Category: News

  • မိုးကုတ်မီလီယံနာသူကြွယ်ကြီးယောဆက် ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှု သမီးဖြစ်သူဖွင့်ချ

    မိုးကုတ်မီလီယံနာသူကြွယ်ကြီးယောဆက် ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှု သမီးဖြစ်သူဖွင့်ချ

    ကျောက်သူဌေးကြီး ယောဆက်ဆိုလျှင် တနိုင်ငံလုံးမသိသူမရှိကြပေ။

    သူသည်လီဆူအမျိုးသား ကျောက်မျက် ရတနာသူကြွယ်ကြီး၊ရန်ကုန် ဗဟန်းမြို့နယ်နှင့် ပတ္တမြားမြေ မိုးကုတ်မြို့ရှိရွှေလိပ်ပြာ ဟိုတယ်များ၏ပိုင်ရှင်ဖြစ်သည်။

    ဦးယောဆက်သည် နဝတခေတ်တွင် ကျောက်လုပ်ငန်းဖြင့်အလွန်ကြီးပွားချမ်းသာလာပြီး မိုးကုတ်မြို့၏လက်တဆုပ်စာထိပ်သီးသူကြွယ်စာရင်းဝင်ဖြစ်သည်။

    ဦးယောဆက်သည် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း(MEEA)၏ ဥက္ကဋ္ဌ တာဝန်ယူဖူးသည်။

    ယနေ့ စက်တင်ဘာ ၂၀ ညပိုင်းတွင် ဦးယောဆက်၏သမီးဖြစ်သူ ဂျူလီယာဆက်က ဖခင်ဖြစ်သူ၏ ဆယ်စုနှစ်ကြာ အိမ်တွင်းအကြမ်းဖက်မှု ကိုဖွင့်ချလာသည်။ ဦးယောဆက်သည် ဇနီးဖြစ်သူနှင့် သားသမီးများ ကိုအကြမ်းဖက်ရိုက်နှက် သူဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်နှင့်တကွ ဖွင့်ချလာခဲ့သည်။

    ဂျူလီယာဆက်သည် ဖက်ရှင်လောကတွင် ကာလာပညာရှင်၊ အရောင်ပညာရှင် (Image consultant)အဖြစ် နာမည်ရလာသည့်အမျိုးသမီးငယ်ဖြစ်သည်။

    “ ၂၀၁၁ ကနေ ၂၀၂၅ အထိ ၁၄ နှစ်တိုင်တိုင်ပါ။ ကလေးဘဝမှာ ဘာမှမကယ်နိုင်ပဲ အမေအရိုက်ခံရတာကိုကြည့်ပြီးကူရာမဲ့ဖြစ်ခဲ့ ကြိုးစားပြီးအခုကိုယ့်ဟာကိုပိုက်ဆံရှာနိုင်မှဇူလိုင် ၂၀၊၂၀၁၅ မခံနိုင်လို့ အိမ်ပေါ်ကနေ အမေကိုရအောင်ကယ်ထုတ်ပြီး သားအမိသုံးယောက်ထွက်ပြေးခဲ့တာပါ.. ရိုက်နှက်ခံထားရတဲ့သက်သေတွေလဲရှိပါတယ် ဒီ video က ကျွန်မအဖေရိုက်လို့ခံခဲ့ရတဲ့ video တစ်ခုကိုတင်လိုက်တာပါ” ဟု ဂျူလီယာဆက်ကရေးသားခဲ့သည်။

    အထက်ပါအကြောင်းအရာကို အတည်ပြုရန် ရွှေလိပ်ပြာဟော်တယ်နှင့် မိုးကုတ်မြို့မှ နီးစပ်သူများကို စုံစမ်းခဲ့သော်လည်း တိကျစွာ အတည်ပြုနိုင်ခြင်းမရှိပါ။

    သို့သော် ဦးယောဆက်နှင့် ဂျူလီယာဆက်မှာ သားအဖ တော်စပ်ကြောင်းကိုအတည်ပြုနိုင်ခဲ့သည်။

    ဦးယောဆက်သည် အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏ ထိပ်သီးသူကြွယ်စာရင်းမှ ဖယ်ပေးခဲ့ရသည်။

