Category: News

  • ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် တပ်စခန်းများကို အထူးတိုင်းစစ်ဌာန တိုက်ခိုက်သိမ်းပိုက်

    ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် တပ်စခန်းများကို အထူးတိုင်းစစ်ဌာန တိုက်ခိုက်သိမ်းပိုက်

    ကရင်၊ တနင်္သာရီနှင့် ထိစပ်နေသော ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် တပ်စခန်းများကို အထူးတိုင်းစစ်ဌာန တိုက်ခိုက်သိမ်းပိုက်

    ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ထိစပ်နေသော ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် အထိုင်စခန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာနက တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ယနေ့ စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်လာသည်။

    ထိုအထူးတိုင်းစစ်ဌာနကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် အခြေပြု ဖွဲ့စည်းထားသော PDF နည်းဗျူဟာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များဖြင့် စုဖွဲ့ထားပြီး စစ်ကော်မရှင်၏ အဆိုပါတပ်စခန်းများအား ယခုနှစ်အတွင်း သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းအပြင် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မဲပလီဗျူဟာ စခန်းကုန်းနှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လှဂွန်းပျိုစခန်းမှ တပ်ရင်းမှူးအပါ အခြားအဆင့် တပ်သား (၁၆) ဦးကိုလည်း လက်နက်များနှင့် အလင်းဝင်ရောက်အောင် စည်းရုံးနိုင်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနထံက သိရသည်။

    ထို့အပြင် KNLA တပ်ဖွဲ့များနှင့်အတူ ထိုင်း-မြန်မာနယ်စပ် စခန်းသိမ်းတိုက်ပွဲများ၊ ဖာပွန်မြို့သိမ်းတိုက်ပွဲနှင့် အနန်းကွင်းဗျူဟာစခန်းသိမ်း တိုက်ပွဲများလည်း ဆက်လက်ဖော်ဆောင်လျက်ရှိကာ တပ်ပြောင်းရွှေ့မှု၊ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကြောင့် ယခုမှသာ ထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

    စစ်ရေးလှုပ်ရှားမှုများအနေဖြင့် KNU/KNLA တပ်များနှင့်အတူ ကရင်၊ မွန်နှင့် ရေး – ထားဝယ် ဒေသများအပြင် ပဲခူး၊ ရန်ကုန်တိုင်းစစ်ဌာနများနှင့်ပါ ပူးပေါင်း၍ ပဲခူးတိုင်းအတွင်းရှိ နယ်မြေတချို့တွင် စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အထူးတိုင်းစစ်ဌာနက ဆိုသည်။

    အလားတူ အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားနယ်မြေများအတွင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လုံးဝပြုလုပ်ခွင့် မရနိုင်သလို ရွေးကောက်ပွဲအကြောင်းပြု၍ နယ်မြေချဲ့ထွင်သည့် ထိုးစစ်များကိုလည်း နယ်မြေလုံးဝ (လုံးဝ) မဆုံးရှုံးစေရေး၊ ပြည်သူလူထုလုံခြုံရေးနှင့် အကာအကွယ်ပေးရေး ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့အတူ PDF စစ်ရုံးချုပ်၏ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်များ၊ EROs များ၏ စစ်ရေးရည်မှန်းချက်များအား အတူတကွလက်တွဲ ဖော်ဆောင်သွားမည်ဖြစ်ပြီး စစ်တောင်းမြစ်ဝှမ်းအခြေပြု၍ ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးများကိုလည်း နီးစပ်ရာတိုင်းစစ်ဌာနများနှင့်အတူ လက်တွဲချိတ်ဆက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် ပြည်သူလူထုဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် ထိခိုက်နစ်နာနိုင်သည့် ကိစ္စရပ်များအား အထူးသတိပြုရှောင်ရှားလျက် ပြည်သူလူထုသဘောဆန္ဒနှင့်အညီ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်သည်အထိ ခိုင်မာသောသန္ဓိဌာန်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အထူးတိုင်းစစ်ဌာနက ဖော်ပြထားသည်။

