Category: News

  • ဗုံးလာကြဲသည့် ဂျက်တိုက်လေယာဉ်ကို KNU နှင့် တော်လှန်ရေးတပ်ဖွဲ့က ပြန်ပစ်ခတ်

    ဗုံးလာကြဲသည့် ဂျက်တိုက်လေယာဉ်ကို KNU နှင့် တော်လှန်ရေးတပ်ဖွဲ့က ပြန်ပစ်ခတ်

    တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဝန်းကျင်ကို စက်တင်ဘာ ၁၂ ရက်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲချိန် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် တိုက်လေယာဉ် ထိခိုက်မှုရှိတယ်လို့ KNU- MTD ဘက်က သတင်းထုတ်ပြန်ပါတယ်။

    အဲဒီ ပစ်ခတ်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း (၁၁) နဲ့ တော်လှန်ရေးပူး‌ပေါင်းတပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်တပ်ရဲ့ တိုက်လေယာဉ်က ထိခိုက်မှုရှိပြီးနောက် မြိတ်မြို့ဘက်ကို ပြန်လှည့်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာအနီးဝန်းကျင်မှာ စစ်တပ်နဲ့ တော်လှန်ရေး တပ်တွေ စက်တင်ဘာ ၉ ရက်ကနေ ၁၂ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ အသုံးပြုကာ ၂ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာ အချိန် ၈ လကျော် ရှိပြီလို့ သိရပါတယ်။

    နွေဦးတော်လှန်ရေး ၄ နှစ်တာကာလအတွင်း စစ်တပ်ရဲ့ လေယာဉ်ရဲ့ ရဟတ်ယာဉ် အစီး ၂၀ ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်ချမှုကြောင့် ပျက်ကျခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    ✍ဇွဲသစ်

  • အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်တွေ အထိန့်တလန့်ဖြစ်နေ

    အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်တွေ အထိန့်တလန့်ဖြစ်နေ

    အမေရိကန်စစ်လေယာဉ်နှစ်စင်းသည် မြန်မာလေပိုင်နက်ကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်များ အထိန့်တလန့်ဖြစ်နေကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။

    ယမန်နေ့( စက်တင်ဘာ ၁၂ ရက်) မွန်းလွဲ ၂နာရီ ၃၀ မိနစ်ခန့်တွင် US Air Force ၏ Lockheed Martin C -130 လေယာဉ်နှစ်စင်းသည် မြန်မာနိုင်ငံ ဘုရားသုံးဆူကိုဖြတ်သန်ပြီး ပဲခူးရိုးမအရောက်၌ ပျောက်ကွယ်သွားသဖြင့် စစ်ကော်မရှင်စစ်ခေါင်းဆောင်နှင့် အဆင့်မြင်အရာရှိများ နေပြည်တော်စစ်ရုံး၌ ပြာယာခတ်ကုန်ကြောင်း သိရသည်။

    ” နေပြည်တော်တပ်ချုပ်နဲ့ လေကာကဗိုလ်ချုပ်တွေ US ထောက်ပို့ယာဉ်နှစ်စင်း အကြောင်းမကြားဘဲ​ဝင်လာလို့ ပြာယာခတ်ကုန်တယ်။ လေကြောင်းရန်အဖွဲ့တွေကို မသိရမလားဆိုပြီး ကြိမ်းမောင်းတယ် ” ဟု နေပြည်တော်အဆင့်မြင့်အရာရှိအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

    စစ်ကော်မရှင်၏ စစ်လက်နက်ထုတ်လုပ်သည့် ဌာနချုပ်များအများဆုံးတည်ရှိရာ ပဲခူးတိုင်းနှင့် မကွေးတိုင်းအနီးနားတွင် ပျောက်သွားသည့်အတွက် တော်လှန်ရေးအဖွဲ့များနှင့် သက်ဆိုင်မှုရှိမရှိကို နေပြည်တော်စစ်ခေါင်းဆောင်အသိုင်းအဝိုင်းက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

