Category: News

  • နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲနှင့်အတူ မကွေး PDF များ မဟာမိတ်စစ်ဆင်ရေးပြင်ဆင်

    နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲနှင့်အတူ မကွေး PDF များ မဟာမိတ်စစ်ဆင်ရေးပြင်ဆင်

    နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားတာနဲ့တပြိုင်တည်းမှာ မကွေးဒေသတွင်း PDF အဖွဲ့တွေပူးပေါင်းပြီး မဟာမိတ်စစ်ဆင်ရေးဆင်နွှဲဖို့ပြင်ဆင်နေပါတယ်။

    ရခိုင်ပြည်နယ်စပ်၊ မကွေးတိုင်းအနောက်တောင်ခြမ်းက နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က အဘက်ဘက်ကနေပိတ်ဆို့ထားတာပါ။ ဗျူဟာကုန်းပတ်လည်က တပ်စခန်းအများစုကို AA က သိမ်းယူပြီးဖြစ်သလို ဗျူဟာကုန်းကို အဘက်ဘက်က ပိတ်ဆို့ထားတာပါ။

    အောက်တိုဘာ ၁၇ ရက်နေ့အထိ စစ်ကောင်စီက ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းပစ်ကူတွေနဲ့ စစ်ကူတွေပေးနေပေမဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ အလံဖြူထောင် လက်နက်ချခဲ့ကြတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

    ဒီအခြေအနေမှာ အာရက္ခတပ်တော် (AA) ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ မကွေးဒေသတွင်း PDF တွေပူးပေါင်းပြီး မဟာမိတ်စစ်ဆင်ရေးဆင်နွှဲဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

    ရိုးမစနေ (8 Plus ပြည်သူ့ကာကွယ်ရေးအဖွဲ့) က “စစ်ရေးအခြေအနေကတော့ ကျနော်တို့က ဒီ့ထက်အရှိန်တိုးမယ့် အနေအထားတရပ်ရှိတယ်ဗျ။ ရွေးကောက်ပွဲကာလအတွင်းမှာတော့ ကျနော်တို့က အကောင်းဆုံးကြိုးစားပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့အသီးသီးစုဆောင်းပြီးပြီ။ ရခိုင်လုပ်ဆောင်ချက်ကို ကြည့်ပြီးတော့လည်း ဒီဘက်တွေဘာတွေမှာ ပူးပေါင်းပြီး မဟာမိတ်စစ်ဆင်ရေးတွေ ဆင်နွှဲဖို့လည်း ပြင်ဆင်ထားတာတော့ရှိတယ်ဗျ။ စစ်ကောင်စီကတော့ ဒီရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး သူကတော့ နယ်မြေထိန်းချုပ်ရေးတွေကို စစ်ကြောင်းခပ်တင်းတင်းကျပ်ကျပ် ထိုးမယ်လို့တော့ မြင်တယ်ဗျ။ အညာဒေသကိုသူတို့အားချင်းဖိမယ်၊ အခုဟာက တိုင်းရင်းသားဒေသတွေကို အလုပ်လုပ်နေတယ်၊ ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်မှုလည်းလုပ်ထားတယ်၊ သူတို့ထက် လက်ဦးမှုယူဖို့လည်းပဲ ကျနော်တို့ ကြိုးစားနေကြတယ်။ မဟာမိတ်အနေနဲ့ စုစုစည်းစည်းတိုက်နိုင်ဖို့တွေ၊ အဖွဲ့တွေ သွေးဝမ်းမကွဲဘဲနဲ့ စည်းစည်းလုံးလုံး နဲ့ တိုက်နိုင်ဖို့တွေ၊ ကျနော်တို့တွေ စုစည်းထားတာလေးတွေတော့ ရှိတယ်ဗျ၊ အညာဒေသတခွင်ကို သူတို့က စစ်ကြောင်း ၂ ကြောင်း၊ ၃ ကြောင်း ထွက်လာခဲ့မယ်ဆိုရင် ဒီစစ်ကြောင်းတွေကို ကျနော်တို့က ခံစစ်အနေနဲ့တိုက်မှာလား တိုက်စစ်အနေနဲ့ တိုက်မှာလားဆိုတာလဲ ကျနော်တို့ ပြင်ဆင်ထားတာလေးတွေတော့ရှိတယ်ဗျ။ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို မကျင်းပနိုင်အောင် ကျနော်တို့က စည်းစည်းလုံးလုံး နဲ့ ပူးပေါင်းပြီး တိုက်ကြမယ်ဆိုရင်တော့ အောင်မြင်မှုရလဒ်ကောင်းကို ရမယ်လို့တော့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ထိစပ်နေတဲ့ မကွေးတိုင်းမြောက်ပိုင်း ပေါက်၊ မြိုင်၊ ထီးလင်းနယ်တွေကို အခုလဆန်းပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။

