Category: News

  • စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု

    စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု

    ဗြိတိန်အစိုးရ အရေးယူထားသော တပ်မ (၃၃) ၏ စစ်ကြောင်းတစ်ခု လူသတ် အလောင်းဖျောက်မှု ရုပ်သံမှတ်တမ်းကို ထွက်ပြေးလာသော စစ်သားသစ်များထံတွင် တွေ့လိုက်ရသည်၊ ကျူးလွန်သူများအကြောင်းကိုလည်း ၎င်းတို့က ပြောပြကြသည်။

    (စိတ်မချမ်းမြေ့ဖွယ်အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

    ဧရာဝတီမြစ်ကမ်းနဖူးရှိ ခြံဝင်းတစ်ခုအတွင်း ခြေတံရှည်အဆောက်အဦနှစ်ခုရှေ့ သေနတ်လွယ်၊ ဓားကိုင် ထားကြသူများအလယ်တွင် မျက်လုံးကို အဝတ်စဖြင့်စည်းကာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။

    သေနတ်လွယ်ထားသူက မေးခွန်းအနည်းငယ် အော်ဟစ်မေးမြန်းနေချိန်တွင် ဘေးနားက လူစုလူဝေးက စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြပြီး လူအုပ်ထဲရှိတစ်ယောက်ကလည်း “သေနတ်သံမကြားချင်ဘူး”ဟု အမိန့်ပေးလိုက်သည်။

    “ခင်ဗျား PDF အဖွဲ့ထဲက ဟုတ်တယ်မလား” ဟု သူက အကြိမ်ကြိမ် မေးမြန်းပြီးနောက် အနီးတွင် အသင့်စောင့် နေသူများကို အချက်ပြလိုက်တော့သည်။

    အသင့်စောင့်နေသူတစ်ဦးက ကိုင်ထားသည့် သူ့ဓားဖြင့် ကြိုးတုပ်ခံထားရသူ၏ ရင်ဘတ်ကို ခပ်သွက်သွက် တစ်ချက်ထိုးချလိုက်ရာ အော်သံတစ်ချက်သာ ထွက်လာသည်။ တီရှပ်လိမ္မော်ရောင် ဝတ်ထားသူတစ်ဦးကလည်း ခြေကျင်းဝတ်ကို ဓားမဖြင့် ဝင်ခုတ်သည်။

    အဆက်မပြတ်ကျလာသော ဓားချက်များအောက်တွင် ခြေထောက်ကိုဆုတ်ကာ ဆုတ်ကာ တတ်စွမ်းသမျှ ညည်းညူ ရုန်းကန်သော်လည်း ကြိုးတုပ်ခံထားရသူအဖို့ အချည်းအနှီးသာ။

    “တစ်ယောက်ပြီး…တစ်ယောက်ဝင်”

    “အပြတ်ဖြတ် …..အပြတ်ဖြတ်”

    “ဗီဒီယိုရိုက်ထား”

    “ဒီကောင် ဘာကောင်လဲ”

    “PDF ပါ”

    “ဖြတ် !!!!!!”

    “အစ်ကိုကြီးကျေနပ်တယ်နော်”

    “တအားလုပ်ချင်နေတာ ဟုတ်တယ်မလား။ ခုမှ လုပ်ဖူးတာ ဟုတ်တယ်မလား။ အိုကေ…” ဟူသော အသံ များကြားတွင် ဦးခေါင်းပြတ်သည်အထိ ဝိုင်းခုတ်ကြသည်။

    ထို့နောက် ဦးခေါင်းပြတ်ကို ရုပ်အလောင်းဝမ်းဗိုက်ပေါ်တင်လိုက်ကြပြီး ထိုနေရာတွင် အနေအထား အမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်မှတ်တမ်းတင်ကြကာ ဆူဆူညံညံ အောင်ပွဲခံကြသည်။

    ဆင်ဆာဖြတ်မထားသည့် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရုပ်ရှင်ဇာတ်လမ်းတစ်ခု၏ ဇာတ်ဝင်ခန်းသဖွယ် တွေ့ရသော ထိုလူသတ်မှုမှာ ပြီးခဲ့သည့် ဇူလိုင်လကုန်က နိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသအတွင်း ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။

    မင်းကွန်းခေါင်းလောင်းကြီးအပါအဝင် အထင်ကရ စေတီပုထိုးများကြောင့် ခရီးသွားလုပ်ငန်းဖြင့် နာမည် ကျော်ရာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မယ်ဇလီချောင်းရွာတွင် စစ်ကြောင်းထိုးနေသည့် စစ်သားများ၊ ပြည်သူ့စစ်များက ၎င်းတို့ဖမ်းဆီးထားသူ အရပ်သားတစ်ဦးကို ထိုသို့ ပြုမူကြခြင်း ဖြစ်သည်။

    မဲဇလီချောင်းရွာတွင် ရွာသားတစ်ဦးကို ခေါင်းဖြတ်ပြီးနောက် ပျော်မြူးနေကြသော အာဏာသိမ်းစစ်တပ် မှ တပ်သား ဖြူလေး နှင့် ဒုတပ်ကြပ် စစ်သိန်း။

    အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများကိုပင် ဦးခေါင်းတည့်တည့် ပစ်ခတ်သည့် စစ်တပ်က နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုများကို ကြုံလာရပြီးနောက် တော်လှန်ရေးအားကောင်းရာ ဒေသအသီးသီးတွင် မြေလှန်မီးရှို့မှု၊ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှု စသည့်နည်းလမ်းများ ကျင့်သုံးနေသည်။

    အာဏာသိမ်းတပ်က အဆိုပါဒေသအတွင်း စစ်ကြောင်းထိုးစဉ် ဖမ်းဆီးရမိသူတို့ကို ကိုယ်လက်အင်္ဂါအစိတ်ပိုင်းများ ဖြတ်တောက်သတ်ဖြတ်သည့် ဖြစ်စဉ် အများအပြားရှိနေသော်လည်း စစ်တပ်က ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆန်တတ်သည်။ သို့သော်လည်း အထက်ပါဖြစ်စဉ်တွင် စစ်တပ်ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများ ပေါ်ထွက်လာရာ စစ်တပ်၏ရာဇဝတ်မှုတစ်ခုနှင့် ပတ်သက်ပြီး ခိုင်မာသည့် သက်သေအထောက်အထား ဖြစ်လာသည်။