    အဆိုပါလေယာဉ်နှစ်စင်းသည် ထိုင်းနိုင်ငံ မှထွက်ခွာလာခြင်းဖြစ်ပြီး Flightradar 24 တွင် KANTO81 နှင့် KANTO82 အဖြစ်ဖော်ပြပြီး အမေရိကန်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ကြောင်း ဖော်ပြထားသည်။

    “ဘုရားသုံးဆူနဲ့ မွန်ဖက်မှာလဲ တိုက်ပွဲတွေအဖြစ်များနေတဲ့အတွက် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေလာတယ်ထင်ပြီး လန့်နေကြတာမျိုးရှိတယ် ” ဟု ဘုရားသုံးဆူနေထိုင်သူပြည်သူ တစ်ဦးကမှတ်ချက်ပြုသည်။

    ယင်းကဲ့သို့ အမေရိကန်လေယာဉ်နှစ်စင်း မြန်မာနိုင်ငံကိုဖြတ်သန်းပြီး ပဲခူးရိုးမတစ်ကျောတွင်ပျောက်သွားသည့်အပေါ် စစ်ကော်မရှင်နှင့် စစ်တပ်လော်ဘီများက စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း ယင်းအသိုင်းအဝိုင်းနှင်းနီးစပ်သူများထံမှသိရသည်။

    အမေရိကန်ထောက်ပို့သယ်ယူပို့ဆောင်ရေးလေယာဉ်များသည် မကြာခဏဆိုသလို မြန်မာနိုင်ငံလေပိုင်နက်အမြင့်ပေ ၃၀,၀၀၀အထက်တွင်ပျံသန်းသည့်အတွက် လူများသတိမထားမိခြင်းဖြစ်ကြောင်း လက်ရှိပျံသန်းမှုသည် အမြင့်ပေ ၂၄၀၀၀ဝန်းကျင်တွင်ပျံသန်းသည့်အတွင် ဖလိုက်ထရက်ကာနှင့် လူများသတိထားမိခြင်းဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများကဆိုသည်။

    KANTO81မှာ C -130J Hercules အမျိုးအစားနှင့် KANTO82 သည် C -130J-30 Super Hercules အမျိုးအစားဖြစ်ကာ အမေရိကန် တပ်မတော်သုံးသယ်ယူပို့ဆောင်ရေး ၌ အသုံးများပြီး လူများ၊ အကြီးစားစစ်လက်နက်ပစ္စည်းများ သယ်ဆောင်နိုင်သည့် လေယာဉ်ဖြစ်သည်။

  • စက်ဘီးခိုးသူဆိုတဲ့ အမျိုးသားကို ရပ်ကွက်ရုံးက ဖမ်းပြီး စစ်တပ်ထံအပ်လို့ စစ်မှုထမ်းပါသွား

    စက်ဘီးခိုးသူဆိုတဲ့ အမျိုးသားကို ရပ်ကွက်ရုံးက ဖမ်းပြီး စစ်တပ်ထံအပ်လို့ စစ်မှုထမ်းပါသွား

    မရမ်းကုန်းမှာ စက်ဘီးခိုးသူဆိုတဲ့ အမျိုးသားကို ရပ်ကွက်ရုံးက ဖမ်းပြီး စစ်တပ်ထံအပ်လို့ စစ်မှုထမ်းပါသွား

    ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်က စက်ဘီးခိုးမှုကျူးလွန်သူဆိုတဲ့အမျိုးသားကိုရပ်ကွက်ရုံးကဖမ်းဆီးပြီးစစ်တပ်ထံ အပ်နှံပေးလိုက်လို့ စစ်မှုထမ်းဖို့ပါသွားတယ်လို့ ရပ်ကွက်နေသူနဲ့ ရုံးပိုင်ဆိုင် ရာနီးစပ်သူတွေက လူထုနွေဦးကို ပြောပါတယ်။

