Category: News

  • ညောင်ကျိုးအနီး လေသာတောင်ခြေကို ရိက္ခာလာပို့သော စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    ညောင်ကျိုးအနီး လေသာတောင်ခြေကို ရိက္ခာလာပို့သော စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    တောင်ကုတ်- ဥသျှစ်ပင်ရိုးတောင်ကျော်လမ်း၊ ညောင်ကျိုးရွာအနီး လေသာတောင်ခြေသို့ ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ်စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်(AA) က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

    ၎င်းစစ်ကြောင်းတွင် အင်အား ၈၀ ခန့်ပါဝင်ပြီး လေသာတောင်ခြေတွင်ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်သို့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများလာပို့စဉ် လေသာတောင်မရောက်ခင် အာရက္ခတပ်တော်ကကြားဖြတ်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။

    “ဆင်လန်စခန်းကလာတာပါ။ လေသာတောင်မရောက်ခင်တိုက်ခိုက်ခံရတာ။ ကြားဖြတ်တိုက်ခိုက် ခံရတော့ စစ်ကောင်စီဖက်ကကျဆုံးမူရှိတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။

    စစ်ကောင်စီသည် ဆင်လန်ကျေးရွာစခန်းကို ထပ်မံ၍ အခိုင်မာတည်ဆောက်ထားပြီး ၎င်းစခန်းကတစ်ဆင့် ရှေ့တန်းတပ်များသို့ ထောက်ပို့လုပ်နေသည်ဟု သိရသည်။

    “စစ်တပ်က ဆင်လန်ကို နောက်ထပ်အခိုင်အမာခံတပ်ပြင်ထားတယ်။ အဲဒီကနေ လေသာတောင် ရှေ့တန်းနယ်မြေတွေကို စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းတွေပို့ပေးတယ်။ ဒါ့ပြင် စစ်ကူစစ်ကြောင်းတွေကို လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူကအစ ပြုလုပ်ပေးနေတယ်”ဟုပြောသည်။

    ညောင်ကျိုးအနီး လေသာတောင်ခြေတွင် စစ်တပ်က ခြေကုတ်ယူပြီး အင်အား ၃၀၀ ကျော်ခန့်ရှိကာ ၎င်းမှတဆင့် ညောင်ကျိုးကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

    “လေသာတောင်ခြေပတ်ဝန်းကျင်မှာ အနည်းဆုံး အင်အား ၃၀၀ ကျော်ရှိနိုင်တယ်။ သူတို့က ညောင်ကျိုးကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ”ဟုပြောသည်။

    အကြမ်းဖက်စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့သည် လေသာတောင်ကိုဗဟိုပြုပြီး နှစ်ဖက်အခြေကုတ်စခန်းများရယူကာ တိုက်ပွဲများလည်း နေ့စဉ်ဖြစ်နေသည်ဟုဆိုသည်။

    အာရက္ခတပ်တော်သည် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ (၉) ကီလိုမီတာအကွာအဝေး၌ရှိသော ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ (၆၆၆) ပွိုင့်ကုန်းကို အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

    အဆိုပါစစ်တပ်စခန်းအား (၃) နာရီခန့် သုံးဖက်သုံးတန်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အာရက္ခတပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ပွိုင့် (၆၆၆) စခန်းတစ်ခုလုံးအား သိမ်းပိုက်ရယူခဲ့စဉ်အတွင်း ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။

  • ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထား

    ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထား

    မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ၊ ညိုစောက ကိုးကိုးကျွန်း၊ အောင်လင်းဒွေးက နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အပါအဝင် ဗိုလ်ချုပ်ကြီးတချို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ထွက်ပေါ်လာ

    ကြံ့ဖွတ်ပါတီမှ တစ်ဆင့် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများက ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ စစ်အရာရှိကြီးများဖြစ်ကြသည့် အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့မှ ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဗိုလ်ချုပ်ကြီးနှင့် စစ်ဗိုလ်ချုပ်များမှာ ကြံ့ဖွတ်ပါတီမှတစ်ဆင့် ရွေးကောက်ပွဲရာတွင် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း သိရှိရသည်။