    ငလျင်ဘေးအလွန် စစ်ဘေးကြုံရသည့် စစ်ကိုင်း

    မတ်လ ၂၈ ရက်နေ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း နှင့် မန္တလေးမြို့မှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဒေသများဖြစ်ခဲ့သည်။ လူပေါင်းသုံးထောင် သေဆုံးပြီး အဆောက်အဦ ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။

    ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် ဆိုသော အကြောင်းပြချက်ဖြင့် အပစ်ရပ်သည် ဟု အာဏာသိမ်းစစ်တပ်က ကြေညာခဲ့သော်လည်း လက်တွေ့တွင်မူ ငလျင်ဗဟိုချက်မ ဖြစ်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမပျက်သလို လေကြောင်းတိုက်ခိုက်မှုများလည်း မလျှော့ခဲ့ပေ။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏အချက်အလက်များအရ ငလျင်အပြီး ဧပြီလမှ စတင်၍ လေးလအတွင်း စစ်ကိုင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးစီးနင်းသတ်ဖြတ်မှုတို့ကြောင့် အရပ်သား ၇၀ ကျော် သေဆုံး၊ ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

    ၂၀၂၂ ခုနှစ်မှ စတင်၍ တိုက်ပွဲများ ဖြစ်လာသော မင်းကွန်းဒေသတွင် ငလျင်ဘေးနှင့်စစ်ဘေးကို တပြိုင်နက်ကြုံတွေ့ရသဖြင့် စစ်ကိုင်းဒေသခံများ အလုံးအရင်းဖြင့် နေရပ်စွန့်ခွာနေကြရသည်။

    မေလ ၂၉ ရက်နေ့က တွေ့ရသော စစ်ကိုင်းမြို့။ (ဓာတ်ပုံ- ကိုကံကောင်း)

    မန္တလေးမြို့တစ်ဘက်ကမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး တော်လှန်ရေးအားကောင်းရာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတွင် နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ယခုနှစ် ဇွန်လတည်းက စစ်တပ်က စစ်ကြောင်း ၃ ခုဖြန့်ကာ ထိုးစစ်ဆင်နေသည်။

    ပထမစစ်ကြောင်းမှာ မြို့ပေါ်တွင် တပ်စွဲကာ အနီးဝန်းကျင်ရွာများကို ဝင်ရောက် စီးနင်းသည်။ ဒုတိယစစ်ကြောင်းက လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် ရွှေဘို – မန္တလေးလမ်း ထိန်းချုပ်နိုင်ရေးအတွက် လမ်းတလျှောက်ကျေးရွာများ စီးနင်းကာ နယ်မြေရှင်းလင်းရေး လုပ်နေသည်။

    တတိယမြစ်ကြောင်းမှာ မြို့မြောက်ဘက် မင်းဝံတောင်ရိုး နှင့် ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိ ကျေးရွာများကို လှည့်လည်နေသည်။ တတိယမြောက်စစ်ကြောင်းက အထက်ပါဖြစ်ရပ် ကျူးလွန်ခဲ့ခြင်းဖြစ်သည် ဟု အဆိုပါစစ်ကြောင်းမှ ထွက်ပြေးကာ တော်လှန်ရေးအင်အားစုထံ လက်နက်ချ ဘက်ပြောင်းလာသည့် စစ်သားသစ် ၄ ဦးက အတည်ပြုသည်။

    သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ပုံ

    အထက်ပါအမှု ဖြစ်ပွားခဲ့သည်မှာ မင်းကွန်းပုထိုးတော်ကြီးမြောက်ဘက် ၇ မိုင်ခန့်အကွာ မယ်ဇလီချောင်းကျေးရွာတွင် ဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ “ ဒေါင်းစစ်သည်” စစ်ကြောင်း၏ စစ်ရေးတာဝန်ခံက ဆိုသည်။

    ဇူလိုင်လ ၂၄ နှင့် ၂၆ ရက်နေ့တို့တွင် တိုက်ပွဲများ အိုင့်ဒိုင်၊ ချောင်းဦး ရွာတို့တွင် ဖြစ်ခဲ့ပြီးနောက် စစ်တပ်က အိုင့်ဒိုင်ရွာ၏မြောက်ဘက် ကပ်လျက် မယ်ဇလီချောင်းရွာထဲတွင် ဖြန့်ခွဲတပ်စွဲထားခဲ့သည်။

    ဧရာဝတီမြစ်အနောက်ဘက်ကမ်းဘေး အိမ်ခြေ ၁၀၀ ကျော်ရှိသော မယ်ဇလီချောင်းရွာ ဒေသခံတို့သည် စိုက်ပျိုးရေး၊ တံငါ လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။

    စစ်ကြောင်းရန်ကြောင့် ရွာခံအများစု ကြိုတင်တိမ်းရှောင်ကြပြီး မဲဇလီချောင်းရွာသား အသက် ၃၀ အရွယ် ကိုဇော်ဇော်အောင်မှာ အခင်းဖြစ်သည့်နေ့ နံနက်က မြစ်ထဲ ရေချိုးဆင်းချိန် ရွာအတွင်း နေရာယူထားသည့် စစ်တပ်က ၎င်းကို ဖမ်းမိသွားခြင်းဖြစ်သည်။

    ၎င်းကို PDF နှင့် ပတ်သက်မှုရှိ၊မရှိ နှိပ်စက်ညှဉ်းပန်း စစ်ဆေးပြီးနောက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရွာတောင်ဘက် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအနီး ခြံဝန်းတစ်ခုထဲတွင် သတ်ဖြတ်ကြသည်ဟု ဘက်ပြောင်းခိုလှုံလာသူများက ဆိုကြသည်။

    သတ်ဖြတ်ရန် အမိန့်ပေးနေသူမှာ သေနတ်လွယ်ထားသည့် တပ်ကြပ် ကသာ (ဝဲဘက်မှ) ဆိုသူ ဖြစ်သည်။