    စက်တင်ဘာ ၁၂ ရက် နေ့လယ် ၃ နာရီခန့်ကဇေယျာမွန်အိမ်ယာရဲ့အနောက်ဘက်ခြမ်းမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    “ကောင်လေးက အသက်မကြီးသေးဘူး။ အလွန်ဆုံးရှိ ၃၀ စွန်းစွန်းပဲ။ သူနဲ့အတူ လေးငါးနှစ်သားလောက်ရှိတဲ့ ကလေးလည်းပါတယ်။ ဝိုင်းရိုက်ကြတော့ ကလေးက သားအဖေကို မလုပ်ကြပါနဲ့ ဆိုပြီ ငိုတယ်။ တော်တော်လေးကို စိတ်မကောင်းစရာမြင်ကွင်းပဲ။ လူတွေက ငတ်ပြတ်နေကြပြီလေ”လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။

    ဖမ်းဆီးခံရသူကို ရပ်ကွက်ရုံးက အဲဒီနေ့ ညနေပိုင်းမှာပဲ မရမ်းကုန်းနဲ့ လှိုင်မြို့နယ် ကြားမှာရှိတဲ့ စစ်တပ် တပ်ထိန်းရုံးကို ပို့လိုက်တယ်လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူတွေနဲ့ ရပ်ကွက်အတွင်းနေထိုင်သူတွေက အတည်ပြုပါတယ်။

    “စစ်မှုထမ်းအဖြစ် ပါသွားပြီလေ။ သူနဲ့အတူပါတဲ့ ကလေးကိုတော့ လာယူဖို့ ချိတ်ထားတယ်ကြားတယ်။ လှိုင်သာယာဘက်ကလို့ လောလောဆယ် ကြားတယ်”လို့ မရမ်းကုန်း (၁)ရပ်ကွက်ရုံးတာဝန်ခံနဲ့ နီးစပ်တဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

    အခုနောက်ပိုင်း ခိုးဆိုးလုနှိုက်သူတွေဖမ်းမိရင် စစ်တပ်ထံ ပို့ရမယ်ဆိုတဲ့ လမ်းညွှန်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

    “ဒီကောင်တွေက ဘာမှ အသုံးမဝင်ဘူး။ အသိုင်းအဝိုင်းရှုပ်တယ်။ တပ်ထဲ သေသေ ရှင်ရှင်ပို့ရမယ့် ကိစ္စက ကောင်းတယ်။ စစ်တပ်က အခု ခေါ်နေတာကိုလည်း သဘောတူတယ်”လို့ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးပိုင်းမှာ ဆောင်ရွက်နေသူတဦးက ပြောပါတယ်။

    ရန်ကုန်မြို့မှာ မရမ်းကုန်းမြို့နယ်က စစ်ကောင်စီတပ် ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးတွေအများအပြားရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ၂၀၂၃ က အသတ်ခံခဲ့ရတဲ့ လူမိုက်ကျော်ဝင်းစိန် ရဲ့ ညီဖြစ်သူ ကျင်းဟုတ်က မရန်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံမှာ လောင်းကစားရုံ ဖွင့်လှစ်ထားနိုင်တယ်လို့ သိရပါတယ်။

    စစ်တပ်အာဏာသိမ်းတာ ၄ နှစ်​ကျော်ချိန်မှာ စစ်​ကောင်စီရဲ့ ဖိနှိပ်မှု​တွေ၊ ပြည်သူ​တွေအကြပ်​တွေ့​အောင်လုပ်တဲ့ မူဝါဒ​တွေ၊ ပြည်ပရင်းနှီးမြှပ်နှံမှုကျဆင်းတာ၊ကုန်သွယ်​ရေးကျဆင်းတာ၊ စစ်တပ်က လူငယ်​တွေကို အဓမ္မစစ်သားစု​ဆောင်းစစ်တိုင်ခိုင်းတာ၊ လူငယ်​တွေ နိုင်ငံတွင်းကထွက်​ပြေး​နေရတာ၊ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေဖြစ်ပွားတာ၊ လာဘ်စားမှူကြီးထွားလာ၊ မှုခင်း​တွေထူ​ပြောပြီး တရားဥပ​ဒေစိုးမိုးမှုမရှိတာ​စတာတွေ​ကြောင့်နိုင်ငံစီးပွား​ရေး ဆက်တိုက်ကျဆင်း​နေပါတယ်။