    သူ၏နောက်တွင် ခရိုနီသူဌေးများစွာနေရာယူလာပြီး စစ်တပ်နှင့်ပလဲနံသင့်သော ဦးတေဇနှင့်ဦးအောင်ကိုဝင်း တို့က ပို၍ကျော်ကြားလာခဲ့သည်။

    ပြီးခဲ့သည့် ဇူလိုင်လကမိုးကုတ်မြို့ရှိ၎င်း၏ ရွှေလိပ်ပြာဟိုတယ်သည်လည်းစစ်အုပ်စုမှ လေကြောင်းဗုံးကျဲ၍ပျက်စီးခဲ့သည်။

    သို့သော် ဦးယောဆက်သည်ကျောက်မျက်လုပ်ငန်းရှင်များစွာအိမ်မက်ရသည့်သူကြွယ်ဘဝကို လက်တွေ့ ပိုင်ဆိုင်ထားသည့် ကံကောင်းသောသူကြွယ်ဖြစ်သည်။

    သူ၏ ချမ်းသာကြွယ်ဝလာမှုတွင် ကံကြောင့်လည်းအများကြီးပါဝင်ကြောင်းဦးယောဆက်က ၂၀၁၃ ခုနှစ်ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင်ယခုလို ပြောဆိုခဲ့ဖူးသည်။

    “ဗုဒ္ဓဘာသာလို ပြောမယ်ဆိုရင်တော့ ကံ ပေါ့။ ခရစ်ယာန်လိုပြောမယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးပေါ့ဗျာ။ သူများထက်စာရင် ကျနော် နည်းနည်း ပိုကံကောင်းတယ်လို့ပဲ ခံယူတာပေါ့” ဦးယောဆက်၏ ကျောက်တလုံးသည် ၁၉၉၃ ခုနှစ်က ဒေါ်လာငါးသန်းရှစ်သိန်းနှင့်လေလံ အောင်ဖူးသည်ဟု ၎င်းကိုယ်တိုင်ပြောကြားဖူးသည်။

    သူဌေးကြီး ဦးယောဆက်သည်အိမ်ထောင် နှစ် ဆက်ကျခဲ့ပြီး ၎င်း၏ လက်ရှိ ဇနီးသည်မှာ ဒီပဲယင်းဇာတိဖြစ်ပြီး မသီတာဟု သိရသည်။

    ပထမအိမ်ထောင်နှင့် သားသမီး ၇ ဦးထွန်းကားခဲ့ပြီး ဒုတိယ အိမ်ထောင်နှင့် ၃ ဦးဖြစ်သည်။

    ဦးယောဆက်သည် ၁၉၉၉ ခုနှစ်အတွင် သစ်လုပ်ငန်းနှင့် ထောင်ဒဏ် ၁၂ နှစ်ကျခဲ့ပြီး ထိုနှစ်များအတွင်း ဇနီးသည်က ပုံမှန်ဂရုစိုက်ပေးခဲ့သည်ဟု ကျေးဇူးတင်စကား ဆိုဖူးသည်။

    “ ကျနော့်အမျိုးသမီး အငယ် (ဒုတိယအိမ်ထောင်) က အများကြီး ပေးဆပ်လာခဲ့တယ်။ထောင်သက် ၁၂ နှစ်မှာ ထောင်ဝင်စာကို မပျက်အောင် လာတဲ့ သူ့ရဲ့ ကျေးဇူးတွေ ရှိတယ်။ သူ့ကျေးဇူးကို ကျနော် မမေ့ဘူး။ သူ့ကိုလည်း ပြောပြပါတယ်၊ လူတယောက်က ကျေးဇူးတရားကို သိဖို့တော့ လိုတာပေါ့။ ကျနော် အပျော်အပါး ဆိုတဲ့ဟာကို စိတ်တောင် မကူးချင်တော့ဘူး” ဟု ဦးယောဆက် ၂၀၁၃ ခုနှစ်ကဆိုခဲ့သည်။