    PDF များထံ ဘက်ပြောင်းခိုလှုံလာသူများမှာ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းရှိကြသည့် တပ်သားသစ်များဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ၂၀၂၄ ခုနှစ်အတွင်း စစ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခံခဲ့ရသည်။ ထို့နောက် စစ်သင်တန်း သုံးလတက်ကာ ယခုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ စစ်ကူအဖြစ်ပို့ခံခဲ့ရသည်။

    ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် နွားထိုးကြီးမြို့နယ်တို့မှ ထိုလူငယ်များ စစ်သင်တန်းဆင်းပြီးနောက် စစ်ကိုင်းမြို့နယ်ကို အပို့ခံရသည်၊ ထို့အပြင် ထွက်ပြေးပြီး တော်လှန်ရေးအင်အားစုများထံ ရောက်သွားပါက စစ်ဆေး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းသာ ခံရမည်ဟုလည်း စစ်တပ်က ခြိမ်းခြောက်ထားသည်။

    သို့သော်လည်း လမ်းတလျှောက် ၎င်းတို့တွေ့ကြုံခဲ့ရသော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများက ၎င်းတို့၏ ထွက်ပြေးမည့်ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်ဟု ထိုလူငယ်တို့က ဆိုသည်။

    အခွင့်အခါကောင်းကို စောင့်ဆိုင်းနေသည့် စစ်မှုထမ်းတပ်သားသစ်လေးဦးမှာ ဩဂုတ်လ ၂၀ ရက်နေ့တွင် သေနတ် ၂ လက်ဖြင့် ထွက်ပြေးလွတ်မြောက်သွားပြီး ဒေါင်းစစ်သည်စစ်ကြောင်းထံ လက်နက်ချခိုလှုံခဲ့ကြသည်။

    ၎င်းတို့၏ လက်ကိုင်ဖုန်းများထဲတွင် ကူးယူထားသော ရုပ်သံဖိုင် ၄ ခုကိုကြည့်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တို့မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လူသတ်မှုဖြစ်ရပ်ကို သိရှိသွားကြသည်။

    ထိုလူငယ် ၄ ဦးကို ဆက်သွယ်မေးမြန်းခွင့် ရရှိခဲ့သည်။

    စစ်တပ်၏ဝါဒဖြန့်ထားသလိုမဟုတ်ဘဲ ထွက်ပြေးလာသော သူတို့ကို ကောင်းမွန်စွာဆက်ဆံကြောင်း၊ အဖွဲ့ဝင်များနှင့် တန်းတူ ကျွေးမွေးထားကြောင်း ထိုလူငယ်များက ဆိုကြသည်။

    လက်သည်တရားခံများ

    ရက်စက်ကြမ်းကြုတ်လှသည့်ထိုဖြစ်ရပ် အစအဆုံးကို မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်စုစုပေါင်း ၄ ခု ရှိသည်။

    ပထမရုပ်သံဖိုင်တွင် စစ်ဆေးမေးမြန်းပြီး အရှင်လတ်လတ်ခုတ်သတ်ကာ အောင်ပွဲခံနေသည်ကို မှတ်တမ်း တင်ထားပြီး ၂ မိနစ်နှင့် ၂၅ စက္ကန့်ခန့်ကြာမြင့်သည်။

    နောက်ထပ် ရုပ်သံဖိုင်နှစ်ခုတွင် မြစ်ကမ်းစပ်ဘေးတွင် ရုပ်အလောင်းကို ဗိုက်ခွဲပြီး ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်နေကြသည်ကို မတူသည့်ရှုထောင့်မှရိုက်ကူးထားသည်။

    ပလတ်စတစ်ဖျာထက် ရုပ်အလောင်းကိုတင်ပြီး ဝမ်းဗိုက်ကို အရိုးရှည်တပ် ပေါက်တူးဖြင့်ပေါက်သူက ပေါက်သည်။ မပြတ်သည့်အခါ နောက်တစ်ယောက်က ရင်ညွန့်မှ ချက်အထိ ဓားဖြင့်ထိုးခွဲသည်။

    အလွန်အမင်းစိတ်အားထက်သန်နေသည့် တီရှပ်လိမ္မော်ရောင်ဝတ်ထားသူက အမျိုးသား အင်္ဂါကို ဓားဖြင့် ဖြတ်ချိန် ဘေးနားကလူအုပ်ကြီးက အော်ဟစ်နောက်ပြောင်နေကြသည်။ ကျန်ခြေထောက်တစ်ဘက်ကို ခြေကျင်းဝတ်မှ ထပ်ဖြတ်ပြန်သည်။

    “ယောက်ဖ … အဲ့ဒီလောက်နဲ့မရဘူး … ဖယ်ပါ … ဖယ်”

    “မာတယ်နော်”

    “ဟိုကောင်ကို အရက်နည်းနည်းပေးလိုက်”

    “အသည်းလေးနည်းနည်းယူလာခဲ့လိုက်”

    “အသည်းတွေ အကုန်လုံးထုတ်၊ အသည်းက မာနေတာ ..*”

    “ခေါင်းက ဘယ်ရောက်သွားပြီလဲ”

    “ခေါင်းက လွှတ်ပစ်လိုက်ပြီ”

    ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က မန္တလေးတိုင်း တံတားတစ်ခုတွင် တွေ့ရသော အာဏာသိမ်းတပ် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – AFP)

    “ဒီနေ့မှမိတာလား” စသည်ဖြင့် ဘေးနားရှိ လူအုပ်က တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။

    နောက်ဆုံးရုပ်သံမှာ ကိုယ်လက်အင်္ဂါများ တစ်စစီဖြတ်တောက်ခံထားရသည့် ဦးခေါင်းမဲ့ရုပ်အလောင်းကို မြစ်ထဲသို့ ပစ်ချလိုက်သည်။

    ထွက်ပြေးလာသူလူငယ်များထဲမှ တစ်ဦးက ကိုယ်လက်အင်္ဂါများ ခုတ်ထစ် ဖြတ်တောက်နေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ထိုအချိန်တွင် ကျန်သုံးဦးမှာ မဲဇလီချောင်းရွာအနီး ကင်းတာဝန်ကျနေကြသည်။

