Category: News

  • ပေါင်းတလည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အမည်မသိအဖွဲ့ကဖမ်းဆီးသွား

    ပေါင်းတလည်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အမည်မသိအဖွဲ့ကဖမ်းဆီးသွား

    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ ချင်ရုပ်ကုန်းကျေးရွာနယ်တဝိုက်မှာ စစ်တပ်နဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ဆိုသူကို အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ဝန်တင်ဆိပ်ကျေးရွာဘက်ကို စစ်မှုထမ်းစာရင်းကောက်ဖို့ထွက်လာချိန် အမည်မသိအဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    အဆိုပါ လှမြင့်ဆိုသူဟာ ပေါင်းတလည်မှာ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဧည့်စာရင်းစစ်တာ၊ ပေါ်တာဆွဲငွေညှစ်တာနဲ့ ရွာတွေက စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကို စာရင်းကောက်ပြီး ရဲစခန်းကိုပေးပို့ကာ ရဲနဲ့ပေါင်းပြီး ဖမ်းဆီးငွေညှစ်တာတွေကို အဓိကလုပ်ဆောင်နေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “လှမြင့်အဖမ်းခံရပြီး သူ့တပည့်ပျူတွေလည်း ပြာယာခတ်နေတယ်၊ တချို့ဆို ထွက်စာတင်ထားတယ်လို့ကြားတယ်၊ ပျူတွေကျေနပ်အောင် စစ်တပ်နဲ့ရဲက ဝန်တင်ဆိပ်ရွာအနီးက တွေ့တဲ့အမျိုးသား၂ ဦးကို အမှုဆင်ပြီးဖမ်းသွားတာ၊ ယနေ့အချိန်ထိပြန်မလွှတ်သေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အဆိုပါပျူခေါင်းဆောင် လှမြင့် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးတယ်ဆိုတာ အခုချိန်ထိ ထုတ်ပြန်လာတာမျိုးတော့ မရှိသေးပါဘူး။

  • သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေး

    သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေး

    စစ်ကောင်စီလော်ဘီ သဇင်ဦးကို ကြိုက်လို့ စစ်တပ်ထဲ၀င်မယ်ဆိုပြီး ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ ကောင်လေးကို ‌ရွှေဘို-မန္တလေး ဗျူဟာလမ်းမှာ တော်လှန်‌တပ်ဖွဲ့တွေ ဖမ်းဆီးရမိ

    ပိုက်ဆံပန်းစည်းတွေနဲ့ လက်စွပ်အထိပါ ပိုးကြေးပန်းကြေးပေးထား

    ရွှေဘို-မန္တလေးဗျူဟာလမ်းပိုင်းမှာ ညနေ၆နာရီနောက်ပိုင်း ဆိုင်ကယ်နဲ့ ဖြတ်ပြီး လာတဲ့ ‌အသက် ၂၀၀န်းကျင်အရွယ် နေထက်ခိုင်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မသင်္ကာလို့ ဖမ်းဆီး စစ်ဆေးခဲ့ရာ စစ်တပ်‌လော်ဘီ သဇင်ဦးကို သွားတွေ့ပြီး စစ်တပ်ထဲ၀င်ဖို့ ကချင်ပြည်နယ် တနိုင်းကနေ နေပြည်တော်ထိ ဆိုင်ကယ်နဲ့ ဆင်းလာတယ်ဖြစ်တယ်လို့ သိရတာကြောင့် ခြောက်ပေါက်ထိပ်တုံးနဲ့ ထိန်းသိမ်းထားတယ်လို့ ရဲဘော်ကိုကြီးက ပြောပါတယ်။

    အောက်တိုဘာလ ၇ရက်နေ့ည ၇နာရီက ရွှေဘို-မန္တလေးဗျူဟာလမ်းပိုင်းမှာ ညနေ ၆နာရီနောက်ပိုင်းမှာ ဆိုင်ကယ်နဲ့ဖြတ်လာတာကြောင့် ‌တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးရာမှ သဇင်ဦးရဲ့ အမာခံပရိသတ်ဖြစ်ပြီး ပိုးကြေးပန်းကြေးလည်း များစွာပေးထားတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာသိခဲ့ရပါတယ်။