    ” စစ်ရုံးက လာတဲ့ ဗိုလ်ချုပ်ကြီးတွေက ကိုယ်ရေးအရာရှိကစလို့ ယာဉ်မောင်း၊ ရုံးအဖွဲ့၊ လုံခြုံရေးတွေအကုန်လုံး သူတို့ ကိုယ်ပိုင်အဖွဲ့တွေ နဲ့ လာပါတယ်။ အခုတော့ မဲဆွယ်စည်းရုံးမှုတွေ မစသေးဘူး။ သို့ပေမယ့် သူတို့ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့တွေက နယ်မြေကို ပဏာမ ကွင်းဆင်းနေကြပြီ။ ပါတီက ဘက်က လုပ်ပေးတဲ့ လုံခြုံရေးအဖွဲ့ ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့က လုပ်ပေးမယ့် လုံခြုံရေးအပြင် တစ်ဦးချင်းစီမှာလည်း ကိုယ်ပိုင် လုံခြုံရေးအဖွဲ့ တွေ သီးသန့် ဖွဲ့စည်းလုပ်ဆောင်နေကြပါတယ်။ ပါတီကနေ ကိုယ်စားပြု ပြိုင်တယ်ဆိုပေမယ့် အစစအရာရာ သူတို့ဟာသူတို့ စီမံလာကြတာ။ စရိတ်ကအစ ပါတီဘက်က ပေးစရာမလိုဘူး” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    လက်ရှိ ဗိုလ်ချုပ်ကြီးဟောင်း များ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ထွက်ပေါ်လျက်ရှိရာ အောင်လင်းဒွေးက နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) တွင်လည်းကောင်း၊ ညိုစောက ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှလည်းကောငး်၊ မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

    ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံက စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်က မကွေးမြို့နယ် မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းက မအူပင်မြို့နယ် မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးသိန်းဇော်က ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်တွေက ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

    ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ဇေယျာသီရိမြို့နယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥတ္တရသီရိမြို့နယ်၊ မင်းကင်းမောင်မြင့်က ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးမြတ်ဟိန်းက ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဘူးလက်လှဆွေ၊ ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းက တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်တို့တွင် အသီးသီးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

  • လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

    လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

    လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်း ၁စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့ကနေ သိမ်းဆည်းရှိထားတယ်လို့ သိရပါတယ်။

    အဆိုပါ တိုက်ခိုက်ရေးဒရုန်းကို အောက်တိုဘာလ ၁၉ ရက် ဒီမနက် ၁၀ နာရီဝန်းကျင်အချိန်မှာ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စိတ်ချရတဲ့ နေရာကို ရွှေ့ပြောင်းပြီး ဖြစ်တယ်လို့ သိရပါတယ်။

    “လက်ပံတန်းအရှေ့ဖက်က သရက်ချောင်းရွာကို ဒရုန်းပွိုင့်ချပြီး ပျံလာတဲ့ အချိန်မှာ ပျက်ကျလာတာပဲ။ လက်ရှိကတော့ ဒရုန်းက ကျနော်တို့ အဖွဲ့မှာပါ” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာာဝန်ရှိသူက ပြောပါတယ်။

    သိမ်းဆည်းရမိတဲ့ ဒရုန်းက အသစ်စက်စက်ဖြစ်ပြီး ကာလပေါက်ဈေးအနေနဲ့ ဘတ် ၁၂ သိန်းဝန်းကျင် တန်ကြေးရှိတယ်လို့ ကနဦးသိရပါတယ်။

    သာယာဝတီဂဠုန်တပ်ဖွဲ့ရဲ့ တာာဝန်ရှိသူကပဲ “ကျနော်တို့ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ပြီးရင် သူတို့ကို သူတို့ ဒရုန်းနဲ့ပဲ ပြန်တိုက်ဖို့ စီစဉ်နေပါတယ်” လို့ ဆက်ပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဆိုပါ လက်ပံတန်း၊ သရက်ချောင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က တပ်သား ၁၅ ယောက် ထက်မနည်း သေဆုံးခဲ့ကာ စစ်သုံ့ပန်း ၁၂ ယောက်ကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ပျက်ကျခဲ့တဲ့ စကမ ဒရုန်းက DJI Flycart 30 အမျိုးအစားဖြစ်ပါတယ်။

    DJI Flycart 30 ဖြစ်တယ်ဆိုတာကို Cloud Wings အဖွဲ့ဝင်ဟောင်းတစ်ဦးက ID လုပ်ပေးတာ ဖြစ်ပါတယ်။

    ဒီ DJI Flycart 30 အမျိုးအစားကို တော်လှန်ရေးဒရုန်းတပ်ဖွဲ့‌တွေမှာလည်း သုံးတာမျိုးရှိပြီး သူတို့ဝယ်တုန်းကဆိုရင် ဘတ် 11 သိန်း ကျော်တယ်လို့ သိရပါတယ်။

    လက်ရှိ exchange rate နဲ့ တွက်ရင် သိန်း 1400 ကျော် 1500 နီးပါးရှိတဲ့ ဒရုန်းအမျိုးအစားဖြစ်ပါတယ်။

    ကမ္ဘာ့ထိပ်တန်း ဒရုန်းကုမ္ပဏီဖြစ်တဲ့ DJI ရဲ့ heavy lift drone ဖြစ်တာနဲ့အညီ တန်ဖိုးကြီးသလို အခြားစိုက်ပျိုးရေးသုံးဒရုန်းတွေနဲ့ ယှဉ်ရင် စွမ်းဆောင်ရည် ပိုကောင်းတယ်လို့ Cloud Wings အဖွဲ့ဝင်ဟောင်းက ပြောပါတယ်။