    လက်ရှိတွင်တော့ ဦးယောဆက်၏ သမီးဂျူလီယာဆက်က တရားဥပဒေအရဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်နေပြီး ၎င်းတို့ မိသားစုကို ဝိုင်းဝန်းကူညီကြရန် လူမှုကွန်ရက်ပေါ်မှ အကူအညီတောင်းခံထားသည်။

    “ ပိုက်ဆံဂုဏ်ဒြပ် အာဏာတွေရှိပြီး ပြန်မလုပ်နိုင်တဲ့သူတွေ ကို မတရား အနှိုင်ကျင့်တာတွေကို မခံတော့ဘူးရှင့်” လို့ ဂျူလီယာဆက်က ရေးသားထားသည်။

    ဂျူလီယာဆက် ရေးသားမှု အပြည့်အစုံ

    ကျွန်မအဖေ မိုးကုတ်ရွှေလိပ်ပြာဟိုတယ် ပိုင်ရှင် ဦးယောဆက်သည် အိမ်တွင်းအကြမ်းဖက် နှိုပ်စက်ပြီး အမေ့ကို သွေးထွက်သံယို ဖြစ်အောင် အကြိမ်ကြိမ် ရိုက်နှိက်ဆဲဆို နှိုပ်စက် အကြမ်းဖက်ခဲ့တာက(2011) ကနေ (2025) အထိ 14 နှစ်တိုင်တိုင်ပါ။

    ကလေးဘဝမှာ ဘာမှမကယ်နိုင်ပဲအမေအရိုက်ခံရတာကိုကြည့်ပြီးကူရာမဲ့ဖြစ်ခဲ့ ကြိုးစားပြီးအခုကိုယ့်ဟာကိုပိုက်ဆံရှာနိုင်မှ July 20 2025 မခံနိုင်လို့ အိမ်ပေါ်ကနေ အမေကို ရအောင် ကယ်ထုတ်ပြီး သားအမိ သုံးယောက် ထွက်ပြေးခဲ့တာပါ ရိုက်နှက်ခံထားရတဲ့သက်သေတွေလဲရှိပါတယ်

    ဒီ video က ကျွန်မအဖေရိုက်လို့ခံခဲ့ရတဲ့ video တစ်ခုကိုတင်လိုက်တာပါ

    အခုအဖေက အမေက ပစ္စည်းတွေ ခိုးသွားပါတယ် ဆိုပြီး မဟုတ်မမှန်တဲ့ စွတ်စွဲမှု တွေနဲ့ လိုက်နှောက်ယှက်တယ်သူနဲ့မပေါင်းရင် ဒုက္ခမရောက်ရောက် အောင် လုပ်နေပါတယ် အမှုဖွင့်ထားလို့ရင်ဆိုင်ရတော့မှာပါ။

    ဒီနေ့လဲ စခန်းထိရောက်ပြီး ဖြေရှင်း နေတုန်း ပုန်းရှောင်နေတဲ့ Mercure ဟိုတယ်အခန်းထဲက အမေ့ပစ္စည်း တွေ အကုန် လုံး ကို Mercure hotel ဝန်ထမ်းတွေကို ပိုက်ဆံပေး သိမ်းခိုင်းပြီး အဖေက အတင်းအဓမ္မအာလုံးယူသွားပါတယ် ညီမလေးကိုလဲပြန်ခေါ်သွားပါတယ်

    အခု အမေက အဝတ်တထည် ကိုယ့်တစ်ခု နဲ့ တစ်ပြားတစ်ချက်မှ မရှိပဲ အမှုတွေကို ရင်ဆိုင်ရတော့မှာပါ

    ‼️သမီး တို့ကို တရားဥပဒေ နားလည်တဲ့သူတွေ ရှိရင် ကူညီ အကြံပေးကြပါရှင့် ‼️

    ‼️နောက်ဆုံး မကူနိုင်ရင်တောင် သမီးတို့ တင်တဲ့ Post တွေကို လူတွေ တွေ့အောင် Share ပေးကြပါရှင့်

    ❌ပိုက်ဆံဂုဏ်ဒြပ် အာဏာတွေရှိပြီး ပြန်မလုပ်နိုင်တဲ့သူတွေ ကို မတရား အနှိုင်ကျင့်တာတွေကို မခံတော့ဘူးရှင့် ❌

