Category: News

  • လေးရက်အတွင်း  မတ္တရာနယ် စစ်ရှောင်ပြည်သူ ၃၀ ခန့် သေဆုံး

    လေးရက်အတွင်း မတ္တရာနယ် စစ်ရှောင်ပြည်သူ ၃၀ ခန့် သေဆုံး

    လေကြောင်းတိုက်ခိုက်မှုကြောင့် လေးရက်အတွင်း မတ္တရာနယ် စစ်ရှောင်ပြည်သူ ၃၀ ခန့် သေဆုံး

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လေးရက်အတွင်း ပြည်သူ ၃၀ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မြို့ရဲ့ မြောက်ဘက်က ကျေးရွာတွေကို အင်အား ၄,၀၀၀ ကျော်သုံးပြီး စစ်တပ်က ထိုးစစ်ဆင်နေတာမို့ ဒေသခံ သိန်းနဲ့ချီပြီး စဉ့်ကူးမြို့နယ်ဘက်ကို ထွက်ပြေးနေကြရတာလို့ သိရပါတယ်။

    အဲဒီနောက် ဒီလနိုဝင်ဘာအတွင်းမှာ စစ်တပ်က ဆက်တိုက် စဉ့်ကူးမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေကို လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူ သေဆုံးမှုတွေဆက်တိုက်ဖြစ်နေတာလို့ နယ်မြေခံတစ်ဦးက ပြောပါတယ်။

    “ဒီနေ့ မနက်အထိ စဉ့်ကူးမြို့နယ်အတွင်းကို လေကြောင်းတိုက်တယ်။ စစ်ရှောင်တွေက သေမယ့်နေ့ကို ထိုင် စောင့်နေရသလိုပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လူထုနွေဦးက ရရှိထားတဲ့ အချက်အလက်တွေအရ နိုဝင်ဘာ ၇ ရက်နဲ့ နိုဝင်ဘာ ၁၂ရက်တို့မှာ စဉ့်ကူးမြို့နယ်အတွင်း လေကြောင်းတိုက်ခံရမှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပါတယ်။

    ဒါ့အပြင် ဒီရက်ပိုင်းမှာပဲ လမ်းဘေးမှာတင် စစ်ရှောင်နေတဲ့ပြည်သူတဦးလည်း အအေးမိ သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။

    မတ္တရာမြို့နယ်မှာ စစ်ရှောင်ပြည်သူ သိန်းနဲ့ချီရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှုအပြင် စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေများစွာ လိုအပ်နေတယ်လို့ သိရပါတယ်။

    (စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီသေဆုံးခဲ့ပါတယ်။ ဓာတ်ပုံ – CJ)

  • ကြံ့ခိုင်ရေးမဲဆွယ်ပွဲသို့ မဖြစ်မနေလာရန်ခေါ်သည့် အလုပ်အမှုဆောင်အမျိုးသမီး ဓားခုတ်ခံရ

    ကြံ့ခိုင်ရေးမဲဆွယ်ပွဲသို့ မဖြစ်မနေလာရန်ခေါ်သည့် အလုပ်အမှုဆောင်အမျိုးသမီး ဓားခုတ်ခံရ

    ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း စည်းရုံးရေးပွဲကို မဖြစ်မနေလာရမယ်လို့ ဖိအားပေးခဲ့တဲ့ ပါတီအလုပ်အမှုဆောင်အမျိုးသမီးတယောက် နိုဝင်ဘာ ၁၄ ရက်က ဓားနဲ့ခုတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ရွှေကျင်မြို့နယ်၊ အနောက်တောင်ကျေးရွာမှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး ကျေးရွာအလုပ်အမှုဆောင် အမျိုးသမီးက တအိမ်တယောက် မဖြစ်မနေလာရမယ်လို့ ဖိအားပေးခေါ်ခဲ့တာကြောင့် ကျေးရွာထဲက အမျိုးသားတယောက်က ဓားနဲ့လိုက်ခုတ်ခဲ့တာလို့မြိုခံတယောက်က ပြောပါတယ်။

    “မနေ့က ရွှေကျင်မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေ မဲဆွယ်စည်းရုံးရေးဆင်းတယ်။ အလုပ်အမှုဆောင်အမျိုးသမီးက ရွာသားတွေကို မလာမနေရပုံစံမျိုးနဲ့ဖိအားပေးခေါ်တယ်။ ဒါကို မကျေနပ်တဲ့ ရွာသားတယောက်က ဓားနဲ့လိုက်ခုတ်တာ။ အဲဒီအမျိုးသမီးလည်း ဒဏ်ရာရသွားတယ်။ ဓားနဲ့ခုတ်တဲ့သူလည်း အဖမ်းခံလိုက်ရတယ်။ ရွှေကျင်မှာ ကြံ့ခိုင်ရေးကို ဘယ်သူမှလက်မခံတာ” လို့ ပြောပါတယ်။

    ဒဏ်ရာရရသူဟာ ကြံ့ခိုင်ရေးပါတီရဲ့ အလုပ်အမှုဆောင် ဒေါ်အမာစိန်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေက ဖိတ်ခိုင်းလို့ အနောက်တောင်ကျေးရွာထဲမှာ စစ်သား၊ ရဲတွေနဲ့အတူ တအိမ်တက်ဆင်း လိုက်လံခေါ်ယူခဲ့ပြီး ဒုတိယကြိမ်ခေါ်ယူရာမှာ ဓားနဲ့ခုတ်ခံရတာလို့ ဖြစ်စဉ်ကိုသိသူတယောက်က ပြောပါတယ်။