    စစ်ကောင်စီရဲ့ စစ်ရေးဆောင်ရွက်ချက်တွေဟာ လက်လွှတ်ထားရတဲ့ ရေနံမြေတွေကိုပြန်ရရေး၊ ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်ရေးနဲ့ PDF တွေ အချင်းချင်းမစုစည်းနိုင်ဘဲ ပြန့်ကျဲနေစေရေးတို့ကို ရည်ရွယ်တဲ့အခြေအနေဖြစ်ပါတယ်။

    ကိုလရောင်(ပေါက်PDF) က “အဓိကက ရေနံမှော်တွေကိုမဲနေတာဗျ။ ခပ်စိပ်စိပ်တိုက်ခိုက်နေတာ၊ တိုက်ပွဲက ဖြစ်ပွားခြင်းမရှိဘူးနော်။ ရေနံကလည်း သူတို့အတွက် အရေးပါတာဆိုတော့ အဲ့ဒါကြောင့် ဆုံးရှုံးထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဖိတော့တာပေါ့ဗျာ။ သတိထားပြီး နေထိုင်ကြရတာပေါ့နော်။ လက်ရှိမှာလေကြောင်းကလည်း ခပ်စိပ်စိပ်တိုက်ခိုက်နေတာ၊ ရေနံမြေတကြောက ပြည်သူတွေ ရှောင်တိမ်းနေရတာပေ့ါ။ စိုးရိမ်မှုတွေတော့ရှိတာပေါ့၊ သေဆုံးတွေလည်း ရှိတာဆိုတော့နော်။ ပေါက်၊ မြိုင်၊ ထီးလင်းကို ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာ၊ ဂျက်ဖိုက်တာတွေနဲ့ မြေပြင်မှာလည်း ပေါက်နယ်အနောက်မြောက်ခြမ်းမှာ စစ်ကြောင်းထိုးနေတာဆိုတော့ ပြည်သူတွေ ရှောင်တိမ်းနေရတာပေါ့၊ ထန်းပင်ချောင်း ရေနံမြေတကြောက ပြည်သူတွေကတော့ ၂ လကျော်၊ ၃ လဝန်းကျင်နီးပါးရှိပြီဗျ၊ ရှောင်တိမ်းနေရတာ။ ကပစ ၂၄ ကထွက်လာတဲ့ စစ်ကြောင်းကြောင့်ပေါ့” လို့ ပြောပါတယ်။

    စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေမှာ လက်လွှတ်ထားရတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အရှေ့ခြမ်း ရှမ်းပြည်နယ်က မြို့တွေနဲ့ တပ်စခန်းတွေကို ပြန်သိမ်းနိုင်ဖို့ ဆက်တိုက်ကြိုးစားနေတာပါ။

    ရှမ်း-မန်းနယ်စပ်က မြို့တချို့နဲ့ တပ်စခန်းနေရာတချို့ကို ပြန်သိမ်းပြီး လပခ အရှေ့ခြမ်းမှာ အသာစီးပြန်ယူဖို့ကြိုးစားနေပေမဲ့ လပခအနောက်ခြမ်း မကွေးတိုင်းဘက်မှာ အာရက္ခတပ်တော် AA နဲ့ မကွေးဒေသတွင်း PDF တွေရဲ့ ဖိအားပေးတာကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

    အရင်စစ်ခေါင်းဆောင်တွေရဲ့ နိုင်ငံတဝန်း စစ်ရေးဗျူဟာအခင်းအကျင်းမှာ ရခိုင်ပြည်နယ်နဲ့ နိုင်ငံအနောက်ဘက်ခြမ်းကို ထည့်သွင်းတွက်ချက်မှုနည်းခဲ့ပြီး အချိန်တိုအတွင်း AA ရဲ့ အင်အားကြီးထွားလာမှုက လက်ရှိစစ်ခေါင်းဆောင်အတွက် ဖိအားဖြစ်လာခဲ့တာပါ။