    ခံခဲ့ရတာတွေအရမ်းများတာတွေတစ်ခါမှမပြောခဲ့ဘူး အခုအစအဆုံးတင်ပါတော့မယ်။

    နိုင်ငံကျော်မိုးကုတ်ကျောက်သူဌေးဦးယောဆက်၏ အိမ်တွင်းအကြမ်းဖက်မှု ဇာတ်လမ်းကို သမီးဖြစ်သူက ဖွင့်ချခဲ့သည်။

    ယနေ့တွင် ဂျူလီယာဆက်က မီဒီယာအချို့နှင့်တွေ့ဆုံပြီး တရားမျှတမှုရစေရေး ကူညီပေးရန် အများပြည်သူထံတောင်းဆိုခဲ့သည်။

    “ ဖခင်ကောင်းရှိတဲ့လူတွေအကုန်လုံး.. ကိုယ့်အဖေကို ခုချိန်မှာ သွားပြီးကျေးဇူးတင်စေချင်တယ်”

    “ တကယ်လို့ လာဆုတောင်းပြည့်မယ်ဆိုရင်ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေဘယ်မှာ မှမရှိပါစေနဲ့၊ တကမ္ဘာလုံးမှာပျောက်ပါစေလို့ ဆုတောင်းပါတယ်” ဟု ဂျူလီယာဆက်က ဆိုသည်။

  • ဒီအရွယ်လေးတွေနဲ့ အချူပ်ထဲမထည့်မှန်းသိတော့ စခန်းကိုဝင်လိုက်ထွက်လိုက်

    ဒီအရွယ်လေးတွေနဲ့ အချူပ်ထဲမထည့်မှန်းသိတော့ စခန်းကိုဝင်လိုက်ထွက်လိုက်

    ကိုင်းးတော်ရုံကိစ္စတွေဆိုအကျယ်အကျယ်မဖြစ်ချင်လို့ ဘာမှ မတင်ဖြစ်၊ မပြောဖြစ်ပေမယ့် ရှေ့မှာလဲ ကျွန်တော်တို့အသိ ၃/၄ ဆိုင်လောက် ခုလိုဖြစ်ခဲ့တာတွေနဲ့
    တိုက်ဆိုင်နေတာကြောင့်ရော မပြောရင် နောက်လူတွေ ထပ်ဖြစ်မှာစိုးလို့ သတိထားနိုင်အောင်လို့ တင်ပေးရခြင်းဖြစ်ပါတယ်ဗျာ……။

    ကျွန်တော်တို့ရဲ့ သစ္စာလမ်းဆိုင်ကို မနက် ၆ ခွဲလောက်မှာ သူခိုးဝင်ဖောက်တယ်။

    ဆိုင်က လိိတ်တံခါးက သွပ်ပြားကို ကလန့်ပီး အဲ့ကနေဝင်တယ်။

    ဝင်ဝင်ချင်း CCTV ကြီးကပြူးနေတော့ CCTV ကို ပိတ်ပီး စိတ်ကြိုက်ဝင်မွှေတယ်။

    ဆိုင်က ဖုန်း ၂ လုံးနဲ့ ငွေသားရယ် Pod တွေရယ် ယူသွားတယ်…။

    မနက်၇နာရီလောက် သိသိချင်းမှာ CCTV ပိတ်တုန်းက မြင်လိုက်ရတဲ့ရုပ်နဲ့ တိုက်ပီး စုံစမ်းတော့

    ခိုးသွားတဲ့ ပလုံကောက်တဲ့ ခလေးတွေရဲ့ နာမည်နဲ့ လိပ်စာအတိအကျပါသိရတာနဲ့ သိသိချင်း ရပ်ကွက်လူကြီးတွေ ရဲတွေနဲ့ လိုက်ဖမ်းလိုက်တာ

    မနက် ၉ နာရီခွဲလောက်မှာ ခိုးသွားတဲ့ ဖုန်းB၂ လုံးရယ်၊ ပစ္စည်းတချို့ တဝက်ရယ်နဲ့ ငွေသားတချို့တဝက် ပြန်ရတယ်…

