Category: News

  • ၈ လွှာမှပြုတ်ကျပြီး တိုက်ကြားညပ်နေသည့် ကလေးငယ်ကို ကယ်တင်

    ၈ လွှာမှပြုတ်ကျပြီး တိုက်ကြားညပ်နေသည့် ကလေးငယ်ကို ကယ်တင်

    ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာ ကလေးငယ်တယောက် ၈ လွှာအမြင့်တိုက်ကနေပြုတ်ကျပြီး တိုက်ကြားမှာ ညပ်နေတာကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    အောက်တိုဘာ ၁၇ ရက် ည ၉ နာရီခွဲလောက်က ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ်က တိုက် ၂ လုံးကြားမှာ ကလေးငယ်တယောက် ပြုတ်ကျပြီးညပ်နေတာကို သတင်းရလို့ ပုဇွန်တောင်နဲ့ ကျောက်တံတာမြို့နယ်မီးသတ်စခန်းတို့က ကားတွေ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။

    ကလေးငယ်ဟာ ပြတင်းပေါက်ကိုကာထားတဲ့ သံပန်းနဲ့ညပ်နေခဲ့လို့ မီးသတ်၊ ပီတိမေတ္တာ လူမှုကူညီရေးအသင်း၊ KPT အသင်းတို့က သံညှပ်နဲ့ဖြတ်ပြီး ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ကလေးငယ်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရာမှာ ပါဝင်ခဲ့တဲ့ ပီတိမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

    ကလေးငယ် ပြုတ်ကျတာကိုသိရပြီး ပုလဲ အရန်မီးသတ်တပ်ဖွဲ့ဆီ ဆက်သွယ် အကြောင်းကြားခဲ့တဲ့ အဆိုတော် မေချစ်သက်က “အပြင်ကနေအိမ်ကိုပြန်အရောက် ကားပေါ်ကဆင်းခါစပဲရှိသေးတယ်၊ အိမ်ရှေ့အိမ်ကနေအော်သံတွေကြားလို့ သားအမိ ၂ ယောက် ရပ်ပြီးစပ်စုနေတုန်း ရန်ဖြစ်နေတယ်ထင်လို့ အိမ်ပေါ်တတ်မယ်အလုပ်မှာ ကယ်ကြပါဦး၊ ၇ လွှာ ကနေ ကလေးပြုတ်ကျသွားလို့ပါ။ ကယ်ပေးကြပါဦး၊ လုပ်ကြပါဦးဆိုတာနဲ့ သားအမိ ၂ ယောက်လုံး အထုပ်တွေပစ်ချပြီး အိမ်ရှေ့အိမ်ကိုပြေး၊ ကလေးက တိုက်ကြား ၃ လွှာအထပ်မှာ ညပ်နေပြီး အော်နေရှာတာ။ အရင်ဆုံးပြေးလာပြီး ကလေးရှိတဲ့နေရာကို ရအောင်ဝင်ပြီး ကလေးကိုဆွဲထားပေးတဲ့ လုံခြုံရေး အကို ၂ ယောက်လည်း တကယ့်ကိုသတ္တိရှိတာပါ။ ကိုယ်လည်းရင်တွေတူန် လက်တုန်ခြေတုန်ဖြစ်ပြီး ဘာလုပ်ရမလဲမသိခင်မှာ ခေါင်းထဲပေါ်လာတာက ပုလဲမီးသတ် ကိုထင်လင်းအောင်ကို ခေါင်းထဲရောက်လာပြီး ဖုန်းကမန်းကတန်းဆက်ရတယ်။ ချက်ချင်းဖုန်းကိုင်ပေးပြီး အနီးဆုံး မီးသတ်ဌာနတွေကို ဆက်သွယ်ပေးလို့ ကိုထင်လင်းအောင် (ပုလဲအရံမီးသတ်တပ်ဖွဲ့)ကိုကျေးဇူးတင်ပါတယ်။ အဲကနေမှတဆင့် ကယ်ဆယ်ဖို့ အရေးပေါ်ကားနဲ့ ချက်ချင်းရောက်ရှိလာတဲ့ ၅၁ လမ်းက ပီတိမေတ္တာ လူမှုကူညီရေးအသင်းကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက်ပြီး ပစ္စည်းအပြည့်အစုံနဲ့ ကယ်ဆယ်ရေးရောက်ရှိလာတဲ့ ကိုပူတူး ကယ်ဆယ်ရေးအဖွဲ့နဲ့ အရေးပေါ်အမြန်ဆုံးရောက်ရှိလာကြတဲ့ မီးသတ်အဖွဲ့များနဲ့ အကုန်ရောက်ရှိလာကြတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးအထူးတင်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    ကလေးငယ်မှာ ပေါက်ပြဲဒဏ်ရာ နည်းနည်းပဲရခဲ့ပြီး အသင်းကကားနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့ပါတယ်။