    ပိုက်ဆံရှိရင်တောင် ဝယ်ချင်တိုင်းဝယ်လို့မရနိုင်ဘဲ သက်ဆိုင်ရာနိုင်ငံရဲ့ လုပ်ငန်းလိုင်စင်ရှိမှ ဝယ်လို့ရတတ်တယ်လို့ သိရပါတယ်။

    DJI Flycart 30 heavy lift drone က 30 kg ကနေ 40 kg အထိ အလေးချိန်ရှိတဲ့ ဝန်ကို သယ်ဆောင်နိုင်ပါတယ်။

    ဝန်အပြည့် သယ်လာတယ်ဆိုရင် 16 ကီလိုမီတာအထိ ပျံသန်းနိုင်ပါတယ်။

    မိုးဒဏ်၊ ရေဒဏ် ခံနိုင်ပြီး ဘက်ထရီ နှစ်လုံးပါတာကြောင့် တစ်လုံးက ပြဿနာတက်ရင်တောင် အရံတစ်လုံးနဲ့ ဆက်လက်ပျံသန်းနိုင်ပါတယ်။

    အခု လက်ပံတန်းမှာ ပျက်ကျတာကတော့ ဘယ်လိုပျက်ကျခဲ့လဲဆိုတာ မသိရသေးပါဘူး။

    DJI Flycart 30 မှာက ပျက်ကျရင် အလိုအလျောက် လေထီးပွင့်တာကြောင့် ကိုယ်ထည်မှာ အထိအခိုက်သိပ်မရှိထားပဲ တွေ့ရတာဖြစ်ပါတယ်။

    ဈေးကွက်ထဲ အဆင်သင့်ဝယ်ယူနိုင်တဲ့ commercial off-the-shelf ဒရုန်းတွေဆိုတာ စကစ/စကမ မှမဟုတ်ပဲ တော်လှန်ရေးတပ်ဖွဲ့တွေပါ အထိုက်အလျောက် လက်လှမ်းမီတယ် ဆိုပေမယ့် အခုလို DJI ရဲ့ အဆင့်မြင့်ဒရုန်းတွေလိုမျိုးဆိုရင် စကမ ဘက်က ဝယ်ယူရတာ ပိုလွယ်ကူပါတယ်။

    ဒါ့အပြင် စကမ ဘက်က သုံးလာတာ ခပ်စိပ်စိပ်တွေ့လာရတဲ့ Skyfend တံဆိပ် drone jammer gun, လူသယ်နိုင်တဲ့ man portable GNSS spoofer တွေဆိုတာလည်း တရုတ်ရဲ့ အဆင့်မြင့် ဒရုန်းကာကွယ်ရေး ထုတ်ကုန်တွေဖြစ်ပါတယ်လို့ ဒရုန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ‌တွေက ထောက်ပြထားကြပါတယ်။

    Tactical Raptor

    Raptorone

  • ကျားဖြန့်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

    ကျားဖြန့်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

    အောက်ပါရေးသားချက်များကို ဝတ္တုဟုမှတ်ယူလိုက မှတ်ယူနိုင်ပြီး၊ သတင်းဆောင်းပါးဟုမှတ်ယူလိုကမှတ်ယူနိုင်ပါသည်။ သတင်းရင်းမြစ်ကိုငဲ့ညှာရသဖြင့် နာမည်နှင့်တည်နေရာကို အတိအကျမဖော်ပြနိုင်ခြင်းကိုသည်းခံပေးပါရန်။

    ဆရာရေ နေကောင်းရဲ့လား၊ ကျွန်တော်သတိတရစာရေးလိုက်ပါတယ်။ စာရိုက်ရတာလည်းမလွယ်ဘူးဆရာရဲ့ ၊ အုပ်စုခေါင်းဆောင်တွေလစ်တုန်း ရေးရတာ၊သူတို့အနားရောက်လာရင် ဆရာ့ကို ကျွန်တော် အစ်ကိုလို့ခေါ်မယ်နော်၊ အစ်ကိုက ဘာအလုပ်လုပ်တာလဲ ဆူရှီးလား၊ Uber taxi မောင်းတာလား၊ US ရောက်တာဘယ်လောက်ကြာပြီလဲ ဘာညာပေါ့၊ ညီမ အစ်ကို့ကိုအရမ်းခင်ပါတယ်ဘာညာပေါ့ဆရာရယ်။ကျွန်တော်တို့ဘဝကလည်း ယောက်ျားကမိန်းမယောင်ဆောင်နေရတာဆရာရယ်၊ဒါကိုဆရာလည်းသိပါတယ်၊သိလို့မှ ဟိုတစ်ခါ မြတ်နိုး ဆိုပြီးအယောင်ဆောင်ထားတဲ့ကောင်ကိုဆရာက ယောက်ျားလေးမှန်းသိနေတာပေါ့။အဲ့ဒိအဖွဲ့နဲ့ကျွန်တော်တို့ကမတူပါဘူး၊သပ်သပ်စီပါ။ ကျွန်တော်တို့က လူတစ်ယောက်ကို အနည်းဆုံး ဖေ့စ်ဘွတ် ၊အကောင့် ဆယ်ခုလောက်စီရှိတယ်ဆရာရဲ့၊ အင်းလေ အားလုံးမိန်းမနာမည်တွေနဲ့ချည်းပေါ့ ၊ တွေးမိတွေးရာနာမည်တွေလျှောက်မှည့်ရတာပဲဆရာရေ။တင်ထားတဲ့မိန်းကလေးဓာတ်ပုံတွေလား၊ US မှာရောက်နေတဲ့ Instagram ကမြန်မာမတွေဓာတ်ပုံကိုဒေါင်းလုပ်ဆွဲ ပြီးယူထားတာပဲဆရာရေ၊ အထူးသဖြင့် နိုင်ငံခြားမှာ နေတဲ့သူတွေရဲ့ပုံပေါ့ ၊ လှရမယ် ချောရမယ်၊ချမ်းသာ နေတဲ့ပုံပေါက်ရမယ်၊အဲ့လိုကောင်မလေးတွေပုံကို ယူသုံးတာပေါ့။