    ပြောချင်တာက အခုမှ စမှာ

    ပုံကဘာလို့တင်ရလဲဆိုတော့ ဒီကောင်တွေက ပလုံကောက်ရင်း အဲ့လိုလုပ်စားနေတာကြာပြီ။

    သူတို့မိဘတွေ အုပ်ထိန်းသူဆိုတဲ့သူတွေကလဲ အလိုတူအလိုပါ
    ခိုင်းစားနေကြတဲ့သူတွေ။

    (ကလေးတွေခိုးလာတဲ့ပိုက်ဆံတွေကို သူတို့မိဘတွေက သုံးပီးနေကြပြီ)

    သူတို့အဲ့အရွယ်လေးတွေနဲ့ အချူပ်ထဲမထည့်မှန်းသိတော့ စခန်းကိုဝင်လိုက်ထွက်နဲ့ အရေထူနေကြတာ…..

    ရှေ့တပတ်ကမှ တစ်ခါပြန်လွှတ်ပေးထားတာလို့လဲ စခန်းက ပြောတယ်…။

    ကျွန်တော်တို့က ကလေးဆိုတော့သနားတာရယ် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာရပီး ပိုဆိုးသွားမှာစိုးလို့ နောက်မလုပ်ရင်တော်​ပြီ ဆိုပီး ပြန်လွှတ်လိုက်ပေမယ့် သူတို့ပုံစံတွေက ခုလိုလုပ်တာကိုပဲ နောင်တ တစက်လေးမှ ရမဲ့ပုံမပေါ်လို့ ပီးတော့ လွယ်လို့ခိုးတာမဟုတ်ပဲနဲ့ တမင်တကာကြီးကို ဆိုင်ဖောက်တာဖြစ်နေလို့ သတိထားနိုင်အောင်လို့ ရုပ်နဲ့တကွ တင်ပေးရခြင်းဖြစ်ပါတယ်….။

    (အခုတော့ သူတို့၄ယောက်လုံးကို ကတုံးတုံးပေးလိုက်တယ်ပြောပါတယ်)

    Yummy Pop House

  • ဗိုလ်ထိန်လင်းအောင် သေဆုံးမှု ၉ လကြာမှ မိသားစုကို စစ်တပ်က တရားဝင်စာပေးပို့

    ဗိုလ်ထိန်လင်းအောင် သေဆုံးမှု ၉ လကြာမှ မိသားစုကို စစ်တပ်က တရားဝင်စာပေးပို့

    ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲတွင် ဗိုလ်ထိန်လင်းအောင် သေဆုံးမှု ၉ လကြာမှ မိသားစုကို စစ်တပ်က တရားဝင်စာပေးပို့ အကြောင်းကြား

    နပခဌာနချုပ် အသိမ်းခံရသည့်တိုက်ပွဲတွင် သေဆုံး စစ်အရာရှိနှင့်စစ်သည် ၁၀၀၀ နီးပါးရှိသော်လည်း စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းပြီး မည်သည့်ခံစားခွင့်မှ မပေး

    ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် AA က တိုက်ခိုက်သိမ်းပိုက်ထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ထိန်လင်းအောင် သေဆုံးခဲ့မှုကို ယခုစက်တင်ဘာလ ၉ လကျော်ကြာမှသာကျန်ရစ်သူ မိသားစုထံသို့ စစ်တပ်က တရားဝင်စာပေးပို့ အကြောင်းကြားလာကြောင်း မိသားစုနှင့်နီးစပ်သော မိတ်ဆွေများက ပြောဆိုသည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဗိုလ်ထိန်လင်းအောင်သည် ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အသိမ်းခံရသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်သော်လည်း အလောင်းပြန်မရကြောင်း၊ ထို့ကြောင့် စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းထားခဲ့ပြီး ယခု စက်တင်ဘာလရောက်ရှိချိန် ၉ လကျော်ကြာမှသာ သေဆုံးသွားသည်ဟု စစ်တပ်က ကျန်ရစ်သူ မိသားစုထံသို့ အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရှိရသည်။