    မိုးထက်နေ(ဥာဏ်လင်းသစ်သုတေသနအဖွဲ့) က “ရခိုင်က သူပုန်ထဖို့ လုပ်လိုက် လစ်လိုက်ဆိုတဲ့ သမိုင်းက ရှည်ကြာနေတော့ သူကအရမ်းပြင်မထားဘူး။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ထဲမှာ အမြှောက်တပ်လိုဟာမျိုး စစ်ဆေးတက္ကသိုလ်ကလွဲပြီး ကျန်တဲ့တက္ကသိုလ်အများစုက လပခ ခွင်ထဲမှာ၊ ဥပမာ လေကြောင်းပြုပြင်ရေး ထိန်းသိမ်းရေးစခန်းတို့ဘာတို့ကလည်း မန္တလေးမှာ၊ နောက်တခါ တင့်ကားဌာနချုပ်ဆိုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ။ ၁၀၂၇ လည်း နောက်ဆုံးပိတ် ဟန့်ပလိုက်တာက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စည်းကနေထိုင်ပြီးတော့မှ ပြန်လုပ်သွားတာပေါ့ဗျာ။ အခုဟာက သူတို့က လပခအထိုင်ကနေ တပ်ဖြန့်ပြီးတိုက်နေတာပဲ၊ ကျနော်နားလည်တာက သူတို့တကယ်ကြောက်ရမှာက အထက်ကအိဆင်းလာမှာတွေကြောက်ရမှာ။ ကချင်က မြေပြန့်အုပ်စုအကုန်လုံးနဲ့ချိတ်မိတာကိုး စစ်ကိုင်းတိုင်းထဲမှာ။ သူက မကွေးတို့ဘာတို့အထိ လပခ ထဲ ဆွဲထည့်ထားတာလေ။ လပခက အကျယ်ကြီးပဲ လက်နက်စက်ရုံတို့ဘာတို့ကအစ လပခထဲထည့်ထားတာ” လို့ ပြောပါတယ်။

    နတ်ရေကန်ဗျူဟာကုန်းကို AA က အပြီးသတ်ထိန်းချုပ်နိုင်ပြီဆိုရင် ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့ ချိတ်ဆက်ထားတဲ့ အမ်း-ပဒန်လမ်း၊ စစ်ကိုင်းနဲ့ဧရာဝတီတိုင်းကို ချိတ်ဆက်ထားတဲ့ ပုသိမ်-မုံရွာလမ်းတွေကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လာနိုင်မယ့် အနေအထားဖြစ်ပါတယ်။

    လတ်တလော နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲမှာ အလံဖြူထောင်အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို နိုင်ငံတကာသုံ့ပန်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားပြီး နောက်ထပ် အလင်းဝင်မယ့်သူတွေဟာလည်း အချိန်မရွေးဆက်သွယ်နိုင်တယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့ထုတ်ပြန်ချက်မှာ AA က ဖော်ပြထားပါတယ်။

    ✍သုတချမ်းသာ

  • မန္တလေးမှာ ဆိုင်ကယ်စီး အမျိုးသမီးကို တိုက်ပြေးမှု သံသယရှိတဲ့ ကားနဲ့ ယာဉ်မောင်း ပုံတွေ ထွက်ပေါ်လာ

    မန္တလေးမှာ ဆိုင်ကယ်စီး အမျိုးသမီးကို တိုက်ပြေးမှု သံသယရှိတဲ့ ကားနဲ့ ယာဉ်မောင်း ပုံတွေ ထွက်ပေါ်လာ

    ကားအောက် ညပ်ပါသွားသူ အသက်မသေဘူးလို့ စစ်အုပ်စုက တန်ပြန် သတင်းဖြန့်ပြီး ကျူးလွန်သူကို မဖမ်းနိုင်သေး

    မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အဝင်ဆိုင်းဘုတ်အနီး ၁၉ လမ်းပေါ်မှာ အောက်တိုဘာ ၁၆ရက် ညဦးပိုင်းက ဆိုင်ကယ်ကို ဝင်တိုက်ပြီး ကားအောက် လူညပ်ပါလာတာကို ရပ်မပေးဘဲ မောင်းပြေးကာ လူရှင်းတဲ့ နေရာမှာ ကားအောက်ညပ်ပါလာတဲ့ အမျိုးသမီးကို ဖြုတ်ယူ၊ ကားနောက်ဖုံးထဲ ထည့်ပြီး လမ်းဘေး တစ်နေရာမှာ စွန့်ပစ်ခဲ့မှုနဲ့ ပတ်သက်ပြီး ယာဉ်တိုက်မှု ကျူးလွန်တယ်လို့ သံသယရှိတဲ့ အိမ်စီးကားနဲ့ ယာဉ်မောင်းသူရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

    အဲ့ဒီ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ရရှိတဲ့ ဓာတ်ပုံတွေမှာ ယာဉ်တိုက်မှု ကျူးလွန်တယ်လို့ သံသယရှိတဲ့ ကားဟာ တိုယိုတာ မတ်တူး အမျိုးအစား အဖြူရောင် 3J —- ဖြစ်ပြီး ယာဉ်မောင်းသူဟာ အာဏာသိမ်း စစ်အုပ်စု ယူနီဖောင်းဝတ်ဆင်ထားသူ ဖြစ်ပါတယ်။