    ဘယ်လိုလိမ်တာလဲ ဟုတ်လား၊ ပြောမှာပေါ့ဆရာရယ် မလောပါနဲ့။ ကျွန်တော်တို့ကအသင်းလေးတွေ နဲ့ဆရာရဲ့၊တစ်သင်းမှာလူဆယ်ယောက် ရှိတယ်။ လူ ၁၀၀ဆို ၁၀သင်းပေါ့။ အသင်းခေါင်းဆောင် အုပ်စု ခေါင်းဆောင် ကမြန်မာပါ၊ ကျန်တဲ့ ကိုးယောက်ကလည်း မြန်မာပါပဲ။ မြန်မာကိုလိမ်မှာ ဆိုတော့ မြန်မာအသင်းပေါ့ဆရာရယ်၊ ထိုင်းကိုလိမ်ဖို့ကျတော့ထိုင်းအသင်းသပ်သပ်ရှိတယ်၊ ကမ္ဘောဒီးယားကိုလိမ်ဖို့က ကမ္ဘောဒီးယားအသင်း၊ တရုတ်အတွက်တရုတ်အသင်း ဒီလို လိမ်ဆင်အသင်းလေးတွေအုပ်စုခွဲပေးထားတယ်ဆရာရဲ့။ လုပ်ငန်းအားလုံးရဲ့အခေါင်အချုပ်ကတော့ ထုံးစံအတိုင်းတရုတ်ပေါ့။

    အရင်ကတော့ ဘယ်လိုလုပ်ကြသလဲမသိဘူး၊အခုတော့ ကျွန်တော်တို့ပစ်မှတ်ထားရတာကတော့ အမေရိက မှာရောက်နေတဲ့ မြန်မာပြည်ဖွားတွေကိုပါ။ ဖေ့စ်ဘွတ်တို့ တယ်လီဂရမ်တို့မှာလျှောက်ရှာရတာပေါ့ ၊ကျွန်တော်တို့အလုပ်ချိန်က အမေရိကန်စံတော်ချိန်နဲ့ အလုပ်လုပ်တာ၊ အခု CA မှာဘယ်ချိန်၊ NY မှာဘယ်အချိန်ကျွန်တော်တို့အကုန်သိတယ်။

    US မှာနေတဲ့မြန်မာဆိုရင်ကျွန်တော်တို့ကစကားတောက်ကြည့်တယ်၊ ရောက်တာဘယ်လောက်ကြာပြီလဲ၊ ဘာလုပ်ငန်းလုပ်လဲပေါ့။ဥပမာရောက်တာ ၁၀နှစ်လောက်ကြာပြီဆိုရင် နိုင်ငံသားဖြစ်လောက်ပြီ၊အိုးပိုင်အိမ်ပိုင်ရှိပြီ၊ ပင်စင်စုဆောင်းငွေ 401K ရှိနေပြီ၊ အဲ့ဒိလို ကျွန်တော်တို့ကတွက်လို့ရပြီ။အဲ့လိုလူတွေကို friend request ပို့တယ်၊ မက်ဆင်ဂျာကစကားသွားပြောတယ်၊

    မက်ဆင်ဂျာမှာ မိန်းကလေး ပရိုဖိုင်းနဲ့ မိန်းကလေးဟန်ဆောင်ပြီးစကားသွားပြောရတာပေါ့။ခင်လာပြီဆိုရင် Whats App မှာစကားပြောမယ်ဆိုပြီးခေါ်ရတာပေါ့။ Whats App ရောက်ရင် ဆရာရုန်းလို့မရတော့ဘူး။