    “(ရုပ်အလောင်းရဲ့ ဗိုက်ကို) ပေါက်ပြားနဲ့ခုတ်တာ။ ပေါက်ပြားနဲ့ ခုတ်တော့လည်း အရာပဲထင်တာ၊ မပြတ်ဘူးဆိုပြီး ဓားနဲ့ခွဲလိုက်တာ။ အဲ့ဒီအချိန်မှာ အူတွေက ထွက်ကျလာတာ”ဟု ယင်းအဖြစ်အပျက်ကို မြင်တွေ့ခဲ့သည့် PDF များထံ ဘက်ပြောင်းခိုလှုံလာသူများထဲတွင် ပါဝင်သည့် အသက် ၂၁ နှစ်အရွယ် စစ်သားကပြောသည်။

    ထိုလူငယ်များ၏ ပြောဆိုချက်အရ ထိုဖြစ်စဉ်တွင် တာဝန်ရှိသည့် အမိန့်ပေးစေခိုင်းသူ နှင့် ပါဝင်သူ ၄ ဦး၏ အမည်၊ ရာထူးတို့ ပေါ်ပေါက်လာသည်။

    သတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူမှာ ဗိုလ်မှူးစစ်နိုင်ဖြစ်သည်၊ ယူလာသည့် ရုပ်သံမှတ်တမ်းများတွင် ဗိုလ်မှူးစစ်နိုင်ကို မတွေ့ရဟု ၎င်းတို့က ဆိုသည်။

    သေနတ်စလွယ်သိုင်းကာ စစ်ဆေးမေးမြန်းပြီးနောက် သတ်ဖြတ်ရန် အမိန့်ပေးနေသူမှာ ဒုတပ်ကြပ် ကသာ ဆိုသူ ဖြစ်သည်၊ ဓားနှင့်ထိုး၊ ကိုယ်လက်အင်္ဂါများ ခုတ်ဖြတ်ရာတွင် ပါဝင်သည့် ရှပ်အင်္ကျီအကွက် လက်ရှည် နှင့်ပုဆိုးအစိမ်း ဝတ်ထားသူမှာ ဒုတပ်ကြပ် စစ်သိန်း၊ တီရှပ်လိမ္မော်ရောင်ဝတ်ထားပြီး တက်တက်ကြွကြွ ခုတ်ထစ်နေသူမှာ တပ်သား ဖြူလေး ဖြစ်ကြောင်း သိရသည်။

    ယခင်ကတည်းက စစ်တပ်ထဲ ဝင်ရောက်ထားသူများကို “သန္ဓေ”ဟု ခေါ်ကြပြီး “တ” နှင့် အစပြုသော ကိုယ်ပိုင်နံပတ်ကြောင့် “တဝမ်းပူ”ဟုလည်း ခေါ်ကြသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသော လူငယ်များ၏ ကိုယ်ပိုင်နံပတ်မှာ “ပစ” နှင့် အစပြုကြသည်။ အရပ်သားများကို ရိုက်နှက်သတ်ဖြတ်ရန် ဗိုလ်မှူးစစ်နိုင်က အမိန့်ပေးလျှင် ပစများက အမိန့်နာခံရန် ဝန်လေးကြသည်ဟု မေးမြန်းခွင့်ရခဲ့သည့် အသက် ၁၈ နှစ် အရွယ်လက်နက်ချ စစ်သားက ဆိုသည်။

    “ဗိုလ်မှူးစစ်နိုင်က ဦးဆောင်တယ်။ ပြီးတော့ သူ့အောက်က တပည့်တွေ ဒုတပ်ကြပ် ကသာရယ်၊ တပ်ကြပ် စစ်ကျော်ရယ်၊ တပ်ကြပ် စစ်သိန်းရယ်။ သူတို့က သန္ဓေတွေ၊ တဝမ်းပူတွေ” ဟု ၎င်းကဆက်ပြောသည်။

    “အမိန့်အတိုင်းပဲ နာခံရတာပဲ၊ သူက (ဗိုလ်မှူးက) ဒါဆိုရင် ဒါလုပ်ရတာ…အကုန်လုံး။ ပစတွေက တော်ရုံ မလုပ်ချင်ကြဘူး၊ သန္ဓေတွေပဲ လုပ်ကြတာ”

    ထိုစစ်ကြောင်းတွင် စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် နှင့် ထိုတပ်မလက်အောက်ခံ ဝန်းသိုမြို့နယ်အခြေစိုက် အမှတ် (၁၁၁) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ စစ်သားသစ်များ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်။

    နာမည်ပျက် တပ်မ (၃၃)

    အနောက်မြောက်တိုင်းစစ်ဌာနချုပ်အောက်ရှိ တပ်မ ( ၃၃) မှာ ခြေလျင်တပ်ရင်း (ခလရ) ၄၊ ၄၂၊ ခြေမြန်တပ်ရင်း (ခမရ) ၁၁၊ ၁၂၊ ၁၃၊ ၁၁၁၊ ၁၁၆၊ ၁၁၉၊ ၁၂၀ တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

    ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို နေရပ်မှ ဖယ်ရှားရှင်းလင်းရေးတွင် ပါဝင်သည့် တပ်မလည်း ဖြစ်သည်။

    ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခဲ့မှုနှင့်ပတ်သက်ပြီး တပ်မ (၃၃) နှင့် တပ်မ (၉၉) တို့ကို ဗြိတိန်အစိုးရက ၂၀၂၂ ဒီဇင်ဘာလတွင် ပိတ်ဆို့အရေးယူခဲ့သည်။

    တပ်မ (၃၃) ၏ စစ်ကြောင်းက လုပ်ထုံးလုပ်နည်းများကို ဂရုမစိုက်ဘဲ ထင်ရာစိုင်း လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