    အဲ့ဒီ ယာဉ်တိုက်ပြေးမှု သံသယရှိတဲ့ ကားကို စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပုသိမ်ကြီးမြို့နယ်က ပြည်သူ့စစ် အမည်ခံ ပျူစောထီးတွေ စီးနင်းအသုံးပြုလေ့ ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    ယာဉ်တိုက်မှု သံသယရှိတဲ့ ပုသိမ်ကြီးမြို့က ပျူတွေဟာ အဖြူရောင် မတ်တူးကားနဲ့ လှည့်ပတ်သွားလာလေ့ရှိပြီး မူးယစ်သောက်စားနေတဲ့ ပုံတွေကို လူမူကွန်ယက်မှာ မကြာခဏ ဖော်ပြလေ့ရှိတယ်လို့လည်း နီးစပ်သူတချို့က ဆိုပါတယ်။

    အဲ့ဒီ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စုကတော့ ကျူးလွန်သူကို ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

    အောက်တိုဘာ ၁၆ရက် ည ၇နာရီဝန်းကျင်က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အဝင်ဆိုင်းဘုတ်အနီး ၁၉လမ်းပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဆိုင်ကယ်ကို တိုက်တဲ့ အိမ်စီးကားဟာ ကားအောက် လူညပ်ပါလာတာကို ရပ်မပေးဘဲ ဆက်လက် မောင်းပြေးပြီး လူသူကင်းရှင်းတဲ့ နေရာမှာ ကားအောက် ညပ်ပါလာသူကို ဖြုတ်ယူကာ ကားနောက်ဖုံးထဲ ထည့်သယ်သွားပြီးနောက် လမ်းဘေးမှာ ထပ်မံ စွန့်ပစ်ခဲ့တာလို့ မြို့ခံတွေက ဆိုပါတယ်။

    ယာဉ်တိုက်မှုဖြစ်တဲ့ နေရာမှာ ဆိုင်ကယ်သာ ကျန်ခဲ့ပြီး လူကို မတွေ့လို့ ဝိုင်းဝန်း ကူညီရှာဖွေပေးဖို့ နီးစပ်သူတွေက အကူအညီ တောင်းခံခဲ့ပါတယ်။

    “ဒီဆိုင်ကယ်နံပါတ်သိတဲ့သူများ ရှိလားဗျာ။ ၇နာရီဝန်းကျင် ပုသိမ်ကြီးမြို့ဝင် ဆိုင်းဘုတ်နား ကားက နောက်ကတိုက်ပြီး ပြေးသွားလို့ပါ။ ဆိုင်ကယ်ပဲတွေ့ပြီး လူမတွေ့ဘူး.။ မြင်လိုက်တဲ့သူတစ်ချို့ ပြောကြတာ ကားအောက်ပါသွားတယ်လို့ ပြောကြတယ်… မိုးကရွာ၊ လမ်းမီးမရှိတော့ ဘာကားလဲ သေချာ မ‌မြင်လိုက်ကြဘူးတဲ့၊ အိမ်စီးကားပါ..။ မိန်းကလေးအသုံးဆောင်တွေပဲ တွေ့ရတယ်။ လူက အခုထိမ‌တွေ့ဘူး၊ ခြေနေကတော့ မကောင်းလောက်ဘူး။ ကားက မန်းလေးဘက် မောင်းပြေးသွားတာပါ” လို့ ဒေသခံတစ်ဦးက လူမူကွန်ယက်ကတဆင့် အကူအညီ တောင်းခဲ့ပါတယ်။

    ဆိုင်ကယ်ကို တိုက်ပြီး ကားအောက် လူညပ်ပါတာကို မရပ်ပေးဘဲ မောင်းပြေးတဲ့ ကားဟာ အဖြူရောင် တိုယိုတာ မတ်တူးအမျိုးအစား 3J —- ကားဖြစ်တယ်လို့ မြင်တွေ့သူတွေက ဆိုပါတယ်။

    ဆိုင်ကယ်ကို တိုက်ပြေးတဲ့ကားဟာ ကားအောက် လူညပ်ပါလာတာကို သိပြီးနောက် လူရှင်းတဲ့နေရာမှာ ဖြုတ်ပြီး ကားနောက်ဖုံးထဲ ထည့်သယ်ကာ နောက်ထပ် လူရှင်းတဲ့နေရာမှာ လမ်းဘေးစွန့်ပစ်ခဲ့တာ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့တဲ့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုသိန်းထွန်းအောင်က ဆိုပါတယ်။