  • ဖမ်းဆီးသွားသည့်အရပ်သားသေဆုံးမှုအတွက် ပကဖ တာဝန်ခံကို NUG အရေးယူမည်

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အုပ်ချုပ်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အရပ်သားတယောက်ကို ဖမ်းဆီးထားချိန် အသက်သေဆုံးစေခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတိယ တာဝန်ခံကို အရေးယူသွားမယ်လို့ NUG က ပြောပါတယ်။

    မော်တိတ်ရွာက အသက် ၃၀ ကျော်အရွယ် ကိုဇော်ထွေးကို အောက်တိုဘာ ၁၁ ရက်နေ့မှာ ဆိုင်ကယ်ခိုးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပကဖ က လာရောက်ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအကြာမှာပဲ ကိုဇော်ထွေးရုပ်အလောင်းကိုလာယူဖို့ မိသားစုဝင်တွေဆီကို အကြောင်းကြားလာတာလို့ ဒေသခံတွေက ပြောပါတယ်။

    ရုပ်အလောင်းမှာ အပြင်းအထန် နှိပ်စက်ခံထားရတဲ့ဒဏ်ရာ အညိုအမဲတွေကိုတွေ့ရသလို ဦးခေါင်းမှာလည်း ဒဏ်ရာအပြင်းအထန်ရထားတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ခြေထောက်နှစ်ဖက်တွင် တွေ့ရသော အညိုအမဲ ဒဏ်ရာများ။ (ဓာတ်ပုံ-ပေးပို့)

    အရပ်သားသေဆုံးမှုအတွက် တာဝန်ရှိသူကိုဖမ်းဆီးထားပြီး ဥပဒေတိုင်း ဆက်အရေးယူသွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

    “တာဝန်ရှိသူ ပကဖ ဒုတာဝန်ခံကို ထိန်းသိမ်းထားပြီးဖြစ်။ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်။ တယောက်ယောက်က တစုံတရာ ကျူးလွန်တယ်ဆိုရင်လည်း အဲဒါက ဥပဒေနဲ့ အညီသွားလို့ပဲရမှာ။ ပကဖ အနေနဲ့ ဒီလို လုပ်ပိုင်ခွင့်မရှိဘူး”

    NUG ထိန်းချုပ်စိုးမိုးထားတဲ့ မြို့၊ ရွာတွေမှာ အုပ်ချုပ်ရေးယန္တရားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဆိုတဲ့ ပသုံးလုံးအဖွဲ့က အဓိက ဆောင်ရွက်နေတာဖြစ်ပါတယ်။

    အာဏာပါဝါအလွဲသုံးစားလုပ်တဲ့ ပသုံးလုံး အဖွဲ့ဝင်တွေကို ဖြစ်စဉ်အပေါ်မူတည်ပြီး အရေးယူဆောင်ရွက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

    အင်းတော်မြို့ကို ပြီးခဲ့တဲ့ဧပြီလအစောပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူထားပြီး NUG ရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေတာပါ။

    ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူး၊ ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်မြို့တို့ကိုလည်း NUG ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပါတယ်။

  • နတ်ရေကန်စခန်းမှ ပျဥ်းဝဂိတ်သို့ ဆုတ်ခွာထွက်ပြေး

    နတ်ရေကန်စခန်းမှ ပျဥ်းဝဂိတ်သို့ ဆုတ်ခွာထွက်ပြေးသည့် စစ်ကော်မရှင်တပ်ကို AA လိုက်လံတိုက်ခိုက်

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းမှ ပျဥ်းဝဂိတ်သို့ ဆုတ်ခွာထွက်ပြေးသည့် စစ်ကော်မရှင်တပ်ကို AAက လိုက်လံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

    အမ်းရိုးမဘက်က တက်လျှင် ပျဥ်းဝဂိတ်နှင့် လေးမိုင်ခန့်သာ ကွာဝေးသည့် စပ်စီတောင်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဘက်က လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း ၎င်းတို့က ဆိုသည်။