    ဘယ်နေရာကနေ လိမ်နေတာလဲ ဟုတ်လား၊မူဆယ်၊ကြယ်ခေါင်၊ မြဝတီ၊တာချီလိတ်၊ မြန်မာနိုင်ငံရဲ့နယ်စပ်မြို့တွေ မှန်သမျှ ကျားဖြန့်ရှိတယ်။အများသိတာက ရွှေကုက္ကိုယ်က စောချစ်သူပဲသိကြတာ၊ တကယ်က စောချစ်သူတင်မကဘူး၊ ကျားဖြန့်ဂိုဏ်းတွေကအများကြီးပဲ။

    ခုနစကားကို ဆက်ရရင် အဲ့ဒိလို မက်ဆင်ဂျာတို့ Whats Appတို့မှာစကားပြောရင်း တယောက်အကြောင်းတယောက်အတော်သိလာကြရောဆိုပါတော့၊ခင်မင်ရင်းနှီးလာကြပြီ ဆိုပါစို့၊ အဲ့ဒိမှာကျွန်တော်တို့ကပြောမယ်၊ ညီမကအလုပ်များတယ်မအားဘူး ဘာညာပေါ့၊ နောက်တစ်ဆင့်ကျ ညီမက အပိုဝင်ငွေ Extra Income ရအောင်Crypto မှာ trading လုပ်နေကြောင်း ဆရာ့ကိုအရိပ်အမွတ်ပြောမယ်၊ အမြတ်ကိုလည်းဆရာ့ကိုပြမယ်၊ အဲ့ဒိမှာဆရာက စိတ်ဝင်စားလာပြီ။ ညီမလေး အစ်ကို့ကိုသင်ပေးပါပေါ့၊ အဲ့ဒိမှာ App store ကနေ ဒေါင်းလုတ်ဆွဲခိုင်းမယ်၊အဲ့ဒီအထိကအမှန်အကန်ပဲ၊ Robinhood ဆွဲမလား၊ တခြားနာမည်ကြီး Appတွေ ဆွဲမလား၊ ကြိုက်ရာဒေါင်း အဲ့ဒိအထိကအစစ်ပဲ။ အဆုံးမတော့ ဆရာ့အနေနဲ့ ကျွန်တော့်ဘက်က link ချပေးမှာ အဲ့ဒိ link ကိုဆရာကဝင်ရမှာ။ဥပမာ Robinhood ဆိုရင်အစစ်က website ရဲ့နောက်မှာ Robinhood.com ပေါ့၊ အတုကအဲ့ဒိလိုမဟုတ်ဘူး၊ Robinhood နောက်မှာကြားကဟာထည့်ထားတာ၊ အဲ့ဒိမှာကွာရော ၊အဲ့ဒိ link ထဲကိုဝင်လိုက်ပြီး သူက website အစစ်မှတ်လို့ ပိုက်ဆံတွေ ဝယ်ရောင်းလုပ်သမျှ ငွေတွေက ဟိုကိုရောက်မသွားပဲ ဝက်ဆိုဒ်အတုထဲရောက်ပြီး ကျွန်တော်တို့ဆီရောက်နေတာ။ မသိရင် Crypto ငွေကြေးတွေကိုရင်း နှီးမြှုပ်နှံစုဆောင်းနေပါတယ်ပေါ့။

    ကျွန်တော်တို့လိမ်နည်းကငွေထည့်သူရဲ့လောဘကိုဆွပေးတာ။ဥပမာဆရာက $၁၀၀၀၀ ထည့်တယ်၊ဆရာ့ကိုအတုနဲ့ ကျွန်တော်က trade ပေးတယ်။ ဆရာ့ရဲ့အမြတ်က $၁၀၀၀၀ ကနေ $၁၅၀၀၀ ဖြစ်လာမယ်၊ ဆရာစဥ်းစားကြည့် ဘာဆက်လုပ်မလဲ။ များများထည့်ရင် ငွေများများရမယ်ပဲ တွေးမှာမလား၊အဲ့ဒိတော့လောဘတက်လာမယ် ၊Retire ယူရင်သုံးဖို့စုထားတဲ့ပင်စင်စုဆောင်းငွေ 401K ထဲကပိုက်ဆံတွေ အကုန်ထုတ်သုံးမယ်။သူ့ပိုက်ဆံတွေ ဝက်ဆိုက်အတုထဲကိုထပ်ထည့်မယ်။ အကုန်ကျွန်တော်တို့ရလိုက်ပြီ၊ သူဘာမှလုပ်လို့မရတော့ဘူး၊ ဘယ်သူမှပြန်လိုက်တောင်းလို့မရဘူး၊ FBI ကိုတိုင်မလား၊ CIA ကိုတိုင်မလား၊ တတ်နိုင်လို့ ဒေါ်နယ်ထရန့်ကိုတိုင်မလား သူတို့ဘာမှလုပ်မရတော့ဘူး။

    US မှာ မြန်မာထဲကငွေ Amount အများဆုံးအလိမ်ခံရတာ ဘယ်သူတွေလို့ထင်လဲ။အံ့သြသွားမယ်ဆရာ အများဆုံး အလိမ်ခံရတာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
    တွေပါ။ဒုတိယ အများဆုံး အလိမ်ခံရတာက ချင်း တိုင်းရင်းသားတွေ၊ ပြီးရင်ဗမာလူမျိုး။