    “သေဆုံးတာ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသိမ်းခံရတော့ ကျဆုံးတာပါ။ အခုမှ မိသားစုကို စာပို့ပြီး သေဆုံးကြောင်း တရားဝင် အသိပေးတာ။ ၉ လကျော်ကြာမှ အသိပေးတာပါ” ဟု ကျန်ရစ်သူမိသားစုနှင့်နီးစပ်သူက ပြောဆိုသည်။

    ဗိုလ်ထိန်လင်းအောင်သည် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း အပတ်စဉ် ၁၅ ကျောင်းဆင်းဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်အင်ဂျင်နီယာ အရာရှိတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

    ဗိုလ်ထိန်လင်းအောင် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအနေဖြင့် အလောင်းပြန်လည် မရရှိသည့်အပြင် အသက်အာမခံကြေး၊ သက်စွန့်စရိတ် အပါအဝင် ခံစားခွင့်များလည်း မရရှိကြောင်း သိရှိရသည်။

    အမ်းမြို့ အခြေစိုက် နပခဌာနချုပ် အသိမ်းခံရသည့်တိုက်ပွဲတွင် သေဆုံး စစ်အရာရှိနှင့်စစ်သည် ၁၀၀၀ နီးပါး ရှိသော်လည်း စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းပြီး မည်သည့်ခံစားခွင့်မှ မပေးဘဲ ထားရှိထားကြောင်း ကျန်ရစ်သူစစ်တပ် မိသားစုဝင်များက ပြောဆိုသည်။

    အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်ခဲ့စဉ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း အပါအဝင် စစ်အရာရှိများနှင့် စစ်သုံ့ပန်း ရာချီ၍ AA အရှင်လက်ရ ဖမ်းဆီးရရှိခဲ့သည်။

  • NLD အစိုးရခေတ်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်း စစ်တပ်က ပြန်လည်ထုတ်လွှင့်

    NLD အစိုးရခေတ်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်း စစ်တပ်က ပြန်လည်ထုတ်လွှင့်

    NLD အစိုးရခေတ်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်း စစ်တပ်က ပြန်လည်ထုတ်လွှင့်နေမှုကြောင့် ဝေဖန်မှုမြင့်တက်နေ

    NLD အစိုးရခေတ်က အဆိုတော် လေးဖြူရေးသား သီဆိုခဲ့သည့် ဆန္ဒမဲပေးကြမည့် သီချင်းကို စစ်ကော်မရှင်လက်အောက်ခံ MRTVက ပြန်လည်ထုတ်လွှင့်ခဲ့သည့်အတွက် ဝေဖန်မှုမြင့်တက်လျက်ရှိသည်။

    ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် အဆိုတော်လေးဖြူက နိုင်ငံသားတိုင်း ဆန္ဒမဲပေးကြရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒမဲပေးကြမည် ဆိုသည့် သီချင်းကို ရေးသားဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ယင်းနှစ် စက်တင်ဘာ လတွင် ဧရာ၀တီသတင်းဌာနကို ဖြေကြားထားသည်။

    ဆန္ဒမဲပေးကြမည် သီချင်းစတင် ထုတ်လွှင့်ချိန်က တော်လှန်အနုပညာရှင်တစ်ဦးဖြစ်သည့် ဒေါင်းက သရုပ်ဆောင်ခဲ့ပြီး ၂၀၂၀ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် ပါဝင်အားဖြည့်ပေးခဲ့သည်။

    “စစ်တပ်ရဲ့ MRTV ကနေ ဒီသီချင်းပြတာကို မြင်လိုက်တော့ အံ့ဩသွားတယ်။ ဒီကောင်တွေက လူကြိုက်များတဲ့ သီချင်းကို ပြန်အသုံးပြုပြီး သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပြန်အသုံးချနေတယ်။ ဆန္ဒမဲဆိုတာ လွတ်လပ်ပြီး မျှတမှ ပေးလို့ရတဲ့အရာ ၊ အရာရာကို လုပ်ချင်သလို လုပ်နေတဲ့ စစ်တပ်ရဲ့ရွေးကောက်ပွဲကတော့ ပြောစရာမရှိတော့ပါဘူး”ဟု ရန်ကုန်တိုင်းအတွင်းနေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကပြောသည်။