    “အောက်တိုဘာ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ် အချိန်က မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်း၊ ပုသိမ်ကြီးဆိုင်းဘုတ်နားတွင် အရှေ့ဘက်မှ လာသော မော်တော်ကားနှင့် ဆိုင်ကယ်အား တိုက်ပြေးရာ ဆိုင်ကယ်စီးသူ အမျိုးသမီမှာ ဆိုင်ကယ်ကျန်ခဲပြီး ကားအောက်တွင် ညှပ်ပါသွားကြောင်း ဘေးမှ မျက်မြင်သူများက ပြောကြားသဖြင့် ၎င်းအမျိုးသမီး လူနာအား မီးဆလိုက်များနှင့် လိုက်လံ ရှာဖွေခဲ့ကြသော်လည်း အနီးအနားတွင် မတွေ့၊ သွေးစများသာ တွေ့ရ၊ ၎င်းတိုက်ပြေးကားသည် အဆုတ်ဆေးရုံနားတွင် ခေတ္တရပ်ကြည့်ကာ ကားအောက်ပိုင်းတွင် လူပါလာမှန်း သိသဖြင့် အတိုက်ခံရသော အမျိုးသမီအား ကားပေါ်တင်ပြေး၍ ကံကောက် အထည်ချုပ်စက်ရုံနားတွင် ပစ်သွားကြောင်းသိရ” လို့ ကိုသိန်းထွန်းအောင်က လူမှုကွန်ယက်မှာ ရေးပါတယ်။

    ကားတိုက်ခံရသူ အမျိုးသမီးရဲ့ အမည်ဟာ မခိုင်စန္ဒာဖြိုး ဖြစ်တယ်လို့ ဦးလေးတော်စပ်သူက ဆိုပါတယ်။

    အဲ့ဒီ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ၂၄ နာရီအထိ အာဏာသိမ်း စစ်အုပ်စုက ကျူးလွန်တဲ့ ကားကို ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

    စစ်အုပ်စုက ကျူးလွန်သူကို မဖမ်းနိုင်သေးပေမယ့် ကားအောက်ညပ်ပါသွားတဲ့ အမျိုးသမီးဟာ အသက်မသေဘဲ ဆေးရုံမှာ သတိပြန်လည် လာပြီလို့ သတင်းဖြန့်ပါတယ်။

    “အခု အခြေအနေက ကောင်းပါတယ်။ မသေပါဘူး။ အခု သတိပြန်ရနေပြီ။ တော်တော်လေး ကောင်းသွားပြီ။ လောလောဆယ် ခွဲစိတ်ခန်း ဝင်နေတယ်။ တိုက်ပြေးတာဆိုတော့ မိသားစုဘက်က အမှုဖွင့်မှာပါ” လို့ ကားအောက်ညပ်ပါသွားတဲ့ အမျိုးသမီးကို ရှာဖွေကာ ဆေးရုံပို့ပေးခဲ့တဲ့ နန်းတော်ရှေ့ လူမူကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောကြောင်း စစ်လော်ဘီတွေက တန်ပြန် သတင်းဖြန့်ပါတယ်။

    ကားတိုက်ခံရကာ ကားအောက် ညပ်ပါသွားတဲ့ ဆိုင်ကယ်စီး အမျိုးသမီး အသက်မသေဘဲ ဆေးရုံမှာ သတိပြန်ရကာ စကားပြောနိုင်ပြီလို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုသိန်းထွန်းအောင်က လူမူကွန်ယက်မှာ ရေးပါတယ်။

    “ဝမ်းသာစရာသတင်းပါ။ အောက်ပါဖြစ်စဥ်တွင် (ယာဉ်တိုက်ပြေးမှု) လူနာ မသေဆုံးပါ။ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုများ ခံယူနေပါသည်။ စကားပြောနိုင်ပြီ ဖြစ်ပါကြောင်း”

    မန္တလေးမှာ ဆိုင်ကယ်စီး သွားလာနေရင်း ယာဉ်တိုက်မှု၊ လုယက်ခံရမှုတွေ ဖြစ်ပွားပါက ကူကယ်သူ မရှိဘဲ ကိုယ့်အန္တရာယ်ကို ကိုယ်တိုင်ကြည့်ရှောင်နေကြရပြီး ကားချင်းတိုက်တဲ့ ယာဉ်တိုက်မှုလိုမျိုး ငွေညှစ်လို့ရနိုင်မယ့် ဖြစ်စဉ်တွေမှာတော့ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးတွေက ချက်ချင်း ရောက်လာလေ့ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အဝင် ၁၉ လမ်းမှာ ဆိုင်ကယ်ကို တိုက်ပြီး ကားအောက် လူညပ်လာတာ ရပ်မပေးဘဲ မောင်းပြေးကာ လမ်းဘေးတနေရာမှာ စွန့်ပစ်ခဲ့မှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ ကားနဲ့ ယာဉ်မောင်း/ Photo – ပေးပို့

    Post 1

    Post 2

  • အင်းတော်တွင် ပကဖ ခေါ်သွားသော အရပ်သား ၁ ဦး နာရီပိုင်းအတွင်းသေဆုံး

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လေး နာရီကျော်အကြာတွင် အလောင်း လာယူရန် မိသားစုကို အကြောင်းကြားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

