Category: News

  • ဝိုင်းမော်မြို့ရှိ စစ်တပ်နှင့် ပြည်သူ့စစ် စခန်းငယ် ၂ ခု KIA သိမ်းပိုက်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ရှိ စစ်တပ်နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် စခန်းငယ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်(KIA)က အောက်တိုဘာလ ၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    KIA သိမ်းလိုက်သည့် စခန်းများသည် ဝိုင်းမော်မြို့ အရှေ့ဘက် ငါး မိုင်ခန့်အကွာ လမြန်ရွာအနီးရှိ စစ်တပ်စခန်းများဖြစ်သည်။

    ယမန်နေ့နံနက် ၆ နာရီခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် လမြန်ရွာ အနောက်ဘက် ရှိ စစ်တပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းတပ်ထိုင်ထားသည့် ကင်းစခန်း နှစ်ခုကို KIA က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    “ကင်းစခန်းလိုမျိုး စခန်းအသေးလေးပါပဲ နှစ်ခုရလိုက်တာ ဟုတ်တယ်။ စစ်တပ်ရော၊ ပြည်သူ့စစ်အဖွဲ့ရော ရောပြီးထိုင်တာ။ အခုကတော့ ငြိမ်သွားပြီး တစ်မနက်လုံး လက်နက်ကြီးတွေ တော်တော်ပစ်လိုက်တယ်” ဟု ထိုသူက ဆိုသည်။

    ထိုစခန်းများတွင် တပ်ထိုင်အင်အား မည်မျှရှိသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။

    ထိုတိုက်ပွဲတွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြစ်ကြီးနားမြို့ပေါ်ရှိ စစ်တပ်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှလည်း လက်နက်ကြီးများ ကူညီပစ်ခတ်ပေးသည်ဟု ဒေသခံများက ပြောသည်။

    လမြန်ရွာအနီး ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေကြောင်းနှင့် ယမန်နေ့နံနက်တွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    “၆ နာရီလောက်ကတည်းကနေ တိုက်ပွဲတွေရှိပါတယ်။ အခုတော့နည်းနည်း ပြန်ငြိမ်ပါတယ်။ အခု အချိန်မှာကတော့ ရှေ့တန်းစခန်းတွေ ကာကင်းစခန်းတွေကိုတော့ စစ်တပ် ဘက်ကနေ စစ်ထိုးလိုက် ကျွန်တော်တို့ဘက်ကနေ ပြန်သိမ်းလိုက်နဲ့ အဲဒီလို မတည်မငြိမ်ဖြစ်တဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့ညနေက ပြောသည်။

    KIA ထိန်းချုပ်ထားသည့် ဝိုင်းမော်မြို့ အရှေ့ဘက်ဒေသများကို ဝိုင်းမော်မြို့အခြေစိုက် အမှတ် (၅၈) ခြေလျင်တပ်ရင်း အခြေစိုက်တပ်အပြင် စစ်တပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ် များ၊ ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်းအင်အားဖြင့် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေသည်မှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။

    တိုက်ပွဲများကြောင့် လမြန်ရွာနှင့် အနီးဝန်းကျင်ရှိ ပြည်သူ ၁,၀၀၀ နီးပါး စစ်ရှောင်နေကြရသည်ဟုလည်း ဒေသခံအချို့က ပြောသည်။

    ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှ စတင်သည့် KIA ၏ ကချင်ပြည်နယ် ထိုးစစ်အတွင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

    ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ရရှိလာသည့် စစ်အင်အားများဖြင့် စစ်တပ်က ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ထိုးစစ်ဆင်မှုများပြန်လည် ပြုလုပ်လာနိုင်သော်လည်း ဆုံးရှုံးလက်လွတ်ခဲ့ရသည့် မြို့နယ်များနှင့် နယ်မြေများ၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ပြန်လည်သိမ်းပိုက်နိုင်သည်။

    ဝိုင်းမော်နှင့် ဗန်းမော်တိုက်ပွဲများတွင် စစ်တပ်ကာကင်းစခန်းများနှင့်တပ်စွဲရာနေရာများကို KIA ပူးပေါင်းတပ်များက ပြန်လည် သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် သေဆုံးမှုများပြားဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြော

    ကချင်ပြည်နယ်၊ ၀ိုင်းမော်နှင့် ဗန်းမော်တိုက်ပွဲများတွင် စစ်တပ်၏ ကာကင်းစခန်းများနှင့် တပ်စွဲရာ နေရာများကို KIA ပူးပေါင်းတပ်များက ပြန်လည် သိမ်းပိုက်လိုက်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