    အဆိုပါ ဆန္ဒမဲပေးကြမည် သီချင်းဗီဒီရိုအတွင်း ခေတ်အဆက်ဆက် စစ်အာဏာရှင်ကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ရသည့် ဓာတ်ပုံများကိုလည်း အသုံးပြုထားသည့်အပြင် ဗီဒီရိုအဆုံး၌ “အောင်လံခိုင်ဖို့ မဲပေးစို့ ဒီမိုကရေစီမှန်ကန်ရေး NLD ကို ဒို့မဲပေး” ဟုဆိုကာ NLD ပါတီအတွက် မဲဆွယ်ပေးခဲ့သည့် သီချင်းတစ်ပုဒ်လည်းဖြစ်သည်။

    စစ်ကော်မရှင်က ပြန်လည်ထုတ်လွှင့်သည့် ဆန္ဒမဲပေးကြမည် သီချင်းတွင် ရုပ်ကတ်များကို အစားထိုးပြောင်းလဲပြီး မြန်မာနိုင်ငံ အေးချမ်းနေသည်ဟု အထင်သက်ရောက်စေမည့် ရုပ်ကတ်များဖြင့် ပြန်လည်အစားထိုးထားသည်ကို တွေ့ရသည်။

    “သီချင်း တစ်ပုဒ်ကို ရုပ်ကတ်တွေပြောင်းပြီး ထုတ်လွှင့်မယ်ဆိုရင် သီချင်းရေးသားသူရယ်၊ သီချင်း သီဆိုသူ ရဲ့ခွင့်ပြုချက်တောင်းခံရတယ်။ အခုစစ်တပ်က လေးဖြူရဲ့ ဆန္ဒမဲပေးကြမည် သီချင်းကို ရုပ်ကတ်တွေအစားထိုးပြီး ပြန်လည်ထုတ်လွှင့်တာဆိုတော့ ကျိန်းသေပေါက် လေးဖြူဆီက ခွင့်ပြုချက်ရလို့ပဲ” ဟု အမည်မဖော်လိုသည့် တေးရေး တစ်ဦးက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အဆိုတော်လေးဖြူသည် စစ်အာဏာရှင်ကို လူသိရှင်ကြား မဆန့်ကျင်ခြင်း၊ စစ်အရာရှိများနှင့် တွေ့ဆုံခြင်း၊ စစ်အုပ်စု၏ ဖျော်ဖြေပွဲများတွင် ပါဝင်ခဲ့ခြင်းများကြောင့် ပြည်သူများ၏ ပြင်းထန်သော ဝေဖန်မှုများကို ခံခဲ့ရသူတစ်ဦးလည်းဖြစ်သည်။

    စစ်ကော်မရှင်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကိုလည်း လိုသလို အသုံးပြုကာ ဝါဒဖြန့်မှုများ ပြုလုပ်လျက်ရှိနေသည်။

    မူရင်း Video

    စစ်တပ်မှ ပြန်လည် ခိုးချမှု

  • ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG လက်အောက်ရှိ အမှတ် ၁  စစ်ဒေသက ဦးစီးကွပ်ကဲ

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲ

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲဟု KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ ပြောဆို

    စစ်အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် ခုခံသော်လည်း စစ်တပ်က ဗန်းမောက်မြို့ကိုလက်လွှတ်ရ

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲက စစ်သားများ၏ စိတ်ဓာတ် ပြိုကျနေမှုကို သက်သေပြဟု ဦးမင်းကိုနိုင်ပြော

    စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ရှိ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်- KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

    KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဗန်းမောက်မြို့သိမ်းတိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ သိရှိလိုကြောင်း ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

    “ဗန်းမောက်မြို့သိမ်းတိုက်ပွဲက ကျနော်တို့ မဦးစီးဘူး။ အဲဒါက NUG လက်အောက်မှာရှိတဲ့ အမှတ် ၁ စစ်ဒေသက ဦးစီးကွပ်ကဲတာပါ။ အဲဒါကြောင့် အဲဒီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့မှာ ဘာအချက်အလက်မှ ရှိမနေဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

