Category: News

  • နယ်စပ်ကုန်သွယ်ရေးအရှိန်မြှင့်မည်၊ မြစ်ဆုံဆည်၊ ကျောက်ဖြူဆိပ်ကမ်းနှင့် မီးရထားလမ်း စီမံကိန်းများ ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

    နယ်စပ်ကုန်သွယ်ရေးအရှိန်မြှင့်မည်၊ မြစ်ဆုံဆည်၊ ကျောက်ဖြူဆိပ်ကမ်းနှင့် မီးရထားလမ်း စီမံကိန်းများ ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

    ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံရေးအခြေအနေနှင့် နယ်မြေတည်ငြိမ်မှုအပေါ်တွင် အဓိကအမှီပြုသော်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးမှုရှိရာ ဖိအားပေးပါက နယ်စပ်ဂိတ်များ ပွင့်ကောင်းပွင်နိုင်သည်ဟု ဆိုသည်။

    မြန်မာနှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးကို ယခုထက်အရှိန်မြှင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံမည့် တရုတ်၏လျှပ်စစ်၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၊ အခြေခံအဆောက်အဦ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

    ရှန်ဟိုင်းပူပေါင်း ဆောင်ရွက်ရေးအဖွဲ့၊ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဩဂုတ်လ၊ ၃၁ရက်နေ့၊)က တီယန်ကျင်းမြို့တွင် ပြုလုပ်သည့် မြန်မာ-တရုတ် စီးပွားရေးမြှင့်တင်မှုဆွေးနွေးပွဲတွင် တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

    တရုတ်နယ်စပ်ရှိ တိုင်းရင်းသား တော်လှန်ရေးပူးပေါင်းတပ်များ၏ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးနှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့သိမ်းတိုက်ပွဲများကြောင့် မိုင်ပေါင်း ၁,၃၀၀ ကျော် နယ်နိမိတ် ထိစပ်နေသည့် မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ဂိတ်များကို စစ်ကောင်စီက ဆုံးရှုံးသွားခဲ့သည်။

    နယ်စပ်ဂိတ်များကို တော်လှန်ရေးတပ်များက ထိန်းချုပ်ပြီးနောက် စစ်အုပ်စု၏ ကြီးကြပ်မှု လိုင်စင်ဖြင့် နှစ်ဖက်ကုန်သွယ်မှု ရပ်ဆိုင်သွားရာ နှစ်နိုင်ငံနယ်စပ်ဂိတ်များပြန်ဖွင့်၍ ကုန်သွယ်မှုပြန်စတင်နိုင်ရေး တရုတ်ဘက်က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

    နယ်စပ်ဒေသတွင် မတည်ငြိမ်မှုများကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ စီပွားရေးအပေါ်ရိုက်ခတ်မှုရှိနေပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှု တိုးတက်လာမည့်အပြင် နိုင်ငံအရှေ့မြောက်ဒေသ၊ ယူနန်၊ စီချွမ်၊ ချုံချင့်၊ ကွမ်ရှီး၊ နန်နင်းမြို့အထိ ကုန်သွယ်ရေးလမ်းကြောင်း ချဲ့ထွင်နိုင်မည်ဟု ၎င်းက ပြောသည်။

    ထို့ပြင် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများဖြစ်သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းတို့ကို ပူးပေါင်းဆောင်ရွက်နေပြီး မူဆယ်-မန္တလေးနှင့် မန္တလေး- ကျောက်ဖြူရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်နေကြောင်း မင်းအောင်လှိုင်က ပြောသည်။

    အကောင်အထည်ဖော်မည့် မီးရထားလမ်းစီမံကိန်းသည် တရုတ်အတွက် အန္ဒိယသမုဒ္ဒရာထွက်ပေါက်ရစေမည့် ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်း အစိတ်အပိုင်းဖြစ်ပြီး ထိုစီမံကိန်းအောင်မြင်လျှင် ရုရှားနှင့် ကုန်သွယ်နိုင်မည့် အလားအလာများလည်း ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

    တရုတ်အစိုးရပိုင်လုပ်ငန်းများအခြေစိုက်ရာ မဒေးကျွန်းကို ၂၀၁၉၊ အောက်တိုဘာလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ- YE AUNG THU/AFP via Getty Images)