    အောက်တိုဘာလ ၆ ရက်နေ့ ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းမှ စစ်တပ်နှင့် ပြည်သူ့စစ်အင်အား ၁၀၀ ဝန်းကျင်က KIA တပ်စွဲထားသော လမြန်ကျေးရွာသို့ ထိုးစစ်ဆင်လာကြောင်း၊ ထိုသို့ ထိုးစစ်လာပြီးနောက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် KIA ပူးပေါင်းတပ်များက ပြန်လည် ထိုးစစ်ဆင်ကာ စစ်တပ်ကာစခန်းတချို့ကို ပြန်လည် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်စစ်ကြောင်းများမှာ မူလတပ်စွဲထားရာ ၀ိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းထဲသို့ ပြန်လည် ဆုတ်သွားကြောင်း သိရှိရသည်။

    “ကျနော်တို့ရှိနေတဲ့ နေရာတွေကို သူတို့က မြေပြင်ကနေ ထိုးစစ်ဆင်လာတာ။ နေ့တိုင်း တိုက်ပွဲတွေက​ ဖြစ်တယ်။ အခု သူတို့ရဲ့ အခိုင်အမာတပ်စခန်းကြီးတွေတော့မဟုတ်ဘူးပေါ့နော်။ ကာကင်းစခန်းတွေကို ကျနော်တို့ သိမ်းလိုက်နိုင်တယ်။ ကျနော်တို့ အရင်တပ်စွဲခဲ့တဲ့နေရာတွေကို သူတို့ သိမ်းထားတာတွေလည်း ကျနော်တို့ ပြန်သိမ်းတာပါ” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

    ထို့ပြင် ဗန်းမော်တိုက်ပွဲများမှာလည်း နေ့စဉ် ပြင်းထန်လျက်ရှိပြီး KIA ပူးပေါင်းတပ်များက ခလရ ၄၇ အနီး စစ်တပ်စွဲထားသော နေရာ ၄ ခုထက်မနည်းကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ ယမန်နေ့ ဗိုလ်မှူး ၁ ဦး အပါအဝင် အရာရှိများ သေဆုံးကြောင်း၊ တိုက်ပွဲများမှာမူ နေ့တိုင်း ဖြစ်ပွားလျက်ရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်ရှင်းပြသည်။

    “တိုက်ပွဲကတော့ နေ့တိုင်း ဆက်ဖြစ်နေတာပါ။ ခလရ ၄၇ မှာ သူတို့ လုံခြုံရေး ယူထားတဲ့နေရာတွေ။ သူတို့က ​ပြည်သူလူထုနေအိမ်တွေထဲမှာ ဝင်ပြီး နေကြတာ။ အဲဒါတွေကိုကျနော်တို့ ပြန်သိမ်းတယ်။ မနေ့က သူတို့ဘက်က ဗိုလ်မှူး ၁ ဦးနဲ့ အရာရှိ စစ်သည်တွေ ကျတယ်။ နောက်ပြီး ၂ မိုင်ဝန်းကျင်မှာ ရှိတဲ့ စစ်တပ်က တပ်စွဲထားတဲ့ ၃ ၊ ၄ နေရာကိုလည်း ကျနော်တို့ ပြန်သိမ်းပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်ပြောဆိုသည်။

    ကချင်ပြည်နယ်အတွင်း စစ်တပ်၏ တပ်စွဲထားသော နေရာများနှင့် တပ်စခန်းများကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်လျက်ရှိပြီး စစ်တပ်၏ ထိုးစစ်ကို ခုခံခြင်းနှင့် တန်ပြန် ထိုးစစ်ဆင်ခြင်းများကိုလည်း တောက်လျှောက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

  • သန်လျင်တွင် အငှားယာဥ်မောင်းအားသတ်ပြီး ကားလုသူ ၂ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

    သန်လျင်တွင် အငှားယာဥ်မောင်းအားသတ်ပြီး ကားလုသူ ၂ ဦးကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

    သန်လျင်တွင် တက္ကစီမောင်းသူကို သတ်ပြီး ကားလုယက်သူ လူငယ် နှစ်ဦး ဖမ်းမိ

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ တက္ကစီယာဉ်မောင်းကို သတ်ပြီး မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သူ အသက် (၁၇) နှစ်အရွယ် လူငယ်ပိုင်း အမျိုးသား နှစ်ယောက်ကို ဖမ်းမိပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