    “တိုက်ပွဲမှာဖမ်းဆီးရမိတယ်ဆိုရင် အောက်ခြေမြေပြင်တပ်စုတပ်ခွဲက စစ်ကြောခွင့် မရှိဘူး။ အနည်းဆုံး စစ်ကြောင်းရုံး၊ စစ်ကြောင်းမှူး၊ တပ်ရင်းမှူးရှိတဲ့ဘက်ကိုပဲ ပို့ရတာပါ။ မြေပြင်မှာ တိုက်ခိုက်နေရင်တောင်မှပဲ တပ်ရင်းအဆင့်တွေက ဗျူဟာအဆင့်ကိုပဲပေးပြီးတော့ စစ်ကြောရေး လုပ်ရတယ်လို့ ကျွန်တော်တို့ကတော့ သင်ယူထားရပါတယ်”ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

    “ခုနောက်ပိုင်းမှာတော့ ဘီလူးစစ်ကြောင်းမှာဆိုရင် အောက်ခြေရဲဘော်တွေကအစ လုပ်ချင်တိုင်း လုပ်တယ်။ လုပ်ချင်တိုင်း လုပ်ဖို့လည်း မြှောက်ပေးသလို လွှတ်လည်းလွှတ်ပေးထားတဲ့ အနေအထားမျိုး တွေ့ရပါတယ်”

    ၎င်းထောက်ပြသည့် “ဘီလူးစစ်ကြောင်း” သည်လည်း တပ်မ (၃၃) လက်အောက်ခံဖြစ်ပြီး ၂၀၂၃ မတ်လအတွင်း စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်ကျေးရွာများကို စီးနင်းစဉ် အလားတူ ပြစ်မှုများ ကျူးလွန်ခဲ့သည့်စစ်ကြောင်းအဖြစ် နာမည်ကြီးသည်။

    ထိုစစ်ကြောင်းသည် တာတိုင်ရွာ တော်လှန်ရေးခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော်ကို ဖမ်းဆီးပြီး ဦးခေါင်း၊ ခြေလက် များဖြတ်တောက်ကာ ဝမ်းဗိုက်ကို ဖောက်ခဲ့ကြသည်။ ထို့ပြင် တပ်ဆုတ်ချိန်တွင်လည်း ဒေသခံ အမျိုးသမီးများ အပါအဝင် ၁၅ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့သည်။

    မင်းကွန်းစစ်ကြောင်း၏ ရာဇဝတ်မှုများ

    စစ်ကိုင်းမြို့နယ်အတွင်း တကျော့ပြန်ဝင်နေသည့်စစ်ကြောင်းများတွင် စစ်မှုထမ်းဥပဒေအရစုဆောင်း ထားသည့် တပ်သားသစ်အရေအတွက် အများအပြားပါဝင်ပြီး တစ်ရွာဝင်တစ်ရွာထွက် စိမ်ပြေနပြေ လှည့်လည်နေကြသည်။

    ထိုစစ်ကြောင်းမှာ ကျူးလွန်ခဲ့သည့် ပြစ်မှုမှာ မဲဇလီချောင်းရွာသတ်ဖြတ်မှု တစ်ခုတည်းသာမဟုတ်ပေ။ လည်လှီးသတ်ဖြတ်မှု မတိုင်ခင်မှာပင် စစ်ကြောင်းနှင့်တိုးသည့် စစ်ရှောင်ပြည်သူအချို့ကိုလည်း ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း လွတ်မြောက်လာသည့် လူငယ် ၄ ဦးက ဆိုသည်။

    အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ၎င်း၏ ခင်ပွန်း၊ ခင်ပွန်းဖြစ်သူ၏ ညီ၊ သက်ကြီးပိုင်းအမျိုးသားတစ်ဦး၊ အခြားအမျိုးသမီးတစ်ဦးတို့ကို စစ်ကြောင်းက ဖမ်းဆီးပြီး ပစ်သတ်ကြသည်၊ အမျိုးသမီးငယ်ကို မသတ်ဖြတ်မီ မုဒိန်းကျင့်ကြသည်ဟု အထက်ပါ ၄ ဦးက ပြောသည်။

    နေ့ခင်းဘက်တွင် ဖမ်းဆီးလိုက်သော ထို ၆ ဦးကို စခန်းချသည့်နေရာတွင် ထိန်းသိမ်းထားကြောင်း၊ ထို့နောက် စစ်သားများက ၎င်းတို့ကို တောစပ်သို့ ခေါ်ဆောင်သွားပြီးနောက် ညသန်းခေါင်ဝန်းကျင်တွင် သေနတ်သံ ၁၀ ချက်ထက်မနည်း ကြားခဲ့ရကြောင်း ၎င်းတို့က ဆိုကြသည်။

    ဒေသတွင်းဖြန့်ခွဲလှုပ်ရှားနေသည့် စစ်တပ် စစ်ကြောင်းရန်၊ အစုအပြုံလိုက် သေစေနိုင်သည့် လေကြောင်းရန်တို့ကြောင့် နေရပ်စွန့်ခွာကြရသည့် ဒေသခံတို့မှာ စားနပ်ရိက္ခာခက်ခဲလာသဖြင့် ရပ်ရွာထဲ အရဲစွန့်ပြန်ကပ်ချိန် ထိုကဲ့သို့အဖြစ်ဆိုးမျိုး ကြုံတွေ့ရခြင်းဖြစ်သည်ဟု ဒေါင်းစစ်သည်အဖွဲ့မှ ဆရာကျောင်းက မှတ်ချက် ပြုသည်။

    ဩဂုတ်လ တတိယပတ်က နယ်မြေရှင်းလင်းရေးဝင်ချိန်တွင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၃ ဦး တို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြသည်၊ ရုပ်အလောင်းများ ပျက်စီးနေပြီဟု ဆရာကျောင်းက ဆိုသည်။

    ရုပ်အလောင်းများထဲတွင် အထက်ပါစစ်ရှောင် ၆ ဦး၏ အလောင်းများ ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။

    စစ်သားသစ် ၄ ဦးအဖွဲ့ ထွက်ပြေးချိန်တွင် သက်ကြီးရွယ်အို၊ အမျိုးသမီးများ အပါအဝင် ၁၀ ဦးထက်မနည်း စစ်ကြောင်းတွင် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ထမင်းဟင်းချက်ပြုတ်ရန် စေခိုင်းနေသည်ဟု သိရသည်။

    စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မင်းကွန်းဒေသတွင် စစ်ကြောင်းဝင်နေသည့် နှစ်လကျော်အတွင်း ဒေသခံ ၂၀ ဝန်းကျင်ခန့် အဖမ်းခံရသည်၊ အသတ်မခံရသေးသူများနှင့်လည်း အဆက်အသွယ် ပြတ်နေသည်ဟု ပြောသည်။

    တော်လှန်ရေးအင်အားစုက ဒေသခံများကို စစ်ကြောင်းနှင့်ဝေးဝေးရှောင်ကြရန် တိုက်တွန်းထားသည်။

    “ကျွန်တော်တို့အနေနဲ့က ပြည်သူတစ်ယောက်ဖမ်းမိသွားပြီဆိုရင် ထိုင်ကြည့်နေရတာ ရင်အနာဆုံးပေါ့၊ ထိုင်ကြည့်နေရတာ ရင်အနာဆုံးပဲ။ ဘာမှကူလို့မရဘူး၊ ကယ်လို့မရဘူး။ ကယ်လို့ရတယ်၊ ကူလို့ရတယ် ဆိုတဲ့ စစ်ရေးအခြေအနေတစ်ရပ်ကလည်း ကိုယ့်အင်အား၊ ရန်သူအင်အား မျှမှ လုပ်လို့ရတဲ့အနေအထား တွေပေါ့”ဟု ဒေါင်းစစ်သည်အဖွဲ့ တာဝန်ခံ ဆရာကျောင်းက ပြောသည်။

    စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေမှုများမှာ လူထုနှင့်တော်လှန်ရေးအင်အားစုများကြား ရန်တိုက်ပေးရန်၊ အကြောက်တရားထည့်သွင်းပေးရန် ရည်ရွယ်သော်လည်း အရာမရောက်ဟု တော်လှန်ရေးအင်အားစုက မှတ်ချက်ပြုသည်။

    ဆိုးရွားသည့်အခြေအနေများကို ရင်ဆိုင်နေရသော်လည်း နောက်ပြန်ဆုတ်ရန်အကြောင်းမရှိဟု NUG အစိုးရလက်အောက်ခံ ရွှေဘိုခရိုင် အမှတ် (၉၇၀၆) အထူးလှုပ်ရှားတပ်ရင်းမှ တပ်ရင်းမှူး ကိုလကျာ်က ပြောသည်။

    “ပြည်သူလူထုပဲဖြစ်ဖြစ်၊ တော်လှန်ရေးရဲဘော်တွေကိုပဲဖြစ်ဖြစ် ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်း လို့လည်း တော်လှန်ရေးကြီး ရပ်တန့်သွားမှာမဟုတ်ဘူး။ ကြောက်ပြီးတော့ တော်လှန်ရေး ရဲဘော်တွေလည်း နောက်ဆုတ်သွားမှာ မဟုတ်ဘူး” ဟု ကိုလကျာ်က မှတ်ချက်ပြုသည်။

    “ပိုပြီး စက်ဆုပ်ရွံရှာမုန်းတီးပြီးတော့၊ ခံယူချက်ပိုပြင်းထန်ပြီးတော့၊ ပိုပြီး ကြိုးစားရမယ်၊ လုပ်ရမယ်ဆိုတဲ့ အသိတွေပဲဖြစ်စေမှာ” ဟု ကိုလကျာ်က ပြောလိုက်သည်။

  • ဗန်းမော်စစ်မျက်နှာတွင် စစ်တပ်က ခံစစ်ဖြင့် ပြန်လည်ခုခံနေရ


    ‎ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲတွင် စစ်တပ်နှင့် KIAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေရာ စစ်တပ်က ခံစစ်အနေအထားဖြင့် တိုက်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

    ‎ယခုရက်ပိုင်းတွင် ဗန်းမော် စစ်မျက်နှာရှိ စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၁၁ ဘက်အထိ ခံစစ်ဆင်တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။

    ‎”တိုက်ပွဲက စစ်တပ်ဘက်က ခံစစ်ပြန်ဖြစ်ထားပြီ။ သိမ်းထားတဲ့ တပ်ရင်းတွေပြန်မပါအောင် အားထုတ်နေရတယ်ပြောပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

    ‎ခလရ ၂၃၆၊ အမတ ၃၆၆၊ တကရ ၅၀၁၄ နှင့် ဗန်းမော်လေဆိပ် တို့ကို ပြန်လည်ရယူထားသည့် စစ်ကော်မရှင်တပ်မှာ KIA ၏ ထိုးစစ်ဆင်နေမှုကို လေကြောင်းနှင့် ဒရုန်းအဓိကထား တုန့်ပြန်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များကဆိုသည်။

    ‎‎စစ်တပ်အနေဖြင့် ဗန်းမော်တွင် အဓိကတိုက်ခိုက်ရေး ခြေလျင်တပ်ရင်း ခလရ ၄၇ တစ်ရင်းသာရှိပြီး ကျန်တပ်ရင်း သုံးရင်းမှာ စစ်လက်ရုံးတပ်များသာဖြစ်ကာ ခံစစ်အနေအထားသို့ ပြောင်းလဲသွားခြင်းဖြစ်သည်။



    ‎စစန ၆၄၁ (စစ်လက်နက်ပစ္စည်းတပ်စု) ၊ မဆရ ၁၁ (စစ်မြေပြင်ဆေးတပ်ရင်း)၊ ထပရ ၉၃၃ (ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ) တို့သာ ဗန်းမော်တွင် ကျန်ရှိသည်။

    ‎ဗန်းမော်ကို စစ်ကော်မရှင်က စစ်သင်္ဘောများဖြင့် လူအင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းပြီးနောက် တိုက်ပွဲများပြန်လည်ပြင်းထန်လာကာ လေကြောင်းပစ်ကူ ဒါဇင်ကျော်ကို နေ့စဉ်အသုံးပြုတိုက်ခိုက်ခဲ့နေကြောင်း သိရသည်။

