Category: News

  • ရွှေဘိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်

    ရွှေဘိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်

    ရွှေဘိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိ (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောဆိုသည်။

    အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် တပ်မ ၃၃ လက်အောက်ခံ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) မှ စစ်အင်အား ၆၀ ဖြင့် ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းက ရွှေဘိုမြို့တောင်ဘက်မုခ် Good Brother ရုံးမှတစ်ဆင့် တဂဏန်းကျေးရွာအတွင်းသို့ ဝင်ရောက် လာကြောင်း၊ ယင်းနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အဆိုပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်း ပူးပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း စစ်တပ်ဘက်မှ တပ်ကြီးစံထွေး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၁၀ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

    ထို့ပြင် စစ်တပ်ဘက်မှ တပ်ကြပ်အဆင့် ၁ ဦး၊ စစ်မှုထမ်းတပ်သားသစ် (ပစ) အဆင့် ၃ ဦးကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများတွင် ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ MA 3 ၁ လက်၊ MA 1 ၁ လက်၊ ၆၀မမ အဖူး ၁ ဖူး၊ RPG-7အဖူး၂ ဖူး၊ ကျောလွယ်ဂျန်မာ ၁စုံ၊ ၅.၅၆ကျည် ၁၀၀ တောင့်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ စစ်ဆင်ရေး တိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ – Together We Can နှင့် ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၅ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group ပြည်သူ့ကာကွယ် ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့_တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အထိနာသွားသော စစ်တပ်မှာ အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရွှေဘိုမြို့နယ်၊ တဂဏန်း ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း ၊တိုက်ပွဲဖြစ်နေစဉ် ရွှေဘိုကညန ရုံးတွင် တပ်စွဲထားသော စစ်တပ်နှင့် ရွှေဘိုမြို့ အခြေစိုက် အမှတ် ၂ ထောက်ပို့တပ် က လက်နက် ကြီးများ ဟောင်ဝှစ်ဇာအမြောက်များဖြင့် ပစ်ကူပေးခဲ့ရာရွှေဘိုမြို့ကားကြီးကွင်းအနီး အောင်မြေဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် အောင်မြေဘုန်းကြီးကျောင်းမှ ကိုယ်ရင်လေး ၄ ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ရဲဘော် ၃ ဦး ဒဏ်ရာရရှိကြောင်း၊ ဖမ်းဆီးထိန်းသိမ်းရမိသော စစ်သုံ့ပန်း၏ပြောကြားချက်နှင့် တော်လှန်ရေး ရဲဘော်များ၏ မျက်မြင်အရ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု အလွန်များပြားခဲ့​ကြောင်း သိရသည်။

  • မြန်မာဒုက္ခသည်များ ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့် ရပြီ

    မြန်မာဒုက္ခသည်များ ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့် ရပြီ

    ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်နိုင်ကြပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာသည်။

    လုပ်သားမလုံလောက်မှုကို ဖြေရှင်းရန် ထိုင်းအစိုးရအဖွဲ့က ဒုက္ခသည်များ နိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပြုသည့် ဆုံးဖြတ်ချက်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် အတည်ပြုပြီးနောက် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။

    အောက်တိုဘာလ ၁ နေ့တွင် စတင်သက်ဝင်သည့် ထိုဆုံးဖြတ်ချက်သည် လုပ်ငန်းအမျာအပြားတွင် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပြီး ဒုက္ခသည်များ စီးပွားရေးတွင် တရားဝင်ပါဝင်စေရန် အခွင့်အလမ်းပေးသည့် အစိုးရ၏ အစီအစဉ်နှင့် ကိုက်ညီသည်ဟု အလုပ်သမားဝန်ကြီး ထရီနပ်ချ် သိန်ထောင်က အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောသည်။

    ထိုသို့ပြုလုပ်သောကြောင့် မဲဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီနှင့် ရက်ချာဘူရီ ပြည်နယ်များမှ စခန်းများတွင် အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်း ဒုက္ခသည် ၄၂,၆၀၁ ဦး အကျိုးခံစားရမည်ဖြစ်ပြီး ၎င်းတို့အနက် ၁၂,၀၀၀ သည် အလုပ်လုပ်ရန် စိတ်ဝင်စားကြောင်း ပြောကြားထားသူများဖြစ်သည်ဟု အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် ပီချက် ထောင်ဖန်က ပြောသည်။

    အလုပ်ရှင်များက အလုပ်သမား လစ်လပ်နေရာ ၆,၁၅၂ နေရာ မှတ်ပုံတင်ထားသည်ဟု ၎င်းကပြောသည်။

    အလုပ်သမားလိုအပ်ချက် အမြင့်မားဆုံးကဏ္ဍများတွင် ဆောက်လုပ်ရေး၊ အီလက်ထရောနစ် ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ အစားအသောက်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေးတို့ ပါဝင်သည်ဟု ညွှန်ကြားရေးမှူးချုပ် ပီချက် ထောင်ဖန်က ပြောသည်။