    ရည်မှန်းချက်ကြီးမားသည့် တရုတ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မြန်မာက ပူးပေါင်းနေသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

    ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံရေးအခြေအနေနှင့် နယ်မြေတည်ငြိမ်မှုအပေါ်တွင် အဓိကအမှီပြုသော်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးမှုရှိရာ ဖိအားပေးပါက နယ်စပ်ဂိတ်များ ပွင့်ကောင်းပွင်နိုင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူ အမျိုးသားက Myanmar Now ကို ပြောသည်။

    မြစ်ဆုံလျှပ်စီမံကိန်းနှင့် အခြားအခြေခံအဆောက်အဦ စီမံကိန်းမျာမှာမူ နယ်မြေတည်ငြိမ်မှုရှိမှသာ ဆောင်ရွက်နိုင်မည်ဟု ၎င်းကဆိုသည်။

    “မြစ်ဆုံစီမံကိန်းက တစ်ခုတည်းမဟုတ်ဘူးလေ။ အများကြီးလုပ်ရမယ်။ သူတို့ ဆည်တွေက တော်တော်များများ လုပ်ရမှာ။ ဆည်အကြီးကြီး တစ်ခုတည်းမဟုတ်ဘူး။ ဆည်တွေအများကြီးပဲ အဆင့်လိုက်အဆင့်လိုက် လုပ်ရမယ်။ အဲ့ဒါတွေအတွက် အဲ့ဒီဒေသတွေ ငြိမ်းချမ်းမှပဲ လုပ်လို့ရမယ်။ အဲဒီဒေသ ငြိမ်းချမ်းဖို့ဆိုတာ KIA ရဲ့ ပါဝင်ပတ်သက်မှု အများကြီးရှိတဲ့အတွက် တော်ရုံ လေးငါးဆယ်နှစ်အတွင်း လုပ်ဖို့ သိပ်မလွယ်လောက်သေးဘူ” ဟု ၎င်းက ပြောသည်။

    အဆိုပါ စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း ဂေဟစနစ်များ ပျက်စီးနိုင်ခြင်းကြောင့် နိုင်ငံအနှံ့ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်အတွင်း သမ္မတ ဦးသိန်းစိန်က ထိုစီမံကိန်း ဆက်လက်လုပ်ဆောင်ရန် ဆိုင်းငံ့ထားခဲ့သည်။

    လတ်တလောတွင် မြစ်ဆုံစီမံကိန်းရှိရာ ကချင်ပြည်နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကော်မရှင်နှင့် ၎င်း၏ ဩဇာခံ ပြည်သူ့စစ်များသည် မြို့နယ်အများအပြားကို လက်လွှတ်ထားရသည်။

    ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထိုဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်သည့် မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်းတို့သည်ရခိုင်ပြည်နယ်ကို အဓိကထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA) ၏ ခွင့်ပြချက် လိုအပ်မည်ဖြစ်သည်။

    အကြောင်းအရင်းမှာ စစ်ကော်မရှင်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်တို့ကို ထိန်းချုပ်ထားနိုင်သော်လည်း အခြားမြို့နယ်များကို လက်လွှတ်ထားရသည်။

    AA ကို ပြန်လည်တိုက်ခိုက်၍ နယ်မြေများပြန်သိမ်းရန် စစ်ကော်မရှင်အတွက် မလွယ်နိုင်ခြင်းကြောင့် တရုတ်ကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ပေးမည်ဟု မက်လုံးပေးကာ ရခိုင်ပြည်နယ် စစ်ဇုန်အတွင်းသို့ တရုတ်ကို ခေါ်သွင်းသည့် သဘောဖြစ်နေကြောင်း ၎င်းကပြောသည်။

    “အိန္ဒိယပင်လယ်ထွက်ပေါက်ရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့ပေးမယ်ဆိုပြီးတော့ သူတို့ကသွားပြီး လောကွတ် လုပ်လိုက်တာပေါ့။ အဲဒီလိုလုပ်လိုက်ပေမယ့် တကယ်တမ်း ထိန်းချုပ်နိုင်လားဆိုတော့ မထိန်းချုပ်နိုင်ဘူး။ တရုတ်ကို လာတိုက်ခိုင်းတဲ့သဘောပဲပေါ့။ တရုတ်ကို မြေကြီးရောင်းစားတာပေါ့။ ဒါပေမယ့် အဲ့ဒါမျိုးကလည်း တရုတ်က စဉ်းစားမှာပေါ့” ဟု သူက ပြောသည်။