    လက်ရှိတွင် အထူးတိုင်းစစ်ဌာနကို တောင်ပိုင်းရှိ PDF နည်းဗျူဟာ ၂၇၊ နည်းဗျူဟာ ၃၂၊ နည်းဗျူဟာ ၃၃၊ နည်းဗျူဟာ ၃၆၊ နည်းဗျူဟာ ၃၇၊ စုစုပေါင်း ဗျူဟာ ငါးခုဖြင့် စုဖွဲ့ထားပြီး တိုင်းစစ်ဌာနကွပ်ကဲမှုအောက်တွင် တပ်ရင်း (၁၁) ရင်းရှိမည်ဖြစ်သည်။

    တပ်ရင်းများအနေဖြင့် အမှတ် ၇၈၀၁ တပ်ရင်း၊ အမှတ် ၇၈၀၂ တပ်ရင်း၊ အမှတ် ၇၈၀၄ တပ်ရင်း၊ အမှတ် ၇၈၀၅ တပ်ရင်း၊ ကော်ဘရာတပ်ရင်း(စစ်ကြောင်း ၁/၂)၊ ကျားသစ်နက်တပ်ရင်း၊ ဒေါနတပ်ရင်း (စစ်ကြောင်း ၁/၂/၃)၊ တောင်ညိုတပ်ရင်း၊ Southern Eagle တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ SOG တပ်ရင်းတို့ ပါဝင်ကြကြောင်း သိရသည်။

    ထို့အပြင် တိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် ဒရုန်းလက်ရုံးအထူးတပ်ဖွဲ့ လေးဖွဲ့ရှိပြီး1801 ဒရုန်းတပ်ရင်း၊ SDDF ဒရုန်းအထူးတပ်ဖွဲ့၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့နှင့် Cloud Wings ဒရုန်းအထူးတပ်ဖွဲ့ တို့ဖြစ်ကာ တပ်ရင်းအတည်ပြုကုတ် မကျသေးသည့် (စိစစ်ဆဲ) PDF တပ်ရင်း သုံးရင်းနှင့် ဒရုန်းတပ်ဖွဲ့ နှစ်ဖွဲ့လည်း ရှိနေသေးကြောင်း သိရသည်။

    ပကဖများအနေဖြင့် မွန်ပကဖ၊ ရန်ကုန်ပကဖ၊ ပဲခူးခရိုင်ပကတို့လည်း တိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် ပူးပေါင်းလျက်ရှိကာ PDF စစ်ရုံးချုပ်၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော SOF သည် အမှတ် (၁) စစ်ဆင်ရေးမှူး၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်အတူ ကရင်၊ မွန်နှင့် ပဲခူးအတွင်း တပ်များဖြန့်ကျက်အထိုင်ချကာ အထူးတိုင်းစစ်ဌာနနှင့်အတူ စစ်ဆင်ရေးများ ပူးပေါင်းလျက်ရှိကြောင်း သိရသည်။

    ယင်းအပြင် တိုင်းစစ်ဌာနအဖွဲ့ဝင်များအဖြစ် တိုင်းကွပ်ကဲရေးမှူး၊ ဒု-ကွပ်ကဲရေးမှူး၊ စစ်ဆင်ရေးအရာရှိ၊ စစ်ရေးအရာရှိ၊ စစ်ထောက်အရာရှိ၊ စစ်ထောက်လှမ်းရေးအရာရှိ၊ ပြည်သူ့လုံခြုံရေးအရာရှိ၊ ရုံးအဖွဲ့မှူး၊ နည်းဗျူဟာမှုး ငါးဦးဖြင့် စနစ်တကျ ဖွဲ့စည်းထားပြီး စစ်ဆင်ရေးနယ်မြေအတွင်း တပ်များနှင့်အနီးကပ်ဆုံး ကွပ်ကဲစီမံ အုပ်ချုပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

