Category: News

  • မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၃ ဦးသေဆုံး

    အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၃ ဦးသေဆုံးသွားကြောင်း မိုးကုတ်ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူ အနီးဝန်းကျင်နှင့် ကန်တော်ဖူဆယ် ဘောလုံးကွင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

    “မိုးကုတ်အရှေ့ပိုင်းကို ဗုံး ၂ ကြိမ်ကျဲပါတယ်။ ဗုံး ၁ လုံးက ဘုရားငါးဆူနားမှာ ၁ လုံးကျတယ်။ နောက်ပြီး ကလေးတွေ ကစားနေတဲ့ ကန်တော်ဖူဆယ် ဘောလုံးကွင်းကို ဗုံး ၁ လုံးကျတယ်။ ကလေး ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရပါတယ်” ဟု မိုးကုတ်ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့နယ် အနောက်ခြမ်း၊ ရေအေးကျေးရွာရှိ မွေးမြူရေးကြက်ခြံကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကြက်ခြံများ ပျက်စီးခဲ့ကြောင်း သိရသည်။

  • အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိ

    အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိ

    အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟုဆို

    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရကြောင်း မလေးရှားအစိုးရနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများ လုပ်နေရသည့် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ခေါင်းဆောင်စာရင်းတွင် မင်းအောင်လှိုင်ပါဝင်သည်ဟု အကြမ်းဖက်စစ်တပ် လော်ဘီများက ဝါဒဖြန့်နေကြသော်လည်း လက်တွေ့တွင် မလေးရှားက မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရသည်။

    “အာဆီယံဥက္ကဋ္ဌ မလေးရှားက ထိပ်သီးအစည်းအဝေး တက်ဖို့ စစ်ခေါင်းဆောင်ကို ဖိတ်ထားတာမရှိဘူး။ ထိပ်သီးအစည်းအဝေးတက်ဖို့က အာဆီယံဥက္ကဋ္ဌက ဖိတ်မှ တက်ရတာပါ။ အခုထက်ထိတော့ ဖိတ်ထားတာမရှိဘူးလို့ သိရတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိတွေ့ ဆက်ဆံမှု ရှိနေသည့် တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

    မလေးရှားနိုင်ငံတွင် ပြုလုပ် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ခေါင်းဆောင်များစာရင်းတွင် မင်းအောင်လှိုင် နာမည်ကို ထည့်သွင်းဖော်ပြခဲ့သည့် မလေးရှား News Straits Times သတင်းဌာနက ယခုအခါ မင်းအောင်လှိုင်၏ နာမည်ကို အာဆီယံ ထိပ်သီးအစည်းအဝေးတက်မည့်​ ခေါင်းဆောင်များစာရင်းမှ ဖြုတ်ပယ်ပြီး အမှားပြင်ဆင်မှုများ လုပ်ဆောင်သွားသည်။

    အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများ၏ ခေါင်းဆောင်တချို့ တက်ရောက်မည်ဖြစ်ပြီး အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံခြင်း၊ အာဆီယံဥက္ကဋ္ဌ ရာထူးကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းခြင်း အပါအဝင် ကမ္ဘာ့ရေးရာနှင့် မြန်မာ့ရေးရာတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားမှလာသော သတင်းများတွင် ဖော်ပြထားသည်။

  • ခမောက်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီး ၃ ဦး ဖမ်းဆီး ပစ်ခတ်ခံရ

    ခမောက်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီး ၃ ဦး ဖမ်းဆီး ပစ်ခတ်ခံရ

    တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ ရပ်ရွာအုပ်ချုပ်ရေး၊ ရာအိမ်မှူးနဲ့ ပျူစောထီးခေါင်းဆောင်တို့ကို ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်ခုခံလို့ဆိုပြီး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။

    အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီလောက်က ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ပျူစောထီးခေါင်းဆောင် ဦးအေးစိုးနဲ့ အေးချမ်းသာကျေးရွာက ပျူစောထီး ဦးသက်ဦး တို့ကို ဖမ်းဆီးခဲ့ပြီးနောက် နေ့လယ် ၁၂ နာရီ လောက်မှာ ဖမ်းဆီးထားရာကနေ ထွက်ပြေးတာကြောင့် ၃ ယောက်စလုံးကို လိုက်လံ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။