    “တခြားနယ်ကလာတဲ့ ကိုယ်စားလှယ်လောင်းအတွက်နဲ့ကိုယ့်ရွာကို ဒုက္ခပေးတာ။ ရွာကလက်မခံရင် မခေါ်နဲ့ပေါ့။ အင်အားပြပြီး စစ်တပ်ပုံစံမျိုးချိုးတော့ ရွာထဲက လက်မခံနိုင်တဲ့သူက ဓားနဲ့လိုက်ခုတ်ရော။ သူလည်းဒဏ်ရာရ၊ ရွာကသူလည်း အဖမ်းခံရတယ်” လို့ ရှင်းပြပါတယ်။

    ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်အမျိုးသမီး ဓားနဲ့ခုတ်ခံရပြီးနောက် စစ်သားနဲ့ရဲတွေက ကျေးရွာကို ပိတ်ဆို့ပြီး ဓားနဲ့ခုတ်သူကို ဖမ်းဆီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    ဓားနဲ့ခုတ်သူ ကိုဝင်းဦး ကို ရွှေကျင်မြို့မရဲစခန်းက (ပ) ၄၄ /၂၀၂၅ ရွေးကာဥပဒေပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း ရန်ကုန်၊ ဒလမြို့နယ်၊ ရခိုင်ချောင်ကျေးရွာမှာ ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်စည်းရုံးနေတဲ့ ကျေးရွာကော်မရှင်အဖွဲ့ဝင်ကို လက်သီးနဲ့ထိုးလို့ အမျိုးသားတယောက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

  • ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ်  AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး

    ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး

    AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစစ်စခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံး

    ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် AA က ယာယီ ဆုတ်ခွာပေးလိုက်သော ကျောက်ဖြူ မင်းပြင်ရွာ ရေဒါစခန်းတွင် ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် စစ်တပ်က ပြင်ဆင်နေစဉ် AA ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်သားအများအပြား သေဆုံးသွားကြောင်း AA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ကျောက်ဖြူမြို့ မင်းပြင်ရွာ ရေဒါစခန်းကို လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်များ က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာကြောင်း၊ ယင်းနောက် AA က မင်းပြင်ရွာစခန်းမှ ယာယီ ဆုတ်ခွာပေးလိုက်ရပြီး စစ်တပ်က ဝင်ရောက် နေရာယူသွားကြောင်း၊ ထိုသို့ မင်းပြင်ရွာစခန်းကို စစ်တပ်က ရရှိပြီးနောက် ဝါဒဖြန့် ဓာတ်ပုံရိုက်ကူးရန်အတွက် စစ်သား ၂၀ ကျော်က ပြင်ဆင်နေခဲ့ကြောင်း၊ ယင်းအချိန် AA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မင်းပြင်ရွာစခန်းအတွင်းရှိ ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးရန် ပြင်ဆင်နေသည့် နေရာသို့ တည့်တည့်ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုအတွင်း စစ်သားအများအပြား သေဆုံးသွားကြောင်း သိရှိရသည်။

    “ အဲဒီ မင်းပြင်ရွာ ရေဒါစခန်းကို AA ကသိမ်းထားတာ။ အင်အား အနည်းငယ်ပဲရှိတယ်။ အဲဒါကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ပြန်ဆုတ်ပေးလိုက်ရတာ။ အဲဒါကို စစ်တပ်က မနေ့က ဝါဒဖြန့်ဓာတ်ပုံရိုက်ဖို့ လုပ်နေတုန်း AA က လက်နက်ကြီးနဲ့ပစ်လိုက်တာ အကုန်ကြွကုန်တယ်။”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    မင်းပြင်ရွာစခန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား အနည်း ဆုံး ၁၀ ဦးခန့်သေဆုံးနိုင်ပြီး ၂၄ ဦးသေဆုံးသည်ဟု သတင်းများကြားသိရသော်လည်း အတိအကျကို အတည်မပြုနိုင်သေးပေ။

    ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာအများစုတွင် AA က နယ်မြေစိုးမိုးထားပြီး စစ်တပ်က ရေ တပ် နှင့် မြို့ပေါ် အခြေစိုက်တပ်များတွင်သာ နေရာယူထားရာမှ ကြည်းရေလေ အင်အားသုံးပြီး တန်ပြန်ထိုးစစ်များ ပြုလုပ်နေခြင်းဖြစ်သည်။

    AA သည် ရခိုင်ပြည်နယ်တွင် ၂၀၂၃၊ နိုဝင်ဘာလ၊ ၁၃ ရက်နေ့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး လက်ရှိတွင် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား ၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း AA ကသိမ်းပိုက်ထားသည်။

    AA က ရခိုင်တစ်ပြည်လုံးသိမ်းပိုက်နိုင်ရန်အတွက် လက်တစ်ကမ်းသာလိုတော့ပြီး ထိုးစစ်များ အရှိန်မြှင့်တင်လျက်ရှိကြောင်း AA တရားဝင် ထုတ်ပြန် ကြေညာထားသည်။

  • မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ)

    မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ)

    KNU တပ်မဟာ ၄ မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ)

    ထိုင်း-မြန်မာနယ်စပ်ရှိ KNU တပ်မဟာ ၄ နယ်မြေမှ မောတောင်မြို့တိုက်ပွဲအတွင်းတွင် တော်လှန်ရေးပူး ပေါင်းတပ်များမှ စစ်ကောင်စီတပ်သား ၄၀ ကျော်ဖမ်းဆည်းရမိခဲ့သည်။

    အဆိုပါစစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်သည်။

    Video – Tin Lin Aung