    ဓာတ်ပုံ-အထူးတိုင်းစစ်ဌာန

  • ပဲခူးမြို့ပေါ် ရပ်ကွက် ၅ ခုမှ ပြည်သူ့နေအိမ် ရာပေါင်းများစွာကို ယနေ့အပြီး ဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေး

    ပဲခူးမြို့ပေါ် ရပ်ကွက် ၅ ခုမှ ပြည်သူ့နေအိမ် ရာပေါင်းများစွာကို ယနေ့အပြီး ဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေး

    မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်း တော် ၏ ကျုံးနှင့်မြို့ရိုးကို ပြန်လည်တူးဖော်ရန် ပဲခူးမြို့ပေါ် ရပ်ကွက် ၅ ခုမှ ပြည်သူ့နေအိမ် ရာပေါင်းများစွာကို ယနေ့အပြီး ဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေး

    မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်း တော် ၏ကျုံးနှင့်မြို့ရိုးကို ပြန်လည်တူးဖော်ရန် ပဲခူးမြို့ပေါ်ရပ်ကွက် ၅ ခုမှ ပြည်သူပိုင်နေအိမ် ရာပေါင်းများစွာကို ယနေ့ အပြီးဖျက်သိမ်းရန် စစ်တပ်က အမိန့်ပေးလာကြောင်း နေအိမ် အဖျက်ခံရမည့် ပြည်သူများက ပြောဆိုသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ဩဂုတ်လ ၃ ရက်နေ့ ပဲခူးသို့ လာရောက်ခဲ့ပြီး ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအခြေအနေကို လာရောက် လေ့လာခဲ့ကြောင်း၊ ဟံသာဝတီမြို့တော်ဟောင်းနေရာကို ပြန် လည် ဖော်ထုတ်ရန်၊ ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်းတော်၏ကျုံးကိုလည်း တစ်ဆက် တစ်ဆက်တည်းဖြစ်အောင် ဆောင်ရွက်သွားရန် မင်းအောင်လှိုင်က အမိန့်ပေးခဲ့သည်ဟု သိရှိရသည်။

    ယင်းသို့ မင်းအောင်လှိုင်က အမိန့်ပေးပြီးနောက် စစ်တပ်နှင့် ပဲခူးတိုင်းအစိုးရက ဟံသာ၀ တီ မြို့ဟောင်း၊ ကျုံးနှင့်မြို့ရိုး ပြန်လည် တူးဖော်ရန် ဆိုရှယ်လစ်ရပ်ကွက်၊ မှော်ကန်ရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ စင်္ကြာခြံ ရပ်ကွက်၊ အလင်း ရောင်ရပ်ကွက်များအတွင်းမှ နေအိမ်များအားလုံး ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရှင်းလင်းရန် အမိန့်ပေးလာကြောင်း သိရှိရသည်။

    “သူ ဘုရင်ရူး ရူးတာ ကျနော်တို့ ပြည်သူတွေမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရတော့မယ်။ ဖျက်ရမယ့် အိမ်တွေ အတော်များတယ်။ သူတို့ ဖျက်ချင်တဲ့အခါကျတော့ ကျူး ကျော်ဆိုပြီး အမည် တပ်တာပဲ။ တကယ်တော့ နေလာတာ နှစ်ပေါင်း ၄၀ ၊ ၅၀ လောက်ရှိနေပြီ။ ပုဏ္ဏားစု၊ ဆိုရှယ်လစ်၊ မှော်ကန်၊ စင်္ကြာခြံ၊ အလင်းရောင်ရပ် ကွက်အကုန်ပါတယ်။ အခုက ဒါက ဖျက်ခိုင်းတာ ပထမအသုတ်တဲ့။ နောက် ထပ် တူးဖော်ရေးတွေ လုပ်ရင်းနဲ့ ထပ်ပြီး ဖျက်ခိုင်းမယ့် အိမ်တွေလည်းအများကြီးပဲလို့ပြောတယ်။ စခတွေက မြေတိုင်းတာတွေ လုပ်နေကြတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ပဲခူးမြို့မှ မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပဲခူးမြို့မှ ပြည်သူများက တက်ကြွစွာ ပါဝင်ခဲ့ကြသည့်အတွက် မင်းအောင်လှိုင်က ယင်း သို့ ပါဝင်မှုအပေါ် မြို့ဟောင်းနှင့်ကျုံး၊ မြို့ရိုးများကို ပြန်လည် တူးဖော်ရေး အ ကြောင်း ပြကာ ပြည်သူများ၏ နေအိမ်များကို အတင်း အဓမ္မ ဖျက်သိမ်းခိုင်းနေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