    စစ်ကော်မရှင်သည် ထိုအခြေအနေတွက် ပုဂ္ဂလိလုံခြုံရေးကုမ္ပဏီများ ခွင့်ပြုရန် စီစဉ်မှုများရှိနေသည်။

    မြန်မာတွင် ရင်းနှီးမြှုပ်နှံသော နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် တရုတ်နိုင်ငံသည် နံပါတ် နှစ် နေရာတွင်ရှိပြီး နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ရှစ် ဘီလျံကျော်ရှိပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၇ ဘီလျံသို့ ကျဆင်းသွားခဲ့သည်။

    စစ်ကော်မရှင်ကို တိုက်ခိုက်နေသည် တိုင်ရင်းသားလက်နက်ကိုင်များကို တရုတ်အစိုးရက ဆက်တိုက်ဖိအား ပေးနေပြီး အထူးသဖြင့် ၎င်းတို့ဩဇာလွှမ်းမိုးသည့် ကိုးကန့်တပ်(MNDAA) ကို ထိန်းချုပ်မြို့များပြန်ပေးအပ်ရန်၊ အင်အားကြီး လက်နက်ကိုင်တပ်ဖြစ်သည့် “ ဝ ” တပ်ဖွဲ့ (UWSA) ကိုလည်း တော်လှန်ရေးတပ်များထံ လက်နက်၊ ငွေးကြေးများ မထောက်ပံ့ရန် ကြိုးကိုင်နေသည်ဟု လေ့လာသူများက ဆိုသည်။

  • စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံး

    စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံး

    ဝိုင်းမော်ရှိ ကျေးရွာများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ တင့်ကားများဖြင့် ၆ ရက်ဆက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူ ကလေးငယ်၏ အုပ်ထိန်းသူနှင့်ရင်းနှီးသူက ပြောဆိုသည်။

    ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်၍ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများကို လေယာဉ်၊ တင့်ကားများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

    ထို တိုက်ခိုက်မှုများအတွင်း ဩဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နမ့်ဝါရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ဘေးတိမ်းရှောင်နေရာမှ နေအိမ်သို့ ပြန်လာသော အသက် ၆ နှစ်အရွယ် မခေါင်နော ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၂၅ နှစ်အရွယ် မဇယ်ညွယ်၊ အသက် ၁၅ နှစ် အရွယ် မဇယ်ယန်းနှင့် ၃၆ နှစ်အရွယ် ဦးတိန်းဘောမ်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “စစ်တပ်က ၂၇ ရက်နေ့ကစပြီး လေယာဉ်နဲ့ကော တင့်ကားနဲ့ပါ ပစ်ခတ် တိုက်ခိုက်နေတာပါ။ မနေ့ကတော့ လမြန်ရွာနဲ့ တကြောတဘည်းရှိတဲ့ နမ့်ဝါရွာကို လေယာဉ်နဲ့ ဗုံးကျဲ သွားလို့ လမ်းသွားလမ်းလာ ပြည်သူတွေ ထိသွားတာ ပြည်သူ ၅ ဦး ဗုံးစထိမှန်ပြီး ကလေးငယ်လေးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု ဒေသခံပြည်သူက ပြောဆိုသည်။

    အလားတူ အကြမ်းဖက် စစ်တပ်သည် ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ဝိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများကို ဆက်လက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

  • စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့

    စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို နေအိမ်ကဖယ်ပေးရန် တရားရုံးစာပို့

    စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်နဲ့ မိသားစုကို သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း နေအိမ်ကနေ စက်တင်ဘာ ၂ ရက်မှာ အပြီးဖယ်ပေးဖို့ တရားရုံးက စာပို့ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ ခြံအမှတ် ၂၇ မြေယာပိုင်ဆိုင်မှုကိစ္စနဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ဦးသိန်းညွန့် အနေနဲ့ ဇူလိုင်လအတွင်း အမှုရှုံးခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သူတို့အမှုက ကြာပြီ၊ NLD အစိုးရလက်ထက်ကတည်းကဖြစ်တာ၊ အာဏာသိမ်းပြီးလည်း တရားရုံးမှာ အမှုရင်ဆိုင်နေရတုန်းပဲ။ အခုနှစ်မှာ ဦးသိန်းညွန့်တို့ အမှုရှုံးသွားတာ ၇ လပိုင်းမှာ၊ ထပ်ပြီးညှိပေးသေးတာ၊ အိမ်ကဆင်းပေးဖို့ နောက်ဆုံး Date ပေးထားတာ စက်တင်ဘာလ ၂ ရက်နေ့။”