    သာကေတမြို့နယ်၊ အမှတ် (၃) ရန်ပြေရပ်ကွက်၊ ရန်ပြေ (၁၈) လမ်းနေ ဦးစံသိန်း (၅၆ နှစ်) ဟာ သူမောင်းနှင်တဲ့ Toyota Probox အမျိုးအစား အဖြူရောင်အဌားယာဉ်နဲ့ ထွက်ခွာသွားပြီး အောက်တိုဘာ ၅ ရက်၊ ည ၉ နာရီအချိန်ထိ နေအိမ်ကို ပြန်ရောက်လာတာ မရှိဘဲ သူကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းမှာလည်း စက်ပိတ်ထားတဲ့အတွက် သက်ဆိုင်ရာ သာကေတ မြို့မရဲစခန်းကို ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

    ရဲစခန်းအချင်းချင်း ချိတ်ဆက်ပြီး စုံစမ်းရှာဖွေခဲ့ရာ အောက်တိုဘာ ၆ ရက်၊ မနက် ၁၁ နာရီကျော်လောက်မှာ သန်လျင် မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ အလယ်ရွာ ကျေးရွာ၊ သီလဝါခြောက်လမ်း သွားကားလမ်း မိုင်တိုင် ၈ မိုင်၊ ၇ ဖာ လုံ နဲ့ ၉ မိုင်အကြား လမ်းဝဲဘက်ခြမ်း အမှိုက်ပုံမှာ ဦးစံသိန်းကို ထိုးသွင်းဒဏ်ရာ ၃၁ ချက်နဲ့ သေဆုံးနေတာကို ပြန်လည် တွေ့ရှိတဲ့အတွက် သန်လျင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နဲ့ အမှုဖွင့်ပြီး ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ကျူးလွန်သူတွေမှာ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာ တောင်ဘက်ကွင်းနေ ထက်ရှိုင်းဇော် (၁၇) နှစ် နဲ့ သုံးခွမြို့နယ်၊ ပုလဲစံပြကျေးရွာ အဆောင်နေ သက်ဝေဦး (၁၇) နှစ် တို့ ဖြစ်ကြောင်း ဖော်ထုတ်သိရတဲ့အတွက် ဖမ်းမိနိုင် ရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၆ ရက်၊ ညနေ ၅ နာရီလောက်မှာ ထက်ရှိုင်းဇော်ကို သန်လျင်မြို့နယ်၊ အမှုထမ်း ရပ်ကွက်ရှိ ဓမ္မရောင်ခြည် ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ အခင်းဖြစ်စဉ်က လုယက်ယူဆောင်ခဲ့တဲ့ Probox မော်တော် ယာဉ်နဲ့အတူ ဖမ်းမိခဲ့ပြီး နောက်ထပ် အတူပါဝင်သူ သက်ဝေဦးကိုတော့ အဲဒီနေ့ ညပိုင်းမှာ သူနေထိုင်တဲ့ အဆောင်မှာ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

    ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ် အောက်တိုဘာ ၅ ရက်၊ ညပိုင်းက သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားပွဲ မှာ အရက်သေစာ သောက်စားမူးယစ်ပြီးတော့ အသတ်ခံရသူ ဦးစံသိန်း မောင်းတဲ့ အဌားယာဉ်ကို စီးနင်းခဲ့ကြောင်း၊ သန်လျင်-ကျိုက်ခေါက် ဘုရားကားလမ်း ဆည်မြောင်းဂုံးထိပ်အနီးအရောက် ယာဉ်မောင်းက ယာဉ်စီးခ တောင်းခံတာ နဲ့ ပတ် သက်လို့ စကားများပြီး ထက်ရှိုင်းဇော်က ယူဆောင်လာတဲ့ ကတ်ကြေးနဲ့ ထိုးရာ ယာဉ်မောင်းက ဝက်အူလှည့်နဲ့ ပြန် လည် ခုခံတိုက်ခိုက်လို့ သက်ဝေဦးကနေ ဝက်အူလှည့်ကို လုယူပြီး ပြန်လည်ထိုးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ယာဉ်မောင်းသေဆုံးသွားတဲ့အခါ ထက်ရှိုင်းဇော်က ယာဉ်ကို မောင်းနှင်လာပြီး သီလဝါခြောက်လမ်းသွားလမ်းပေါ်အရောက် ယာဉ်မောင်းရဲ့ အလောင်းကို စွန့်ပစ်ခဲ့ကာ ယာဉ်နံပါတ်ပြား နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို စစ်ပင်ကွင်းကျေး ရွာ အနီးမှာ စွန့်ပစ်ခဲ့ကြောင်း ဖော်ထုတ်သိရတဲ့အတွက် သွားရောက်သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