    “ကျနော်တို့ ပဲခူးက စစ်တပ်ကို ရရာလက်နက်စွဲကိုင်တော်လှန်ခဲ့လို့ တစ်နေ့တည်း လူ ၁၀၀ ​လောက်တောင် သေခဲ့ရတယ်။ အဲဒီအငြိုးနဲ့ ပဲခူးပြည်သူတွေကို မအလက ပညာပြတာလို့ မြင်တယ်။ ဒီနန်းတော်တွေ ကျုံးတွေက အရေးကြီးလား လက်ရှိ ပြည်သူတွေ နေထိုင်မှု က အရေးကြီးလား” ဟု ပဲခူးမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    ပဲခူးမြို့တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့ နံနက် အရုဏ်မတက်မီ မြို့ပေါ်ရှိ ဆန္ဒပြ သပိတ်စခန်းများကို တပ်မ ၇၇ တပ်က ဦး ဆောင်၍ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နှိမ်နင်းခဲ့ပြီး လူငယ်နှင့် ပြည်သူ ၈၀ ကျော်ထက်မနည်း သေဆုံးခဲ့ရသည်။

    ထို့အတူ ပဲခူးတိုင်း၊တောင်ငူမြို့တွင်လည်း မင်းအောင်လှိုင် အမိန့်ဖြင့် ကေတုမတီ ရှေးဟောင်းနန်းတော်၊ မြို့ရိုးနှင့်ကျူံးကို ပြန်လည် တူးဖော် တည်ဆောက်ရန် ဘုန်းကြီး ကျောင်း နှင့်သီလရှင်ကျောင်း ၂၀ ကျောင်း၊ ဘုရား ၁ ဆူနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ခု၊ ရပ်ကွက်များကို စစ်တပ်က ဖယ်ရှားခိုင်းနေပြီဖြစ်သည်။

  • ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

    ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

    ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

    မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။

    အကြမ်းဖက်စစ်ကော်မရှင်ကို အရှိန်အဟုန်မြင့် ပြောင်းလဲနေတဲ့ နည်းပညာတွေ အသုံးပြုပြီး ဝေဟင်ကနေ တိုက်ခိုက်နိုင်ဖို့ အပါအဝင် ရည်ရွယ်ချက် ၅ခုနဲ့ ဖွဲ့စည်းခဲ့တဲ့ အညာမြေတပ်ပေါင်းစု Drone Team ဟာ လက်ရှိမှာ တိုက်ပွဲတွေဖော်ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