    “ဒီသုံးယောက်ကို ဖမ်းဆီးမိပြီးမှ ပြန်လည်ခုခံတယ်ဆိုလို့ ရဲဘော်တွေကနေ ပစ်ခတ် ရှင်းလင်းလိုက်ကြတာပါ။ သက်ဦး ဆိုတဲ့လူမှာ သေနတ်အတို ပါတယ်၊ ပစ်ပြီး ပြန်ထွက်ပြေးတာပေါ့၊ သူတို့ ၃ ဦးက တစုတည်းပါ။ ဖမ်းလာပြီး ထမင်းစားပြီးအေးဆေးဖြစ်မှ စစ်ဆေးမယ်လုပ်တဲ့အချိန်မှာ ကင်းစောင့်နေတဲ့ တယောက်ကို ပြန်ခုခံပြီး ထွက်ပြေးတော့ သေနတ်သံ ကြားတဲ့အချိန်မှာ လိုက်ဖမ်းပြီး ဝိုင်းပစ်တာပေါ့။ သူတို့က စစ်ကောင်စီနဲ့ပေါင်းပြီးတော့ မဲကိစ္စတွေ၊‌ ဘောလုံး၊ မူးယစ်ဆေးဝါး၊ ခဲကားတွေကို လုပ်တာပါ။ သူတို့အပြစ် သူတို့သိလို့ ပြန်ပြီးတုံ့ပြန်တာပေါ့။”

    လုံးဖောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကို ရွေးကောက်ပွဲမဲစာရင်းကိစ္စရပ်တွေ အပါအဝင် စစ်မှုထမ်း လူစုဆောင်းနေတာတွေ၊ ပေါ်တာကြေးကောက်ခံတဲ့ ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့တာကြောင့် သွားရောက် ဖမ်းဆီးခဲ့တာလို့ တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။

    “သက်ဦးနဲ့ အေးစိုးက ရှမ်းကိုးရွာဒေသမှာ နာမည်ဆိုးနဲ့ နေကြတာပါ၊ အုပ်ကြီးက စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်မယ့်အနေအထား ရှိတယ်။ သူတို့အပြစ်သူတိ့သိလို့ ပြန်ပြီးတုံ့ပြန်တာပေါ့။ အုပ်ကြီးကတော့ သတိပေးစရာပဲရှိပါတယ်။ သေစေလောက်တဲ့ အပြစ်တွေ ပေးစရာမရှိပါဘူး။”

    သေဆုံးသူ ၃ ယောက်ထဲက ဦးသက်ဦးနဲ့ ဦးအေးစိုးတို့ ဟာ ပျူစောထီးတွေဖြစ်တယ်ဆိုတာ ဓာတ်ပုံ မှတ်တမ်းရ သိရပြီး ၃ ယောက်လုံးအား ပစ်ခတ်ရှင်းလင်းတဲ့ဖြစ်စဥ်အတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    သေဆုံးသူ ၃ ယောက်ဆီက စကားပြောစက် ၄ လုံး၊ ဖုန်း ၄ လုံး၊ ကိုးလုံးကျည်ခေါက်ချိုး အရှည် ၁ လက်နဲ့ ကျည် ၃ တောင့်၊ မက်(ဂ်)နန်းပစ္စတို ၁ လက်နဲ့ ကျည် ၅ တောင့်တို့အပါအဝင် ပြည်သူ့စိစစ်ရေးကတ်ပြားနဲ့ Hilux Vigo ကား၁စီးကိုပါ သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် မဲစာရင်းပေးသွင်းတာတွေအပါအဝင် စစ်မှုထမ်း စုဆောင်းပေးတာတွေ၊ ပေါ်တာကြေးကောက်ခံရာမှာ ပါဝင်ကူညီပေးတဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ တွေကို လုပ်ထုံးလုပ်နည်းနဲ့တကွ အရေးယူသွားမယ်ဆိုပြီး ရပ်တန်းက ရပ်လိုက်ကြဖို့ကိုလည်း ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ အသိပေး ထုတ်ပြန်ထားပါတယ်။

  • ၁၂ တန်းတွင်  ဥပဒေဘာသာရပ် သင်ကြားမည့်အပေါ်  ဝေဖန်မှုမြင့်တက်

    ၁၂ တန်းတွင် ဥပဒေဘာသာရပ် သင်ကြားမည့်အပေါ် ဝေဖန်မှုမြင့်တက်

    အထက်တန်းပညာရေး ၁၂ တန်းမှာ ဥပဒေပညာရပ်ကို ထည့်သွင်းသင်ကြားနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင် ဆောင်ရွက်နေတဲ့အပေါ် ပညာရေးအသိုက်အဝန်းနဲ့ ဥပဒေပညာရှင်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက် နေပါတယ်။

