေ့မနက်ကျ သတ်မှတ်ချက် အချိန်နဲ့ လာရောက်နားထောင်နိုင်ဖို့ ထပ်နိူးဆော်တာပေါ့ ။ အဲဒီမှာ ဝင်းဦးက အသင့်ယူလာတဲ့ ဓားနဲ့ ဝင်ခုတ်တာ ။ ပထမတကြိမ် ခုတ်တယ် ။နောက်တကြိမ် လက်ပြင်ကို လှမ်းခုတ်တာ ၁ လက်မခွဲ ၂ လက်မလောက် ပြတ်ရှဒဏ်ရာ ဖြစ်သွားတယ်။ ” လို့ မြို့နယ် ပါတီ နာယက မှထပ်ပြောပါတယ်။

    ကျူးလွန်သူအမျိုးသားကိုတော့ မနေ့က နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်း ကတည်းက ရဲတပ်ဖွဲ့ နဲ့ ပြည်သူ့စစ် အဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးရမိထားကြောင်း နဲ့ လက်ရှိ ရွှေကျင်မြို့မရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးမှုလုပ်နေတယ် လို့သိရပါတယ်။

    အလားတူ နိုဝင်ဘာလ ၁၄ ရက်နေ့တုန်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ စိုက်ထူထားတဲ့ USDP ပါတီ ၊ပြည်သူ့ပါတီ PP၊ ပြည်သူ့ရှေ့ဆောင် PPP ပါတီတွေရဲ့ ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တဲ့ အမျိုးသားလေးယောက်ကိုလည်း ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။

    လက်ရှိမှာ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီး အရေးယူခံရသူ အယောက် ၁၀၀ ကျော်အထိရှိ လာနေပြီ ဖြစ်ပါတယ်။

    ဓာတ်ပုံ – ဒေသခံ

  • အမေရိကန် အရှုပ်တော်ပုံ၊ ပဟေဠိ အီးမေးလ်နဲ့ ချမ်းချမ်းရှင်းပြတဲ့ ဖြစ်စဥ်

    အမေရိကန် အရှုပ်တော်ပုံ၊ ပဟေဠိ အီးမေးလ်နဲ့ ချမ်းချမ်းရှင်းပြတဲ့ ဖြစ်စဥ်

    အမေရိကန်က ဂျက်ဖရီ အက်ပ်စတီးန်ရဲ့ လိင်အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော် ကော်မတီက ဖွင့်ချလိုက်တဲ့ အီးမေးလ်တွေထဲမှာ မြန်မာအဆိုတော် ချမ်းချမ်းရဲ့ နာမည်လည်း ပါဝင်နေပါတယ်။

    မြန်မာပြည်က အင်မတန်ချောမောလှပတဲ့ နာမည်ကြီးအဆိုတော် ချမ်းချမ်းရဲ့ ဓာတ်ပုံကို ပို့ပေးလိုက်မယ်ဆိုပြီး ရေးထားတဲ့စာကို ပြင်သစ်က မော်ဒယ်အေဂျင်စီလုပ်တဲ့ ယွန်း လုခ် ဘရူနဲလ်က အမေရိကန်သန်းကြွယ်သူဌေး ဂျက်ဖရီ အက်ပ်စတီးန်ဆီကို ၂၀၁၃ ဇန်နဝါရီ ၁ ရက်နေ့က အီးမေးလ်နဲ့ပို့ခဲ့တာပါ။

    အိုဘားမား မြန်မာပြည်လာသလို ချမ်းချမ်းကိုလည်း အမေရိကန် ခေါ်လာမယ်လို့ ရေးခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက သူတို့အီးမေးလ်ရေးချိန်မတိုင်ခင် ၂၀၁၂ နိုဝင်ဘာမှာ မြန်မာပြည်လာခဲ့တာပါ။

    ဂျက်ဖရီ အက်ပ်စတီးန်က သူထိန်းသိမ်းခံရစဥ် ၂၀၁၉ ခုနှစ်က သူ့ကိုယ်သူ သတ်သေခဲ့သလို ယွန်း လုခ် ဘရူနဲလ်လည်း ၂၀၂၂ မှာ ပဲရစ်မြို့မှာ ထိန်းသိမ်းခံရစဥ် သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပါတယ်။

    အဆိုတော်ချမ်းချမ်းက သူဟာ ၂၀၁၂ ဝန်းကျင်ကာလလောက်က အဆိုတော်အလုပ်အပြင် မော်ဒယ်အလုပ်ကိုလည်း လုပ်ခဲ့ကြောင်း၊ မြန်မာပြည်မှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားမိသားစုဝင်ထဲက အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး သူက ပြင်သစ်မော်ဒယ်အေဂျင်စီတွေနဲ့ ချိတ်ဆက်ပေးမယ်ဆိုပြီး သူ့ကိုဓာတ်ပုံရိုက်ခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီနောက်ပိုင်း အဆက်အသွယ်မရှိတော့ကြောင်း ဘီဘီစီကို ပြောပြပါတယ်။

  • မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေထိန်းချုပ်တဲ့နယ်မြေအားလုံးနီးပါး ပြန်လက်လွှတ်ထားရ

    မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေထိန်းချုပ်တဲ့နယ်မြေအားလုံးနီးပါး ပြန်လက်လွှတ်ထားရ

    မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေထိန်းချုပ်တဲ့နယ်မြေအားလုံးနီးပါး ပြန်လက်လွှတ်ထားရပြီး စစ်တပ်ကအင်အားသုံးဝင်ရောက်နေ

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်းနီးပါး ပြန်လည်လက်လွှတ်ထားရတယ်လို့ ဒေသကာကွယ်ရေး တာဝန်ရှိသူတွေဆီက သိရပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက စစ်ကော်မရှင်ဘက်က လေယာဥ်၊ ဒရုန်းတွေအသုံးပြု တိုက်ခိုက်မှုတွေအပြင် အင်အားအများအပြားသုံးပြီးဝင်ရောက်လာနေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတော်တော်များများကို ပြန်လည်လက်လွှတ်နေရတာလို့ ဆိုပါတယ်။

    “မတ္တရာမြို့နယ်တခုလုံးကိုတော့ အပြည့်အဝမထိန်းချုပ်နိင်သေးဘူး။ ဒါပေမယ့် ၉၀ ရာခိုင်နှုန်းခန့်တော့ ထိန်းချုပ်နေပြီ။ အင်အားက ၄,၀၀၀ ကျော်လောက်ပါတယ်။ စဥ့်ကူးကိုတော့ ဝင်နိုင်တာမျိုးမရှိသေးဘူး”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    နိုဝင်ဘာ ၁၄ ရက်မှာတော့ မန္တလေး-စဥ့်ကူးလမ်းအတိုင်း စစ်ကြောင်းထိုးလာနေတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတခုက မတ္တရာမြို့နယ်မြောက်ဘက် ရေနံ့သာကျေးရွာအထိရောက်ရှိလာပြီး အထိုင်ချတပ်စွဲထားတယ်လို့ ဆိုပါတယ်။

    ရေနံ့သာကျေးရွာ အနီးမှာ ဒီလမ်းပိုင်းအတွက် အရေးပါတဲ့ ရေနံ့သာတိုးဂိတ်ရှိပြီး အဲ့ဒီကနေ ဆက်သွားမယ်ဆိုရင် အနောက်ဘက်မှာ စစ်ကော်မရှင်ပြန်လည်ထိန်းချုပ်ချင်နေတဲ့ စကျင်ရွာရှိကာ စကျင်ရွာလမ်းခွဲအထိ စစ်ကော်မရှင်ဘက်ကအင်အားတွေချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နိုဝင်ဘာ ၆ ရက်မှာ MDY-PDF အပါအဝင် ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ဆည်တော်ကြီး ရေလှောင်တမံနဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်တွေကို စစ်ကော်မရှင်ဘက်က ပြန်လည်ထိန်းချုပ်ထားပြီး အဆိုပါစစ်ကြောင်းကတော့ ထပ်မံစစ်ရေးလှုပ်ရှားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

    မတ္တရာဘက်ခြမ်းကနေတဆင့် စဥ့်ကူးမြို့နယ်အတွင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပေမယ့် နိုဝင်ဘာ ၁၅ ရက်နေ့အထိတော့ စဥ့်ကူးဘက်ခြမ်းကို ဝင်ရောက်လာနိုင်တာမရှိသေးဘူးလို့ သိရပါတယ်။

    စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲပြုလုပ်မယ့် မြို့နယ်တွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တွေလည်းပါဝင်နေတာကြောင့် အဆိုပါမြို့နယ်တွေပြန်ရရေး စစ်ကော်မရှင်ဘက်က ကြိုးစားနေတာလို့ နယ်ခံတော်လှန်ရေးတပ်တွေက ပြောပါတယ်။

    စစ်ကော်မရှင်ဘက်က ပြန်လည်သိမ်းယူဖို့ကြိုးစားနေတဲ့ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေကို ၂၀၂၄ နှစ်လယ်ပိုင်းလောက်မှာ MDY-PDF ပူးပေါင်းအဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။

    ပုံစာ – ဆည်တော်ကြီးရေလှောင်တမံနဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်တို့ကို စစ်ကော်မရှင်တပ်တွေပြန်လည်ထိန်းချုပ်သွားစဥ်