    အခုလို အငှားယာဉ်မောင်းကို သတ်ပြီး မော်တော်ယာဉ်ကို လုယက်ခဲ့တဲ့ ထက်ရှိုင်းဇော်နဲ့ သက်ဝေဦး တို့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

  • မုံရွာတွင် ရဲတပ်ဖွဲ့ဝင်များ စီးလာသည့်ကား တိုက်ခိုက်ခံရပြီး ဒုရဲအုပ် အပါအဝင် ၄ ဦး သေဆုံး

    မုံရွာတွင် ရဲတပ်ဖွဲ့ဝင်များ စီးလာသည့်ကား တိုက်ခိုက်ခံရပြီး ဒုရဲအုပ် အပါအဝင် ၄ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဒုရဲအုပ်တယောက် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team (BMT) က ရုပ်သံမှတ်တမ်းတွေနဲ့အတူ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရွာတွေဘက်ကိုဆင်းပြီး ဆက်ကြေးတောင်းဖို့ ထွက်လာတဲ့ Honda Fit ကားကို မုံရွာမြို့နယ်ထဲမှာရှိတဲ့ သာစည်လမ်း-အက်တောအဝိုင်းပတ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၁ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲနဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ် ပလဖ)၊ ကျောင်းသားတပ်တော် (SAF)၊ Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။

    ပကဖ တာဝန်ခံတယောက်က “ရဲတွေက မကြာခဏဆိုသလို အဲဒီကားနဲ့ ရွာတွေဘက်ကိုထွက်ပြီး ဆက်ကြေးတောင်းလေ့ရှိတယ်။ အခုလည်း သတင်းကြိုရလို့ သာစည်လမ်း-အက်တော အဝိုင်းပတ်က စောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အခါမှာ ကားပေါ်မှာပါလာတဲ့ ဒုရဲအုပ်သိန်း​ဇော် အပါအ၀င် ရဲ ၄ ယောက်လုံး သေတယ်။ ကားကတော့ ဆက်မောင်းလို့ မရတော့တာကြောင့် လက်နက်တွေပဲ သိမ်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။

    ရဲတပ်ဖွဲ့ဝင်တွေဆီကနေ G3 သေနတ် ၂ လက်၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ဖုန်း ၅ လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။

    ပြည်သူတွေအနေနဲ့လည်း ရဲကား၊ စစ်ကားတွေနဲ့ နီးကပ်စွာ မောင်းနှင်တာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းထားတယ်လို့ မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

  • အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော်  ကို လိမ်ယူ

    အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူ

    စင်္ကာပူတွင် အလုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူပြီးတိမ်းရှောင်နေ

    စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ် ဆိုပြီး အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော် ထံကနေ သိန်းပေါင်း ၁၂၀၀၀ ကျော်ကို လိမ်လည်ယူပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစ်နာသူ တွေထံ က သိရပါတယ်။

    ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တောင်သူကုန်း မှာ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ လို့ ရုံးခန်း ဖွင့်လှစ်ပြီး ပြည်ပ သွားရောက်ချင်တဲ့ လူငယ်တွေကို စင်္ကာပူ နိုင်ငံက လုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ကိုင်နိုင်ရန် ပို့ဆောင်ပေးမယ်ဆိုပြီး တစ်ဦး ကို ကျပ်သိန်း ၅၀ ကနေ ကျပ်သိန်း၂၀၀ ကျော်အထိ ယူဆောင်သွားတယ်လို့ နစ်နာသူ တွေကပြောပါတယ်။