    အခြေခံပညာအထက်တန်းအဆင့် ၁၂ တန်းမှာ ဥပဒေပညာရပ်ကို ထည့်သွင်းသင်ကြားနိုင်ဖို့ ဆရာ ဆရာမတွေကို သင်ကြားရေး TOT သင်တန်းတွေ စတင်ပေးနေပြီဖြစ်ပြီး ဒီအပေါ်မှာ ပညာရေးအသိုင်းအဝိုင်းနဲ့ ဥပဒေပညာ ရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။

    စစ်ကောင်စီက ပေးတဲ့ ဥပဒေပညာရပ်ဟာ ဟန်ပြသာ ဖြစ်နိုင်ပြီး ကျောင်းသားကျောင်းသူတွေကို ဥပဒေနဲ့ပတ်သက်တဲ့အကြောက်တရားတွေသာ သင်ကြားနိုင်ကြောင်း CDM ကျောင်းဆရာ ဆရာနောင်ချိုက ဝေဖန်ပါတယ်။

    “စစ်ကောင်စီဘက်ကပြောတဲ့ဥပဒေပညာရပ်ဆိုတာ ဘယ်လိုပုံစံဖြစ်မလဲတော့ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေများတာကတော့ သူတို့ အကြောက်တရားပေါ့ ဘယ်ဟာလုပ်ရင် ဘယ်ပုဒ်မနဲ့ ညှိစွန်းမယ်ဆိုတာမျိုးတွေကို ထည့်ဖို့ပဲ သူတို့လုပ်ကြမယ်ထင်တယ်။ ဆယ်ကျော်သက်တွေကို အဲဒါတွေ ရိုက်သွင်းဖို့ စဉ်းစားတာမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်မယ်တော့ ကျနော် သေချာမသိပါဘူး။ ဒါပေမဲ့ အဲဒီလို ပုံစံမျိုး ဖြစ်ဖို့ပိုများတယ်လို့ ကျနော်တော့ထင်တယ်။ ဟန်ပြသက်သက်ပဲဖြစ်မှာပါ ဥပဒေပညာရပ်လိုဟာမျိုးကို တကယ်ပေးဖို့အတွက် ရက်တို သင်တန်းလောက်ပေးပြီးတော့ ဒီဆရာ ဆရာမတွေဟာ ပြန်သင်တယ်ဆိုတာ တကယ့်လက်တွေ့ကျ မဖြစ်နိုင်ဖို့များပါတယ်။ ကျောင်းသားကျောင်းသူတွေက အစမ်းသပ်ခံပုံစံပဲဖြစ်မှာ၊ တကယ် နားမလည်ဘဲ အယူအကောက်လွဲတာတွေ ပြန်ပေး ပြန်သင်ကြားရင် အကျိုးရှိတာမဟုတ်ဘဲ အဆိပ်အတောက်ပဲ ဖြစ်စေမှာပေါ့။”

    တရားဥပဒေစိုးမိုးဖို့၊ ဥပဒေအဖွဲ့အစည်းတွေအပေါ် ယုံကြည်အားကိုးစေဖို့နဲ့ ပြည်သူတွေက ဥပဒေကို နားလည်ဖို့စီမံချက်တခုအနေနဲ့ ပန်းတိုင် ၅ ရပ်ချမှတ်ထားခဲ့ရာမှာ အခြေခံပညာရေး အထက်တန်းအဆင့် ၁၂ တန်းမှာ ဥပဒေဘာသာရပ်ကိုထည့်သွင်းပို့ချဖို့အတွက် ဆရာဖြစ်သင်တန်း စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ဥပဒေရေးရာ ဝန်ကြီးဌာနတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

    တရားလွှတ်တော်ရှေ့နေတယောက်ကတော့ ဒီအပေါ် ဝေဖန်မှုတွေရှိနေပေမဲ့ ထူးထူးခြားခြား ပြောင်းလဲမှုတွေရှိလာမှာ မဟုတ်ကြောင်း ပြောပါတယ်။

    “ဥပဒေကျောင်းသား အားသာချက်အနေနဲ့က ဥပဒေပညာကို ဝါသနာပါတဲ့သူတွေ လေ့လာချင်တဲ့ သူတွေအတွက်ကတော့ လှေကားတထစ်လို့ မြင်တယ်။ သင်တန်းက သင်ပေးလိုက်တဲ့ သင်ရိုးညွှန်းတမ်း အတိုင်းပဲ သင်ပေးနေရင်တော့ စာကိုဖတ်ပြီး သင်ကြားတဲ့ပုံစံပဲဖြစ်သွားမယ်။ အဲဒီအခါကျ ကျောင်းသားသည် ဥပဒေ ပညာရပ်က ဘယ်လောက်တောင် ပျင်းစရာ ကောင်းပါ လားဆိုတာ သိသွားပြီး အဲဒီကျောင်းသားတွေအတွက်က ဥပဒေပညာရပ်က ပျင်းစရာကြီး ပါလားဆိုပြီး ထင်သွားလိမ့်မယ်။ သင်ရိုးညွှန်းတမ်းမှာ ဥပဒေပညာကို ထည့်သွင်းမယ့်အချက်သည် ဝေဖန်မှုတွေတော့ ရှိနေပေမဲ့ တကယ်တော့ အမှန်တိုင်းပြောရရင် ဘာမှထူးခြားတဲ့ ပြောင်းလဲမှုကြီးမဟုတ်ဘူး။”