    လတ်တလော ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော SNA ရှမ်းနီတပ်များနှင့်စစ်သားများမှာ မြို့ပြင်တွင် စုဖွဲ့နေကြောင်း၊ မြို့တွင်းတွင်လည်း ကျန်ရစ်ခဲ့သော စစ်သားနှင့် ရှမ်းနီတပ်ဖွဲ့ဝင်များကို KIA PDF ပူးပေါင်း မဟာမိတ်တပ်များက နယ်မြေရှင်းလင်းရေးအနေဖြင့် တိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို စစ်တပ်နှင့် လက်အောက်ခံ SNA တပ်များက အင်အား ၁၀၀၀ ခန့်ဖြင့် ခုခံခဲ့သော်လည်း စစ်တပ်၏ ကာကင်းစခန်း ၇ ခု၊ ပင်မဌာနချုပ် တပ်ရင်း ၂ ခု တို့ကို တော်လှန်ရေးမဟာမိတ်တပ်များက စက်တင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    “ဒီမနက် ဗန်းမောက် မြို့ထဲရှင်းလင်းရေးလုပ်ရင်း လက်ကျန်စစ်ခွေးတွေနဲ့တိုက်ပွဲဖြစ်တာရှိပါတယ်။ စစ်ခွေးစခန်းတွေတော့အကုန်ရပြီ ။ လူစုကွဲနေတဲ့ ခွေးတွေနဲ့တော့ ထိတွေ့မှုရှိတယ်။ သူတို့က မြို့ပြင်မှာ ပြန်စုဖွဲ့နေတာလည်း ရှိတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲသည် နွေဦးတော်လှန်ရေးအတွက်အင်အားဖြစ်ပြီး တော်လှန်ရေးအရှိန်အဟုန်သည် တရုတ်ဩဇာ ကင်းလွတ်သော အနောက်မြောက်ဆီသို့ အောင်မြင်စွာ ရွှေ့သွားခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သုံးသပ်သည်။

    “ဗျူဟာအရ အချက်အချာ ကျတဲ့မြို့ပဲ။ တော်လှန်ရေးရဲ့ မုန်တိုင်းမျက်စိဟာ အနောက်မြောက်ဆီအောင် မြင်စွာရွှေ့ ခဲ့နိုင်ပြီ။ ဗန်းမောက်ကိုရလိုက်တာ မြို့တမြို့ရလိုက်တာ ထက်များစွာပိုတယ်။ စစ်ရေးသာမက ဘဏ္ဍာရေး သံတမန်ရေးတွေပါကြီးစွာသော သက်ရောက်မှုတွေ တော်လှန်ရေးဘက်က အပေါင်းလက္ခဏာ ရသွားတာပေါ့။ ဒီမြို့ဟာဗျူဟာအရအရေးပါတယ်ဆိုတာ ဖက်ဆစ်တပ်လည်းသိလို့ သူတို့အသက်တွေအများကြီးဖြုန်းခုခံခဲ့သေးတာပဲ။ ဒါပေမယ့် EROs အပါဝင်တော်လှန်ရေးစစ်ဖက်ခေါင်းဆောင်တွေက အစီအမံကောင်းတွေနဲ့အချိန်ယူအကျအနကြိုပြင်ဆင် ပြီးတိုက်တာ ဆိုတော့ ကာကင်းစခန်းကုန်းတွေတဝုန်းဝုန်းပြို၊ ဖက်ဆစ်တပ်သားတွေရဲ့စိတ်ဓာတ်တွေပါ လိုက်ပါပြိုကျကုန်တာ” ဟု ဦးမင်းကိုနိုင်က သုံးသပ်ပြောဆိုသည်။

    ဗန်းမောက်မြို့သိမ်းအောင်ပွဲမှသည် ဆက်လက်၍ အောင်စိတ်များ သယ်ဆောင်ပြီး နွေဦးတော်လှန်ရေးကို ဆက်လက် လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ထုတ်ဖော်ပြောဆိုသွားသည်။