    ဒုက္ခသည်စခန်းများမှ အလုပ်သမားခေါ်ယူလိုသည့် အလုပ်ရှင်များသည် ၎င်းတို့ ဖြည့်ဆည်းလိုသည့် လစ်လပ်နေရာများကို ရာထူးနေရာနှင့် စာချုပ်သက်တမ်း အသေးစိတ်ဖော်ပြပြီး ၎င်းတို့၏ ဒေသဆိုင်ရာ အလုပ်အကိုင်ရုံးများတွင် ဦးစွာ မှတ်ပုံတင်ရမည်ဖြစ်သည်။

    သက်ဆိုင်ရာအာဏာပိုင်များသည် ၎င်းတို့စာရင်းပြုစုထားသည့် သင့်တော်သော အလုပ်အကိုင် လျှောက်ထားသူများကို ရွေးချယ်ရန် အလုပ်ရှင်များကို ညွှန်ကြားမည်ဖြစ်သည်။

    ထို့နောက် အလုပ်သမားများသည် ထိန်းချုပ်နေရာများမှ ထွက်ခွာခွင့်ရရန် ခရိုင်အာဏာပိုင်များထံမှ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်သည်။ စခန်းပြင်ပသို့ ရောက်သောအခါ အလုပ်အကိုင်ရှိရာပြည်နယ်မှ အာဏာပိုင်များသို့ ၄၈ နာရီအတွင်း သတင်းပို့ရမည်ဖြစ်သည်ဟု မစ္စတာ ပီချက်က ပြောသည်။

    ထို့နောက် အလုပ်ရှင်သည် အလုပ်သမားကို အစိုးရဆေးရုံသို့ ပို့ဆောင်ကာ ကျန်းမာရေး စစ်ဆေးပြီး ၎င်းတို့အတွက် အာမခံ မှတ်ပုံတင်ရမည် ဖြစ်သည်။

    ထို့နောက် အလုပ်ရှင်သည် လိုအပ်သော စာရွက်စာတမ်းများဖြင့် အလုပ်လုပ်ခွင့် လျှောက်ထားရမည် ဖြစ်သည်။

    ကနဦးလျှောက်ထားခွင့်ကို ဘတ် ၁၀၀ သတ်မှတ်ထားပြီး နှစ်စဉ်သက်တမ်းတိုးခွင့်မှာ ဘတ် ၉၀၀ ဖြစ်သည်။ အလုပ်သမားများသည် နိုင်ငံခြားသားများအတွက် တားမြစ်သည်ဟု အတိအလင်း ကြေညာမထားသည့် မည်သည့် အလုပ်ကိုမဆို လုပ်နိုင်သည်။

    ဥပဒေနှင့် အညီဖြစ်ရေးအတွက် အလုပ်ရှင်များအနေဖြင့် လုပ်ထုံးလုပ်နည်း လိုအပ်ချက် အားလုံးကို လိုက်နာရန် မစ္စတာ ပီချက်က တိုက်တွန်းသည်။ လမ်းညွှန်များနှင့် အကူအညီများကို တနိုင်ငံလုံးမှ ပြည်နယ်အလုပ်အကိုင်ရုံးများတွင် သို့မဟုတ် အလုပ်သမားဝန်ကြီးဌာန အရေးပေါ်ဖုံး ၁၅၀၆ တွင် မေးမြန်းနိုင်သည်။

    ကိုးကား ။ ။ Bangkok Post သတင်း Myanmar refugees now eligible for work

  • မလှိုင်တွင် ၁၃ နှစ်အရွယ် ကလေးငယ်ကို စစ်တပ်က မုဒိမ်းကျင့်ပြီး မိသားစုဝင်များနှင့်အတူ သတ်ဖြတ်

    မလှိုင်တွင် ၁၃ နှစ်အရွယ် ကလေးငယ်ကို စစ်တပ်က မုဒိမ်းကျင့်ပြီး မိသားစုဝင်များနှင့်အတူ သတ်ဖြတ်

    မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သလို မိသားစုဝင်တွေကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ဒေသခံတယောက်က “အခု သတ်ဖြတ်ခံရသူတွေနေတဲ့ရွာက နွားထိုးကြီးမြို့နယ်အစပ် မလှိုင်မြို့နယ်အဆုံးမှာရှိတဲ့ အိမ်ကြီးတောရွာမှာပါ။ စစ်တပ်စစ်ကြောင်းက ၄၊ ၅ ရက်လောက်ဝင်ပြီး တပ်စွဲနေခဲ့တာဆိုတော့ ဘယ်နေ့က သတ်ဖြတ်သွားခဲ့တယ်ဆိုတာတော့ အတိအကျမသိရဘူးပေါ့နော်။ စစ်တပ်စစ်ကြောင်းက ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့မနက်အထိ တပ်စွဲသွားတာဆိုတော့ အသတ်ခံရတဲ့နေ့ကိုတော့ အတိအကျမသိနိုင်ဘူးဗျ” လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ၁၀၀ ကျော်နဲ့ စက်တင်ဘာ ၂၃ ရက်ကနေ အိမ်ကြီးတောကျေးရွာနဲ့ အနီးအနားကကျေးရွာတွေကို စစ်ကြောင်းထိုးတပ်စွဲပြီး ပြည်သူတွေကိုသတ်ဖြတ်ကာ စက်တင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းအထိ ၅ ရက်နီးပါးကြာ တပ်စွဲနေခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

    နွားထိုးကြီးမြို့ခံတယောက်က “အိမ်ကြီးတောရွာဘက်ကို စစ်ကြောင်းဝင်လာတော့ ပြေးနိုင်တဲ့သူတွေက ထွက်ပြေးသွားကြသလို မပြေးနိုင်ဘဲရွာထဲမှာကျန်နေခဲ့တဲ့သူတွေလည်းရှိတာပေါ့။ မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့မိသားစုမှာက ကျန်းမာရေးမကောင်းတဲ့သူတွေရှိနေတော့ မပြေးနိုင်ကြဘူး။ စစ်သားတွေက အဲဒါကို အခွင့်ကောင်းယူပြီး ၁၃ နှစ်အရွယ် ကလေးမလေးကို မုဒိမ်းကျင့်ပြီးသတ်သွားတာ။ စစ်သားတွေက ကလေးမလေးကိုမုဒိမ်းကျင့်နေတော့ သူ့အမေကတားလို့ဆိုပြီး ပစ်သတ်တယ်။ နောက်ပြီး အရက်နာကျနေတဲ့ သူ့အကိုရယ် ကျန်းမာရေးမကောင်းတဲ့ သူ့ညီမလေးတွေလည်း ပစ်သတ်သွားကြတယ်။ အသတ်ခံရတာက သူတို့မိသားစုဝင်အားလုံး ၃ ယောက်ပါ” လို့ ပြောပါတယ်။

    ဖြစ်စဉ်ကို ရွာမှာကျန်ခဲ့သူတွေဆီက သိရကြောင်းနဲ့ သေဆုံးသူညီအမနှစ်ယောက်ဟာ အသက် ၁၃ နှစ်နဲ့ ၈ နှစ်ဝန်းကျင်အရွယ်လို့ သိရပါတယ်။

    မလှိုင်မြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းစတင်ဝင်ရောက်လာတဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ပန်းအိုင်ကျေးရွာမှာနေတဲ့ အသက် ၇၀ အရွယ် အမျိုးသား ၁ ယောက်ကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်သွားခဲ့ကြသေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

  • ရေကြည်က ရွာအချို့တွင် ထောက်ခံစာပါမှ ဈေးဝယ်ခွင့်ပေး

    ရေကြည်က ရွာအချို့တွင် ထောက်ခံစာပါမှ ဈေးဝယ်ခွင့်ပေး

    တိုက်ပွဲတွေရှိနေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဈေးဝယ်ဖို့အတွက် ထောက်ခံစာပါမှ သွားခွင့်ပေးပြီး ထောက်ခံစာတစောင်ကိုလည်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျပ် ၁၀,၀၀၀ တောင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ရေကြည်မြို့နယ်၊ ညောင်မှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မင်းဇော်က စက်တင်ဘာလတတိယ အပတ်ကစတင်ပြီး ရွာသားတွေအနေနဲ့ ရေကြည်မြို့ပေါ်နဲ့ တခြားဒေသတွေကို သွားရောက်ပြီး ဘယ်ကုန်ပစ္စည်းမဆိုဝယ်ယူလိုရင် ဈေးဝယ်ထောက်ခံစာတရွက်ကို ကျပ် ၁၀,၀၀၀ ပေးမှ လုပ်ပေးတာဖြစ်ပြီး ထောက်ခံစာမလုပ်ဘဲ ဈေးဝယ်သွားခွင့်မပေးဘူးလို့ သိရပါတယ်။

    ဒေသခံ တယောက်က “ထောက်ခံစာမပါဘဲ ဈေးသွားဝယ်လို့အဖမ်းခံရရင် တာဝန်မယူဘူးလို့ပြောတာ။ ထောက်ခံစာကျတော့ တရွက် ၁၀,၀၀၀ အထိကောက်တာ။ ရွာကနေ ရေကြည်ဘက်သွားသွား။ ငါးသိုင်းချောင်းဘက်သွားလုပ်ရတာ” လို့ ပြောပါတယ်။