    ‎ထို့အပြင် မြို့ပေါ်ရှိ အထပ်မြင့်ဟိုတယ်များတွင်ပါ စိုးမိုးမှုရယူရန်ကြိုးစားခဲ့ပြီးနောက် မြို့တွင်းတိုက်ပွဲပြင်းထန်ကာ စစ်ကော်မရှင်တပ်ဘက်က အစုလိုက် အပြုံလိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။



    ‎လက်ရှိတွင် စစ်ကော်မရှင်က ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ ဖားကန့် ၊ ဝိုင်းမော်တို့တွင် စစ်ရေးဖော်ဆောင်နေပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကို အားပြုနေကြောင်း သိရသည်။

  • ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်

    ဒေါ်အောင်ဆန်းစုကြည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းဆန်

    မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်း ဆိုသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း ဗြိတိန်အခြေစိုက် The Independent သတင်းဌာနက သတင်းဖော်ပြသည်။

    အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာ ခံစားနေရကြောင်း၊ နှလုံးရောဂါအထူးကုဆရာဝန်နှင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းပယ်ထားကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နိုင်ငံရေး အခန်းကဏ္ဍ ရည်ရွယ်ချက်ရှိရှိ အဆုံးသတ်စေရန် လုပ်ဆောင်ထားပြီး နေပြည် တော်ရှိ တောတွင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်ဟု The Independent က ဆိုသည်။

    မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris က သူမ၏ ကျန်းမာရေး ယိုယွင်းလာမှုနှင့် ပတ်သက်၍ သတိပေးပြောဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပေါ် ဆေးကုသမှုခံယူခွင့်ကို စစ်တပ်က ခွင့်ပြုပေးရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက် စွက်ဖက်ရန် တောင်းဆိုထားသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက အကျဉ်းချခံထားရသော အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ပိုမိုဆိုးလာသော နှလုံးရောဂါကို ခံစားနေရကြောင်း သားဖြစ်သူ Kim Aris က The Independent သို့ ပြောကြားသည်။

    “အမေရဲ့ ကျန်းမာရေး ပိုဆိုးလာတာကို ကြားရတာ အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ သူမမှာ နှလုံးရောဂါရှိနေတယ်။ အကျဉ်း ထောင် ပြင်ပ ပုဂ္ဂလိက နှလုံးအထူးကုဆရာဝန်ဆီမှာ ပြသဖို့ တောင်းဆိုပေမယ့် ဒါကိုခွင့်ပြုပေးလားဆိုတာ မသိရသေးဘူး “ဟု Kim Aris က ပြောဆိုထားသည်။

    စစ်တပ် အာဏာသိမ်းမှု ၄ နှစ်ပြည့်သည့် ယခုနှစ်ဖေဖော်ဝါရီလတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ ဖိနှိပ်အနိုင်ကျင့်မှုများစွာနဲ့ ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးပါ။ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပေးပါ” ဟု တောင်းဆိုထားသည်။

    ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ပြောဆိုသည့် အတိုင်းပင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်ပြောင်တင်းတင်း စွဲချက်တင်ကာ အကျဉ်းချခြင်းမှာ ရိုင်းစိုင်းမှုနှင့် ထင်ရှားသော မတရားမှုပင်ဖြစ်ကြောင်း The Independent က ရေးသားထားသည်။

  • မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)

    မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)

    မြင်းခြံ၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်ကြီး အောင်သောင်း အပါအဝင် စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး အောင်သောင်း အပါအဝင် စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မြင်းခြံမြို့နယ် ကုက္ကဲအထက် တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်က ပြည်သူများနှင့်ခရီးသွားပြည်သူများကို ဆက်ကြေးကောက် နေ့စဉ်အနိုင်ကျင့်လုယက်နှိပ်စက်နေမှုကြောင့် ယင်းနေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းနေရာကို ရှေ့ထွက်‌ပဒေသာမိုင်းများဖြင့် အသင့်စောင့်ဆိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးကို ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

    ထိုသို့တိုက်ခိုက်မှုအတွင်း စစ်သား ၇ ဦးသေဆုံးပြီး MA 3 ၆လက်၊ ကျည်ဘောက် ၂၀၊ MA5 ၁ လက်၊ ၆၀ မမ ၁ လက်၊5.56 ကျည် ၉၀၄ တောင့်၊ 9 မမ ကျည် ၅တောင့်၊ ၆၀ မမကျည် ၃ ခု၊ အီနီဂါ ၂ လုံး ၊ဓား ၅ ချောင်း၊လက်ပစ်ဗုံး ၂ လုံး၊လေးခွ ၂ လက်၊ဝက်အူ လှည့် ၁ ချောင်း၊ငွေသား ၁၄၉,၂၀၀၀ကျပ်၊ ဖုန်း ၇ လုံး၊လက်ပတ်နာရီ ၂ လုံး၊စစ်သုံးဆောင်အများအပြားကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

    “ကုက္ကဲစခန်းကနေ အရှေ့ကို ထွက်လာရင် ကုက္ကဲကန်အောက်ဆိုတာရှိတယ်။ အဲဒီနေရာမှာ ဆက်ကြေးတွေကောက်ပြီးမှ နောက်ကို ပတ်ကင်းပြန်ပတ်လာတာ၊ သူတို့ ဆက်ကြေးကောက်ပြီးမှ ပြန် လာတဲ့ အချိန် လမ်းကနေဖြတ်တိုက်တာ၊ စခ ၇ ဦးသေတာ၊ လက်နက်က ၈ လက်ရခဲ့တယ်၊ ၃ ပွင့်နဲ့ဗိုလ်ရောသေတာ၊ အတိုတွေရော ဘာတွေရော အကုန်ရတာ၊ ဆက်ကြေးကောက်ဖို့က ၇ ယောက် ထွက်လာတာ၊ အဲဒီထွက်လာတဲ့ ၇ ယောက်လုံးပျောက်သွားတာ၊ နေရာတင် ပွဲချင်းပြီး သေတယ်။ စစ်ကူလာတာမျိုး မရှိဘူး။ စခန်းဘက်ကနေတော့ လှမ်းပစ်တာတွေရှိတယ်။ အေးအေးဆေးဆေး နယ်မြေရှင်းလင်းရေးရော လုပ်လာနိုင်ခဲ့တယ်။” ဟု ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ပြည်သူကို ဖိနှိပ်နေသော အကြမ်းဖက်စစ်တပ်ကို ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ၊တိုက်နယ် ၁ က ဆက်လက်တိုက်ခိုက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများအသင့်အနေအထားဖြင့် အထူးသတိပြုနေထိုင်ကြရန် တိုက်တွန်းသည်။