    အင်းတော်မြို့အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မော်တိတ်ရွာမှ အသက် ၃၈ နှစ်အရွယ် ကိုဇော်ထွေး ကို ထိုနေ့ည ၈ နာရီခွဲခန့်တွင် ဆိုင်ကယ်ခိုးမှုတစ်ခု၏ အမှုတွဲအနေဖြင့် စစ်ဆေးရန်ရှိသည် ဟု ဆိုကာ ပကဖအဖွဲ့က ခေါ်ဆောင်သွားခြင်းဖြစ်သည်။

    မော်တိတ်ရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ရွာသာယာကျေးရွာကို ခေါ်ဆောင်သွားကြခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁ နာရီခန့်တွင် ကိုဇော်ထွေးသေဆုံးသွား၍ အလောင်းလာယူရန် ပကဖက အကြောင်းကြားခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

    “ဆိုင်ကယ်ခိုးမှုသံသယနဲ့ ဆိုပြီးတော့ အမျိုးသားတစ်ယောက်ကို ဖမ်းသွားတာပေါ့လေ ဖမ်းပြီးတော့မှ မိသားစုကို သေပြီဆိုပြီး အကြောင်းကြားခဲ့တာ နာရီပိုင်းအတွင်းပေါ့” ဟု ထိုသူက ဆိုသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် မိသားစုဝင်များနှင့် ရွာခံများက အလောင်းသွားယူခဲ့ရာ တစ်ကိုယ်လုံးနီးပါး ဒဏ်ရာဒဏ်ချက်များ တွေ့ရသည်ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

    “အလောင်းကို စစ်ကြည့်တော့ တစ်ကိုယ်လုံးညိုမဲနေတယ် ခေါင်းမှာ ဒဏ်ရာ ကြီးကြီးမားမား တစ်ချက်ရှိတယ်။ နောက်က အဆုတ်တည့်တည့်မှာ သေနတ်ပြောင်းနဲ့ ထိုးထားသလို ဒဏ်ရာသုံးချက်တွေ့ရတယ်။ နောက်တစ်ခါ မျက်နှာတစ်ပြင်လုံးလည်း ညိုမဲနေတယ်” ဟု မိသားစုဝင်များကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။

    ခြေထောက်နှစ်ဖက်တွင် တွေ့ရသော အညိုအမဲ ဒဏ်ရာများ။ (ဓာတ်ပုံ-ပေးပို့)

    ဒဏ်ရာဒဏ်ချက် အများအပြားနှင့် သေဆုံးသွားသော ကိုဇော်ထွေးသည် ဆိုင်ကယ်ခိုးမှုနှင့် သက်ဆိုင်မှုမရှိဘဲ သံသယဖြင့်သာ ခေါ်ယူစစ်ဆေးခံရခြင်းဖြစ်ကြောင်း၊ သေဆုံးမှုအတွက် ပကဖအဖွဲ့က တာဝန်ယူမှု မရှိကြောင်း ဒေသခံများက ဆိုကြသည်။

    ကိုဇော်ထွေးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီး ၎င်းတွင် ဇနီး၊ အသက် ငါး နှစ်နှင့် ရှစ် နှစ်အရွယ် ကလေးနှစ်ဦးတို့ ကျန်ရစ်ခဲ့သည်ဟု သိရသည်။

    အာဏာသိမ်းစစ်တပ်နည်းတူ အရပ်သားများကို ဖမ်းဆီးပြီး နာရီပိုင်းအတွင်း အလောင်းလာယူခိုင်းသည့် အင်းတော် ပကဖအဖွဲ့၏ လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချသည်ဟု ဒေသခံအချို့က ဆိုသည်။

    အင်းတော်မြို့ကို ၂၀၂၅ ခုနှစ် ဧပြီလတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်များနှင့် မဟာမိတ်တပ်များက သိမ်းယူခဲ့ပြီး NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ရဲတပ်ဖွဲ့အဖြစ်ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)အဖွဲ့ တို့က အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်နေသည်။

    လက်ရှိတွင် အင်းတော်မြို့နှင့် အနီးအနားနယ်များတွင် NUG လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များ၏ လက်ချက်ဖြင့် အချုပ်သားများ သေဆုံးမှု မကြာခဏဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သူ အထက်ပါ အမျိုးသားက ပြောသည်။

    ၂၀၂၃ ခုနှစ်က တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေတစ်ခုတွင် အချုပ်ကျနေသည့် အရပ်သား တစ်ဦးသည် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) ရဲတစ်ဦး၏ ကန်ကျောက်မှုကြောင့် သေဆုံးသွားသည့် ဖြစ်စဉ် တစ်ခုနှင့် မူးယစ်မှုဖြင့် အချုပ်ကျနေသည့် အချုပ်သားတစ်ဦးကို ထွက်ပြေးစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟု အထက်ပါ အမျိုးသားက ထုတ်ဖော်ပြောဆိုသည်။