    ထောက်ခံစာမပါဘဲ ဈေးဝယ်ထွက်တဲ့သူတွေကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တွေက ရွာထိပ်စစ်ဆေးရေးဂိတ်ကနေ စောင့်ဖမ်းပြီး ငွေကျပ် ၁ သိန်းအထိ ဒဏ်ရိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ထောက်ခံစာပါ၊ မပါကို ရွာထိပ်မှာစစ်ဆေးတယ်။ ထောက်ခံစာပါမှ ဆက်သွားခွင့်ရတာ။ မပါရင်အဖမ်းပါခံရတာ။ အဖမ်းခံရပြီးဆို ထောက်ခံစာဖိုးထက် ၁၀ ဆ ပိုပေးရတယ်။ အုပ်ချုပ်ရေးမှူး လုပ်ပေးတဲ့ ထောက်ခံစာကလည်း လုပ်ပေးတဲ့နေ့နဲ့ နောက်တနေ့၊ ၂ ရက်လောက်ပဲသက်တမ်းက အကျုံးဝင်တယ်” လို့ ပြောပါတယ်။

    ပြီးတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းဇော်နဲ့အဖွဲ့ဟာ ရွာသားတွေ အပြင်ထွက်ဝယ်ယူလာတဲ့ ကုန်ပစ္စည်းမှန်သမျှကို ဖွင့်ဖောက်စစ်ဆေးပြီး ထောက်ခံစာကြေးနဲ့ အပြင်ထွက် ခွင့်ကန့်သတ်ချက်တွေကြောင့် ကုန်ပစ္စည်းအများအပြား ဝယ်လာရင်လည်း PDF အတွက် ဝယ်လာတာလားလို့ မေးပြီး သိမ်းယူနေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် မှတ်ပုံတင်၊ ဒါမှမဟုတ် စမတ်ကတ်တွေကိုပါ စစ်ဆေးပြီး စစ်ဆေးတာကိုငြင်းဆန်မိတဲ့ အရပ်သား ၉ ယောက်ကိုလည်း စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးရိုက်နှက် စစ်ဆေးဖူးတယ်လို့ သိရပါတယ်။

  • ဆေးရုံမှာ လချီတက်ရောက်ပြီး ဆေးကုသခံနေတဲ့ စစ်အရာရှိတွေ ဆေးရုံအမြန်ဆင်းဖို့ စစ်အုပ်စုက ဖိအားပေး

    စစ်ဆေးရုံတွေမှာ လချီတက်ရောက်ပြီး ဆေးကုသခံနေတဲ့ စစ်အုပ်စုလက်အောက်ခံ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ ဗိုလ်တွေကို ဆေးရုံကနေ အမြန်ဆုံးဆင်းဖို့ စစ်အုပ်စုရဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးကနေ ဖိအားပေးကာ ဆေးရုံဆင်းဖို့နဲ့ ဆေးရုံပြောင်းရွှေ့ခိုင်းတဲ့ လျှို့ဝှက်ညွှန်ကြားစာတစ်စောင်ကို CJ Platform က လက်ခံရရှိထားပါတယ်။

    ဆေးရုံတွေမှာ တစ်လနဲ့အထက် တက်ရောက်ပြီး ဆေးကုသမှုခံယူနေတဲ့ စစ်အုပ်စုလက်အောက်ခံ အရာရှိ ၁၄၂ ဦးထိ ရှိနေပြီး၊ အချို့ဟာ ၁ နှစ်ကျော်ထိ ဆေးရုံတွေမှာ တက်ရောက်နေခဲ့တာဖြစ်ပါတယ်။

    ဆေးရုံဆင်းဖို့ ဖိအားပေးခံရသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ယာယီ ဒုတိယဗိုလ်မှူးကြီး ၄ ဦး၊ ဗိုလ်မှူး ၂၇ ဦး၊ ယာယီဗိုလ်မှူး ၄ ဦး၊ ဗိုလ်ကြီး ၈၅ ဦးနဲ့ ဗိုလ်အဆင့်တွေပါ ပါဝင်နေပါတယ်။

    စစ်အုပ်စုဟာ ဆေးရုံတက်ကာလ ကြာမြင့်နေတဲ့ အရာရှိတွေကို စိစစ်ပြန်ကြားရေးလို့ ရည်ညွှန်းပြီး စစ်ရာထူးခန့်ချုပ်ရုံးက စက်တင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ ဆေးရုံတက်ရက် တစ်လကျော်ကြာမြင့်နေတဲ့ အရာရှိတွေကို ဆေးရုံအမြန်ဆုံးဆင်းဖို့နဲ့ ဆေးရုံပြောင်းဖို့အတွက် ထည့်သွင်းညွှန်ကြားထားတာကို ပေါက်ကြားလာတဲ့ လျှို့ဝှက်ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။