    “”ညီမက သူ့ဆီမှာ အစောဆုံး အလုပ်အပ်သူလို့ပြောလို့ရတယ်။ အခုနှစ်ဇန်နဝါရီလကထဲ က စင်္ကာပူ ကို သူနာပြုနဲ့သွားဖို့ သိန်း ၅၀ သွင်းထားရတယ်။ စင်္ကာပူရောက်ရင် ၂လစာ ကို ဖြတ်မယ်ဆိုပြီး စာချုပ်ချုပ်ခဲ့တာ ပထမပြောတေ့ာသုံးလ လေးလ လောက်ပဲကြာမယ် ဆိုပြီး ရက်တွေ ဟိုနေ့ ဒီနေ့ ဆိုပြီးရွှေ့လာတာ ပြီးခဲ့တဲ့ ၉လ ပိုင်း၂၉ရက်နေ့မှာ ရုံးကိုလည်း သော့ခတ်ပြီး ပိတ်ထားတယ်။ ဆက်သွယ်တာလည်းမရတော့ဘဲ လိမ်ပြေးသွားတာ ညီမက သိန်း၅၀ ဆိုပေမယ့် ညီမသူငယ်ချင်းတွေဆို သိန်း၂၀၀လောက်ပါသွားတာ။ အတိုးတွေနဲ့ ယူပေးရတာလေ အခုတော့ သူတို့ ဒုက္ခအတော်လေးရောက်နေတယ် ပတ်စပို့ တွေလည်း သူ့ဆီပါသွားတော့ ပိုပြီးခက်ခဲကုန်တာပေါ့””လို့ နစ်နာသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

    အဆိုပါ Original Over sea Employment ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ အနေနဲ့ ပြည်ပကို ပို့ဆောင်လိုက်တဲ့ လုပ်သားအနည်းငယ်ရှိပေမယ့် ရောက်ရှိသွားသူတွေမှာ အလုပ်အမျိုးအစား ကွဲလွဲတာတွေ စာချုပ်ချုပ်စဉ်ကအတိုင်း မဖြစ်တာတွေ ကြောင့် တစ်ဖက်နိုင်ငံမှာအခက်ခဲတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

    “”ဦးလေး သူငယ်ချင်းရဲ့ သားက သူ့အေဂျင်စီကနေ စင်္ကာပူကို ရောက်သွားတော့ မှန်ကန်တယ်ထင်ပြီး ဦးသားကို ဟိုတယ် အလုပ်နဲ့ ပို့ဖို့ ၇လပိုင်းက အလုပ်အပ်ခဲ့တာ အခု ၁၀ လပိုင်း ၂ရက်နေ့မှာ လေယာဉ်တတ်ရမယ်ဆိုပြီး ၉လပိုင်း၂၃ရက်မှာအပြီးပိုက်ဆံချေပါဆိုလို့ပေးလိုက်ရတယ် အားလုံးသိန်း၂၀၀ ပေးလိုက်ရတယ်။ အခုဦးလေးသူငယ်ချင်းရဲ့သားလည်း ဒီမှာစာချုပ်ချုပ်တော့၂နှစ်ဆိုပြီး ဟိုရောက်တော့ ၃လ ဘဲ ရတယ် တချို့စင်္ကာပူ ဆိုပြီး ထိုင်းရောက်သွားတာတွေ၅ယောက်လောက်ရှိတယ်။ သူတို့တွေလည်းဟိုမှာဒုက္ခရောက်နေတယ် အခု ရုံးပိတ်ပြီး ထွက်ပြေးတယ်လို့ သတင်းကြားတော့ သူ့ဆီမှာ အလုပ်အပ်ထားတာ ဦးစာရင်းလုပ်ထားတာကိုဘဲ ၅၆ ယောက်ရှိတယ် အလုပ်အမျိုးမျိုးနဲ့ အကြွေးစနစ်နဲ့မို့သိန်း၅၀ပါသွားတာမျိုး အပြည့်ပေးချေတဲ့သူတွေ က သိန်း၁၅၀၊သိန်း၂၀၀ တွေပါသွားကြတာ “”လို့ နစ်နာသူလုပ်သားရဲ့ဖခင်ဖြစ်သူဦးအောင်မင်းကပြောပါတယ်။

    အခုလို လုပ်သား ၇၀ ကျော်ထံမှ ငွေကြေးကျပ်သိန်း ၁၂၀၀၀ ကျော် လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်တဲ့ အမျိုးသမီး ကို နစ်နာသူတွေက အင်းစိန်မြို့နယ်ရဲစခန်းနဲ့လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း သိရပါတယ်။