    “အောက်တိုဘာလထဲမှာ မူးယစ်မှုနဲ့ ဖမ်းခံရတဲ့ အချုပ်သားတစ်ယောက်က ထွက်ပြေးလို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ အဲဒါ မော်လူးထဲကပဲ အဲဒီအချုပ်သားက” ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊​ မြို့သစ်၊ ရွှေပြည်အေး နှင့် ဗန်းမောက်မြို့များကို NUG သိမ်းပိုက်ထားကာ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။

  • လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွား

    ပြည်မြို့တွင် ပျူစောထီးအဖွဲ့က နယ်ကျော်၍ လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွား

    ပဲခူးတိုင်း၊ ပြည်မြို့တွင် ပျူစောထီးအဖွဲ့က နယ်ကျော်၍ လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၁၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်မြို့ ဆင်စုရပ်ကွက် ကမ်းနားလမ်းရှိ အမှတ် ၇၅ စစ်သား စုဆောင်းရေးတပ်အနီးတွင် ထိုင်နေသော အရံ မီးသတ် ၂ ဦးနှင့် မြို့နယ်ထွေအုပ်ရုံးမှ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ပြည်မြို့ ၉၅၉ တပ်ရင်းမှ စစ်သားနှင့် ပျူစောထီးများက ကားဖြင့်ရောက်ရှိလာပြီး ပေါ်တာဆွဲ ဖမ်းဆီးရာမှ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားရာနေရာ အနီးနားရှိ အမှတ် ၇၅ စစ်သားစုဆောင်းရေးတပ်မှ စစ်သားများ ရောက်ရှိလာပြီး ၎င်းတို့ အားလုံးကို စုဆောင်းရေးတပ်ထဲ ခေါ်ဆောင်လာကြောင်း၊ ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ၉၅၉ တပ်ရင်းမှ အရပ်ဝတ် ဝတ်ထားသော စစ်သားနှင့်ပျူစောထီး အဖွဲ့ကို နယ်ကျော်၍ ပေါ်တာဆွဲ ဖမ်းဆီးသည်ဟုဆိုကာ စုဆောင်းရေးမှ စစ်သားများက ဝိုင်းဝန်း ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    ယင်းသို့ ထိုးကြိတ်မှုဖြစ်ပွားပြီးနောက် ၉၅၉ တပ်ရင်းမှ အရပ်ဝတ် ဝတ်ထားသော စစ်သားက တပ်ရင်းမှ ဗိုလ်မှူး ၁ ဦးကို ဖုန်းဆက်၍ အကူအညီ တောင်းခံခဲ့ကြောင်း၊ ထို့နောက် ဗိုလ်မှူး ဆိုသူက ပြည်မြို့ အခြေစိုက် ၇၅ တပ်ရင်းကို ဖုန်းဆက်၍ ၎င်းလူများကို ပြန်လွှတ်ပေးရန် ပြောဆိုခဲ့သော်လည်း ဗိုလ်မှူးလည်း ဂရုမစိုက်ကြောင်း ပြန်လည်ပြောဆိုခဲ့သောကြောင့် အပြန်အလှန် ဆဲဆိုကာ ဖုန်းချသွားကြောင်း သိရသည်။

    ထို့နောက် ယင်းနေ့ ည ၁၁ နာရီခန့်တွင် ၉၅၉ တပ်ရင်းမှ ဗိုလ်မှူးဆိုသူ အပါအဝင် စစ်သားများနှင့် ပြည်မြို့ ထွေ/အုပ်ရုံးမှလည်း AD မြို့နယ် အုပ်ချုပ်ရေးမှုးအဖွဲ့တို့ အမှတ် ၇၅ စစ်သားစုဆောင်းရေးတပ်သို့ ကားဖြင့် ရောက်ရှိလာပြီး ၎င်းကို ဆဲဆိုခဲ့သူကို ထုတ်ပေးရန် ပြောဆိုပြီး အပြန်အလှန် ဆဲဆိုမှုများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ပြဿနာဖြစ်ပွားပြီးနောက် စုဆောင်းရေးတပ်မှ ဖမ်းဆီးထားသော ၉၅၉ တပ်ရင်းမှ စစ်သား ၁ ဦး၊ ပျူစောထီးများ၊ အရံ မီးသတ် ၂ ဦးနှင့် မြို့နယ်ထွေအုပ်ရုံးမှ ဆွေမျိုးတော်စပ်သူ ၁ ဦးတို့ ပြန်လည် လွတ်မြောက်လာကြောင်း၊ ပြည်မြို့တွင် အကြမ်းဖက် စစ်တပ်က အပတ်စဉ် ၁၈ အတွက် အဓမ္မပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ စစ်မှုထမ်း သင်တန်းကျောင်းများသို့ ပို့ဆောင်နေကြောင်း သိရှိရသည်။