    “ဆရာသမားက ရွှေဘိုမုဒ်ပေါက်ခွေးဂိတ်ကိုဖြတ်ပြီး ၆ခွဲလောက် ထွက်လာတာ။ စစ်ဆေးပြီးတော့ သူ့ကို ခြောက်ပေါက်ထဲ ထည့်ထားတာပေါ့။ ညလည်းမအိပ်ဘူးတဲ့ ။ သဇင်ဦး အကြောင်းချည်း ထိုင်ပြော‌နေတာတဲ့။ အဲ့ဒါ ကင်းစောင့်တဲ့ ရဲဘော်တွေက ပါးစပ်စည်းထားရတယ်တဲ့” လို့ အဆိုပါရဲဘော်က ပြောပါတယ်။

    မောင်နေထက်ခိုင်ဟာ တနိုင်းမြို့မှာ ရွှေလုပ်သားအဖြစ်လုပ်ကိုင်ခဲ့ပြီး ရသမျှလုပ်အားခတွေကို စုကာ ၆သိန်းခွဲတန် ပန်းစည်း ၂ခု နဲ့ ၁၃သိန်းတန် ရွှေလက်စွပ်တွေအထိပါ ၀ယ်ပေးခဲ့တယ်လို့ သူကပြောပါတယ်။

    “သူက အဲ့ဒီ လော်ဘီမ သဇင်ဦးကို ‌တအားကြိုက်တာ။ ဟိုကလဲ တပ်ထဲ၀င်မှ ပြန်ကြိုက်မယ်ဆိုပြီးပြောလို့ တနိုင်းကနေ နေပြည်တော်ထိ 125 ဆိုင်ကယ်နဲ့ ဆင်းချလာတာ”လို့ ရဲဘော်ကိုကြီးက ဆက်ပြောပါတယ်။

    မောင်နေထက်ခိုင်နဲ့ သဇင်ဦးတို့ ဖုန်းပြောထားတဲ့ အသံဖိုင်တွေအရ သဇင်ဦးရဲ့ မွေးနေ့လက်ဆောင်အဖြစ် အဆိုပါ ပန်းစည်းတွေနဲ့ လက်စွပ်တွေကို ပေးခဲ့တာဖြစ်ပြီး သဇင်ဦးကလည်း ကျေကျေနပ်နပ် လက်ခံခဲ့တယ်လို့ သိရပါတယ်။

    ကြံ့ဖွံ့စည်းရုံးရေးမှူး လုပ်ခဲ့တဲ့ သဇင်ဦးဟာ လက်ရှိမှာ စစ်ကောင်စီအတွက် လော်ဘီလုပ်ပေးနေပြီး ကျော်စိုးဦး၊ လက်ရှိ စကစက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဇော်ဘုန်းဟိန်းတို့နဲ့ လူမှုကွန်ရက်တွေမှာ လော်ဘီလုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။

    Video-တော်လှန်ရေးရဲဘော်တစ်ဦး

  • အယုဒ္ဓယတွင် မိမိသန္ဓေသားအား အမှိုက်ပုံးထဲစွန့်ပစ်သည့် မြန်မာမိန်းကလေး အဖမ်းခံရ

    အယုဒ္ဓယတွင် မိမိသန္ဓေသားအား အမှိုက်ပုံးထဲစွန့်ပစ်သည့် မြန်မာမိန်းကလေး အဖမ်းခံရ

    ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်ထဲမှာ မိမိရင်သွေး သန္ဓေသားကို အမှိုက်ပုံးထဲ စွန့်ပစ်ထားတဲ့ မြန်မာမိန်းကလေးတယောက် ဖမ်းဆီးခံရတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းအရ သိရပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က ဘန်ပအင်မြို့နယ်၊ ခလောင်းကျစ်ရပ်ကွက်ရှိ အမှိုက်ပုံးထဲမှာ ကိုယ်ဝန် ၄-၅ လအရွယ်ရှိ သန္ဓေသားကလေးငယ်အလောင်း တွေ့ရှိကြောင်း အမှိုက်သိမ်းသမားက လာရောက်အကြောင်းကြားခဲ့တယ်လို့ ဘန်ပအင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