    “”ရုံးခန်းပိတ်တယ်လို့ ကြားတော့ နစ်နာသူတွေ အယောက် ၆၀ လောက်ရောက်လာတယ် သူတို့နေအိမ်ကိုလိုက်သွားတော့ လိမ်သွားတဲ့အမျိုသမီးရဲ့ အမျိုးသားကိုတွေ့တယ်။ ဒါနဲ့သူ့အမျိုးသားနဲ့ဝန်ထမ်းတွေကို ​တွေကို ရဲစခန်းကို ပို့တယ် ၃၀ရက်နေ့ပေါ့ အဲ့နေမှာ လိမ်သွားတဲ့ အမျိုးသမီးနဲ့ ဖုန်းအဆက်သွယ်ရတော့ လာဖြေရှင်းပေးမယ်လို့ပြောတယ်။ နောက်အဲ့ညမှာဘဲ စခန်းမှာ တပ်မတော်ဘက်က အရာရှိတစ်ယောက်က အာမခံနဲ့ သူ့အမျိုးသားနဲ့ဝန်ထမ်းတွေ ကို ထုတ်ပေးလိုက်တယ် သိရတယ်။ လက်ရှိအချိန်ထိ ဘာအဆက်သွယ်မှမရသေးပါဘူး””လို့ ဦးအောင်မင်းကရှင်းပြပါတယ်။

    လက်ရှိမှာ ငွေကြေးများစွာ လိမ်လည်ခံလိုက်ရတဲ့ လုပ်သား ၇၀ ကျော်မှာ အခက်ခဲ ဒုက္ခ များစွာ ရင်ဆိုင်နေရပြီး တိမ်းရှောင်နေတဲ့ အမျိုးသမီး ကို လာရောက်ဖြေရှင်းပေးဖို့ လူမှုကွန်ယက်စာမျက်နှာ တွေကနေတစ်ဆင့် အသိပေးထားပါတယ်။

  • စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေ

    စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေ

    စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေပြီး စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူ ပိုင် ပစ္စည်းများကို လုယက်ခိုင်းဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်း ဝန်ခံ

    အကြမ်းဖက်စစ်တပ်အတွင်း လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ ဆွဲသွင်းအသုံးပြုနေပြီး ရှေ့တန်းစစ်မြေပြင်တွင် စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းကဝန်ခံ ပြောဆိုလိုက်သည်။

    စက်တင်ဘာလ ၂၉ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခလရ ၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် အောင်ကိုကိုဟိန်းသည် KNDF – Karenni Nationalities Defense Force ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံရ၍ စစ်မှုထမ်းတပ်သားဖြစ်လာသူဖြစ်ကာ အပတ်စဉ် ၅ သင်တန်းဆင်း စစ်မှုထမ်းတပ်သားတစ်ဦးဖြစ်သည်။

    အကြမ်းဖက်စစ်တပ်တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် ခိုင်းစေနေရာတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်း၊ မဲပေါက်ခြင်းနှင့် ငွေကြေးအတွက် ဝင်လာရခြင်းဟူ၍ ၃ မျိုးရှိကြောင်း၊ အများစုမှာ ပေါ်တာဆွဲဖမ်းဆီးခံရ၍ ဝင်လာသူများဖြစ်ကြောင်း၊ ထို့ပြင် အသက်အရွယ်ကြီးရင့်နေသော အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကို စစ်သားအဖြစ် အသုံးပြုနေကြောင်း၊ မူးယစ်ဆေးဝါးများလည်း စိတ်ကြိုက် သုံးခွင့်ရှိပြီး ဆေးကြောင်နေသော စစ်မှုထမ်းလူငယ်အများစုရှိနေကြောင်း၊ ပေါ်တာဆွဲရာတွင် ကျန်းမာရေးမကောင်းသူမှစ၍ စိတ်ဝေဒနာရှင်များအထိ ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်ထဲဆွဲသွင်းကြောင်း ၎င်းက ပြောဆိုသည်။