    အဆိုပါ အမှတ် ၉၅၉ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံတပ်ခွဲ (၉၅၉ လျှပ်/စက်တပ်)သည် ပြည်မြို့၏ မြို့ပေါ် ၁၁ ရပ်ကွက်ဖြစ်သည့် ခေတ္တရာရပ်ကွက်တွင်တည်ရှိပြီး ပြည်မြို့မှ ဒေသခံများ အများစုရှိသည့် တပ်ဖြစ်ကြောင်း၊ ထို ၉၅၉ တပ်ရင်းမှ မိသားစုဝင် သားသမီးများသည် ခေတ္တရာ ရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်း (အထက-၅) ကျောင်းထွက်များဖြစ်ပြီး ခေတ္တရာ ရပ်ကွက်သားများ၏ နေအိမ်များတွင် ဝင်ထွက်စားသောက်ဖူးသူများ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် က အာဏာသိမ်းပြီးနောက် ၉၅၉ တပ်ရင်းမှ စစ်သားများသည် မြို့ခံများ၏ မျက်နှာ၊ ပြည်သူလူထု၏ မျက်နှာကို မထောက်ဘဲ စစ်တပ်၏ အလိုကျသာ အလွန်အကျူး လုပ်ဆောင် ပေးနေသောတပ်ရင်းဖြစ်ကာ ပေါ်တာဆွဲသူများကို ထားရှိပြီး သက်ဆိုင်ရာသင်တန်းကို ပို့ဆောင်နေသောနေရာဖြစ်ကြောင်း သိရသည်။

  • မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွား

    မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွား

    မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ PDF ဒုတပ်ခွဲမှူး ၀ဿန် ကျဆုံး

    မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ဆရာကျောင်းက ပြောဆိုသည်။

    အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် မလွန်ကပစ ၂ မှ တပ်အပြောင်းအလဲလုပ်ရန် ထွက်လာသော အင်အား ၆၀ ခန့်ပါသော စစ်ကား ၂ စီးကို မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာ၊ သရက်အုပ်လမ်းခွဲ၊ စာသင်ကျောင်းအနီးတွင် ဒုတပ်ခွဲမှူး ၀ဿန် ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ညနေ ၄ နာရီ ၅ မိနစ်အချိန်အထိ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကား ၂ စီးလည်းပျက်စီးသွားကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ပွဲတွင် ဒုတပ်ခွဲမှူး ဝဿန်မှာ ဒဏ်ရာရရှိထားပြီး မပြေးနိုင်တော့သဖြင့် လက်အောက်ငယ်သား တော်လှန်ရေးရဲဘော်များကို တပ်ပြန်ဆုတ်ခိုင်းခဲ့ကြောင်း၊ ဒဏ်ရာ အပြင်းအထန်ရရှိ၍ မပြေးနိုင်တော့သည့် ဒုတပ်ခွဲမှူး ၀ဿန်က စစ်တပ်ထံတွင် အဖမ်းမခံတော့ဘဲ လက်ပစ်မိုင်းကို ဖောက်ခွဲ၍ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရှိရသည်။

    “ဒုတပ်ခွဲမှူး ၀ဿန်က လက်ပစ်မိုင်းကို စနက်တံဖြုတ်ပြီး ကိုယ့်ကိုကိုယ်အသေ ခံသွားတာ။ ကျန်ရဲဘော်တွေကို သူ့မှာပါတဲ့သေနတ်ကိုပေးပြီး မိုးကလည်း အရမ်းရွာ၊ မထနိုင်တော့ သူ့ ရဲဘော်တပ်စိတ်မှူးကို သေနတ်ပေးပြီး ဗိုက်အောက် မှာ မိုင်းထားပြီးဖောက်ခွဲခဲ့တာပါ။ အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် မြင့်မြတ်စွာကျဆုံးခဲ့ရတာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ဆရာကျောင်းက ပြောဆိုသည်။

    စစ်တပ်ဘက်တော်သား လော်ဘီတယ်လီဂရမ်များတွင် မင်းလှတိုက်ပွဲအတွင်း PDF ၁ ဦးမှာ စစ်တပ်၏ RPG ကျည်ထိမှန်၍ ခန္ဓာကိုယ် အစိတ်အမွှာအမွှာ ဖြစ်ပြီး သေဆုံးသည်ဟု ဓာတ်ပုံနှင့်တကွ လိမ်လည်သတင်းထုတ်ပြန်ထားကြောင်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ဆရာကျောင်းက ရှင်းပြသည်။