    ဘုန်းကြီးတွေ၊လူတွေကို ကောင်မလေးဟန်ဆောင်လိမ်တော့ ဘုန်းကြီးက V call ခေါ်ရင် ဘယ်လိုလုပ်မလဲ ဟုတ်လား၊ အဲ့ဒါ Main ပဲ၊ AI ခေ​တ်ကြီးလေ၊ တရုတ်က နည်းပညာမြင့်နေပြီ ဓာတ်ပုံထဲကမိန်းကလေး မျက်နှာနဲ့စကားတွေပြန်ပြော နေနိုင်ပြီ၊ မိန်းကလေး မျက်နှာတင်မဟုတ်ဘူး ကမ္ဘာကျော်ဆယ်လီ တွေနဲ့စကားပြောချင်လား လီယိုနာဒိုဟန်ဆောင်လို့လည်းရတယ်၊ဘရက်ပစ်အတုလုပ်လို့လည်းရတယ်။ဆရာကတဖက်က မိန်းကလေး ကိုလူချင်းမြင်ဖူးတာမဟုတ်ဘူးလေ၊ သူ့မျက်နှာမြင်၊သူကစကားပြောတယ်ဆို မိန်းကလေးလို့ပဲယုံမှာပေါ့ ၊ သူ့အသံမှကိုယ်ကအရင်ကမကြားဖူးတာ သူ့အသံအစစ်ဟုတ်မဟုတ်ဘယ်လိုခွဲမလဲ၊ ခနပဲပြောပြီး အလုပ်မအားလို့ပါ ဘာညာဆိုပြီး V call ကိုပိတ်ပစ်လိုက်မှာပေါ့ ၊ မိန်းကလေးအစစ်အသံနဲ့ဆက်ပြောဖို့လိုလာရင်လည်း ကျွန်တော်တို့အဖွဲ့မှာ မြန်မာမိန်းကလေးတွေလည်းရှိတယ်လေ။ စနစ်တကျပြင်ဆင်ပြီးမှလိမ်တာမို့ တော်ရုံတန်ရုံလူကမရိပ်မိတာများပါတယ်။များသောအားဖြင့် စာနဲ့ပဲ Whatsc App ကနေဆက်သွယ်တာများတယ်။

    ကျွန်တော်တို့က လခသဘောလည်းရတယ်၊ ရတဲ့လခကတယောက်နဲ့တစ်ယောက်တော့မတူပါဘူး၊ မှန်မှန်ရသလားဆိုတော့ သူဌေး ထွက်မပြေးရင်ရတယ်၊သူဌေးထွက်ပြေးသွားတဲ့ကျားဖြန့် တွေလည်းရှိတယ် အဲ့ဒါမျိုးကျ ဘာလခမှမရ တော့ဘူး။ အဓိက ကတော့ လိမ်လို့ ရလိုက်ပြီဆို ရလာတဲ့ငွေရဲ့ ၅ ရာခိုင်နှုန်းကို ကျွန်တော်တို့ကဆုကြေးသဘောမျိုးရတယ်၊ ဒေါ်လာ တစ်သိန်းလိမ်နိုင်ရင် ငါးထောင် ဝေပုံကျရမယ်ပေါ့၊ တစ်ယောက်ကို ၅ရာခိုင်နှုန်းပါ၊ တဖွဲ့လုံးကို ပေးတာမဟုတ်ဘူး၊ကိုယ်လိမ် ကိုယ်ယူ စနစ်ပေါ့။

    အချို့လူ တွေက Cripto Currency တွေဘာတွေနားမလည်ဘူး၊မလုပ်ချင်ဘူး ဆိုရင် ဆရာ့ဆီကို Myat Noe လာလိမ်သလိုမျိုး Walmart မှာ အရောင်း စာရင်းတင်ပေးပါလား တို့၊ Online shop တို့၊ Tiktop တို့ ကျောက်စိမ်း ရှယ်ယာ တို့နဲ့လိမ်မှာ၊ အမေရိကန်ရောက်မြန်မာတွေတင်မဟုတ်ဘူး၊ မြန်မာပြည်တွင်းကလူတွေကိုလည်းအလစ်မပေးဘူးဆရာ၊ ဒုက္ခပေါင်းစုံခံစားနေရတဲ့မြန်မာပြည်သူတွေကိုလည်းကျားဖြန့်က ပစ်ထားမယ်မထင်နဲ့ ၊ဆော်မှာပဲ။

    အခုအခါမှာ ကျားဖြန့်ဂိုဏ်းကမလုပ်ရဲတာ တစ်ခုပဲရှိတယ်။ ကျားဖြန့်လောကမှာ ဆိုရိုးတစ်ခုရှိတယ်။