    “မဲပေါက်လို့ ဝင်လာတာရှိတယ်။ ဒီငွေကြေးကြောင့် ဝင်လာရတာရှိတယ်။ ပေါ်တာဆွဲလို့ ဝင်လာရတာ ရှိတယ်ဗျ။ သုံးမျိုးသုံးစားရှိတယ်ဗျ အဲဒီမှာ။ စစ်မှုထမ်းချင်ပါတယ်ဆိုပြီးတော့ ဝင်လာတဲ့ လူတော့ မရှိဘူး။ ပစတွေကို အရှေ့က တက်ခိုင်းတယ်ဗျ။ အဲ့ဒီ သန္ဓေဆရာတွေက အရှေ့က တက်ခိုင်းတယ်ဗျ။ ဆေးတွေ ဘာတွေလည်း ဒီလို ခိုးဝယ်သုံးရတယ်ဗျ။ ဆေးက ၁၀၂ က ဝယ်ရတယ်ဗျ။ ရာမတို့ ဘာတို့က တပ်မှာဆိုလည်း ရှိတယ်ဗျ၊ ရယ်နေတဲ့ ကောင်၊ ကြောင်နေတဲ့ ကောင်တွေ အများကြီးပါတယ်။ တချို့ကျတော့လည်း ခုနကလို ရယ်တဲ့ကောင်တွေက ရယ်နေတာ၊ ငိုတဲ့ ကောင်တွေကလည်း ငိုနေတာ။ ဒါပေမဲ့ သူတို့အိမ်လည်း သူတို့မသိဘူး၊ သူတို့နာမည်တောင် သူတို့မသိတော့ဘူး အဲ့ဒါမျိုး ကောင်တွေ များတယ်ဗျ။ အဘိုးကြီးလေးတွေလည်း ပါတယ်ဗျ။ အသက် ၇၀ ကျော်နေပြီ၊ ဆံပင်မွေးတွေ ဖြူနေပြီ။ တချို့ သွားတွေတောင်မရှိတော့ဘူး အဲ့လိုအဘိုးကြီးမျိုးတွေ ပါတယ်ဗျ စစ်တပ်မှာ လူမျိုးစုံပဲ။ ခြေထောက် ဒီလေငန်းဆွဲတဲ့ လေငန်းဆွဲပြီး ပြန်ကောင်းတဲ့လူက အစ ပါတယ်ဗျ။ ဦးနှောက်မမှန်တဲ့ လူတွေလည်း ပါတယ်ဗျ။” ဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက ပြောဆိုသည်။

    စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားများနှင့် အောက်ခြေတပ်သားများကို အဆင့်အဆင့် အနိုင်ကျင့်ပြီး ရာထူးအဆင့်အတန်းအလိုက် အနိုင်ကျင့်ကြကြောင်း၊ အောက်ခြေ တပ်သားနှင့်ရဲဘော်များမှာ အနိုင်ကျင့်မှုကို အခံရဆုံးဖြစ်ကြောင်း သိရှိရသည်။

    “တပ်ကြပ်ကြီးတွေက အောက်က ပစတွေကို အနိုင်ကျင့်တယ်ဗျ။ တပ်ကြပ်ကြီးတွေ အထက်မှာ CQ ဆိုတာရှိတယ်။ CQ ကလည်း တပ်ကြပ်ကြီးတွေကို အနိုင်ကျင့်တယ်။ ကိုယ့်အဖေအရွယ်လောက်ကို သားလောက်တွေက အနိုင်ကျင့်နေတာဗျ။ ခေါင်းဖြူကြီးတွေကို သားလောက်တွေက အနိုင်ကျင့်နေလည်း ခံရတယ်ဗျ။ ကျွန်တော်တို့ဆိုတာ ဝေလာ ဝေးပေါ့ဗျာ။ ကျွန်တော်တို့ ပစတွေဆိုတာကတော့ ။ သူတို့ အချင်းချင်းတောင် အနိုင်အရမ်းကျင့်တာဗျ။ ကောင်းစားသွားတော့လည်း အရာရှိကပဲ ကောင်းစားသွားတာ ။ ရင်းတော့ ရဲဘော်တွေက ရင်းရတာဗျ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    စစ်တပ်အတွင်း လစာနှင့် ရိက္ခာများမှာလည်း အဆင့်ဆင့် ဖြတ်စားကြသဖြင့် အောက်ခြေတပ်သားနှင့်ရဲဘော်များမှာ အာဟာရ ပြည့်အောင် မစားရဘဲ လစာလည်း အပြည့်အ၀ မရကြောင်း သိရှိရသည်။

