Category: News

  • မုံရွာတွင် ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

    မုံရွာတွင် ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

    မုံရွာတွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသော ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်များက ပစ်ခတ်မှု ရဲ ၄ ဦး သေဆုံး (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသော ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော် လှန်ရေးတပ်များက ပစ်ခတ်မှု ရဲ ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့နယ်၊ သာစည်လမ်းနှင့် အက်တောအ၀ိုင်းပတ်တွင် ပြည်သူများထံမှ ငွေကြေးနှင့်ပါလာသော ပစ္စည်းများ အတင်းအဓမ္မဆက်ကြေးကောက်ခံနေသော ရဲ အရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးလိုက်ပါသော အိမ်စီးကားကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် တိုက်ခိုက်မှုအတွင်း ရဲ ၄ ဦးစလုံး သေဆုံးခဲ့ပြီး တော် လှန်ရေးတပ်များ အထိအခိုက်မရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    သေဆုံးသူ ရဲ ၄ ဦးအနက်မှ ၁ ဦးမှာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးနယ်မြေရဲစခန်းမှ ရဲတပ်ကြပ် သိန်းဇော်ဖြစ်ကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများမှာ BA 63 (ခေါ်) G3 ၂ လက်၊၉မမ ပစ္စတို ၁ လက်တို့ဖြစ်ပြီး လိုက်ပါစီးနင်းလာသော အိမ်စီးကားမှာလည်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြောင်း သိရှိရသည်။

    “ပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေမှာ အထူးဂရုစိုက်ပြီးသွားလာပေးကြဖို့နဲ့ဘေးကင်းကြပါစေလို့ ပြောချင်ပါတယ်”ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ)မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ မစ်ရှင်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ) နှင့် ကျောင်းသားတပ်တော် (SAF)၊ မုံရွာခရိုင်တပ်ရင်း ၂ ၊ ခွဲ ၁ ရွာဇော်ကြီးတော်လှန်သံ၊ Budalin Mobile Team တို့က အတူပူး‌ပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

  • မုဒုံမြို့နယ်၊ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံး

    မုဒုံမြို့နယ်၊ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံး

    မုဒုံမြို့ပေါ်တွင်လည်း စစ်တပ်က လုံခြုံရေး တင်းကျပ်ထားပြီး လူငယ်များကို နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေ

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မုဒုံမြို့နယ်၊ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ သေနတ် သမားများက ကားဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုသို့ ဝင်ရောက် တိုက်ခိုက်မှု အတွင်း ကမာဝက်ရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

    “အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီလောက်မှာ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ကားနဲ့ လာပစ်တယ်လို့တော့ သိရတယ်။ အုပ်ကြီး အပါအဝင် ၂ ကောင်သေတယ်လို့တော့ သတင်းရတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ယင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုဒုံမြို့နယ်အတွင်း စစ်ရေး လှုပ်ရှားနေသော လက်နက်ကိုင် အဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ စစ်တပ်ကလည်း ပစ်ခတ်သူများကို ဖမ်းဆီးရေး လုံခြုံရေးတင်းကျပ်ထားကာ လက်ရှိအချိန်အထိ ပစ်ခတ်သူများမှာ ဘေးကင်းစွာ လွတ်မြောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။

    လတ်တလော မုဒုံမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က လုံခြုံရေးတင်းကျပ်ထားသည့်အပြင် လူငယ်များကို စစ်မှုထမ်းအဖြစ် နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း၊ မုဒုံမြို့အဝင်အထွက်ကို ရဲနှင့် ပျူစောထီးများက စစ်ဆေးနေပြီး နေ့စဉ် ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း၊ စစ်မှုထမ်း လူစားထိုးများအဖြစ် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ရောင်းဝယ်နေကြကြောင်း သိရသည်။

    အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို နယ်ထိန်းရဲခေါင်းဆောင် သူရထွန်း၊ နယ်ထိန်းရဲ ရခိုင်၊ ရဲတပ်သား စာကလေး (ခေါ်) မြင့်သိန်း၊ ရဲတပ်သား ထွန်းအောင်ကျော်၊ ရဲတပ်သား ကလား၊ ရဲတပ်သား မိုးကြီးနှင့် ရဲတပ်သား ဝေလင်းဦး တို့က အဓိက လုပ်ဆောင်နေကြောင်း သိရသည်။

    ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဧပြီလအတွင်း မတ္တရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုးကို လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် တော်လှန်ရေးရဲဘော်တစ်ဦးက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် ရွေးကောက်ပွဲ ဆန့်ကျင်လူထုလှုပ်ရှားမှုပြုလုပ်

    စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် ရွေးကောက်ပွဲ ဆန့်ကျင်လူထုလှုပ်ရှားမှုပြုလုပ်

    အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ စစ်ကောင်စီရဲ့ရွေးကောက်ပွဲတိုက်ဖျက်ရေး “No vote just trap” လူထုလှုပ်ရှားမှု တခုကို မန္တလေးမြို့တွင်း လူစည်ကားရာနေရာတွေမှာ ပြုလုပ်ခဲ့ပါတယ်။

    No Vote Just Trap “မဲမပေးနဲ့ ထောင်ချောက်” စာတန်းပါ အင်္ကျီကိုဝတ်ဆင်ပြီး မန္တလေးရဲ့ အထင်ကရ နေရာတွေမှာ လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

    ဒီလူထုလှုပ်ရှားမှုကိုတော့ စစ်ခေါင်းဆောင် မန္တလေးကို ရောက်နေချိန်မှာပဲ မန္တလေးမြို့ ဘုရားကြီး၊ မန္တလေးတောင်တော် ခြင်္သေ့ကြီးနှစ်ကောင်၊ ဈေးချိုတော် နာရီစင်၊ ကျုံးဘေး၊ စည်ပင်ရုံးရှေ့၊ ဘုရားပွဲခင်းနဲ့ အထင်ကရ လမ်းမကြီးတွေမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

  • ဘုတလင် စစ်ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး

    ဘုတလင် စစ်ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ နှစ်ရှည်​ စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက်မှာ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားလို့ စစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေကြရတယ်လို့ ​ဒေသခံတွေဆီကနေ သိရပါတယ်။

    ဒေသခံတယောက်က “ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ ဇီးတောအနောက်ရွာနားက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ အရပ်အခေါ် တဲတိုက်စစ်ရှောင်စခန်းတွေကို စစ်တပ်စစ်ကြောင်းက လာရောက်မီးရှို့ဖျက်ဆီးသွားကြတာ” လို့ ပြောပါတယ်။

    စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ နမခ ကနေ အောက်တိုဘာ ၃ ရက်မှာ စတင်ထွက်လာတာဖြစ်ပြီး ဇီးတောအနောက်ကျေးရွာမှာ တည တပ်စွဲနေခဲ့ကာ ကျေးရွာအနီးမှာ ရှိတဲ့ စစ်ဘေးရှောင်စခန်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။

    ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “ဇီးတောအနောက်ရွာ ဆိုတာက မုံရွာ-ဘုတလင် ကားလမ်းပေါ်က ဘုတလင်မြို့နယ်အဆုံးမှာ ရှိတဲ့ ရွာတရွာ ဖြစ်ပါတယ်။ မုံရွာ နမခ က ထွက်လာတဲ့ စစ်ကြောင်းတိုင်းလိုလို ဇီးတောအနောက်ရွာကို စစ်ကြောင်းထိုးလေ့ရှိပြီးတော့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး​တာတွေ မကြာခဏလုပ်နေလို့ အဲဒီရွာခံတွေက နီးစပ်တဲ့ တောတောင်တွေထဲမှာ တစု တစုဆီ တဲတိုက်တွေထိုးပြီး နေထိုင်နေကြရတာ ၂ နှစ်ကျော် ၃ နှစ်နီးပါး ရှိနေ​ကြပါပြီ။ လူဦးရေအားဖြင့်ကတော့ ၁,၅၀၀ ဝန်းကျင်ရှိတယ်။ အဲဒီစစ်ကြောင်းက ဇီးတောအနောက်ရွာထဲမှာ တညအိပ်ပြီး ရွာနဲ့မလှမ်းမကမ်းက စစ်ရှောင်တဲတိုက်တွေဘက်ကို စစ်ကြောင်းထပ်ထိုးတာ။ စစ်ဘေးရှောင်တွေလည်း သူတို့တဲတိုက်တွေကနေ ထပ်ပြီး ပြေးရတာပေါ့။ ကျန်နေခဲ့တဲ့ တဲတိုက်တွေထဲက ၅ လုံးလောက် မီးရှို့ခံရတယ်။ စစ်ရှောင် ၅ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းသွားပြီးတော့ သူတို့စစ်ကြောင်း ပြန်ခေါက်တဲ့နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရတယ်ဗျ။ ပြန်လွတ်လာတဲ့သူတွေနဲ့တော့ လူချင်းမတွေ့ရသေးဘူး” လို့ ပြောပါတယ်။

    အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အောက်တိုဘာ ၄ ရက် ညနေပိုင်းမှာတော့ မုံရွာ နမခ ထဲကို ပြန်လည် ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

    ဇီးတောအနောက်ကျေးရွာက နှစ်ရှည်စစ်ဘေးရှောင်တွေကိုတော့ ဘုတလင်မြို့နယ် လူသားစာနာအဖွဲ့ကပဲ လိုအပ်တဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးနေရတယ်လို့ လည်း သိရပါတယ်။

  • သေဆုံးသွားသူတို့၏အမည်များ မဲစာရင်းတွင် ပါနေကြောင်း ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ပြော

    သေဆုံးသွားသူတို့၏အမည်များ မဲစာရင်းတွင် ပါနေကြောင်း ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ပြော

    နေပြည်တော်တွင် မဲဆွယ်နေသော ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှဆွေက လပိုင်းအတွင်းကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်း မှားယွင်းနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု အောက်တိုဘာ ၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။

    “ဥပမာ… မင်္ဂလာဒီပလို ရပ်ကွက်မျိုးမှာဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မပါဘူးဗျာ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရဲ့မိသားစုက မဲစာရင်းမပါဘူး။ ကျန်တဲ့လူတွေပြောမနေနဲ့။ အဲဒီလိုတွေဖြစ်တယ်။ သေသွားတဲ့သူတွေ ပြန်ပါနေတာရှိတယ်။ နောက်တခါ အပြီးပြောင်းသွားတဲ့သူတွေ။ အဲ့ဒီလူတွေလည်း ပြန်ပါနေ တယ်” ဟု သူက အွန်လိုင်းတွင် ရုပ်သံရိုက်ကူးထုတ်လွှင့်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

    “ကွာတာက တော်တော် ကွာတာ။ ၅၀၀ မှာ ၃၀၀ လောက် ကွာနေတာ၊ ဒါက သိပ်မကောင်းဘူး”

    မဲစာရင်းမှားယွင်းမှုနှင့် ကျင့်သားရနေသော မြန်မာနိုင်ငံတွင် စစ်တပ်က ထိုစာရင်း အကြောင်းပြ အာဏာသိမ်းထားစဉ် ပေါ်ထွက်လာသော ဦးလှဆွေ၏ ပြောဆိုချက်မှာ အွန်လိုင်းတွင် နေ့တွင်းချင်း ပျံ့နှံ့သွားသည်။

    ၂၀၁၃ ခုနှစ်အတွင်းက အမျိုးသားလွှတ်တော်၌ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် အဆိုတစ်ခုဆွေးနွေးရာတွင် စစ်အရာရှိဟောင်း လွှတ်တော်အမတ် ဦးလှဆွေက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ရွှေလက်ဖြင့် ခေါ်လို့မလာလျှင် ဘူးလက် (ကျည်ဆံ) ဖြင့် ခေါ်မည်ဟု ပြောဆိုရာမှ ဘူးလက်လှဆွေဟု နာမည်ကြီးလာသည်၊ သူကလည်း ထိုသို့ ခေါ်ဝေါ်ခံရပြီးနောက် သူ၏ ကလောင်အမည်၊ ထုတ်ဝေသည့် ဂျာနယ်အမည်တို့တွင် “ဘူးလက်”ကို ထည့်သွင်းခဲ့သည်။

    ယခုအခါ ပါတီ၏ ပြည်ထောင်စုနယ်မြေဥက္ကဌတာဝန် ယူထားသော ဘူးလက်လှဆွေသည် စစ်တပ်ကကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်ဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ် ရပ်ကွက်ကျေးရွာများတွင် လှည့်လည် မဲဆွယ်လျက်ရှိသည်။

    ၎င်းတို့၏ ပါတီဥက္ကဋ္ဌဦးခင်ရီကလည်း မဲဆွယ်ခရီး ထွက်နေပြီး အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်တွင် အမျိုးသားရေး အမည်ခံ “ပါတီဝန်းရံသူမိတ်ဆွေများ”ကို တွေ့ဆုံကြောင်း သတင်းထုတ်ပြန်ထားသည်။