    အညာ​မြေတပ်ပေါင်းစု Drone ဖွဲ့စည်းရတာနဲ့ပတ်သက်လို့ တပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “ပထမဆုံးအချက်ကတော့ အခုချိန်က နည်းပညာကို အားပြုလာတဲ့ စစ်ပွဲအသွင်ဆောင်လာပါတယ်။ ဒီတော့ နည်းပညာတွေကို ကျနော်တို့ရဲဘော်တွေက ကောင်းကောင်းအသုံးချပြီး တော်လှန်ရေးကို အသာစီးယူနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ နောက်နံပါတ်၂အချက်ကတော့ လေကြောင်းရန်ကြောက်နေရတဲ့ ပြည်သူတွေကို နည်းနည်းပဲ စိတ်လုံခြုံမှုပေးနိုင် ပေးနိုင် ကျနော်တို့က တံတိုင်းသဖွယ် မားမားရပ်ပေးမယ်ပေါ့။ နောက်တတိယအချက်ကတော့ ရန်သူရဲ့ စခန်းတွေကို မြေပြင်ကနေ ချဉ်းကပ်ဖို့ ခက်တဲ့စခန်းတွေမှာ ဒရုန်းနဲ့ စစ်ဆင်မယ်။ စတုတ္ထအချက်က နည်းပညာကျွမ်းတဲ့ရဲဘော်တွေကို သူတို့ဝါသနာအတိုင်း တော်လှန်ရေးမှာ ပိုမိုပါဝင်လာနိုင်အောင် လှုံ့ဆော်ပေးတာပါ။ နောက်ဆုံးပဉ္စမအချက်ကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ပိုပြီး ညီညွတ်ခိုင်မာဖို့ကို ရည်ရွယ်ပါတယ်။” လို့ ​ပြောပါတယ်။

    MUGDF ၊ ဇာမဏီတပ်ဖွဲ့၊ သစ္စာ‌ဒေါင်းနီတပ်ဖွဲ့၊ James bond တပ်ဖွဲ့နဲ့ ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့တွေ ပါဝင်တဲ့ အညာမြေတပ်ပေါင်းစုဟာ ပခုက္ကူခရိုင်အတွင်းက မြိုင်၊ ပေါက်နဲ့ ပခုက္ကူမြို့နယ်တွေမှာ အဓိကလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ပေါင်းစုတစ်ခုလည်း ဖြစ်ပါတယ်။

    “ကျနော်တို့ဘက်မှာ ဒရုန်း Team ဆိုပြီး သေသေချာချာဖွဲ့စည်းတာ နည်းပါတယ်။ ကျနော်တို့အတွက် အဓိက အခက်အခဲကတော့ ‌ရန်ပုံငွေပါပဲ။ ကျနော်တို့မှာ လုပ်နိုင်စွမ်းတွေရှိပေမယ့် ရန်ပုံငွေအခက်အခက်ကြောင့် ထင်သလောက်မလုပ်ရပါဘူး။ လူငယ်ပညာတတ်တွေ၊ တက်ကြွတဲ့လူငယ်အရင်းအမြစ်တွေရှိတယ်။ ဦးဆောင်လမ်းပြနိုင်တဲ့ ခေါင်းဆောင်တွေရှိပေမယ့် ရန်ပုံငွေအခက်အခဲကြောင့် ထင်သလောက် မလုပ်နိုင်ပါဘူး။ ငွေကြေးပိုင်းက ကျနော်တို့အတွက်တော့ အဓိက အဟန့်အတားပါ။ “လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

    အညာမြေတပ်ပေါင်းစုရဲ့ ပထမဆုံးဒရုန်းမစ်ရှင်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းက ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာမှာရှိတဲ့ အကြမ်းဖက်ပျူစောထီးစခန်းကို ဒရုန်းနဲ့သွားရောက်ဗုံးကြဲခဲ့ရာမှာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

  • MSRF တပ်ဖွဲ့၏ ၃ နှစ်တာ စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆၉ ဦးသေဆုံးခဲ့သော်လည်း လူသားအရင်းအမြစ်နှင့် လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေဆဲဟုဆို

    MSRF တပ်ဖွဲ့၏ ၃ နှစ်တာ စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆၉ ဦးသေဆုံးခဲ့သော်လည်း လူသားအရင်းအမြစ်နှင့် လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေဆဲဟုဆို

    မွန်ပြည်တော်လှန်ရေးတပ်(MSRF) တပ်ဖွဲ့၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ကျရောက်သည့် သုံးနှစ်ပြည့် စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲအကြိမ်ရေ (၆၉) ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃၆၉ ဦးအထိသေဆုံးခဲ့ပြီ ဖြစ်ကြောင်း MSRF ထံမှ သိရသည်။

    MSRF သည် ယခု ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၁ ပွဲအထိဖော်ဆောင်ထားနိုင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၂၉ ဦးသေဆုံးကာ ၁၀၁ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခြင်းများရှိကြောင်းလည်း သိရသည်။

    “အခုနှစ်ကပြောရရင် အရင်နှစ်တွေနဲ့ တော်တော်လေးကွာခြားသွားတယ်ပေါ့နော်။ စစ်ကောင်စီဘက် ကနေ လူငယ်ကိုလူငယ်အချင်းချင်းသတ်တဲ့ စစ်မှုထမ်းဥပဒေကနေပြီးတော့ အင်အားကိုထပ်ဖြည့် လာနိုင်တယ်။ ၂၀၂၅ မှာနိုင်ငံရေးထွက်ပေါက်ရဖို့အတွက်ကို လိမ်ညာရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ သူတို့အားသွန်ခွန်စိုက်ပြင်ဆင်နေတာမျိုးရှိတယ်ပေါ့နော်။ ဒီအတွက်ကြောင့်စစ်ရေးအရမှာလည်း ပြင်းထန်လာတာမျိုးရှိတယ်။ ကျွန်မတို့ကြံ့ကြံ့ခံပြီးတော့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်” ဟု MSRF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ မိတလညဏ် ကဧရာဝတီတိုင်းမ်ကို ပြောသည်။

    မွန်တော်လှန်ရေးတပ်ဖွဲ့ MSRF သည် မွန်ပြည်နှင့် မွန်လူမျိုးအခြေပြုတပ်များအနက် နွေဦးတော်လှန်ရေး ကာလတွင် ပထမဆုံးသေနတ်ပစ်ဖောက် ခဲ့သည့်တပ်ဖွဲ့တစ်ခုဖြစ်ပြီး မွန်ပြည်နယ်တောင်ပိုင်း၊ ခေါဇာမြို့မှ စတင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် မဟာမိတ်တပ်များနှင့်အတူ သံဖြူဇရပ်-ရေး-ထားဝယ် လမ်းမကြီး ကို ထိန်းချုပ်စိုးမိုးထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

    မွန်ပြည်တော်လှန်ရေးတပ်သည် ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့တွင်ပင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ်-၁ စစ်ဆင်ရေးနယ်မြေ နည်းဗျူဟာ(၃၃) နှင့် မဟာမိတ်ဆက်ဆံရေးမှ တဆင့်မြှင့်ကာ “ညီနောင်တပ်ဖွဲ့” အဖြစ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    “တိုက်ပွဲပေါင်း ၆၉ ပွဲဖော်ဆောင် နိုင်တဲ့အထဲမှာ အဓိကအရေးကြီးဆုံး အခက်အခဲကတော့ လက်နက်ခဲယမ်းလိုအပ်ချက်ကြီးမားတဲ့ပြသနာဖြစ်တယ်။ ဒုတိယ‌အနေနဲ့က လူသားအရင်းအမြစ် အခက်အခဲဖြစ်တယ်။ ကျွန်မတို့ မွန်လူငယ်တွေက တော်လှန်ရေးမှာ ထိုက်သင့်သလောက်ပါဝင်တယ် ဆိုကြပေမဲ့ တော်လှန်ရေးအရွေ့မှာ အားကောင်းကောင်းနဲ့တွန်းနိုင်ဖို့အတွက် အင်တိုက်အားတိုက် ပါဝင်တာမျိုးအားနည်းနေသေးတဲ့အတွက်ကြောင့် လူသားအရင်းမြစ်လိုအပ်ချက်အရ အခက်အခဲ တစ်ရပ် အဖြစ်ရှိနေပါသေးတယ်” ဟု မိတလညဏ်က ဆက်လက်ပြောကြားသည်။