    ​ငွေ​ကြေး​ဖောင်းပွမှုက ၂၀၂၁ ကထက် ၄ ဆပို​ဖောင်းပွလာပြီး နိုင်ငံတစ်ဝန်း ပြည်သူသုံးဦးမှာ တဦးက ဝလင်​အောင်မစားရပဲ ဆာ​လောင်မွတ်သိပ်မှုကြုံ​နေရတယ်လို့ WFP က မကြာသေးမီက ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက ကမ္ဘာ​ပေါ်မှာ ဆာ​လောင်မွတ်သိပ်မှုရင်ဆိုင်​နေရသူ အများဆုံးငါးနိုင်ငံ​မြောက်နိုင်ငံဖြစ်လာပါတယ်။

    (မရမ်းကုန်းမြို့နယ်ရုံးမှာ စစ်တပ်နဲ့ထွေအုပ် လုံခြုံရေးအစည်းအဝေးလုပ်နေစဉ်။ ဓာတ်ပုံ – MOI)

  • ရခိုင်ပြည်နယ်တွင် စစ်ကော်မရှင်ကြောင့် ၁၀၀ ကျော် သေဆုံး

    ကျူးလွန်ရာတွင် ပါဝင်သူများကို AA ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟုဆို

    ရခိုင်ပြည်နယ်တွင် စစ်ကော်မရှင်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကြောင့် ၁၀၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁၃ ယောက်ရှိခဲ့ကြောင်း AAက ယနေ့ ( စက်တင်ဘာလ ၁၃ ရက်)တွင် သတင်းထုတ်ပြန်သည်။

    ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်အတွင်း စစ်ကောင်မရှင်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု ခြောက်ခုကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

    ထိုဖြစ်ရပ်များတွင် ပြစ်မှု ကျူးလွန်သူ၊ စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို AAက ပြင်းထန်စွာ လက်တုံ့ သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်စာသင်ကျောင်းနှစ်ကျောင်းပေါ် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်တွင် စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့၍ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉ ဦးသေဆုံးကာ ကျောင်းသား၊ ကျောင်းသူများ နှင့် ပြည်သူများ စုစုပေါင်း ၂၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်သည်။

    သြဂုတ်လ ၂၅ ရက် ည ၁၁ နာရီ ၂၅ မိနစ်က မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်တွင် အလှူလုပ်ရန်ပြင်ဆင်နေသည့် နေအိမ်ပေါ် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကလေးငါးဦးအပါ အရပ်သား ၁၅ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    မေလ ၁၄ ရက် နှင့် ၁၅ ရက်များတွင် ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား စစ်ကော်မရှင်တပ်က လေကြောင်းမှတိုက်ခိုက်၍ အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    မေလ ၁၃ ရက် နံနက် ၁၀ နာရီ ဝန်းကျင်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း အား စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၁၂ ဦးသေဆုံးကာ ၂၃ ယောက် ဒဏ်ရာရရှိခဲ့သည်။

    မေလ ၁၈ ရက်က မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာ အနီးအား စစစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ AA ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း မိသားစုဝင်များထဲမှာ ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု AAက ဆိုသည်။

    ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား စစ်ကော်မရှင်တပ်ဗုံးကြဲ၍ ၂၆ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုများအတွင်း အဆောက်အဦ ၄၄၄၁ လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ထို စစ်ရာဇဝတ်မှု အချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံ AA က ပေးပို့သွားမည်ဖြစ်ပြီး စစ်ဘက်နှင့်မသက်ဆိုင်သည့် နေရာများကို လေကြောင်းတိုက်ခိုက်မှု စစ်ကော်မရှင်တပ်က ခပ်စိပ်စိပ်ပြုလုပ်နေ၍ ပြည်သူများ ပိုမိုသတိပြုနေထိုင်ကြရန်လည်း ထုတ်ပြန်ချက်တွင် အလေးအနက်တိုက်တွန်းထားသည်။

  • BGF ကို ဖယ်ရှားပြီး မြဝတီမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်