    ရဲတပ်ဖွဲ့က အနီးနားတဝိုက် ရပ်ကွက်ထဲက နေအိမ်တွေ လိုက်လံမေးမြန်းစုံစမ်းသလို စီစီတီဗီ ကင်မရာတွေ စစ်ဆေးချက်အရ အောက်တိုဘာ ၈ ရက် မနက်စောစောမှာ မိန်းကလေးတယောက် အိပ်ရာခင်းနဲ့ ပတ်ထားတဲ့ တစုံတရာကို ယူဆောင်လာပြီး အမှိုက်ပုံနား ရောက်တော့ အမှိုက်ပုံးထဲ ပစ်ချပြီး လာလမ်းအတိုင်း ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။

    တာဝန်ရှိသူတွေက အဆိုပါမိန်းကလေးရဲ့ ပုံပန်းသဏ္ဌာန်ကိုပြပြီး အနီးနားက နေအိမ်တွေ လိုက်လံမေးမြန်းတယ်၊ အဲဒီနောက် အဆောင်တခုမှာ ငှားနေတဲ့ မိန်းကလေးကို ဖမ်းမိတာလို့ ဆိုပါတယ်။

    မိန်းကလေးကို တွေ့မြင်ချိန်မှာ ပင်ပန်းနွမ်းနယ်နေတယ်၊ သူမဟာ အသက် ၂၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတယောက်ဖြစ်တယ်၊ ကလေးစွန့်ပစ်ရတဲ့ အကြောင်းက သူမမှာ ရည်းစားနဲ့ကွဲပြီးကာမှ ကိုယ်ဝန် ၃ လရှိနေပြီဆိုတာ သိရတယ်၊ သူမအနေနဲ့ ကလေးကို စောင့်ရှောက်နိုင်မှာ မဟုတ်တာကြောင့် ကလေးထွက်လာတော့ အထုပ်နဲ့ထုပ်ပြီး အမှိုက်ပုံးမှာ သွားစွန့်ပစ်ခဲ့တာလို့ ထွက်ဆို ဝန်ခံသွားပါတယ်။

    ရဲစခန်းက သူမကို “ရင်သွေးစွန့်ပစ်မှု၊ ၁၂ ပတ်သက်တမ်းအထက် သန္ဓေသား ဖျက်ချမှုတွေနဲ့ စွဲချက်တင်ထားတယ်၊ မည်သူမဆို မိမိကလေးအား အကြောင်းမဲ့ဖျက်ချပါက တရားဥပဒေအရ ထောင်ဒဏ်လ ၆ လ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၀,၀၀၀ ပေးဆောင်ရမယ်” လို့ ဖော်ပြထားပါတယ်။

    Source: Khaosod News

  • မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်

    မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်

    မော်လိုက်မြိုနယ်တွင် “သိန်းငှက်စစ်ဆင်ရေး”ဖြင့် စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်း အများအပြား ဖမ်းမိ

    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် “သိန်းငှက်စစ်ဆင်ရေး” ကာလအတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး “သိန်းငှက် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်ခဲ့ရာ ထော်သာရွာ ပျူစောထီးစခန်း၊ အော်ဇီးခုံရွာ စခန်း၊ ညောင်ဝန်းရွာပျူစောထီး ဂိတ်စခန်း၊ နောင်ပိန်းရွာ စခန်းကုန်း၊ နားပင်ရွာစခန်းကုန်းနှင့် တောင်းအင်ရွာစစ်တပ်စခန်း စသည့် ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

    “တိုက်ခိုက်သိမ်းပိုက်တာက ၅ ခုပါ၊ တောင်းအင်စခန်းကုန်းကတော့ စခတွေ ဆုတ်ခွာထွက်ပြေး တာပါ။ စုစုပေါင်းစခန်း ၆ ခုသိမ်းပိုက်ရရှိခဲ့ပါတယ်။ ထိခိုက်၊ ဖမ်းဆီး၊ သိမ်းဆည်းရရှိမှုတွေကတော့ စစ်ဒေသက ထုတ်ပြန်ပါလိမ့်မယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်၊ ကျဆုံး အနည်း ငယ်တော့ ရှိပါတယ်” လက်ရှိတိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့မရှိပါဘူး။ စစ်ရေးတင်း မာနေတဲ့ အ ခြေအနေတော့ ရှိပါတယ်” ဟု မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောကြားသည်။