    လက်ရှိတွင် ပြည်သူ့ကာကွယ်ရေး(PDF) တပ်ဖွဲ့များနှင့်အတူ စစ်ရေးတင်းမာနေသည့် တနင်္သာရီတိုင်း၊ ရေဖြူဒေသတွင် တိုက်ပွဲဖော်ဆောင်လျက်ရှိပြီး MSRF တပ်ဖွဲ့သည် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့်အတူ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနအောက်ရှိ လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြောင်း သိရသည်။

    MSRF နှင့် မဟာမိတ်တပ်ဖွဲ့များသည် စစ်ရေးတင်းမာနေသည့် ရေဖြူဒေသတွင် ပြီးခဲ့သည့် ဩဂုတ် ၁၉၊ ၂၀၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆ ဦးထက်မနည်းသေဆုံးကာ ခမရ-၄၀၉ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ – MSRF

  • ဧရာဝတီမှနေ၍ ဂွအထိတက်သိမ်းမည်ဟု ကြွေးကြော်ကာ စစ်ကြောင်းထိုးနေသည့် ဒုတပ်ရင်းမှူးကိုယ့်မိုင်းကိုယ် ပြန်နင်းမိပြီးသေဆုံး

    ‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ဒုတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်အချို့ စစ်ကော်မရှင်က ထောင်ထားသည့်မိုင်းကို ပြန်နင်းမိပြီး ဒုတပ်ရင်မှူး သေဆုံးသွားကြောင်း သိရသည်။

    ‎ပြီးခဲ့သည့် ဩဂုတ်နောက်ဆုံးအပတ်တွင် ခလရ ၃၆ ကျုံပျော်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်လေးဦးတို့ မိုင်းနင်းမိပြီး ဒုတပ်ရင်းမှူး သေဆုံးကာ ကျန်တပ်ဖွဲ့ဝင် လေဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    “ဒုတပ်ရင်းမှူးလုပ်သူက ခြေဖနောင့်ကနေ ပြတ်ထွက်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်ပြောတယ်။ ဂွအထိတက်မှာလို့ ကြုံးဝါးထားတယ်လို့သိထားရတယ်ဗျ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ‎သဲဖြူကျေးရွာနှင့် ကျားခေါင်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသည့် ဗိုလ်မှူးသက်နိုင်ထွန်းမှာ မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာကို အချိန်မီကုသနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒုတပ်ရင်းမှူးကို ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ ၄ကို ပို့ဆောင်ချိန်တွင် သွေးထွက်လွန်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ‎ဒုတပ်ရင်းမှူးနှင့်အတူ အပြင်အထန်ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင် လေးဦးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီး သင်တန် းပေးပြီး ရှေ့တန်းပိုခံရသူများဖြစ်ကြောင်း သိရသည်။

    ‎ဧရာဝတီကိုသိမ်းပြီးရင် ဆုံးရှုံးထားသည့် ဂွအထိတက်သိမ်းမည်ဟု ကြုံးဝါးထားပြီး ဒုတပ်ရင်းမှူးသည် သာပေါင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးတက်သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ သေဆုံးသူ ဒုတပ်ရင်းမှူးအလောင်းကို ပုသိမ်မြို့ ရွှေမြင်တင်သုဿာန်တွင် ယနေ့ စက်တင်ဘာ ၂ရက်နေ့၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

    ပုံစာ-တိုက်ပွဲတွင် သေဆုံးသွားသည် စစ်ကော်ရှင်တပ်မှ အရာရှိ ၁ ဦး၏ နာရေးပြင်ဆင် ထားမှု(ပုံဟောင်း)