    BGF ကို ဖယ်ရှားပြီး မြဝတီမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်

    သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းယူနိုင်ပြီးနောက် စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့ပေါ်က နေရာတော်တော်များများမှာ တပ်စွဲနေရာယူလိုက်ကာ အမှတ် ၁ ချစ်ကြည်ရေးတံတားအောက်မှာ လုံခြုံရေးယူထားတဲ့ BGF တပ်ကိုလည်း ဖယ်ရှားလိုက်တယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။

    မြဝတီ-ကော့ကရိတ် အာရှလမ်းနဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ အာဏာ သိမ်းစစ်ကော်မရှင်တပ်က စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး မြဝတီမြို့ပေါ်က နေ ရာတော်တော်များမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်ကော်မရှင်တပ်က တပ်စွဲနေရာယူလိုက်ပြီလို့ မြဝတီဒေသခံတွေက ဆိုကြပါတယ်။

    စစ်ကော်မရှင်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းမရောက်ခင် အချိန်အတောအတွင်းမှာ မြဝတီမြို့ကို ကရင်နယ်ခြားစောင့်တပ် BGF က မြို့လုံခြုံရေးအတွက်ဆိုပြီး အမှတ် ၁ ချစ်ကြည်ရေးတံတား၊ ကုန်သွယ်ရေးဇုန်နဲ့ မြို့အဝင်အထွက်နေရာတွေမှာ တပ်စွဲနေရာယူထားကာ စစ်ကော်မရှင်တပ်က ရှေ့တန်းရုံးနဲ့ ခလရ ၂၇၅ တပ်ရင်းထဲမှာသာ တပ်စွဲနေရယူထားတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ စစ်ကော်မရှင်တပ်က မြဝတီမြို့ပေါ်မှာ အရင်အခြေအနေကထက် တပ်စွဲနေရာယူထားတာတွေ ပိုမိုလုပ်ဆောင်နေပြီး ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားအောက်မှာ တပ်စွဲထားတဲ့ BGF တပ်သားတွေကိုလည်း စစ်ကော်မရှင်တပ်က ဖယ်ရှားခိုင်းတဲ့အတွက် BGF တပ် သားတွေ ထွက်ခွာသွားခဲ့တယ်လို့ မြဝတီဒေသခံတွေက ဆိုပါတယ်။

    ဒါ့အပြင် မြဝတီမြို့ထဲမှာရှိတဲ့ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့တွေအပြင် ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း စစ်ကော်မရှင်တပ်က အသွားအလာကန့်သတ်မှုတွေ စတင်လုပ်ဆောင်နေပြီလို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်း မြစ်တွေက ဆိုကြပါတယ်။

    စစ်ကော်မရှင်တပ်ဟာ လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပြီး ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ကရင်ပြည်နယ်အတွင်းမှာ နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေခဲ့ရာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း၊ အာရှလမ်းပိုင်းနဲ့ သင်္ဃန်းညီနောင်ဒေသတို့ကို ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

    အာရှလမ်းပိုင်းတစ်လျှောက်လုံးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ စစ်ကော်မရှင်တပ်က ကြွေးကြော်ခဲ့ပေမယ့် လမ်းပိုင်းနေရာ ၄ နေရာလောက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လမ်းပိုင်းအားလုံးကို စစ်ကော်မရှင်တပ်က မထိန်းချုပ်နိုင်သေးဘူးလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

    စစ်ကော်မရှင်တပ်က မြဝတီမြို့တောင်ဘက်ခြမ်း KNU တပ်မဟာ ၆ နယ်မြေက တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လေးကေကော်မြို့ကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် ပြင်ဆင်လုပ်ဆောင်နေပြီး လေးကေကော်ဒေသတွင်းမှာ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်ပစ်ခတ်မှုတွေ မကြာခဏ လုပ်ဆောင်နေတာပါ။

    ဒီလို စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးလာတာကြောင့် လေးကေကော်က ဒေသခံတွေအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာဆီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လတ်တလောမှာ နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ သောက်ရေသန့်နဲ့ အမိုးအကာ စတာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီလုပ်ကိုင်ပေးနေသူတွေက အသိပေးထားပါတယ်။