    ” Nevermind! Don’t lie China Citizens ” တဲ့။ သဘောကတော့ တရုတ်နိုင်ငံသား ဆို မလိမ်နဲ့ ဆိုတဲ့သဘောပဲ။ ဘာ့ကြောင့်လည်းဆို အမေရိကန်ကိုလိမ်တယ်၊မြန်မာကိုလိမ်တယ်ပြသနာမရှိဘူး၊သူတို့လေပဲတတ်နိုင်တာ၊ တရုတ်နိုင်ငံသားကိုကျွန်တော်တို့ကဒီနေ့လိမ်လိုက်တယ် ၊ မနက်ဖြန်ဆိုတရုတ်ရဲက ဆရာလိမ်တဲ့နေရာကိုအတိအကျရောက်လာတာ ၊ သူတို့ကအတိအကျသိတယ်၊ဘယ်လိုသိလဲ တော့ ကျွန်တော်တို့လည်းမသိဘူး၊

    ပြီးတော့နယ်စပ်မှာ သူတို့သြဇာ ကြီးတယ်၊ ထိုင်း၊မြန်မာ ၊လာအို၊ကမ္ဘောဒီးယား ဘယ်နိုင်ငံရဲမှဘောင်မဝင်တော့ဘူး၊အဖမ်းခံရရင်သေဒဏ်နဲ့တသက်တကျွန်းပဲ။ ပယ်ဆောက်ချိန်တို့ဘာညာလည်းသေဒဏ်တွေကျဘာညာဆိုတော့ အခုနောက်ပိုင်း လိမ်မယ်ဆိုတရုတ် နိုင်ငံသားကို ရှောင်ရတယ်၊ အမေရိကန်နိုင်ငံသား တရုတ်လူမျိုးဘာညာကတော့ ရတယ် ၊ ဆော်တာပဲ။

    ကျွန်တော်ဒီလောကထဲဘယ်လိုရောက်လာလဲဆိုရင် မူလရည်ရွယ်ချက်က မြန်မာပြည်ကနေ အခြေအနေတစ်ခုအရ ထိုင်းဘက်ကိုကူးတာ ၊အဲ့ဒိမှာ ထိုင်း ရဲကဖမ်းတာခံရပါလေရော ၊ရှိတာလေးတွေပါသမျှလာဘ်ထိုးတောင်းပန်ပြီး လွတ်လာတော့ နယ်စပ်မြို့မှာ ယောင်လည်လည်ဖြစ်ပြီးထမင်းငတ်နေတုန်း အလုပ်ပွဲစား တစ်ယောက်နဲ့တွေ့တယ်။သူကမင်းကွန်ပျူတာ နှိပ်တတ်လားတဲ့၊ ကိုယ်ကလည်း နှိပ်တတ်တယ်ပေါ့၊ ကျွန်တော်က စာရင်းကိုင်လုပ်ရမှာလား လို့မေးတော့ မဟုတ်ဘူးတဲ့ ဂိမ်းခုံလုပ်ရမှာတဲ့ ။ ဂိမ်းခုံဆိုတာကျွန်တော်လည်း ဘာမှန်းမသိဘူး ၊ထင်တာက ဂိမ်းခုံဆိုတာ ငယ်ငယ်ကဆော့ခဲ့တဲ့ ရေနံတို့ PS1 ဂိမ်းတို့ပဲထင်ခဲ့တာပါ၊ အလုပ်မရှိ ဒုက္ခရောက်နေတဲ့အချိန်ဆိုတော့ လုပ်မယ်လို့ ပြောလိုက်တယ်၊ အဲ့ဒိလိုနဲ့ကျားဖြန့်ဂိုဏ်းထဲ ဘုမသိဘမသိရောက်လာတာပဲ။ ဒီရောက်တော့တန်းမခိုင်းသေးဘူး ၊လိမ်တတ်အောင် တစ်ပတ်လောက် သင်တန်းပေးသေးတာ။

    ထွက်ပြေးလို့ ရလားဆိုရင် ရတယ်ဆရာ၊မှတ်ပုံတင်ရှိရင်ပြေးလို့ရတယ် ၊ဒါပေမယ့် မှတ်ပုံတင်ကသူတို့သိမ်းထားတာ။ ထင်သလောက် ပြေးလို့မလွယ်ဘူး၊ အခွင့်အရေးရတာနဲ့ပြေးရမှာပဲ။ ဒါပေမယ့်ကျားဖြန့်ဂိုဏ်းမှာအလုပ်လုပ်နေတဲ့မြန်မာလူငယ်တွေက မတရားအဖမ်းခံထားရသူတွေချည်းမဟုတ်ဘူး၊သူတို့ဘာသာလာအလုပ်လျှောက်ပြီး ပျော်နေတဲ့သူတွေလည်းရှိတယ်။တချို့က လုပ်ချင်လို့ကိုလုပ်နေကြတာ၊ ငွေရလို့လုပ်ကြတာပေါ့။ ဒီမှာက ဝိချမလား၊ရာမ ချမလား ၊နံပတ် 4 ချမလားလိုချင်တာအကုန်ရတော့လူငယ်တွေအကုန်ပျော်ပဲ ဆရာ။