    “စားရတာဆိုလည်း ရှေ့တန်းမှာ လုံးဝအဆင်မပြေဘူး။ အာဟာရမရှိဘူးဗျ။ အဆင်မပြေဘူးဗျ။ အသားတုစားရတယ် ငါး ခြောက်ဆိုလည်း လောက်တက်နေတဲ့ ငါးခြောက်စားရတယ်။ သင်္ဘာသီးနဲ့ အသားတု ချက်ကျွေးတာတို့ ၊ အာလူးတို့ ချက်ကျွေးတာတို့၊ နှစ်ပတ်မှ ကြက်သားတစ်တုံးပဲ စားရတယ်။ ကြက်သားဆို တစ်တုံးပဲ။ ကျန်တာတွေက သူတို့ဖြတ်စားတယ်ဗျ ။ မသေရုံတမယ် ထမင်းစားရတယ်ဗျ။ ထမင်းတွေလည်း ငတ်တယ်ဗျ။ ကျနော်တို့ ငွေတွေကိုတော့ သူတို့ လူကြီးတွေ ယူတယ်ဗျ။ ယူပြီးတော့မှ ကျနော်တို့ စားဖို့ဆိုပြီး ကျွန်တော် စောင့်ကျွေးတာဗျ။ ရှေ့တန်းမှာ ဒီနေရာမှာ လုံးဝအဆင်မပြေဘူးဗျ။ စားတာနေရတာ အာဟာရမရှိဘူးဗျ။ ကောင်းကောင်းမကျွေးဘူးဗျ” ဟု သူက ရှင်းပြသည်။

    အရပ်သားပြည်သူများကိုလည်း PDF ဟုဆိုကာ သတ်ဖြတ်လေ့ရှိပြီး လက် နက်ကိုင်သော PDF များကို ဖမ်းမိပါကလည်း အရှင်မထားဘဲ သတ်ဖြတ်ပစ်ကြောင်း၊ စစ်ဘေးရှောင် ပြည်သူများစွန့်ခွာသွားသော နေအိမ်များမှ ပြည်သူများ၏ပစ္စည်းများကိုလည်း စစ်နိုင်သဖြင့် ယူခွင့်ရှိသည်ဟုဆိုကာ လုယက်ခိုင်းကြောင်း သိရှိရသည်။

    “PDF ဆိုရင် အရပ်သားလည်း PDF ဆိုရင် PDF လုပ်ပစ်တာဗျ။ ကျွန်တော်တို့က အသာလေးကြည့်ရတာဗျ၊ သတ်တာကတော့ မိတာတော့ မိတယ်ဗျ။ သွားနေတဲ့ အရပ်သားလည်း PDF လုပ်ရင် လုပ်ပစ်တာဗျ။ အိမ်တစ်အိမ်ဝင်လို့ရှိရင် ကျွန်တော်တို့ကို အကုန်ယူခိုင်းတယ်ဗျ။ အကုန်ယူတယ်ဗျ။ နောက်ဆုံး ဓာတ် ကြိုးတွေ ခွာတယ်ဗျာ။ ဓာတ်ကြိုးခွာပြီးတော့ ကြေးခွာတယ်လို့ သူတို့ခေါ်တယ်ဗျ​။ ပြည်သူပိုင်အိမ်က ပစ္စည်းတွေကတော့ အကုန်ယူတယ်ဗျ။ ရေခဲသေတ္တာတွေ့ ရေခဲ သေတ္တာယူတယ်။ အပ်ချုပ်စက်တွေ့ စက်ယူတယ်။ ဆိုင်ကယ်တွေ့ ဆိုင်ကယ်ယူတယ်။ အဲဒါ ကျွန်တော်တို့ မီးစက်တွေ့ မီးစက်ယူတာ။ အကုန်ယူတယ်ဗျ။ ပြည်သူပိုင် ပစ္စည်းကို သူတို့က ။ သူတို့ ပြောတာကျတော့ ငါတို့ စစ်နိုင်လို့ ငါတို့ ယူတာလို့ ပြောတာဗျ” ဟု ၎င်းက ရှင်းပြသည်။

    စစ်တပ်အတွင်း ပြည်သူ့စစ်များကို ၂ နှစ်သာ တာဝန်ထမ်းရမည်ဟု ပြောဆိုထားသော်လည်း နှစ်ပြည့်လျှင်လည်း ပြန်လည် ထွက်ခွင့်ပြုမည့် အခြေအနေ မမြင်ရကြောင်း၊ ရှေ့တန်းတွင် စစ်မှုထမ်းတပ်သားများ သေဆုံးပါက လမ်းဘေးမြုပ်နှံပြီး မိသားစုများထံ အသိပေး အကြောင်းကြားခြင်းမရှိကြောင်း၊ တပ်တွင်း ဖိနှိပ်မှုများစွာရှိနေပြီး ထွက်ပြေးလျှင် တော်လှန်ရေး တပ်များက အလင်းဝင်သူများကို သတ်ဖြတ်သည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရှိရသည်။