    “တိုက်ပွဲက ငဖဲမြို့နယ်က ပျဥ်းဝစစ်ဆေးရေးဂိတ်နားအထိ ရောက်သွားပါပြီ ။ ဂိတ်နား လေယာဉ်ကလည်း မနား တမ်းလာပစ်နေတယ်။ AA ဘက်ကတော့ တရားဝင်ထုတ်ပြန် ကြေညာတာမရှိသေးပါဘူး။ အရင်ရက်တွေက နတ်ရေကန်တောင်ပေါ်ကနေ သူတို့(စစ်အုပ်စု)ဆင်းသွားပြီး ပျဉ်းဝအထိဆုတ်တယ်။ စစ်ကောင်စီက ပျဉ်းဝဂိတ်မှာလည်း ထိုးစစ်ကိုအသဲအသန်လုပ်နေဖို့ပြင်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

    စစ်ကော်မရှင်တပ်ဘက်က ပျဥ်းဝဂိတ်တွင် အင်အားစုဆောင်းနေပြီး နတ်ရေကန်ဘက်ပြန်လည် ထိုးစစ်ဆင်ရန် စီစဥ်နေသည်ဟုလည်း ခန့်မှန်းကြောင်း ၎င်းက ပြောသည်။

    “ ဘာလို့လဲဆိုတော့ နတ်ရေကန် အပြည့်အဝ ဆုံးရှုံးလိုက်ရရင် မကွေးတိုင်းက သိပ်မသေချာတော့ဘူး။ ဒီဘက် ( AA နဲ့ ပူးပေါင်းတပ်) ကလည်း ရှေ့ကိုတက်လို့ရရင် တက်ဖို့ကြိုးစားနေကြတယ်”ဟု၎င်းကပြောသည်။

    အာရက္ခတပ်တော်(AA)အနေဖြင့်လည်း လက်ရှိတွင် စစ်ကော်မရှင် နတ်ရေကန်ဗျူဟာကုန်းရှိ အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တပ်ဆုတ်ထွက်ပြေးနေကြသော စစ်ကောင်စီတပ်သားများနှင့် နေရာအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ယမန်နေ့ အောက်တိုဘာလ ၁၇ ရက် ညပိုင်းက ထုတ်ပြန်ထားသည်။

    စစ်ကော်မရှင်တပ်ဘက်က ပျဉ်းဝစစ်ဆေးရေးဂိတ်တွင် စစ်အင်အား အမြောက်အမြားဖြင့် အခိုင်အမာ ခြေကုပ်ယူ ထားပြီး မင်းဘူးမြို့မှလည်း စစ်ကူများကို ယခုရက်ပိုင်းတွင် ဆက်တိုက်ပို့ဆောင်နေကြောင်း ငဖဲမြို့နယ် ဒေသခံသတင်းအရင်းမြစ်က ပြောသည်။

    “ အရင်ရက်တွေကလည်း မင်းဘူးကနေ ပျဉ်းဝဘက်ကို စစ်ကားအကြီးတွေ နဲ့ ခဏခဏပို့တာတွေ့တယ်။ နတ်ရေ ကန်ကနေ မင်းဘူးဘက်နေတဲ့သူတွေလည်း နတ်ရေကန်စည်းပေါက်သွားတော့ နည်းနည်းလေး စိုးရိမ်ထိတ်လန့်နေကြတယ်။ ငဖဲက မြေပြန့်လေ ငဖဲကို ကျော်ရင် မင်းဘူးကို စစ်ပွဲရောက်လာနိုင်လို့ သတင်းအပေါ် စောင့်ကြည့်တာတွေရှိတယ်”ဟု ၎င်းက ဆိုသည်။

    စစ်ကော်မရှင်တပ်ဘက်ကလည်း အမ်း-ပဒါန်းလမ်းပိုင်းတွင် အင်အားများဆက်တိုက်ဖြည့်တင်းနေပြီး ငဖဲမြို့နယ်၊ ပျဉ်းဝလမ်းဆုံသို့လည်း စစ်ယာဉ်တန်း ၁၁ စီးဖြင့် ပြီးခဲ့သည့်အောက်တိုဘာလ ၁၂ ရက်က အင်အားလာရောက်ဖြည့်တင်းကြောင်း ဗိုလ်ကြီးဇင်ယော်က ပြီးခဲ့သည့် ရက်ပိုင်းက ဖြေကြားခဲ့သည်။

    နတ်ရေကန်စခန်းဆုံးရှုံးလိုက်ရပါက စစ်ကော်မရှင်တပ်သည် ပဒါန်းမှ အမ်းမြို့ဘက်သို့ တိုက်စစ်မှာ ပျက်ပြယ်သွားမည် သာမက ကပစ(၁၄) ၏ ထုတ်လုပ်မှု လုပ်ငန်းမှာ ရာနှုန်းပြည့် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း စစ်ရေးသုံးသပ်သူများက ပြောသည်။

    အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ)နှင့် ကျန်အမြောက်တပ်နှစ်တပ်မှာလည်း အထိနာ သွားနိုင်ကြောင်း ၎င်းတို့က တွက်ချက်ထားကြသည်။

    AA အနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် မြို့ ၁၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်မအစပ်ရှိ နေရာဒေသ သုံးခုတွင် စစ်မျက်နှာဖွင့်၍ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။ ထို့အပြင် ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကို ဆက်လက်သိမ်းပိုက်ရန်လည်းကြိုးပမ်းနေသည်။

  • The Fetus

    The Fetus

    The fetus ဆိုတဲ့ဇာတ်ကားလေးကတော့ 2025 မှထွက်ရှိထားတဲ့ ထူးထူးခြားခြား ဇာတ်အိမ်နဲ့ Horror ကားလေးဖြစ်ပြီး ဒီကားမှာ Texas Chainsaw, Terrifier ကသရုပ်ဆောင်တွေဖြစ်တဲ့ Bill Moseley,Lauren La Vera နဲ့ Julian Curtis တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

    ဇာတ်လမ်းအကျဥ်း

    ခရစ်နဲ့ အလက်ဆာ ဆိုတဲ့ စုံတွဲဟာ မထင်မှတ်ဘဲ ကိုယ်ဝန်ရခဲ့ပြီး အလက်ဆာဟာ သူ့အမေက သူ့ကိုမွေးရင်းဆုံးသွားတာကြောင့် ကိုယ်ဝန်ရတာကိုသိတာနဲ့ဆေးရုံကိုမသွားရဘဲ သူ့အဖေ ဆီကိုချက်ချင်းလာရမယ်လို့ သူ့အဖေကမှာထားတာကြောင့် ချက်ချင်းပဲသွားခဲ့ရပါတယ်။ လမ်းမှာတင် သူ့ကိုယ်ဝန်က သာမန် သန္ဓေသားမဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ဖြစ်တာကို သိသွားပြီး အချိန် မနှောင်းခင် အဲ့ဒီနတ်ဆိုးသန္ဓေသားရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ဖို့ သူ့အဖေဆီကို အမြန်သွားခဲ့ပါတော့တယ်။

    သူ့အဖေဆီရောက်တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ပြီး သူမကိုယ်တိုင်ကရော လူသားစင်စစ်ဟုတ်ရဲ့လား သူ့အဖေကရော သူ့အမေအကြောင်းဘယ်လိုတွေလိမ်ညာပြီး နတ်ဆိုးနဲ့ဘယ်လိုပတ်သတ်နေမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားဟာ ၂၀၂၅ မှထွက်ရှိထားတဲ့underrated ကားတွေထဲက တစ်ခုဖြစ်နေတာမလို့ Horror fan တွေကြည့်ရှူသင့်တဲ့ကားလေးပါ။

  • လှည်းကူး၊ ဒရယ်ဘိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံး မိုင်း၊ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

    ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒရယ်ဘိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၁၇ ရက်နေ့ ည ၆ နာရီကျော်မှာ ဖောက်ခွဲတိုက်ခိုက်ပြီး စစ်တပ်ဘက်က သေဆုံးသူရှိနိုင်တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

    YA မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းပြီး ပြင်းအားမြင့်မိုင်း ၁ လုံး၊ လက်ပစ် ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက “မိုင်း ၁ လုံး လက်ပစ်ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ပစ်မှတ်ကိုတည့်တည့်ထိတယ်။ အုပ်ချုပ်ရေးမှူးနောက်လိုက်နဲ့ ပျူစေားထီး ၁ ယောက်ကတော့ လွင့်စင်သွားတာတွေ့ရတယ်။ သေဖို့များတယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီကလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် တက်တက်ကြွကြွလုပ်နေပြီး စစ်ကောင်စီရဲ့ထောက်တိုင်တွေမို့ ခုလိုတိုက်ခိုက်တာဖြစ်သလို သတိလည်းပေးထားပြီးပြီ လို့ သူက ဆိုပါတယ်။

    ထိခိုက်တဲ့အခြေအနေ အသေးစိတ်ကို ဆက်စုံစမ်းနေပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပါဝင်လုပ်ကိုင်နေသူ ဘယ်သူ့မဆို ဆက်လတ်တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

    အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ရန်ကုန်၊ မင်္ဂလာဒုံမြို့မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို လက်ပစ်ဗုံး ၂ လုံး၊ မိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ရုံးစောင့် ကြံ့ခိုင်ရေးပါတီဝင်တချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။