    အမှုအခင်းဖြစ်တဲ့ နေအိမ်နဲ့ ခြံနေရာဟာ ဦးသိန်းညွန့်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့ မိသားစု အမွေဆိုင်ဖြစ်လို့ တရားရုံးက လေလံတင်ရောင်းချပြီး ၁၂ ပုံ ပုံကာ ခွဲဝေယူဖို့ ဆုံးဖြတ်ထားတာလို့လည်း သိရပါတယ်။

    မြေယာအမှုအခင်းဖြစ်တဲ့ အဆိုပါ ခြံအမှတ် ၂၇ မှာ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ရုံးချုပ်လည်း ဖွင့်လှစ်ထားလို့ ပါတီရုံးခန်းအသစ် ဖွင့်လှစ်ဖို့ နေရာရွေးချယ်နေကြောင်း NNDP ပါတီဝင်တယောက်က ပြောပါတယ်။

    “အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၃ မှာ ဦးသိန်းညွန့်က လူကြီးတွေဆီ အကူအညီတောင်းသေးတယ်။ ဘယ်သူမှ မကူညီတဲ့အပြင် ကောင်စီအဖွဲ့ဝင်ကနေ ဖြုတ်ပြီး အကြံပေးခန့်လိုက်တာ အခုချိန်ထိပဲ။ အာဏာမသိမ်းခင် အခုအမှုဖြစ်နေတဲ့ မြေနေရာမှာ ပါတီရုံးချုပ်မဖွင့်ဖို့ သူ့သားက ဦးသိန်းညွန့်ကို တိုင်တာ ၅ ကြိမ် ရှိတယ်။ အခုဆို နေစရာဘုံပျောက်သွားတဲ့အပြင် ပါတီရုံးဖွင့်ဖို့တောင် နေရာ စဥ်းစားနေရတယ်။”

    အာဏာသိမ်းပြီး စစ်ကောင်စီအစိုးရအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်လာတဲ့ ဦသိန်းညွန့်က ၂၀၂၃ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီသစ်ပါတီသစ် (NNDP) ကို စစ်ကောင်စီလက်အောက်ခံ ကော်မရှင်အဖွဲ့မှာ မှတ်ပုံတင်ခဲ့ရာ ကော်မရှင်က ခွင့်ပြုပေးခဲ့ပါတယ်။

    ဦးသိန်းညွန့်ဟာ ၁၉၉၀ ရွေးကောက်ပွဲက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာကို NLD ပါတီက ဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။

    ၂၀၁၀ ရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ရာ NLD ပါတီနဲ့ လမ်းခွဲပြီး ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့နဲ့ ပေါင်းကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ကို တည်ထောင်ခဲ့ပေမဲ့ ရန်ပုံငွေကိစ္စကြောင့် စကားများကာ ၂၀၁၀ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် သင်္ဃန်းကျွန်းမြို့နယ်က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပါတယ်။

    ဒီနောက် ဦးသိန်းညွန့်ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ အမျိုးသားဒီမိုကရေစီပါတီသစ်ကို တည်ထောင်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်မရခဲ့ပါဘူး။

  • တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

    တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

    တောင်ငူမြို့နယ်၊ ပဒဲရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးဟုဆို

    ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်ငူမြို့နယ်၊ ပဒဲကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၁၅၀ ပါ စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ထွက်လာစဉ် ပဒဲကျေးရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “တိုက်ပွဲဖြစ်ပွားချိန်က ၁ နာရီလောက်ကြာပါတယ်။ ကမ်းပါးနီရွာနဲ့ ပဒဲရွာ ဘက်ကနေ ထိုးလာတာပါ။ စစ်ခွေးတွေ အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်။ စစ်ခွေးတွေ အထိုင်ချထားတဲ့ ပဒဲရွာကို ပြန်လည်ဆုတ်ခွာသွားတာ ကျနော်တို့တပ်နဲ့ ထိတွေ့မှုဖြစ်တာက ပဒဲရွာအထွက် မှာပါ။ စစ်ခွေး သေတာက ၁၀ ကောင်လောက်ဖြစ်မယ်လို့ ခန့်မှန်း ရပါတယ်။ ပဒဲရွာအထွက်မှာ ကျနော်တို့ တပ်ဖွဲ့နဲ့ထိတွေ့မှု ဖြစ်ပြီး ရန်သူ့အခြား စစ်ကြောင်း တွေနဲ့က တော့ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ ထိတွေ့မှုဖြစ်တာပါ” ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့ ၊ သံတောင်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေး ဖိုက်တာဆားခဲတပ်ဖွဲ့၊ ပုဝါနီစစ်ကြောင်းနှင့် သမန်းကြားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ကြောင်းသိရှိရသည်။

    တောင်ငူမြို့နယ်အတွင်းတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများလုပ်ဆောင်လာနေပြီး အထူး သဖြင့်ရွေးကောက်ပွဲကာလမတိုင်မီ တည်ငြိမ်အေးချမ်းရေး ရှိစေရန်ဆိုသော အကြောင်းပြချက်ဖြင့် ကျေးရွာများကို ဝင်ရောက်စီးနင်းမှုများရှိလာကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

  • ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်

    ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်

    ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်က အင်အားဖြည့်ပြီးနောက် တိုက်ပွဲများ ဆက်ပြင်းထန်နေ

    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီးနောက် ငွေတောင်ရွာသစ်တွင် တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း မြေပြင်ရှိ ရဲဘော်များက ပြောသည်။

    ဒီးမော့ဆိုမြို့နယ်ဘက်မှ ဖရူဆိုမြို့နယ်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား သုံးရက်ဆက်တိုက်ပွဲ ဖြစ်နေသည်ဟု ဆိုသည်။

    “ငွေတောင်ရွာသစ်ဘက်မှာပဲ။ မနေ့က(သြဂုတ် ၃၁ ရက်)မှာ နှစ်ဖက်တိုက်ပွဲ တော်တော်ပြင်းတယ်။ ကိုယ့်ဘက်က နှစ်ယောက်ထိခိုက်ကျဆုံးတယ်။ သူတို့ဘက်ကလည်း သေဆုံးတာတွေများတယ်”ဟု ဒီးမော့ဆိုမြို့အခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများစွာ ပစ်ကူပေးနေသည့်အပြင် ယနေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

    “ရန်သူက ဆက်တိုးနေတယ်ပေါ့။ အင်အားဆက်ဖြည့်နေတယ် မြေပြင်အနေအထားအရ။ ဘုံရန်သူတစ်ခုတည်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆက်ချီတက်နေတယ်။ စစ်ရေးနောက်ဆက်တွဲကတော့ တင်းမာနေတယ်။ကျွန်တော်တို့လည်း လုပ်လို့ရတဲ့အပိုင်းဆက်လက် လုပ်နေတယ်”ဟု ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင်ပါဝင်နေသည့် ကယန်းအမျိုးသားတပ်မတော်(KNA)တာဝန်ရှိသူ ခွန်းရဲခေါင်က ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ငွေတောင်ရွာသစ်တွင် အင်အား ၁၀၀ကျော်ဖြင့်တပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ထက်မနည်း သေဆုံးပြီး လက်နက်ခြောက်လက် ရရှိခဲ့သည်။

    “စကစဘက်က အထိနာသွားလို့ မနေ့ကစပြီး လေယာဥ်၊ ဒရုန်း၊ လက်နက်ကြီးနဲ့ တောက်လျှောက်ထုနေတယ်”ဟု မြေပြင် ရဲဘော်တစ်ဦးက ပြောသည်။

    ၂၀၂၃ နိုဝင်ဘာကစ၍ တော်လှန်ရေးအင်အားစုက ဖြတ်တောက်ထားသည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည်။

    (ငွေတောင်ရွာသစ်တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် သိမ်းရသော လက်နက်များ။ ဓာတ်ပုံ – KNA)