    အစိုးရကျောင်းဆရာ ဆရာမတွေအပြင် ပုဂ္ဂလိက ကျောင်းဆရာ ဆရာမတွေကိုပါ ဥပဒေဘာသာရပ်ဆိုင်ရာ TOT သင်တန်းတွေ တက်ရောက်ဖို့ ညွှန်ကြားထားပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲမှာပဲ ဆရာတွေ အနေနဲ့ သင်တန်းတက်ရောက်နေရပြီး သင်ကြားရေးဆရာ လုံလောက်မှုမရှိတဲ့အတွက် သင်ကြားရေးအပိုင်းမှာ အခက်အခဲတွေ ရှိနေကြောင်းကို ပုဂ္ဂလိက ဆရာတယောက်ကလည်း ပြောပါတယ်။

    “ကျနော်တို့က ပြောင်းလဲထားတဲ့ G 12 သင်ရိုးမှာကို ကျနော်တို့ပုဂ္ဂလိက ဆရာတွေရော အစိုးရ ဆရာတွေရောက တော်တော်ကြီးကို ခက်ခက်ခဲခဲလေ့လာသင်ယူနေရတယ်ပေါ့။ ဆရာတွေ ဘက်ကလည်း ခက်ခက်ခဲခဲ လေ့လာသင်ယူနေရသလိုပဲ ကလေးတွေဘက်ကလည်း မနည်းလိုက်ပြီး လုပ်နေရတာကို တွေ့ရတယ်။ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ နောက်ဆရာလိုအပ်ချက်တွေ သင်ရိုးရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းတာမဟုတ်ဘဲ အကြောင်းမဲ့သက်သက် ဥပဒေပညာကို ထည့်သွင်း တာကတော့ တော်‌တော်ကို အဓိပ္ပါယ်မရှိဘူးလို့ မြင်မိတယ်။ အဓိက ကတော့ ကလေးတွေက စာအသစ်တခုထပ်လုပ်ရတာကို သူတို့အတွက် မနှစ်မြို့သလို ဆရာတွေဘက်ကလည်း ဆရာတွေ အလုံအလောက်မရှိတဲ့အတွက်ကြောင့် မလွယ်ဘူးပေါ့၊ သူတို့လုပ်ချင်တာကို ထလုပ်နေတယ်လို့ပဲ မြင်တယ်။”

    ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းတဲ့နိုင်ငံကို တည်ဆောက်နိုင်ဖို့ လူတိုင်း ဥပဒေကို သိရှိ လိုက်နာရမှာဖြစ်လို့ အခြေခံပညာရေး Grade 11 နဲ့ Grade 12 မှာ ဥပဒေဘာသာရပ်ဆိုင်ရာတွေကို သင်ကြား ပို့ချရမယ်လို့ စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။

    ✍ဝေဝေ

  • ပစ္စည်းခိုးသည်ဆိုကာ သားအမိ ၂ ဦးအား နှိပ်စက်ခဲ့သည့် ဆိုင်ရှင်ကို အရေးယူရန် ရဲစခန်းတိုင်

    ပစ္စည်းခိုးသည်ဆိုကာ သားအမိ ၂ ဦးအား နှိပ်စက်ခဲ့သည့် ဆိုင်ရှင်ကို အရေးယူရန် ရဲစခန်းတိုင်

    ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်ထားတဲ့ စတိုးဆိုင်ပိုင်ရှင်က ဆိုင်မှာ စတီးဇလုံဝင်ခိုးတယ်ဆိုပြီး အမျိုးသမီး တယောက်နဲ့ ကလေး တယောက်ကို ဖမ်းဆီးရိုက်နှက်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့အတွက် ဆိုင်ရှင်ကို အရေးယူပေးဖို့ ရပ်ကွက်နေသူတွေက ရဲစခန်းကို တိုင်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    အောက်တိုဘာ ၂၀ ရက်က သူ့ဆိုင်မှာ စတီးဇလုံး အလုံး ၂၀ ဝင်ခိုးတယ်ဆိုပြီး စတိုးဆိုင်ပိုင်ရှင်က အမျိုးသမီးကြီးနဲ့ ကလေးကို ဖမ်းဆီး ရိုက်နှက်ကာ ဓာတ်တိုင်မှာ ကြိုးတုပ်ထားတာကို လူမှုကွန်ရက်မှာ တင်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “သူခိုးအားပေး မဟုတ်ဘူး။ ပစ္စည်းဝင်ခိုးတယ်၊ မိတယ်၊ ရဲစခန်းကို ပို့လေ။ ကိုယ်ထိလက်ရောက် ဘာလို့ နှိပ်စက်တာလဲ၊ လူမမည်ကလေးကို ကြိုးတုပ်ပြီး ရေနွေးပူနဲ့ လောင်းဖို့အထိ လုပ်တာ မကောင်းဘူး။ အခု ရပ်ကွက်နေသူတွေ စုပြီး အဲဒီမိန်းမကို အမှုဖွင့်ဖို့ စီစဥ်နေတယ်။”

    ရိုက်နှက်ခံရတဲ့ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ လေဖြတ်ပြီး သားသမီး ၃ ယောက်နဲ့ ရပ်တည် နေရကာ ကလေးကို ကြည့်ပေးမယ့် သူမရှိလို့ ကြံရာ မရတဲ့အဆုံး ဝင်ခိုးခဲ့တာလို့ ရေဥက္ကံ ကျေးရွာနေသူ တဦးက ပြောပါတယ်။

    အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရဲစခန်းက စတိုးဆိုင်ရှင် ဒေါ်ဝါဝါလှိုင်ကို စစ်ဆေးနေတယ်လို့ သိရပေမဲ့ အတည်ပြုလို့ မရဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ကိုယ့်အကောင့်ကို လူကြည့်များချင်တာရယ်၊ ဆယ်လီဖြစ်ချင်တဲ့ရောဂါကြောင့် အခုလိုဖြစ်တာ။ သူတို့မှာ ကျင့်ဝတ်ဆိုတာတွေ ဘာတွေ မသိဘူး၊ အခု ရဲစခန်းမှာ စစ်နေတယ်လို့ ကြားတယ်။ ရဲစခန်းက ခေါ်ပြီး မစစ်လို့ ရုန်းရင်းဆန်ခတ်ဖြစ်ရင် ရပ်ကွက်က တာဝန်ယူမှာ မဟုတ်ဘူး။”

    အဆိုပါရုပ်သံကို စတိုးဆိုင်က ဆိုင်ဝန်ထမ်း တယောက်ကို ရိုက်ခိုင်းပြီး ဆိုင်ရှင်ဖြစ်သူက War War Hlaing Tiktok Account ကနေ အောက်တိုဘာ ၂၀ ရက်က တင်ခဲ့တာ ဖြစ်ပါတယ်။

    စတီးဇလုံ ခိုးလို့ဆိုပြီး
    လူမမယ် ကလေးလေးရဲ့မအေကို
    ရိုက်တဲ့ လှိုင်သာယာက ဆိုင်ရှင်မကြီးတော့
    ဆိုရှယ်မီဒီယာ ကောင်းမှုနဲ့
    စခန်းမှာ ရှင်းရတော့မယ်။

    ထောင်တော့ကျမယ် မထင်ဘူး၊
    ပိုက်ဆံရှိပုံရတော့ ငွေနဲ့ ရှင်းမှာပေါ့။

    သူ အခိုးခံရတယ်ဆိုတဲ့ စတီးဇလုံ ​ဖိုးထက်
    အဆ ၂၀၀လောက်
    ရဲတွေကို ပေးရကမ်းရတော့မယ်။

    ခင်ဗျားသိဖို့က
    ခင်ဗျားအခု ပေးကမ်းရမယ့်လူတွေကမှ
    ပိုကြီး ပိုဆိုးရွားတဲ့ သူခိုးကြီးတွေ ဆိုတာပဲ။

    မရှိဆင်းရဲသား သူခိုးလေးကိုတော့
    သူ့ရင်သွေးရှေ့ ပါးတ​ဖြောင်းဖြောင်းချပြီး
    မာန်၀ံ့နိုင်ပေမဲ့

    ယူနီဖောင်း၀တ်ထားတဲ့ သူ​ခိုးကြီးတွေကိုကျ
    မျက်နှာငယ်လေးနဲ့ ဆရာ ဆရာခေါ်ရင်း
    ပေးရကမ်းရပါလိမ့်ဦးမယ်။