  • အမျိုးသမီး ၄ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားခံတဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ခရိုင်တရားရုံးမှ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်

    အမျိုးသမီး ၄ ဦးအား အဓမ္မပြုကျင့်မှုဖြင့် တရားခံတဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ခရိုင်တရားရုံးမှ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်

    (တရားခံမှ ၎င်းသည် မြို့နယ် ၃ မြို့နယ်မှ အမျိုးသမီးငယ် ၁၁ ဦးအား အဓမ္မပြုကျင့်ခဲ့ပါကြောင်း ဝန်ခံ ထွက်ဆိုထား)

    အမျိုးသမီး ၄ ဦးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ကျောက်တော်မြို့နယ်မှတရားခံတစ်ယောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မြောက်ဦးခရိုင် တရားရုံးက စက်တင်ဘာ ၁ ရက်တွင် အလုပ် နှင့် ထောင်ဒဏ် အနှစ် ၄၀ ချမှတ်လိုက််ကြောင်း တရားရုံးနှင့် နီးစပ်သူတို့က ပြောဆိုသည်။

    မုဒိမ်းမှုဖြင့် ထောင်ဒဏ် အနှစ် ၄၀ ချ မှတ်ခံရသည့် တရားခံသည် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဇော်ဇော်နိုင်(ခ)လဖြူချေ(၂၅နှစ်) ဖြစ်သည်။

    ကျောက်တော်မြို့နယ်မှာ အမျိုးသမီးလေးဦးကို အတင်းအဓမ္မကျူးလွန်ခဲ့​သူတဦးကို အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရရဲ့မြောက်ဦးခရိုင်တရားရုံးမှ စက်တင်ဘာလ ၁ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ်အနှစ်လေးဆယ်ချမှတ်လိုက်ပါတယ်။

    အဲဒီကျောက်တော်မြို့၊ပြည်တော်သာရပ်ကွက်မှအသက်၂၅ နှစ်အရွယ်ဇော်ဇော်နိုင်(ခ)လဖြူချေဖြစ်ပြီး သူဟာအမျိုးသမီး ၁၁ ဦးကို အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ဝန်ခံထားပါတယ်။

    သူဟာ ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၆ ရက်နေ့ကမြောက်ဦးမြို့နယ်၊လိပ်မရွာမှအသက်၂၀ အရွယ်အမျိုးသမီးငယ်တဦးကို အတင်းအဓမ္မပြုကျင့်ခဲ့ပြီး ဇွန်နဝါရီ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့ နယ်၊မြင်းကြပ်ရွာမှအသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။

    အဲဒီအပြင်ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်းမြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာမှအသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးကိုလည်း အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။

    နောက်ပြီး၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း မြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်မှအသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦးကိုအလုပ်ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ယူကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။

    အဲဒါကြောင့် မြောက်ဦးမြို့နယ်၊ လိပ်မရွာမှအမျိုးသမီးငယ်မုဒိမ်းကျင့်ခံရတဲ့အမှုကို စစ်ဆေးပြီးပြစ်မှုထင်ရှားလို့ရာဇသတ်ကြီး ပုဒ်မ-၃၆၆ အရအလုပ်နဲ့ထောင်ဒဏ် ၃ နှစ်၊ပုဒ်မ-၃၇၆ အရထော င်ဒဏ် ၇နှစ်၊ စုစုပေါင်း ၁၀ နှစ်သီးခြားကျဖို့ မြောက်ဦးခရိုင်တရားရုံးမှအမိန့်ချလိုက်တာဖြစ်ပါတယ်။

    အဲဒီအပြင် ကျောက်တော်မြို့နယ်၊ မြင်းကြပ်ရွာမှမုဒိမ်းမှုကို ပုဒ်မ – ၃၆၆ အရ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်၊ပုဒ်မ-၃၇၆ အရအလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်၊စုစုပေါင်း ၁၀ နှစ်နဲ့ မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးရွာအမှုကို ပုဒ်မ – ၃၆၆ အရထောင် ဒဏ် ၃ နှစ်နဲ့ ပုဒ်မ-၃၇၆ အရ ထောင်ဒ ဏ်၇ နှစ် စုစုပေါင်း ၁၀ နှစ်သီးခြားကျစေဖို့အမိန့်ချလိုက်တာပါ။

    နောက်ပြီးမြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်မှမုဒိမ်းမှုကို ပုဒ်မ-၃၆၆ အရထောင်ဒဏ် ၃ နှစ်နဲ့ ပုဒ်မ-၃၇၆ အရ ထောင်ဒဏ်၇နှစ်စုစုပေါင်း ၁၀နှစ်ထိ အမိန့်ချလိုက်တာဖြစ်ပါတယ်။

    အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံ ရေးဌာန(DLEPS)မှတ်တမ်းတွေအရ တရားခံဇော်ဇော်နိုင်ရဲ့ဝန်ခံထွက်ဆိုချက်တွေမှာ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့မြို့သုံးမြို့မှအမျိုးသမီးငယ်စုစုပေါင်း ၁၁ ဦးကို အလိုမတူဘဲအတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

    သူကျူးလွန်ခဲ့တဲ့မုဒိမ်းမှု ၁၁ မှုထဲမှ ၄ မှုကိုစီရင်နိုင်သေးတာဖြစ်ပြီး ကျန်မုဒိမ်းမှု ၇ မှုကို တရားစွဲတဲ့အဖွဲ့အစည်းက ဆက်လက်စစ်ဆေးနေတယ်လို့ဆိုပါတယ်။