    “သိန်းငှက် စစ်ဆင်ရေး” ကို မော်လိုက် တော်လှန်ရေး အင်အားစုများဖြစ်သည့် ခရိုင် တပ် ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံ ရေးတပ်ဖွဲ့(ပလဖ) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “သိန်းငှက်စစ်ဆင်ရေး”အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အတင်းအကြပ်ဖမ်းဆီးကာ စစ်မှုထမ်းခေါ်ဆောင်ခြင်းခံရသည့် စစ်သား ၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့သဖြင့် တော်လှန်ရေးအင်အားစုဘက်မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

  • ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာ

    ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာ

    ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲမှု သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အရေးယူနိုင်ရေး ကြိုးပမ်းမည်

    နိုင်ငံတကာသတင်းမီဒီယာများအားလုံးက စစ်တပ်၏ ရက်စက်မှုကို ထိပ်တန်းသတင်းအဖြစ် ဖော်ပြ

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အရေးယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း အမျိုးသားညီ ညွတ် ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

    အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာတွင် ပြုလုပ်သော ဆီမီးထွန်းပွဲသို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကနဦး ပြည်သူ ၂၀ သေဆုံးခဲ့ပြီးနောက် ဒဏ်ရာရရှိသူများ တဖြည်းဖြည်း ထပ်မံ သေဆုံးခဲ့ကြောင်း၊ ယခုအခါ သေဆုံးသူ စုစုပေါင်း ၂၄ ဦး အထိရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

    “ဒဏ်ရာရရှိတဲ့သူတွေ ထပ်ပြီး ကွယ်လွန်တာရှိပါတယ်။ အခု စုစုပေါင်း ၂၄ ဦး အထိရှိလာပါ​ပြီ။ ဒဏ်ရာရရှိသူတွေမှာလည်း ဆေးဝါးနဲ့ သွေးလိုအပ်ချက်တွေရှိတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်က ဗုဒ္ဓဘာသာတို့၏ ဘာသာရေးအခမ်းအနားဖြစ်သော ဆီမီးထွန်းပွဲတော်ကို လေကြောင်းဖြင့် ဗုံးကျဲသောကြောင့် လူဒါဇင်ချီ သေဆုံးခဲ့သော သတင်းမှာ နယူးယောက်တိုင်းမ်၊ အယ်ဂျာဇီးယား၊ ဘီဘီစီ အပါအဝင် နိုင်ငံတကာသတင်းဌာနကြီးများအားလုံးက ထိပ်တန်း သတင်းအဖြစ် ဖော်ပြခဲ့ပြီး စစ်တပ်၏ ကြမ်းတမ်းသော ရက်စက်မှုအဖြစ် ဖော်ပြခဲ့ကြသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာနကလည်း စစ်တပ်က အာဏာတည်မြဲရေးကိုသာဦးတည်ပြီး လူထုအပေါ် အခါကြီးရက်ကြီး ဘာသာရေးအထွဋ်အမြတ်ထားရာ နေ့ရက်များ ပါမကျန် ရက်စက်နေသည့် စစ်အုပ်စု၏ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ကတိပြု ထုတ်ပြန် ကြေညာသည်။

    အကြမ်းဖက်စစ်အုပ်စုက ဗုံးကျဲတိုက်ခိုက်ခဲ့သည့် နေရာမှာ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအား အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်သည့်နေရာဖြစ်သည့်အပြင် ဗုံးကျဲတိုက်ခိုက်ချိန်မှာလည်း သီတင်းကျွတ်လပြည့်နေ့အတွက် ဒေသပြည်သူများနှင့် ကလေးငယ်များ သီတင်းကျွတ်လပြည့်နေ့ ဆီမီးထွန်းဆုတောင်းရန် ပြုလုပ်နေချိန်လည်းဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။

    အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က စက်တပ်လေထီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူများကိုဆေးကုသနေသည့် ယင်းနေ့ ည ၁၁ အချိန်တွင်လည်း ထပ်မံ၍ စက်တပ်လေထီး ၂ စီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကို စာသင်ကျောင်းပေါ်သို့ ထပ်မံကျဲချ ရက်စက်စွာ ပြုမူခဲ့ကြောင်း သိရှိရသည်။