    ကမ္ဘောဒီးယားမှာ ဟိုတနေ့က ကျားဖြန့်ကိုဖမ်းတယ်ဆိုတာ ကျားဖြန့်ဂိုဏ်းတွေကရယ်တာပေါ့ဆရာ၊အဲ့ဒိငွေက အစွန်းထွက်ပဲ ရှိတာ၊ ကျွန်တော်သိလာရတာက စောချစ်သူအပါအဝင် မြန်မာနယ်စပ်မြို့က ကျားဖြန့်မှန်သမျှမြန်မာစစ်ခေါင်းဆောင်တွေကို ဆက်ကြေးပေးရတာပဲ။မအလကို ဆက်ကြေးမပေးပဲ ဖွင့်မရဘူး။ အားလုံး စကစ ကိုလိုင်းကြေးပေးကြရတယ်။

    အင်တာနက်က ကျ စောချစ်သူတို့လို နာမည်ကြီးနေတဲ့သူတွေလောက်ပဲ စတားလင့် သုံးကြတာ၊ ကျန်တဲ့သူတွေက နီးစပ်ရာနိုင်ငံရဲ့အင်တာနက် ရှိတယ်။ထိုင်းအင်တာနက်သုံးမလား၊ လာအိုသုံးမလား၊မြန်မာသုံးမလား။ စတားလင့် ပိတ်လည်း တော်လှန်ရေးအဖွဲ့တွေကိုပဲထိမှာ ကျားဖြန့်အများစု ကိုထိမှာမဟုတ်ဘူး။

    လိမ်မှရမဲ့ ရာခိုင်နှုန်း ပိုက်ဆံကိုကျွန်တော်မလုပ်ရက်ဘူးဗျာ။ဘုမသိဘမသိနဲ့ခံရတာ ကျွန်တော်တို့အညာသားတွေပါ။ ကျွန်တော့်စိတ်နဲ့မဖြစ်ဘူး၊ဆရာ့ကိုတစ်ခုပဲတောင်းဆိုချင်တယ်၊ US ရောက်မြန်မာနိုင်ငံသားတွေ သိအောင်ရေးပေးပါ။ အယုံမလွယ်ကြဖို့၊ဖြတ်လမ်းက ငွေရမယ် ဆိုတိုင်းလက်မခံကြဖို့ပါပဲ။

    လိမ်တဲ့ အကောင့်ကို ဘယ်လိုသိနိုင်မလဲဆိုရင် မက်ဆင်ဂျာကစကားလာပြောရင် စာရဲ့အောက်ဘက် မှာ အခုနောက်ပိုင်း Scam likey ဆိုပြီး ငွေတောင်းရင်မသိပဲမပေးဖို့ အချို့ မက်ဆိပ်တွေအောက်မှာစာ ပေါ်တယ်၊ အချို့ကလည်းသတိမထားမိကြဘူး၊ အဓိကကတော့ ကိုယ်နဲ့အပြင်မှာမသိသူက ငွေရေးကြေးရေးကိစ္စတွေ လုပ်ငန်းလုပ်ဖို့ဆွယ်ပြီဆို ပါမသွားပဲအဆက်ဖြတ်လိုက်ဖို့ပါပဲ။ လိုင်းပေါ်က မိန်းကလေး လှလှလေး တွေ နိုင်ငံခြားမှာ ပျော်ပါးသုံးဖြုန်းနေတဲ့ပုံတွေနဲ့လာ Add ရင် သတိသာထားပေတော့ဆရာ၊ ၉၀ % ကအလိမ်အညာတွေပဲ။

    ပြီးပါပြီ

    ✍သရဝဏ်(ပြည်)

  • ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်ရှိ စစ်သင်္ဘောများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သားများထိခိုက်မှုရှိကြောင်း ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံး အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်တွင် စစ်သင်္ဘောများ ရောက်ရှိနားခိုနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှုအတွင်း စစ်သင်္ဘော ၁ စီးကို ဗုံးကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သင်္ဘော ၁ စီး၏ ခေါင်းမိုးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

    “ကျနော်တို့ သိရသလောက်ကတော့ စစ်ခွေး မသေဘူးလို့တော့ကြားတယ်။ ဒါပေမယ့် စစ်ခွေး ၄ ကောင်တော့ ထိခိုက် ဒဏ်ရာရတယ်။ စစ်ခွေး သင်္ဘောကတော့ ခေါင်မိုးပျက်စီးသွားတယ်။ အဲ သင်္ဘောကို စစ်ခွေးတွေက ဆိတ်ညံရေတင်ရုံး နားမှာပဲ အခုထိ ပြင်ဆင်နေတယ်လို့ သိရတယ်။ အဲ့ ၁ စီးက မထွက်နိုင်သေးဘူး” ဟု ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူကပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု ၏ ဒရုန်းအဖွဲ့မှ ရဲဘော်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။